ပန်းတွေနဲ့ကြွေ
---------------
ကျွန်တော့်အိမ်ခြံဝင်းထဲတွင် ကံ့ကော်ပင်ကြီးတစ်ပင်ရှိသည်။ ဤနှစ်တွင် ကံ့ကော်ပန်းတွေက တစ်ပင်လုံး ဝေနေအောင်ပွင့်သည်။ ကျွန်တော့်မှာ ကိုဗစ်ဖြစ်ပြီးကတည်းက အနံ့ပျောက်နေသည်။ စာဖတ်၊ စာရေး ငြီးငွေ့လာချိန်၌ အိမ်ရှေ့ခြံထဲထွက်ထိုင်လျှင် အပင်အောက်မှာ ကံ့ကော်ပွင့်ဖတ်တွေ ဖွေးနေအောင် ကြွေသည်ကို မြင်ရသည်။
အိမ်ရှေ့ဖြတ်သွားသူတိုင်းက
“မွေးလိုက်တာ” ဟု ပြောသွားကြသည်။
ကျွန်တော်ကတော့ ကံ့ကော်ပန်းရနံ့တွေကို မည်သို့မျှ မခံစားရ။
ကျွန်တော့်ကို ကံ့ကော်ပင်ရောင်းရန် လာပြောကြသည်။ အပင်ရောင်းရန် ဆိုသည်မှာ ပန်းပွင့်သည့် ရာသီတွင် ပန်းခူးရောင်းသူတို့ အပင်ပုတ်ပြတ်လာဝယ်ကြခြင်းဖြစ်သည်။ သူတို့က ပန်းတွေကိုခူးမည်၊ ဈေးတွင်သွားရောင်း မည်။ ကံ့ကော်ပန်းကလည်း ငါးပွင့်တစ်စည်းလျှင် ၅၀၀ ကျပ်နှင့် ရောင်းချနေကြသည်မှာ ရောင်းမလောက်နိုင် အောင်ပင်။
ကျွန်တော်က အပင်လာဝယ်သူကို မရောင်းပါ။ သူတို့ကို ရောင်းလိုက်လျှင် ခြံထဲကို သူတို့ဝင်ချင်သည့်အချိန် တံခါးဖွင့်ပေးရမည်။ သူတို့ အော်ဟစ်ဆူညံသံကို နားထောင်ရမည်။ အပင်ကိုလည်း သူတို့ ချိုးချင်သလို ချိုး၊ ဖဲ့ချင်သလိုဖဲ့ လက်ခံရမည်။ ထို့ကြောင့် မရောင်းပါဟု ဘူးခံထားရသည်။
လမ်းသွားလမ်းလာတွေက ပွင့်ဖတ်လေးတွေကို လမ်းဘက်ကျသည့်အပိုင်းတွင် လာကောက်ကြသည်။ ကံ့ကော် ပန်းတွေကလည်း အပွင့်လိုက် မကြွေ။ ပွင့်ဖတ်လေးတွေအတိုင်း ကြွေသည်။ ထို့နောက်မှ အပွင့်ဝတ်ဆံပိုင်း ကြွေသည်။ မိုးမကျမီ အသီးတွေ ကြွေမည်။ ထိုအသီးတွေက မိုးကျလာလျှင် ခြံထဲတွင် အပင်ပေါက်တွေ ဖြစ်လာမည်။
အပင်ပေါက်တွေကို လာတောင်းလည်း ပေးလိုက်သည်။ မတောင်းလည်း နုတ်ပစ်လိုက်သည်။ မည်သူကမျှ အပင်စိုက်လိုစိတ်မရှိ။ ပန်းပွင့်လာမှ လာတောင်းချင်ကြသည်။ ဤအပင်ကြီးကလည်း ကျွန်တော်စိုက်ထားသည့် အပင်မဟုတ်။ ခြံဝယ်ကတည်းက ပါလာသည့် အပင်ကြီးဖြစ်သည်။ အပင်ကြီးမှာ မြင့်လွန်းသဖြင့် ထက်ဝက်ခန့်ကို ဖြတ်ခိုင်းထားသည်။ အမြင့်လုတက်နေသည့် ပင်စည်အား ချိုင်လိုက်သဖြင့် အကိုင်းတွေက ဘေးပတ်လည် ဖြာထွက်လာရာ အပင်ကြီးမှာ ပိုပြီးတော့ လှလာသည်။
ကံ့ကော်ပင်ကြီးက ကျွန်တော့်ကို အတိတ်ဆီခေါ်သွားတတ်သည်။
နွေရာသီကျောင်းမပိတ်မီ ပဲခူးဆောင်ရှေ့ရှိ ကံကော်ပင်အုပ်ကြီးကို ကျွန်တော် သတိရမိသည်။ ပဲခူးဆောင်နှင့် မျက်နှာချင်းဆိုင် အဓိပတိလမ်းကိုကျော်ပြီး ဝန်ထမ်းတွေနေသော အိမ်ဝင်းကြီးထဲတွင် ကံ့ကော်ပင်တွေ ထိုစဉ်ကရှိသည်။
မနက်မိုးမလင်းမီ ကံ့ကော်ပန်းခူးသူတွေက ရောက်လာပြီး ဆူညံစွာ အော်ဟစ်ကာ ပန်းတွေခူးကြသည်။ ကံ့ကော်ပန်းတွေကို ပုဆိုးထုပ်ကြီးတွေနှင့် ထုပ်ပြီး မိုးမလင်းမီရွက်ကာ ဈေးကွက်အမီသွားကြသည်။
ထိုနေ့ကကျောင်းပိတ်ရက်။ မကြာမီ စာမေးပွဲတွေ ဖြေကြရတော့မည်ဖြစ်သဖြင့် ကျောင်းပိတ်ထားသည်။ ကျွန်တော်က ညတစ်ညလုံး မိုးအလင်းစာကြည့်ထားသဖြင့် ကြောင်တောင်တောင်ဖြစ်နေသည်။ ဗိုက်ဆာ လာသဖြင့် လှည်းတန်းဘက်ထွက်ပြီး ဦးချစ်ဆိုင်တွင် လက်ဖက်ရည်သောက်မည်။ ကျွန်တော် အိပ်လိုက်လျှင် မနက်စာ ၇ နာရီထမင်းကျွေးချိန်ကို ပြန်မနိုးမှာ စိုးရိမ်သည်။ ထို့ကြောင့် မနက်စာ စားပြီးမှ တစ်ခါတည်း အိပ်ရန်အတွက် အဆာပြေ လက်က်ရည်သောက်ရန် လှည်းတန်းဘက်ထွက်လာသည်။
ကျွန်တော်အဆောင်ဝင်းထဲက ထွက်လိုက်သည်နှင့် ကံ့ကော်ပန်းခူးသူတွေက ပုဆိုးထုပ်ကြီးတွေထမ်းကာ ထွက်သွားသည်ကို တိုးတော့သည်။ သူတို့ အပင်ကို ခုတ်ဖဲ့ချိုးပြီး ချန်ခဲ့သည့် သစ်ကိုင်းတွေကို ကျွန်တော် ကြည့်လိုက်မိသည်။ ကံ့ကော်ပန်းလေးတွေ ဟိုတစ်ပွင့် သည်တစ်ပွင့် တွေ့နေရသည်။
ကျွန်တော်က ကံ့ကော်ပန်းပွင့် သေးသေးလေးတွေကို လိုက်ခူးလိုက်သည်။ လက်ထဲတွင် ၇ ပွင့် ၈ ပွင့်လောက် ရလာသည်။ ဘာရယ်မဟုတ် ကျွန်တော်က ထိုကံ့ကော်ပွင့်လေးတွေကိုကိုင်ပြီး ဒဂုံဆောင်ဘက်လမ်းအတိုင်း လျှောက်လာသည်။
“ဟယ် … သူ …”
ကျွန်တော်ရှေ့ကပိတ်ရပ်ပြီး အော်လိုက်သံကိုကြားလိုက်ရသဖြင့် ကျွန်တော်က ဆတ်ခနဲရပ်လိုက်မိသည်။ ကိုယ့်အတွေးနှင့်ကိုယ် သူ့ကိုမမြင်မိ။ လမ်းကွေ့ကထွက်လာသော သူမက ကျွန်တော့်နာမည်ခေါ်လိုက်သဖြင့် လန့်ပြီး ရပ်လိုက်မိသည်။
“ပန်းတွေနဲ့ ဘယ်သူ့ကို သွားပေးမလို့လဲ”
“ဟို … ဟို”
“ဟင်း … ဟင်း … သိနေတယ်နော် … ချိန်းထားလို့လား”
“မဟုတ်ပါဘူး … ချိန်းရမယ့်သူလည်း မရှိပါဘူး”
“ဒါဆို …”
“လမ်းမှာတွေ့လို့ ခူးခဲ့တာပါ”
“ကံ့ကော်ပန်းဆိုတာ လမ်းဘေးမှာ အလေ့ကျပေါက်တဲ့ပန်းမဟုတ်ဘူးနဲ့တူတယ်နော်”
“ဟုတ်ပါတယ် … အဆောင်ရှေ့မှာ ပန်းခူးတဲ့သူတွေ ခုတ်ထားတဲ့ အကိုင်းတွေကနေ တွေ့လို့ခူးခဲ့တာပါ”
“ဪ”
သူမက ကျွန်တော့်ရှေ့တွင် ဆက်ပြီး ရပ်နေသည်။ ကျွန်တော်က ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
“မယု”
“ရှင်”
“ရော့”
ကျွန်တော်က ကျွန်တော့်လက်ထဲက ပန်းတွေကို သူ့မအား ပေးလိုက်သည်။
“အို”
သူ့မျက်နှာကို မော့မကြည့်ရဲသဖြင့် မည်သို့ဖြစ်သွားမည်မသိ။
သူကလက်ကမ်းလိုက်သည်။ ကျွန်တော်က ပန်းပွင့်လေးတွေကို သူ့လက်ထဲထည့်ပေးလိုက်သည်။ သူ့လက်နှင့် ကျွန်တော့်လက်ထိသွားသည်။ နှစ်ယောက်လုံး ဆတ်ခနဲ ဖြစ်ကာ လက်တွေကို ရုပ်လိုက်သည်။
“သွားတော့မယ်”
ကျွန်တော်က သူ့ကိုရှောင်ပြီး လမ်းဆက်လျှောက်ခဲ့သည်။
ကျွန်တော်နောက်ကို လှည့်မကြည့်မိ။
စာမေးပွဲဖြေသည့် နောက်ဆုံးနေ့
ကျွန်တော်စာဖြေခန်းထဲက ထွက်လိုက်ချိန်တွင် ကျွန်တော့်ထက်စောပြီးထွက်နေသည့် သူမကိုတွေ့လိုက်ရ သည်။
“ဖြေနိုင်လား”
သူမက ကျွန်တော့်ကိုမေးခြင်းဖြစ်သည်။
“ဖြေနိုင်ပါတယ်”
“ကျောင်းဆက်တက်မလား”
“မတက်ဘူး”
“ဘာဖြစ်လို့လဲ”
“အဲဒီလောက် အမှတ်မီမယ်မထင်ဘူး”
“မီမှာပါ … ဘယ်တော့ပြန်မလဲ”
“ဒီညနေပဲပြန်မယ်”
“ယုက မနက်ဖြန်အစောကြီးရထားနဲ့ပြန်မယ်”
“ဪ … သွားဦးမယ်”
ကျွန်တော်သူ့ရှေ့ကထွက်ခဲ့သည်။
ယနေ့အထိ သူမနှင့်တစ်ကြိမ်မျှ ပြန်မဆုံတော့။ တက္ကသိုလ်တွင် ဆရာမလုပ်သည်။ ယခုပင်စင်ယူသွားပြီ။ ယနေ့တိုင် ယုသည် အိမ်ထောင်မပြုသေးကြောင်း သိရသည်။
ကံ့ကော်ပန်းတွေ ဖွေးနေအောင်ကြွေသည်။
ကျွန်တော် သူ့ကို သတိရနေမိသည်။
တင်ညွန့်
၂၃.၃.၂၀၂၅