" ခုံကိုရွှေ့ပြီး ထိုင်လိုက်ပါ ''
နေ့လည် ၂ နာရီလောက်မှာ ကျွန်မရဲ့ ဖုန်းထဲကို အီးမေးလ် တစ်စောင် ဝင်လာပါတယ်။ ကျွန်မ သမီး 'မာယာ' တတ်နေတဲ့ ကျောင်းရဲ့ ကျောင်းအုပ်ကြီး ဆီကပါ။
ခေါင်းစဥ်ကို အနီရောင်သုံးပြီး စာလုံးအထူကြီးတွေနဲ့ရေးထားတာပါ။
" အကြောင်းအရာ ။ ။ 'မာယာ'နှင့်ပတ်သက်သော စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှု” တဲ့။
ကျွန်မ ရင် တုန်သွားပါတယ်။
မာယာက အခုမှ အသက် ၁၁ နှစ်ပဲ ရှိပါသေးတယ်။ ၆ တန်းကျောင်းသူလေးပါ။ သူက အခုအချိန်ထိ အိပ်ယာထဲမှာ ဆင်ရုပ်ကလေးကို ဖက်အိပ်နေတုန်းပါပဲ။ အလွန်အေးတဲ့ရာသီဆို လမ်းဘေးက..... လေလွင့်ကြောင်လေးတွေ၊ ချမ်းနေမလားဆိုပြီး စိတ်ပူတတ်တုန်းပါ။
သူက ပြဿနာရှာတတ်တဲ့ ကလေးမျိုး လုံးဝမဟုတ်ပါဘူး။
ဖိုင်ကို ဖွင့်ကြည့်လိုက်တဲ့အခါ သုံးနှုံးထားတဲ့ စာလုံးတွေက အရမ်းကို ပြင်းထန်လွန်ပြီး အရေးအသားက ရုံးစာဆန်လွန်းနေပါတယ်။
“ပြစ်မှု- အမိန့်မနာခံမှုကို တစိုက်မတ်မတ် ပြုလုပ်ခြင်း။” တဲ့။
“အသေးစိတ်အချက်အလက် ။ ။ ကျောင်းသူသည် သတ်မှတ်ပေးထားသော ထိုင်ခုံနေရာတွင် ထိုင်ရန် ငြင်းဆန်သည်။ ဆရာများမှ နှုတ်ဖြင့် အကြိမ်ကြိမ် သတိပေးသော်လည်း သင်ကြားရေးကို ထပ်တလဲလဲ အနှောင့်အယှက်ပေးသည်။ ကျောင်းဆင်းချိန်တွင် အပြစ်ပေးသည့်အနေဖြင့် ဆရာများအခန်းတွင် အချိန်အတိုင်းအတာ တစ်ခုအထိ ထိန်းသိမ်းထားရန် သတ်မှတ်လိုက်သည်။ ''
"အမိန့်မနာခံမှု''တဲ့။ စကားလုံးအသုံးနှုံးတွေက... သူမဟာ ရာဇဝတ်သားတစ်ယောက်လိုပါပဲ။
အဲ့ဒီနေ့ ညနေမှာ ကျောင်းဆင်းပြီး၊ ကားပေါ်ကို မာယာ တက်လာတဲ့အခါ သူ စကားတစ်ခွန်းမှ မပြောပါဘူး။
ထိုင်ခုံခါးပတ်ကို ပတ်ပြီးတာနဲ့ ပြတင်းပေါက် အပြင်ဘက်ကိုပဲ ငေးကြည့်နေပါတယ်။
သူ့မေးရိုးလေးတွေက တင်းနေတာကို သတိထားမိတယ်။ သူက 'ပုန်ကန်တဲ့သူ' တစ်ယောက်နဲ့ မတူပါဘူး။ သူက 'ပင်ပန်းနွမ်းနယ်နေတဲ့သူ' တစ်ယောက်နဲ့တူနေတာပါ။
“မာယာ” ကျွန်မ စိတ်ကိုထိန်းပြီး လေသံအေးအေးနဲ့ ခေါ်လိုက်တယ်။
“ဆရာ ဟန်ဒါဆန်က အမေ့ဆီကို အီးမေးလ်ပို့တယ်။ သမီးကို ကျောင်းဆင်းချိန်မှာ အပြစ်ပေးဖို့ အချိန်တစ်ခုထိ သတ်မှတ်ပြီး ထိန်းထားမယ်တဲ့။ သမီးက ကိုယ့်နေရာကိုယ် မထိုင်ဘူးဆို။”
သူ ဘာမှပြန်မဖြေပါဘူး။
“စည်းကမ်းတွေကို သမီးလေး သိသားနဲ့” ကျွန်မ စိုးရိမ်စိတ်တွေ တိုးလာပြီး ထပ်မေးလိုက်မိပါတယ်။
“အလယ်တန်းအဆင့်က အရင်လိုမဟုတ်တော့ဘူးလေ။ အတန်းထဲမှာ ကိုယ်သွားချင်တဲ့နေရာ လျှောက်သွားလို့ မရဘူး။စာကို အာရုံစိုက်ရမယ်လေ။ သမီး ဘာလို့ အဲ့ဒီလို လုပ်တာလဲ။”
သူ ကျွန်မဘက်ကို လှည့်လာတဲ့အခါ မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်နေပါတယ်။
“ဘာလို့လဲဆိုတော့ 'လီယမ်'က အသက်ရှူတာ ရပ်ရပ်သွားလို့ပါ မေမေ”
ကျွန်မ ကားကို လမ်းဘေး ထိုးရပ်လိုက်ပါတယ်။ “ဘာပြောတယ် ...သမီး ဘာပြောလိုက်တယ်။ ''
“လီယမ်လေ” သူ တိုးတိုးလေး ပြောတယ်။
“စာသင်ခန်း နောက်ဆုံးခုံရဲ့ထောင့်မှာ ထိုင်တဲ့ကောင်လေး။အခန်းထဲမှာ ပူနေရင်တောင် ခေါင်းစွပ်အင်္ကျီကို ခြုံထားတတ်တဲ့ ကောင်လေးလေ။ တခါတလေ..သူအသက်ရှူရပ်သွားတယ်။ သေတာမျိုးတော့ မဟုတ်ဘူး၊ သူကို ကြည့်ရတာ အသက်ရှူဖို့ မေ့မေ့သွားသလိုမျိုးပဲ။ ''
မာယာက သက်ပြင်းကို တစ်ချက် ရှိုက်လိုက်ပြီး...
“သူ တုန်လာတတ်တယ်။ ခြေထောက်တွေက တဆတ်ဆတ် တုန်လာတယ်။ လက်ဆစ်တွေ ဖြူသွားတဲ့အထိ စားပွဲခုံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတတ်တယ်။ ဒါပေမဲ့ သူ ဘာသံမှ မထွက်ဘူး။ ဆရာဟန်ဒါဆန်က ကျောင်းသုံးစမတ်ဘုတ်ကိုပဲ ကြည့်တာ။ ဘယ်တော့မှ လှမ်းမကြည့်ဘူး။ ဘယ်သူမှ သူ့ကို သတိမထားမိကြဘူး။ ဒါပေမဲ့ သမီးက မြင်တယ်။”
“ဒါကြောင့် သမီး သူ့အနားကို သွားတာ” သူ ဆက်ပြောတယ်။
“သမီး ခုံကို သူ့ဘေးနားမှာ ကပ်ထိုင်လိုက်ရုံပဲ။ စကားလည်း မပြောဘူး။ သူ မကြိုက်မှာစိုးလို့ သမီး သူ့ကို မထိဘူး။ အနားမှာ ထိုင်နေပေးလိုက်ရုံပဲ။ သမီး အနားမှာ ရှိနေတဲ့အခါ သူ ပြန်ပြီး အသက်ရှူလာနိုင်တယ်။ သမီးရဲ့ ဖိနပ်လေးကို သူ ငုံ့ကြည့်ပြီး အသက်ကို ဝဝရှူတယ်။ ပြီးတော့ နောက်တစ်ခါ ထပ်ရှူတယ်။”
ကျွန်မ ရင်တွေ အစိတ်စိတ် အမွှာမွှာ ကွဲမတတ် ခံစားလိုက်ရပါတယ်။
“သူက သမီးကို အဲ့ဒီလို လုပ်ပေးဖို့ တောင်းဆိုတာလား” လို့ ကျွန်မ မေးမိပါတယ်။
“မဟုတ်ပါဘူးမေမေရယ်... သူက စကားပြောဖို့တောင် အရမ်း ကြောက်နေတာ။”
“ဒါကို ဆရာဟန်ဒါဆန်က သမီးကို အပြစ်ပေးတယ်ပေါ့” လို့ ကျွန်မမေးလိုက်တယ်။
“သမီးက ကိုယ့်နေရာမှာ မနေဘူးလို့ ဆရာက ပြောတယ်။ အတန်းကို အနှောင့်အယှက် ဖြစ်တယ်တဲ့။ ဒီနေ့ ဆရာက သမီးကို နေရာပြန်ထိုင်ဖို့ အော်တယ်။ သမီးက ‘ခဏလေးပါ ဆရာ' လို့ပဲ ပြောလိုက်တယ်။ ဘာလို့လဲဆိုတော့ လီယမ်ရဲ့ လက်တွေက တုန်နေတုန်းပဲလေ။ အဲ့ဒါကြောင့် သမီး အပြစ်ပေးခံရတာ။” လို့ ပြောပြပါတယ်။
အမိန့်မနာခံမှုတဲ့လား။
သူဟာ ဆိုးသွမ်းပြီး ဆရာကို ပုန်ကန်နေတာ မဟုတ်ပါဘူး။ သူဟာ သူငယ်ချင်းကို ကူညီဖို့ အနားမှာ သွားနေပေးတာပါ။
နောက်တစ်နေ့ မနက်မှာ ကျွန်မ မာယာကို ကျောင်းမလွှတ်တော့ဘဲ ကျောင်းကို ကိုယ်တိုင် သွားခဲ့ပါတယ်။
ကျောင်းရုံးခန်းထဲက “ကျောင်း၏ စိတ်ဓာတ်” တို့၊ “အနိုင်ကျင့်မှု ဆန့်ကျင်ရေး” တို့ ဆိုတဲ့ ပိုစတာတွေဝိုင်းရံထားတဲ့ အကြားမှာ ထိုင်ပြီး..... ဆရာ''ဟန်ဒါဆန်'' ကို စောင့်နေခဲ့ပါတယ်။
ဆရာ ရောက်လာတဲ့အခါ သူ့ကြည့်ရတာ တော်တော် ပင်ပန်းနေပုံရပါတယ်။ သူက စကားကို တန်းပြောတော့တာပါပဲ။
“ခင်ဗျား စဥ်းစာကြည့်ပါဦး 'မစ္စစ်ဒေးဗစ်'၊ မာယာက ထက်မြက်တဲ့ ကလေးတစ်ယောက်ပါ။ ဒါပေမဲ့ စနစ်ဆိုတာ အရေးကြီးတယ်လေ။ အတန်းထဲက ကျောင်းသားအားလုံး စိတ်ထင်တိုင်း ခုံရွှေ့ထိုင်နေကြရင် ဗရုတ်သုတ်ခတွေ ဖြစ်ကုန်မှာပေါ့။ ကျွန်တော်တို့မှာ သင်ကြားရမယ့် စံနှုန်းတွေရှိတယ်၊ စာမေးပွဲတွေရှိတယ်။ အားလုံးအချိန်မှီပြီးဖို့အတွက် စည်းကမ်း ရှိဖို့ လိုတယ်လေ။ '
ကျွန်မ ငြိမ်ပြီး နားထောင်ပေးလိုက်ပါတယ်။ သူ ပြောလို့ပြီးတော့မှ 'မာယာ' ပြောပြတာတွေကို ကျွန်မ ပြန်ပြောပြလိုက်ပါတယ်။
တုန်ယင်နေတဲ့ လက်အကြောင်း၊ လက်ဆစ်တွေ ဖြူသွားတဲ့အထိ စားပွဲခုံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတတ်တဲ့အကြောင်း၊ လူတွေအများကြီးရှိနေတဲ့ အခန်းထဲမှာ တစ်ယောက်တည်း ကြောက်လန့်တုန်လှုပ်နေရတဲ့ ၁၂ နှစ်သားလေးရဲ့ အခြေအနေကို ပြောပြလိုက်ပါတယ်။
“သမီးက ဆရာ့အတန်းကို နှောင့်ယှက်ချင်တာ မဟုတ်ပါဘူးဆရာ။ သူက သူ့အတန်းဖော်ကို ကယ်တင်ဖို့ ကြိုးစားနေတာပါ” လို့ ကျွန်မ ခပ်တိုးတိုးလေး ပြောလိုက်ပါတယ်။
ဆရာ ဟန်ဒါဆန် ငြိမ်ကျသွားပါတယ်။ သူ့လက်တွေကို သူ ပြန်ငုံ့ကြည့်နေပါတယ်။
ခုခံကာကွယ်နေတဲ့၊ ကိုယ်ဟန်အနေအထားက တဖြေးဖြေး ပျောက်ကွယ်သွားပါတယ်။
နှစ်ပေါင်း ၂၀ လုံးလုံး စာသင်လာရင်းနဲ့ ကလေးတွေရဲ့ အမှတ်တွေ၊ အဆင့်တွေကို ပဲ မြင်ခဲ့ပြီး၊ အဲ့ဒီနောက်ကွယ်က မျက်နှာလေးတွေရဲ့ ခံစားချက်ကို ကြည့်ဖို့ မေ့လျော့နေခဲ့တဲ့ လူတစ်ယောက်အဖြစ်ကို ပြောင်းလဲသွားပါတယ်။
“ကျွန်တော် မသိခဲ့ဘူး” သူ တိုးတိုးလေး ရေရွတ်တယ်။
“လီယမ်က အရမ်းအေးတော့... စာကို စိတ်မပါတာပဲလို့ ကျွန်တော် ထင်ခဲ့တာ။”
အဲ့ဒီနေ့မှာပဲ ဆရာက 'လီယမ်'ရဲ့ မိဘတွေကို ဖုန်းဆက်တယ်။ မိဘတွေက ဟုတ်မှန်ကြောင်း အတည်ပြုပါတယ်။
လီယမ်မှာ လူတွေကို ပြင်းပြင်းထန်ထန် ကြောက်တတ်တဲ့ (Social Anxiety Disorder) ရောဂါ ရှိနေတာပါ။ အတန်းထဲမှာ သူတစ်ယောက်တည်း ဖြစ်နေသလို ခံစားချက်တွေကြောင့်၊ 'ကျောင်းမသွားဘဲ အိမ်မှာပဲ နေပါရစေ'လို့ ၊ သူ.... 'တောင်းပန်'နေခဲ့တာ လပေါင်းများစွာ ကြာပါပြီ။
လီယမ်က သူ့မိဘတွေကို ပြောခဲ့ဖူးတယ်တဲ့။
“အပြာရောင် ကျောပိုးအိတ်နဲ့ ကောင်မလေးက၊ ကျွန်တော့်ဘေးမှာ လာထိုင်တဲ့ အချိန်ကျမှပဲ ချာချာလည်နေတဲ့ လောကကြီးက ရပ်သွားတာ။ သူက ကျွန်တော့်ကို ဘာမေးခွန်းမှလည်း မမေးဘူး။ သူက အနားမှာ ရှိနေပေးရုံပဲ။” တဲ့။
ကျောင်းဆင်းချိန် အပြစ်ပေးတဲ့အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာတင် မဆုံးပါဘူး။ ဘာလို့လဲဆိုတော့ အခုခေတ်မှာ ကျွန်မတို့ဟာ ဗိုင်းရပ်စ်ထက် ကြောက်စရာကောင်းတဲ့ “အထီးကျန်ခြင်း” ကပ်ရောဂါကို ရင်ဆိုင်နေရလို့ပါ။
ကလေးတွေဟာ ဖုန်းတွေကတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်နေကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် ရှိနေမှုကိုတော့ ငတ်မွတ်နေကြပါတယ်။
ကျွန်မတို့က သူတို့ကို ဆေးဝါးကုသပေးတယ်၊ စိတ်ပိုင်းဆိုင်ရာကို ခွဲခြမ်းစိတ်ဖြာလေ့လာတယ်၊ သင်ကြားရေး စီမံချက်တွေကို ချမှတ်ကြတယ်။ ဒါပေမဲ့ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ “တစ်ဦးနဲ့ တစ်ဦး....နွေးထွေးတဲ့ ပတ်သက်မှု” ကိုတော့ မေ့လျော့နေကြပါတယ်။
ဆရာ ဟန်ဒါဆန်ဟာ အပြစ်ပေးမှုကို ဖျက်သိမ်းရုံတင် မဟုတ်ဘဲ ကျောင်းရဲ့ သင်ကြားမှု ပုံစံတွေကိုလည်း ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ စာသင်ခန်းကို ပုံစံအသစ် ပြင်လိုက်ပါတယ်။ နောက်ဆုံးခုံရဲ့ထောင့်မှာ ဘယ်ကျောင်းသားမှ တစ်ယောက်တည်း မကျန်ခဲ့အောင် အုပ်စုလိုက် ထိုင်တဲ့စနစ်ကို ပြောင်းလိုက်ပါတယ်။
ပြီးတော့ သူ သတ္တိရှိရှိနဲ့ အပြောင်းအလဲတစ်ခု လုပ်လိုက်ပါသေးတယ်။ အမြဲတမ်း တင်းတင်းကျပ်ကျပ် သင်တဲ့ စာသင်ချိန်တွေထဲက ပထမဆုံး ၁၀ မိနစ်ကို ဖယ်ထုတ်လိုက်ပါတယ်။
ပြီးတော့ .....တစ်ယောက်နဲ့တစ်ယောက်စကားပြောခြင်း '' The Check_in ''ဆိုတဲ့ အစီအစဉ်ကို စတင်လိုက်ပါတယ်။
မနက်တိုင်း သင်္ချာစာအုပ်တွေ မဖွင့်ခင် ကျောင်းသားတွေ ၁၀ မိနစ် အချိန် ရကြပါတယ်။ သင်ခန်းစာအကြောင်း ပြောစရာမလိုဘူး။ စခရင်တွေကို ကြည့်စရာမလိုဘူး။ တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး စကားတွေပြောကြဖို့ သူတို့ကို တိုက်တွန်းပါတယ်။
အကယ်၍ တစ်ယောက်ယောက်က ငြိမ်သက်နေရင် ဘေးကလူက သူနဲ့အတူ အနားမှာ သွားထိုင်ပေးဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဆရာဟန်ဒါဆန်ဟာ... မိဘတွေဆီ ကို အီးမေးလ် ထပ်ပို့တယ်။ဒီစာဟာ စည်းကမ်းထိန်းသိမ်းရေးအသိပေးစာမျိုးမဟုတ်ပါဘူး။
အဲဒီစာထဲမှာ....
" ကျွန်တော့်အလုပ်က ဒီကလေးတွေကို 'ထုထည်' တွက်နည်းတွေနဲ့ သင်္ချာပုစ္ဆာ ဖြေရှင်းနည်းတွေ သင်ပေးဖို့ပဲလို့ အရင်က ထင်ခဲ့တာ။ ကျွန်တော် မှားခဲ့ပါတယ်။ ''
" ကျွန်တော့်အလုပ်က သူတို့ကို စာသင်ပေးဖို့တင် မဟုတ်ပါဘူး။ သူတို့ဟာ တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာကို သင်ပေးဖို့လည်း ပါပါတယ်။ 'စွမ်းဆောင်ရည်'ထက် 'စာနာနားလည်ပေးတာ'က ပိုပြီးအရေးကြီးတယ်ဆိုတာကို ကလေးတွေက ကျွန်တော့်ကို ပြန်သင်ပေးခဲ့ပါတယ်။ ''
မနေ့က ကျွန်မ မာယာကို ကျောင်းသွားကြိုတော့ သူ တစ်ယောက်တည်း မဟုတ်တော့ပါဘူး။
သူ လီယမ်နဲ့အတူ လမ်းလျှောက်လာတယ်။ လီယမ်က ခေါင်းစွပ်ကြီးကို စွပ်မထားတော့ပါဘူး။
ကောင်းကင်ကို မော့မော့ကြည့်နေတတ်ပါတယ်။ မာယာကတော့ သူ့အပြာရောင် ကျောပိုးအိတ်လေး လွယ်ပြီး လီယမ်ဘေးမှာ လမ်းလျှောက်နေပါတယ်။
သူ ကျွန်မကို ကြည့်ပြီး ပြုံးပြပါတယ်။
ကျွန်မတို့ဟာ စည်းကမ်းတွေကို အလွန်မြတ်နိုးတဲ့ ကမ္ဘာကြီးမှာ နေထိုင်နေကြတာပါ။
'ဘယ်မှာရပ်ရမယ်'၊ 'ဘယ်မှာထိုင်ရမယ်'၊ 'ဘယ်လိုစကားပြောရမယ်'ဆိုတဲ့ မူဝါဒတွေ အများကြီးရှိတယ်။
ကျွန်မတို့ဟာ “စနစ်တကျရှိမှု”၊ “ဘေးကင်းမှု” နဲ့ “လွတ်လပ်မှု” တွေအပေါ် အရမ်းအာရုံစိုက်လွန်းလို့ တစ်ဦးနဲ့တစ်ဦး ကူညီတာကိုတောင် ပြစ်မှုတစ်ခုလို မြင်လာကြပါတယ်။
လောကကြီးမှာ ရှိစေချင်ပါတယ်ဆိုတဲ့ “စာနာစိတ်” ကိုပဲ ကျွန်မတို့က ပြန်ပြီး အပြစ်ပေးနေကြပါတယ်။
ဒါပေမဲ့ ကျွန်မရဲ့ ၁၁ နှစ်အရွယ် သမီးလေးက၊ စည်းကမ်းလက်စွဲစာအုပ်တွေမှာ မသင်ပေးနိုင်တဲ့ အရာတစ်ခုကို ကျွန်မကို သင်ပေးခဲ့ပါတယ်။
တစ်ခါတလေမှာ လူသားခြင်းစာနာမှုတွေအတွက် စည်းကမ်းတွေကို ချိုးဖောက်ရတတ်ပါတယ်။
တစ်ခါတလေမှာ အကောင်းဆုံး လုပ်ဆောင်ချက်ဆိုတာ ပြဿနာကို ဖြေရှင်းပေးတာ၊ ဆုံးမစာတွေ ရွတ်ပြတာ၊ အကြံဉာဏ်တွေ ပေးတာမျိုး မဟုတ်ပါဘူး။
ကိုယ်ထိုင်နေတဲ့ ခုံလေးကို သူ့အနား ရွှေ့လိုက်ပါ။ ပြီးတော့ ဘာမှပြောမနေဘဲ အနားမှာ အဖော်အဖြစ် တိတ်တဆိတ် နေပေးလိုက်ရုံပါပဲ။
Saya U Khin Zaw ( ဘာသာပြန် )
#SayaUKhinZaw