လက်တွဲဖော် ဆရာဝန်ကြီး

 လက်တွဲဖော် ဆရာဝန်ကြီး


ကျွန်တော် MRI ဓာတ်မှန်ကို ကြည့်လိုက်မိချိန်မှာတော့ ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးသွားခဲ့တယ်။ ဒါဟာ ဆေးရုံက အဲယားကွန်းကြောင့် မဟုတ်ပါဘူး။ အဖြူနဲ့ အမည်းရောင်နဲ့ ပုံနှိပ်ထားတဲ့ "သေမိန့်" တစ်ခုကို မြင်လိုက်ရလို့ပါ။

ဒီဆေးရုံမှာ ကျွန်တော့်ကို လူသိများတဲ့ ဂန္ထဝင်တစ်ယောက်လို့ ခေါ်ကြတယ်။ ကျွန်တော်ကတော့ သွေးကြောခွဲစိတ်ကုသမှုဌာနရဲ့ အငြိမ်းစား ဌာနမှူး ဒေါက်တာ ဂျိမ်းစ် မေလာ (Dr. James Miller) ပါ။ လူ့ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးပြီ။ ရှီကာဂိုမြို့ရဲ့ လမ်းမတွေထက် ကျွန်တော်တို့ခန္ဓာကိုယ်ထဲက သွေးကြောမြေပုံတွေကို ပိုသိတယ်။ ခုန်လှုပ်နေတဲ့ နှလုံးသားတွေကို လက်ဖဝါးပေါ် တင်ထားဖူးသလို၊ မျက်နှာကြက်အထိ ပန်းထွက်နေတဲ့ သွေးကြောတွေကိုလည်း ညှပ်ပိတ်ကုသပေးခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီဓာတ်မှန်ကို ကြည့်နေချိန်မှာတော့ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်ဟာ ခွဲစိတ်ဆရာဝန်တစ်ယောက်လို့ မခံစားရတော့ဘဲ လူလိမ်တစ်ယောက်လိုပဲ ခံစားနေရတယ်။

လူနာက ဆာရာ (Sarah) တဲ့။ အသက် ၂၆ နှစ်ပဲ ရှိသေးတယ်။ သူမဟာ စားသောက်ဆိုင်မှာ အချိန်ပိုတွေဆင်းပြီး သမီးလေးနဲ့ ရုန်းကန်နေရတဲ့ မိခင်တစ်ဦးပါ။ ကော်ဖီငှဲ့ပေးနေရင်း လဲကျသွားခဲ့တာ။ သူမဦးနှောက်ထဲက သွေးကြောဖောင်းနေတာဟာ ကြီးရုံတင်မကဘူး၊ တကယ့်ကို ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးတစ်ကောင်လိုပဲ။ ဦးနှောက်ရဲ့ အနုစိတ်ဆုံး အစိတ်အပိုင်းတွေနားမှာ မြွေဟောက်တစ်ကောင်လို ပတ်ခွေနေတာ။

"ဒါက ခွဲစိတ်လို့ မရဘူး ဂျင်မ်၊" လို့ အာရုံကြောဌာနမှူးက ခေါင်းခါရင်း ပြောတယ်။ "ခွဲစိတ်ခန်းထဲ ဝင်လိုက်တာနဲ့ သူမဟာ ခွဲစိတ်ခုတင်ပေါ်မှာတင် သွေးထွက်လွန်ပြီး သေသွားလိမ့်မယ်။ မခွဲဘဲ ထားရင်လည်း နောက် ၄၈ နာရီအတွင်း သွေးကြောပေါက်ပြီး သေမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူမ သေမှာပဲ။"

အမေရိကန် ဆေးပညာလောကမှာ ကျွန်တော်တို့ဟာ ဆုံးရှုံးနိုင်ခြေတွေကို တွက်ချက်ဖို့ သင်ယူခဲ့ရတယ်။ တာဝန်ယူမှု၊ အောင်မြင်မှုနှုန်းနဲ့ နောက်ဆက်တွဲလာမယ့် တရားစွဲဆိုမှုတွေကိုပဲ စိုးရိမ်ခဲ့ကြတယ်။ လော့ဂျစ်အရဆိုရင်တော့ "ဒါကို မထိနဲ့၊ ရှောင်ထွက်သွားလိုက်၊ သဘာဝအတိုင်းပဲ ဖြစ်ပါစေတော့" လို့ပဲ ပြောမှာပါ။

ဒါပေမဲ့ ဆာရာရဲ့ မျက်လုံးတွေကို ကျွန်တော် မြင်လိုက်ရတယ်။ အဲဒီနောက်မှာတော့ အပြင်ခန်းမှာ ဟောင်းနွမ်းနေတဲ့ ဖိနပ်လေးကို စီးပြီး စာအုပ်ထဲ ဆေးရောင်ခြယ်နေတဲ့ လေးနှစ်အရွယ် သမီးလေးကို မြင်လိုက်ရတယ်။ ဆာရာ သေဆုံးသွားရင် အဲဒီကလေးမလေးဟာ လူမှုရေးစောင့်ရှောက်မှုဂေဟာထဲ ရောက်သွားလိမ့်မယ်။ သူမ တစ်ယောက်တည်း အထီးကျန်ကျန်ရစ်ခဲ့လိမ့်မယ်။

ကျွန်တော် ဆေးရုံစီမံခန့်ခွဲရေးအဖွဲ့ကို ခွဲစိတ်ခန်းပြင်ဖို့ ပြောလိုက်တယ်။ ဒီလူနာကို ကျွန်တော် တာဝန်ယူမယ်လို့ ပြောလိုက်တယ်။ သူတို့ ကျွန်တော့်ကို အရူးတစ်ယောက်လို ကြည့်ကြတယ်။ ကျွန်တော် ရူးသွားတာလည်း ဖြစ်နိုင်ပါတယ်။

ခွဲစိတ်မှုမတိုင်ခင် ညမှာတော့ ကျွန်တော် ရုံးခန်းထဲမှာ မီးပိတ်ပြီး ထိုင်နေခဲ့တယ်။ ပြတင်းပေါက်အပြင်က မြို့ပြအလှဟာ ဆေးရုံထဲမှာ သေခြင်းနဲ့ ရှင်ခြင်းကြား အားပြိုင်နေရတဲ့ အသက်တစ်ချောင်းကို ဂရုမစိုက်သလို တောက်ပနေတယ်။ ကျွန်တော် ကြောက်နေခဲ့တယ်။ ကျောက်တုံးလို ခိုင်မြဲလေ့ရှိတဲ့ ကျွန်တော့်လက်တွေဟာ အနည်းငယ် တုန်ယင်နေတယ်။ ဓာတ်မှန်ကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်တယ်။ ဘယ်လိုမှ ဝင်ပေါက်မရှိဘူး။ ဒါဟာ သေကြောင်းကြံတဲ့ ခွဲစိတ်မှုပဲ။

ကျွန်တော်ဟာ သိပ္ပံကို ယုံကြည်တဲ့သူပါ။ 

ခွဲစိတ်ဓား၊ ချုပ်ကြိုးနဲ့ သွေးဖိအားတွေကိုပဲ ယုံကြည်တယ်။ ဒါပေမဲ့ ဆေးပညာဂျာနယ်တွေရဲ့ နောက်ကွယ်မှာတော့ ကျွန်တော့်အဖွားပေးထားတဲ့ 'မျှော်လင့်ချက်မရှိသူတွေကို ကူညီပေးတဲ့ စိန့်ဂျုဒ် (St. Jude)' ရဲ့ ပုံလေးကို ဝှက်ထားခဲ့တယ်။ အဖွားက ပြောဖူးတယ်၊ "ဂျင်မီ... ဆေးပညာက ခန္ဓာကိုယ်ကို ကုသပေးတယ်၊ ဒါပေမဲ့ ဘုရားသခင်ကတော့ လူကို ကုသပေးတာကွ" တဲ့။

ကျွန်တော် အဲဒီကတ်လေးကို ကိုင်လိုက်တယ်။ ဘာဆုတောင်းစာမှ ရွတ်မနေတော့ဘူး။ ဒူးလည်း မထောက်တော့ဘူး။ ဆာရာရဲ့ မှတ်တမ်းဖိုင်ပေါ် လက်တင်လိုက်ပြီး အဲဒီပုံလေးကို ကြည့်ကာ အမှောင်ထဲမှာ စကားပြောလိုက်တယ်။

"အပေါင်းအဖော်ကြီး..." လို့ ကျွန်တော် တိုးတိုးလေး ခေါ်လိုက်တယ်။ "ဒီတစ်ခါတော့ ကျွန်တော့်လက်တွေ မလောက်တော့ဘူး။ ကျွန်တော်က ဒီအောက်က စက်ပြင်သမားတစ်ယောက်ပါ။ မနက်ဖြန်မနက်ကျရင် ခွဲစိတ်ဝတ်စုံလဲပြီး ကျွန်တော်နဲ့အတူ ဝင်ခဲ့ပေးပါ။ ကျွန်တော့်လက်တွေကို ခင်ဗျားကို ငှားပါ့မယ်၊ ဒါပေမဲ့ ခင်ဗျားရဲ့ ဉာဏ်ပညာကို ယူလာပေးပါ။ ခင်ဗျားကိုယ်တိုင် 'ပင်မခွဲစိတ်ဆရာဝန်' အဖြစ် လုပ်ဆောင်ပေးပါ။"

နောက်တစ်နေ့မနက် ခွဲစိတ်ခန်းထဲမှာ အရမ်းအေးစိမ့်နေပြီး တင်းမာမှုတွေ ပြည့်နေတယ်။ သူနာပြုတွေ တိတ်ဆိတ်နေကြပြီး မေ့ဆေးဆရာဝန်ကလည်း ကျွန်တော့်ကို မျက်လုံးချင်း မဆိုင်ရဲဘူး။ လူတိုင်းက ဒါဟာ သတ်ကွင်းထဲ ဝင်နေတာလို့ပဲ ထင်နေကြတယ်။

ခွဲစိတ်မှုကို စလိုက်တယ်။

ဓာတ်မှန်မှာ မြင်ရတာထက် ပိုဆိုးနေတယ်။ သွေးကြောနံရံက စက္ကူလောက်ပဲ ပါးတော့ပြီး ဒေါသတကြီး ခုန်လှုပ်နေတယ်။ အသက်ရှူမှားတာဖြစ်ဖြစ်၊ လက်ကလေး နည်းနည်းတုန်သွားတာဖြစ်ဖြစ် ဖြစ်လိုက်တာနဲ့ သွေးကြောပေါက်ထွက်သွားတော့မှာ။

ကျွန်တော် သွေးကြောညှပ်ကတ်ကြေးကို ကိုင်လိုက်တယ်။ ဒါဟာ အဆုံးအဖြတ် အခိုက်အတန့်ပဲ။

အဲဒီနောက်... တစ်ခုခု ဖြစ်ပျက်သွားခဲ့တယ်။

တစ်ခန်းလုံး တိတ်ဆိတ်သွားသလို ခံစားလိုက်ရတယ်။ သာမန်တိတ်ဆိတ်တာမျိုး မဟုတ်ဘဲ လေဟာနယ်ထဲ ရောက်သွားသလိုမျိုးပဲ။ စက်တွေရဲ့ မြည်သံဟာ နောက်ခံအသံလို ဖြစ်သွားတယ်။ ထူးဆန်းတဲ့ နွေးထွေးမှုတစ်ခုက ကျွန်တော့်ပခုံးကနေတစ်ဆင့် လက်မောင်းတွေ၊ လက်ချောင်းလေးတွေဆီ စီးဝင်သွားတယ်။ ဒါဟာ အဒရီနယ်လင် (Adrenaline) ကြောင့်ဖြစ်တဲ့ ခံစားချက် မဟုတ်ဘူး။ ကျွန်တော် သိတယ်၊ အဲဒါက မြန်ဆန်ပြီး ထိတ်လန့်စရာကောင်းတယ်။ အခု ခံစားရတာကတော့... ငြိမ်းချမ်းမှုပဲ။ တကယ့်ကို အေးချမ်းတဲ့ ခံစားချက်ကြီး။

ကျွန်တော့်လက်တွေ လှုပ်ရှားလာတယ်။

တစ်ခုတော့ ရှင်းအောင် ပြောချင်တယ်။ အဲဒီလက်တွေကို ကျွန်တော် လှုပ်ရှားနေတာ မဟုတ်ဘူး။ လှုပ်ရှားနေတာကို ကျွန်တော်က ပြန်ကြည့်နေရတာ။

ကျွန်တော် တစ်ခါမှ မလေ့ကျင့်ဖူးတဲ့ နည်းစနစ်တွေကို လုပ်ဆောင်နေတယ်။ အသက် ၇၀ အရွယ် အဖိုးကြီးတစ်ယောက်မှာ မရှိနိုင်တဲ့ မြန်ဆန်မှုနဲ့ တိကျမှုတွေနဲ့ ကျွန်တော့်လက်ချောင်းတွေဟာ ကခုန်နေကြတယ်။ တစ်ချက်ကလေးတောင် မတွန့်ဆုတ်ဘဲ ဦးနှောက်အာရုံကြောနဲ့ မီလီမီတာအကွာမှာ ခွဲစိတ်နေတယ်။ ကျွန်တော် မမြင်ရတဲ့ နေရာတွေကိုတောင် ကိုယ့်အသိစိတ်မဟုတ်တဲ့ အရာတစ်ခုက လမ်းညွှန်ပေးသလို သွေးကြောညှပ်တွေကို ကွက်တိ တပ်ဆင်နိုင်ခဲ့တယ်။

"သွေးဖိအား ပုံမှန်ပဲ" လို့ မေ့ဆေးဆရာဝန်က အံ့အားသင့်စွာနဲ့ တိုးတိုးလေး ပြောတယ်။

ကျွန်တော် ပြန်မဖြေနိုင်ဘူး။ ကျွန်တော်ဟာ စိတ်ညှို့ခံထားရသလို ဖြစ်နေလို့ပါ။ တစ်စုံတစ်ယောက်က ကျွန်တော့်နောက်မှာ ရပ်နေပြီး ကျွန်တော့်ကိုလမ်းညွှန်ပေးနေသလို၊ လက်ကောက်ဝတ်ကို ထိန်းပေးနေသလို ခံစားရတယ်။ အဲဒီရှိနေခြင်းက ဘယ်လောက်တောင် အားကောင်းသလဲဆိုရင် ခွဲစိတ်ခုတင်ဘေးမှာ တခြားဆရာဝန်တစ်ယောက် ရောက်နေပြီလို့တောင် ထင်မိတယ်။

မိနစ်လေးဆယ်ငါးမိနစ်အကြာမှာ နောက်ဆုံးကိရိယာကို လင်ဗန်းထဲ ချလိုက်တယ်။

"သွေးကြောဖောင်းတာ မရှိတော့ဘူး" လို့ ကျွန်တော် ပြောလိုက်တယ်။ ကျွန်တော့်အသံက အဝေးက လာနေသလိုပဲ။ "ချုပ်ပေးလိုက်တော့။"

တစ်ခန်းလုံး ရုတ်ရုတ်သည်းသည်း ဖြစ်သွားတယ်။ သူနာပြုတွေ ငိုကြတယ်။ ဆရာဝန်လေးတွေက မယုံနိုင်ဘဲ စခရင်ကို ကြည့်နေကြတယ်။ 

မဖြစ်နိုင်လောက်အောင်ကို ပြီးပြည့်စုံလွန်းတယ်။

ကျွန်တော် ဝတ်စုံကိုချွတ်ပြီး လက်ဆေးကန်ဆီ လမ်းလျှောက်သွားတယ်။ မှန်ထဲကို ကြည့်လိုက်တယ်။ ပုံမှန်ဆိုရင် ဒီလိုခွဲစိတ်မှုမျိုးပြီးရင် ကျွန်တော်ဟာ အရမ်းပင်ပန်းပြီး ချွေးတွေရွှဲကာ ခါးတွေနာနေကျ။

ဒါပေမဲ့ အခုတော့ ကျွန်တော်ဟာ လန်းဆန်းပြီး တည်ငြိမ်နေတယ်။ လုံးဝ မပင်ပန်းဘူး။

ကျွန်တော့်ရဲ့ အရေးအကြောင်းတွေနဲ့ အိုမင်းနေတဲ့ လက်တွေကို ကြည့်လိုက်တယ်။ ဒီလက်တွေက ဒီနေ့ မိခင်တစ်ယောက်ကို ကယ်တင်ခဲ့တယ်။ ကလေးမလေးတစ်ယောက် မိဘမဲ့မဖြစ်အောင် ကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ တကယ့်အမှန်တရားကိုတော့ ကျွန်တော် သိပါတယ်။

ရုံးခန်းထဲ ပြန်သွားပြီး စိန့်ဂျုဒ်ပုံလေးကို ကောက်ယူကာ အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။

တစ်ပတ်အကြာမှာ ဆာရာ ဆေးရုံဆင်းဖို့ လက်မှတ်ထိုးပေးခဲ့တယ်။ ဆာရာက သူမသမီးလေးရဲ့လက်ကို ဆွဲပြီး ထွက်လာခဲ့တယ်။ ကျွန်တော့်ကို မျက်ရည်တွေနဲ့ ကျေးဇူးတင်စကားပြောပြီး သူရဲကောင်းတစ်ယောက်လို့ ခေါ်ခဲ့တယ်။

ကျွန်တော် ပြုံးပြီး ခေါင်းခါလိုက်တယ်။ "ကျွန်တော် တစ်ယောက်တည်း လုပ်ခဲ့တာ မဟုတ်ဘူး ဆာရာ" လို့ ပြောလိုက်တယ်။

သူမကတော့ သူနာပြုအဖွဲ့ကို ပြောတယ်လို့ ထင်မှာပေါ့။ ဒါပေမဲ့ အဲဒီနေ့က 'အဓိက ခွဲစိတ်ဆရာဝန်ကြီး' က ဘယ်သူလဲဆိုတာကို ကျွန်တော် သိပါတယ်။

သိပ္ပံပညာက "ဘယ်လိုလုပ်သလဲ" ဆိုတာကို ရှင်းပြနိုင်လိမ့်မယ်။ သွေးစီးဆင်းမှုနဲ့ အာရုံကြောတွေကို ရှင်းပြနိုင်မယ်။ ဒါပေမဲ့ "ဘာကြောင့်လဲ" ဆိုတာကိုတော့ ဘယ်တော့မှ ရှင်းမပြနိုင်ဘူး။ မဖြစ်နိုင်တာကို ရင်ဆိုင်နေရတဲ့ လူသားတစ်ယောက်ဟာ မရှိတဲ့လမ်းကို ဘယ်လိုရှာတွေ့သွားသလဲဆိုတာကိုလည်း ရှင်းပြနိုင်မှာ မဟုတ်ဘူး။

တစ်ခါတလေမှာ ကိုယ်ဟာ ကိရိယာတစ်ခုသက်သက်ပဲဆိုတာ ဝန်ခံရပါလိမ့်မယ်။ အဲဒီအင်္ဂါနေ့၊ အမှတ် ၄ ခွဲစိတ်ခန်းထဲမှာ "မဟာသမားတော်ကြီး" ကိုယ်တိုင် တာဝန်ကျနေခဲ့တာပါ။

ဘယ်တော့မှ မျှော်လင့်ချက် မပျက်ပါနဲ့။ ဓာတ်မှန်က မှောင်မည်းနေရင်တောင်၊ လောကကြီးက အဆုံးသတ်ပြီလို့ ပြောနေရင်တောင်ပေါ့။ အံ့ဖွယ်အမှုတွေဆိုတာ အမြဲတမ်း မိုးကြိုးမုန်တိုင်းတွေနဲ့ လာတာမဟုတ်ဘူး။ တစ်ခါတလေမှာ ငြိမ်သက်နေတဲ့ လက်တစ်စုံနဲ့ တိုးတိတ်တဲ့ ဆုတောင်းတစ်ခုကနေလည်း လာတတ်ပါတယ်။

#ဟမ်စိုင်း(ဆေး-မန်း) 

ဘာသာပြန်

Daily’s Life