ထင်ကြေး(စ/ဆုံး)
————
ကျမတို့မြို့ကို အလည်အပတ်
ရောက်လာတဲ့အမေ့ အမကြီး
အရီး မြ..
သူတို့နေတဲ့နေရာက မြို့နဲ့အလှမ်းဝေးတယ်။
မြို့ကားဂိတ်ကနေ တစ်ညအိပ်လောက်
ကားစီးရတယ်။
ချောင်းတဖက်ကို ကူးဖို့
လှေဆိပ်ကနေ လှေစီးရတယ်။
ဟိုဖက်ကမ်းကိုရောက်ပြန်တော့
ရွာကိုရောက်ဖို့ လှည်းစီးရပြန်တယ်။
အဲဒီလောက်ကိုဝေးလွန်းတာ။
အရီးမြ ကမြို့ကိုတစ်ခါမှမရောက်ဖူးပါ။
အမေက အတင်းခေါ်လို့အတန်တန်ငြင်းတဲ့ကြားကရောက်လာရှာတာ။
မြို့ကိုရောက်တော့အရီးမြက
မနက်ကို အိပ်ယာက စောစောထတယ်။
ကျမတို့တွေက ကော်ဖီနဲ့မုန့် စားကြတယ်။
သူက ညကကျန်တဲ့ ထမင်းကြမ်းကိုဇလုံထဲထည့်ပဲနှစ်ပြန်ကြော် ထည့်
ဆီနဲ့ဆား အနည်းငယ်ထည့်ပြီး
နယ်ထားတယ်။
ငါးကြင်းမတ်ခွက်ထဲမှာရေနွေးပူပူအပြည့် ထည့်ပြီး။
ကြက်သွန်ဖြူနဲ့ငရုပ်သီးစိမ်းကိုကိုက်ပြီးစားနေတာကိုက မြိန်ချင်စရာကြီးပါ။
အရီးမြ ကပြောတယ်။
မနက်ပိုင်းတွေကိုအဲဒီလို စားလိုက်ရမှ သူကကျေနပ်တာတဲ့။
ကော်ဖီ
လက်ဖက်ရည်
မုန့် တွေစားပြီး သူဗိုက်မဝတတ်ဖူး.. တဲ့။
ညနေလေးနာရီထိုးတာနဲ့ အရီးမြကညစာစားဖို့ ပြင်ဆင်တယ်။
ကျမတို့က အဲဒီအချိန်ဆို
နေ့လယ်ခင်း လက်ဖက်သုတ်စားချိန်။
ငါးနာရီလောက် ထမင်းစားပြီးတာနဲ့ခြံတံခါး ဆင်းပိတ်တော့တာပဲ။
ညခုနစ်နာရီလောက်ထိ အိမ်ကမောင်လေး ပြန်မရောက်သေးရင်သူက စိတ်ပူနေပြီ။
ဖိုးသားကခုချိန်ထိ အိမ်ပြန်မလာသေးပါလား။
အမေ့ကို ဖုန်းဆက်ခိုင်းနေတယ်။
မိုးချုပ်နေပြီ။
ဒီအချိန်ထိ ဘယ်တွေသွားနေတာလဲ။
အိမ်ပြန်လာတော့လို့ ပြောလိုက်တဲ့။
ဖိုးသားက သူငယ်ချင်းတွေနဲ့ဂိမ်းဆိုင်မှာလား။
လက်ဖက်ရည်ဆိုင်မှာလား။
အရီးမြကတော့ညရှစ်နာရီထိုးတာနဲ့ အိပ်ရာဝင်သွားပြီ။
တို့တောမှာ ဒီအချိန်ဆို
မီးခွက်မှုတ်ပြီး အိပ်ကြပြီ…တဲ့။
ညည်းတို့မြို့က လူတွေက
ညဘက်တွေလဲ သွားလာစားသောက်နေကြတယ်။
အအိပ်အနေ တယ်နည်းကြတာပဲနော်..တဲ့။
မအိပ်ကြတဲ့ မြို့… တဲ့။
ကျမတို့ မောင်နှမတွေက
အဲဒီအချိန်ကျမှ ညစာစားဖို့ပြင်ဆင်တုန်း။
.
.
.
မနက်မိုးလင်းတော့ အရီးမြက
ဘယ်အချိန်ထဲက အိပ်ရာကထနေတယ်မသိပါ။
မွှေးနေတဲ့နှမ်းထောင်းနံ့လေးနဲ့
ကောက်ညှင်းပေါင်းပူပူလေးကထမင်းစားပွဲပေါ်မှာ အဆင်သင့်။
အရီးမြက ရွာကယူလာတဲ့ကောက်ညှင်းဆန်တဲ့။
ကော်ဖီလေးက ပူပူလေး
ကောက်ညှင်းပေါင်းက အိအိလေး။
ကျမတို့ မောင်နှမ
ခေါင်းမဖော်တမ်း စားကြပြီ။
နေ့လည်ထမင်းစားချိန်ရောက်တော့ အမေကဟင်းစုံစုံနဲ့ စားစေတယ်။
ငါးဖယ် ဆီပြန်ဟင်း၊
ဝက်သုံးထပ်သားဟင်း၊
ပုစွန်ကြော်၊
သီးစုံချဥ်ဟင်း၊
အရီးမြ ဒေါပွပြီ။
နေစမ်းပါဦးအေ့…
ဒီခေတ်ကြီးထဲမှာ ဘယ်လိုစားနေကြတုန်း…
ညည်းတို့ ချွေတာစားရမှန်း မသိကြတာလား….
သိသိကြီးနဲ့ တမင်စားနေကြတာလား…
အရီးမြ စကားမှာကျမတို့အမေ ခေါင်းမဖော်ဝံ့။
ငယ်စဥ်ထဲက ကြောက်ရသူမို့
ပြန်မပြောရဲတာလဲ ပါတယ်။
အရီးမြက ပြောပြောဆိုဆိုနဲ့
ငါးဖယ်ဟင်းနဲ့ ဝက်သားဟင်းပန်းကန်ကိုယူပြီး
ကြောင်အိမ်ထဲ
သွားထည့်လိုက်ပါတယ်။
အမေ့ကိုလည်း
နောက်နှစ်ရက် စျေးမသွားနဲ့… တဲ့။
ဒီနေ့ ပုစွန်ကြော်နဲ့
သီးစုံချဥ်ဟင်းနဲ့စားကြ…တဲ့။
ထမင်းစားပြီးတော့အရီးမြကပြောတယ်။
ငါတို့တောမှာ အရမ်းခက်ခဲကြတယ်…
တစ်ပါတ်နေလို့
အသားဟင်းတစ်ကြိမ်ချက်စားရဖို့ဆိုတာမလွယ်ဘူး…
ရာသီဥတုမှန်ရင်တော့
လယ်ယာလုပ်ငန်းကငွေရွှင်ပါရဲ့..
မိုးလေမမှန်လို့ကတော့ အကြွေးတင်ပြီမှတ်…
ညည်းတို့ဆီမှာတော့
ငွေကိုရှာလို့လွယ်ကြတယ်…
ကုန်တာလဲ လွယ်တယ်..
မကုန်စေနဲ့..
ညည်း ငါတို့အဖေမသေခင်ကပြောခဲ့တဲ့စကား
မေ့သွားပြီလား..
စားလဲစား မကုန်စေနဲ့
ဆိုတာလေ…
အိမ်ရှင်မ အပါးဝ
စမ်းပါအေ..
နှစ်ရက်စာကိုသုံးရက်စာရအောင်ဆန့် စားရတယ်အေ့…
ဒီနေ့စားပြီး မနက်ဖြန် သေသွားကြမှာ မဟုတ်ဖူး..
အသက်ရှင်နေသမျှ
စားနေကြရမှာ…
ဒီတော့ စားလဲစား မကုန်စေနဲ့…
.
.
.
နောက်နေ့မနက်တော့အရီးမြက တဘက်ကလေးခေါင်းပေါ်တင်ပြီးရွှေတိဂုံဘုရားကို လမ်းလျှောက်သွားဖို့ပြောတယ်။
ကျေးလက်က ရိုးသားတဲ့လယ်သူမကြီး အရီးမြ ရယ်။
သူတို့ တောမှာလို မှတ်ပြီး ဘယ်ခရီးသွားသွား လမ်းလျှောက်သွားလို့ရမယ်လို့ထင်နေရှာတယ်။
ရွှေတိဂုံဘုရား သွားတော့
ကန်တော်ကြီးဖက်က သွားတာလေ။
ရွှေရောင်ဝင်းနေတဲ့
ကရဝိတ်ကြီးကိုတွေ့တော့
အရီးမြက
ကားပေါ်ကနေ လက်အုပ်ကလေးချီနေတာပေါ့။
ဒါကိုတွေ့တဲ့ ကျမတို့မောင်နှမက
တစ်ယောက်ကိုတစ်ယောက်မျက်စပြစ်ပြီး ပြုံးလိုက်တာကိုအမေက တွေ့လိုက်ပြီး မျက်ထောက်နီနီကြီးနဲ့ လှမ်းကြည့်တာခံလိုက်ရတယ်။
ဒီတော့လဲ မျက်နှာပိုးသေရပြန်တာပေါ့။
ဘုရားပေါ်ရောက်တော့လပြည့်နေ့ဆိုတော့လူများတယ်လေ။
လူတွေအများကြီးကိုကြည့်ပြီးသူခြေဖျား လက်ဖျားတွေအေးစက်လာတယ်။
မျက်နှာမှာလဲ ကြောက်ရွံ့ထိတ်လန့်နေတဲ့ အမူယာနဲ့။
ပြန်ကြမယ်အေ..
လူတွေကများသထက်များလာပြီ..
ခေါင်းတွေလဲတအားထိုးကိုက်လာပြီ…
ဒါနဲ့ပဲ ဘုရားကိုတပါတ်ပါတ်ပြီးပြန်ခဲ့ကြတယ်။
ရေခဲမုန့်ဝယ်ကျွေးတော့လဲသူ့သွားတွေကျွတ်ကျကုန်ပါပြီဆိုပြီးအော်ဟစ်နေတယ်။
.
.
.
တစ်နေ့မှာတော့ ယိုးဒယားကလာတဲ့
ကြက်ပေါင်ခေါက်ဆွဲ ပြုတ်စားကြတယ်။
အရီးမြက ကြက်ပေါင်ခေါက်ဆွဲထုပ်ကို သဘောကျနေတယ်။
နိုင်ငံခြားကလူတွေအတော်လဲတော်ကြတာနော်….ဟန်နီ..
ကြက်ပေါင်တုံးကြီးကိုပါ ဒီအိပ်ထဲမှာခေါက်ဆွဲတွေနဲ့အတူရောပြီး မပုပ်မသိုးအောင်စီမံနိုင်တယ်…
ကြက်ပေါင်အတုံးလိုက်ကြီးပါတဲ့ခေါက်ဆွဲစားရမှာပေါ့နော်…
သူ့အပြော သူ့အဟောကိုကျမဘာမှပြန်မပြောနေတော့ပဲ ကျမအလုပ်ကိုသာဆက်လုပ်နေလိုက်တယ်။
ခေါက်ဆွဲပြုတ်ပြီးပြီ။
အရီးကိုလည်းတစ်ပန်းကန်ထည့်ပေးလိုက်တယ်။
သူနဲ့ကျမ အတူစားကြပြီ။
အရီးမြက သူ့ခေါက်ဆွဲပန်းကန်ကိုဇွန်းနဲ့
မွှေကြည့်တယ်။
ခေါက်ဆွဲတွေကို အထက်အောက်လှန်တယ်။
မျက်လုံးနဲ့သေချာလိုက်ရှာဖွေနေတယ်။
နောက်ပြီး သူ မျက်နှာသုန်သုန်မှုန်မှုန်နဲ့ ခေါက်ဆွဲတွေကိုစားနေတယ်။
ငါ့နှယ်…
ဒီဘွားတော်ကြီး..
စားစေချင်လို့လဲ စေတနာနဲ့ခေါက်ဆွဲပြုတ် ကျွေးရသေးတယ်…
အစကတည်းက မကြိုက်ရင်မကြိုက်ဖူး
ပြောပါလား…
ခုတော့မျက်နှာကြီးကရှစ်ခေါက်ချိုးနဲ့…
ငါကိုယ်ကမှားတာပါ…ခေါက်ဆွဲအတူစားဖို့ဆွယ်မိတဲ့ငါကိုယ်ကမှားတာ…
ညနေဖက် ထမင်းစားဝိုင်းမှာအမေ့ကို သူက ပြောတယ်။
နေ့လယ်ခင်းတုန်းကအေ….
ညည်းတို့ အပြင်သွားနေတုန်း..
ငါ့ကို ညည်းသမီးက ကြက်ပေါင်ခေါက်ဆွဲ ပြုတ်ကျွေးတယ်..
ခေါက်ဆွဲပန်းကန်ထဲမှာ ငါဆိုတာနှံ့နေအောင် ကြက်ပေါင်တုံးကြီးကိုရှာတာ မတွေ့ပါဘူးအေ..
အထုပ်ပေါ်မှာကြက်ပေါင်ကြီးကို ငါ သေချာတွေ့ပါရက်နဲ့..
ငါ့ပန်းကန်ထဲမှာ ကြက်ပေါင် ဘာလို့မပါရတာလဲ.
ညည်းသမီး ဒီလိုတော့လုပ်ဖို့ မကောင်းပါဘူးအေ..
ငါဆိုတာသူ့ကြီးဒေါ်အရင်းခေါက်ခေါက်ကြီးပါ..
ငါကတော့ …
ငါ့တူမကိုချစ်လိုက်ရတာအေ..
သူကတော့လုပ်ရက်လိုက်တာ..
ခေါက်ဆွဲထုပ်ထဲကကြက်ပေါင်ကိုဖွက်ထားပြီး ခေါက်ဆွဲချည်းပဲ ငါ့ကိုကျွေးတယ်..
ကျမ ထမင်းဝိုင်းကထပြီး ရေပြေးသောက်ရတယ်။
ကျန်တဲ့လူတွေက ပြုံးနေကြတယ်။
အမေကဒိုင်ခံရှင်းပြနေတယ်။
ကြက်ပေါင်ခေါက်ဆွဲတစ်ထုပ်ကိုဖောက်ပြီးလက်တွေ့ပြုတ်ပြနေရတယ်။
အရီးမြက အထုပ်ပေါ်က ကြက်ပေါင်တုတ်တုတ်ကြီးကိုသေချာကြည့်ပြန်တယ်။
တဖန် ဒယ်အိုးထဲကခေါက်ဆွဲတွေကိုကြည့်တယ်။
အမေ့ကိုလဲပြန်ကြည့်တယ်။
သူပြုံးနေတယ်။
ခေါင်းငြိမ့်လိုက်တယ်။
သဘောပေါက်သွားတယ်။
သြော်..အရီးမြ ရယ်။
ကြက်ပေါင်ခေါက်ဆွဲထုပ်ထဲမှာ
ကြက်ပေါင်ဧရာမကြီးတကယ်ပါမယ် ထင်နေတာကိုး။
တချို့သော
အကြောင်းအရာတွေက ဒီလိုပါပဲ။
ထင်တားသမျှ မျှော်လင့်ထားသမျှတွေက တကယ်ဖြစ်မလာတာ အများကြီးပါ။
.
.
.
#ချစ်ခင်စွာဖြင့်
#ခင်လှမြတ်ခိုင်