တစ်ချက်ခုတ် တစ်ချက်ပြတ်
--------------------------------
ကိုယ်နဲ့ရင်းနှီးသူတွေကို “စာဖတ်ကြပါ” ဟု အမြဲတိုက်တွန်းပါသည်။
ကိုယ်တိုင်က စာတွေရေးနေရလျှင်ပျော်နေတတ်သူဖြစ်သလို၊ စာတွေဖတ်တာတွေ့လျှင်လည်း ဝမ်းသာနေမိသူ ဖြစ်ပါသည်။ စာပေကြောင့် ကိုယ့်ဘဝကြီးတစ်ခုလုံး အပြောင်းအလဲတွေဖြစ်ခဲ့ရသည်မှာလက်တွေ့ မဟုတ် ပါလား။
ကျွန်တော်က ကိုယ်ရေးသည့်စာတွေကို ဘယ်သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်မှမပို့။ စာမူလာတောင်းလျှင်တော့ ရေးနိုင်လျှင် ရေးပေးလိုက်သည်။ သို့သော် ကျွန်တော် နေ့တိုင်း စာရေးသည်။ စာရေးနိုင်ရန်အတွက်လည်း နေ့တိုင်းစာဖတ်သည်။ မရေးရ၊ မဖတ်ရလျှင် မနေနိုင်၊ မထိုင်နိုင်၊ မအိပ်နိုင်ဖြစ်သည်အထိ ကိုယ့်ကိုယ်ကိုယ် အလေ့အကျင့် လုပ်ထားသည်။
ကျွန်တော်ရေးသည်စာတွေကို Facebook ပေါ် အများဆုံးတင်သည်။ ကျွန်တော့်မှာ Facebook Account (၄) ခုရှိသည်။
Tin Nyunt,Maukkha Book House, Dhamma Lamp, ဆရာတင်
Tin Nyunt Account ကတော့ ယနေ့အထိ မဖွင့်ပေးသေး။ ထို Account ထိသည်မှာ Maukkha နှင့် Dhamma Lamp ပါထိသည်။ ကျွန်တော်က ၃ ခုလုံးကို Tin Nyunt တစ်ခုတည်းနှင့်ချိတ်ထားကာ စာတွေတင်နေသဖြင့် Main Page က ပိတ်သွားသောအခါ ကျန်သည့် ၂ ခုပါထိတော့သည်။ “ဆရာတင်” ကို ကြိုတင်ပြီး Cover လုပ်သည့်အနေဖြင့် ဖွင့်ထားမိသောကြောင့် စာရေးတင်နိုင်သေးသည်။
ကျွန်တော့်မှာ “မှီ” ဆိုသည့် ဝတ္ထုရှည်ကြီးကို စက်တင်ဘာလမတိုင်မီ မောက္ခတွင် ဖော်ပြနိုင်ရန် စီစဉ်ထား သည်။ စက်တင်ဘာလတွင် ကျွန်တော့်အသက် ၇၀ ပြည့်မည်။ ထိုလတွင် အထိမ်းအမှတ်အနေဖြင့် “မှီ” ကို ထုတ်ဝေရန် စီစဉ်ထားသည်။ ကိုဇပ်ကာဘတ်က ဘာကိုသဘောမကျသည်မသိ ဖွင့်မပေးသေးသောကြောင့် ယနေ့အထိ ထို Page တွေကို ဝင်ပြီးမတင်နိုင်သေး။
Tin Nyunt တွင် ရသ
ဆရာတွင် တွင် ဒဿန
Maukkha တွင် စာအုပ်စာပေ
Dhamma Lamp တွင် ဗုဒ္ဓစာပေ
ကျွန်တော်ရေးချင်သည့်အကြောင်းအရာတွေကို ရေးချင်စိတ်ပေါ်လာချိန်တွင် ရေးတင်နိုင်ရန် ကဏ္ဍအလိုက် ခွဲထားခြင်းဖြစ်သည်။ သို့သော် တစ်ခုတည်းတွင်သာ ရေးတင်နိုင်တော့သဖြင့် မနက်တစ်ပုဒ်၊ ညတစ်ပုဒ် တင်နေရသည်။
ကျွန်တော့် အပန်းဖြေပုံက အခြားသူတွေနှင့် တူချင်မှတူမည်။
အပန်းဖြေသည်ဆိုရာတွင် ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်၊ အပြင်ထွက်လည် စသည်ဖြင့် စိတ်ပြေလက်ပျောက် လုပ်ကြသည်ကများသည်။ ကျွန်တော့်စိတ်ဖြေပုံကတစ်မျိုးဖြစ်သည်။ စာအုပ်တွေဖတ်၊ စာအုပ်ရေးပြီး ငြီးငွေ့လာလျှင် Facebook ထဲဝင်ကာ စာရေး၊ စာဖတ်လိုက်ခြင်းဖြစ်သည်။
ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်ကမေးသည်။
“ခင်ဗျား Facebook ပေါ်မှာစာတွေရေးနေတာ ပိုက်ဆံအများကြီးရမှာပေါ့နော်”
ကျွန်တော်ကရယ်မိပြီး သူ့ကို အမှန်အတိုင်းပြောလိုက်သည်
“ပိုက်ဆံရတာထက် ပိုပါတယ်”
သူနားလည်သလား နားမလည်သလားတော့ မပြောတတ်။ Facebook က ပိုက်ဆံတစ်ပြားမျှ ယနေ့တိုင် မရဘူး သေးသော်လည်း ထိုနေရာကရသည့် စိတ်ကူးတွေ၊ စေတနာတွေ၊ မေတ္တာတွေနှင့် ကျွန်တော် ယနေ့တိုင် မကြောင့်မကြ၊ မတောင်းမတ နေနိုင်သဖြင့် ရတာထက်ပိုသည်ဟု ပြောလိုက်မိခြင်း ဖြစ်ပါသည်။
ကျွန်တော် နေ့စဉ် စာမရေးမနေနိုင်၊ စာမဖတ်မနေနိုင်ခြင်းမှာ ဦးနှောက်သွေးခြင်းနှင့် လက်သွေးလိုခြင်းကြောင့် ဖြစ်သည်။
“သွေးသောဓားထက်သည်၊ ပစ်ထားသောဓားသံချေးတက်သည်”
ကျွန်တော်က ဦးနှောက်နှင့် လက်ကိုအမြဲသွေးနေလျှင် ကျန်းမာ၊ စိတ်ပျော်၊ အိပ်၍လည်းပျော်သည်။
အဖြစ်အပျက်လေးတစ်ခုကို ပြောပြမည်။
ကျွန်တော်နေသည့်ရွာမှ တစ်နာရီခရီးလောက်သွားရသည့် နေရာတွင် ဝါးတောကြီးတစ်ခုရှိသည်။
တစ်နေ့တွင် ကျွန်တော်က ဗဟုသုတရရန် ဝါးခုတ်သမားနှစ်ဦးနှင့် တောထဲကို လိုက်သွားသည်။
ကိုညိုကြီးက တောထဲရောက်သည်နှင့် ပလိုင်းထဲပါလာသည့် ဓားသွေးကျောက်ကိုထုတ်ကာ သူ့ဝါးခုတ် ဓားမကို ကျကျနန သွေးတော့သည်။ ကိုဖူးအောင်ကတော့ ဝါးတောကို ရောက်သည်နှင့် ဝါးတွေကိုများများရရန်အတွက် လောဘတကြီး ခုတ်တော့သည်။ ကိုဖူးအောင် မောလောက်သည့်အချိန်နှင့် နားနေချိန်လောက်မှ ကိုညိုကြီးက ဝါးတွေကို စခုတ်သည်။ ကိုဖူးအောင် ဓားသွေးသည်ကိုမတွေ့။ နားလျှင်အိပ်သည်။ ကိုညိုကြီးကတော့ နားတိုင်း သူ့ဓားကိုသွေးသည်။
ကျွန်တော်ကြည့်နေသည်။ ကိုညိုကြီးဓားမက အလွန်ကောင်းသည်။ တစ်ချက်ခုတ် တစ်လုံး တိခနဲပြတ်သည်။ ကိုဖူးအောင်ဓားကတော့ ဝါးတစ်လုံးကို နှစ်ချက်၊ သုံးချက်ခုတ်မှပြတ်သည်။
ညနေစောင်းသော ဝါးခုတ်သည့်အရေအတွက်ကိုလိုက်ကြည့်မိသည်။ သူတို့က ဝါးခုတ်ပြီးလျှင် ၁၀ လုံးစည်း တစ်စွတ်ကို တစ်ခါတည်းတွဲရသည်။ ကိုညိုကြီး ခုတ်ထားသော ဝါးစွတ်တွေကပိုများသည်။
ကိုညိုကြီးက ရယ်မောကပြောသည်။
“ဘယ်ကိုယ်တော့ ရှေ့ကဘယ်လောက်ကြွကြွ ဆွမ်းစားတော့ အတူတူပါပဲကွာ”
ကျွန်တော်က ထိုဥပမာကို အမြဲသတိရသည်။
“များများပြီးချင်လျှင် ထက်အောင်သွေးရမည်” ဆိုသည့်အသိ ကျွန်တော်ရလိုက်သည်။
ကျွန်တော်က ဝါးခုတ်သမားတော့မဟုတ်။ သို့သော် ဦးနှောက်နှင့်လက်ကို မပြတ်သွေးလာခဲ့သည်မှာ နောက်လ ဆိုလျှင် ၇၀ ပြည့်တော့မည်။ နေရမည့်ရက် သိပ်မကျန်တော့။
ရှင်သန်နေသမျှ ထက်ရမည်
ထက်မှပြတ်မည်
တစ်ချက်ခုတ် တစ်ချက်ပြတ်ရမည်။
ထိုစိတ်နှင့် ကျွန်တော်စာရေးသည်။
သေမှလျှော့မည်။
တင်ညွန့်
၉.၈.၂၀၂၅