သေသူ့ကလဲ့စား

 သေသူ့ကလဲ့စား

#တင်ညွန့်

ရွာတွင် လူသတ်မှုဖြစ်ပွားသည်။

အသတ်ခံရသူမှာ အပျိုကြီး မအေးသင်ဖြစ်သည်။

မအေးသင်သည် ရွာလယ်ပိုင်းတွင် တစ်ဦးတည်း နေထိုင်သူဖြစ်သည်။ ရွာထဲတွင် ငွေတိုးချေး၊ အပေါင်ခံခြင်းဖြင့် ပစ္စည်းဥစ္စာအတော်အသင့်ရှိသူတစ်ဦးဟု ဆိုနိုင်သည်။

အသတ်ခံရသည့်ညက မိုးတွေရွာနေသည်။ လူသတ်သမားက အိမ်ပေါ်ကိုတက်ပြီး အပျိုကြီးမအေးသင်အား ကျောက်ပျဉ်နှင့်ခေါင်းကိုထုသတ်ကာ ပစ္စည်းတွေကို ယူသွားခြင်းဖြစ်သည်။

“အပျိုကြီးမအေးသင် အသတ်ခံရလို့” ဆိုသည့် သတင်းသည် ‌မနက်ခင်းတွင် ချက်ချင်းပျံ့သွားသည်။ သူ့ခြံဝင်းထဲတွင် လူတွေဝိုင်းအုံနေကြသည်။ အိမ်ပေါ်တွင်လည်း လူတွေကိုတွေ့နေရသည်။

မကြာမီ ရဲတပ်ဖွဲ့ဝင်များ ရောက်လာကြသည်။ ခြံဝိုင်းထဲတွင်လည်း ခြေရာတွေက လာကြည့်သူတွေနှင့် ထပ်နေပြီ။ အိမ်ပေါ်တွင်လည်း ခြေမဆေးဘဲ တက်လာသည့် လူတွေကြောင့် ရွှံခြေရာတွေက နေရာအနှံပင်။ ရဲအရာရှိလည်း စိတ်ပျက်သွားသည်။

အလောင်းကိုစစ်ဆေးပြီး ဆေးရုံပို့ကြသည်။ ဆေးရုံကလည်း တိုက်နယ်ဆေးရုံလေးဖြစ်သဖြင့် မကြာခင်ကမှ ရောက်လာသည့် ဆရာဝန်မလေးနှင့် ကွန်ပေါင်ဒါအပြင် သူနာပြုဆရာမတစ်ယောက်သာ ရှိသည်။

ဆရာဝန်မလေးမှာ အလုပ်ခွင်ဝင်သည်ကမကြာသေး၊ လုပ်ငန်းအတွေ့အကြုံကလည်းမရှိ။ ကျောက်ပျဉ်နှင့် ခေါင်းကို အထုခံထားရသဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အလောင်းကို မကြည့်ဝံ့လောက်အောင် ဖြစ်နေ သည်။ နောက်ဆုံးတွင် ကွန်ပေါင်ဒါနှင့် စခန်းမှူးတို့ပူးပေါင်းစစ်ဆေးချက်ယူပြီး ဆရာဝန်မလေးက အတည်ပြု ပေးလိုက်ရသည်။

အပျိုကြီး အသုဘပြီးသည့်နောက်တွင်

“မအေးသင်ကို မည်သူသတ်သနည်း” ဆိုသည့် မေးခွန်းသည် တစ်ရွာလုံးစိတ်ဝင်စားနေသည့် မေးခွန်းဖြစ်သည်။ လူတွေက အမျိုးမျိုးပြောဆိုကြသည်။ စခန်းကလည်း မသင်္ကာသည့်လူတွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်စစ်သည်။ သို့သော် ပြန်လွှတ်ပေးလိုက်ရသည်သာဖြစ်သည်။

နောက်ဆုံးတွင် မအေးသင်အိမ်၌ စာရင်းငှားလုပ်နေသူ ဖိုးထောင်ကို မသင်္ကာမှုဖြင့် ဖမ်းဆီးလိုက်သည်။ ဖိုးထောင်ကလည်း သူမသတ်ကြောင်း အတန်တန် ငြင်းဆိုသည်။ ဖိုးထောင်အိမ်တွင် ရှာဖွေရာ၌လည်း ဘာပစ္စည်းကိုမျှမတွေ့ဖြစ်နေသည်။

တစ်နေ့ နံနက်တွင် ဆရာဝန်မလေး ဒေါက်တာမိုးသီတာသည် စခန်းကိုရောက်လာသည်။ စခန်းမှူးက

“ဒေါက်တာပါလား … ဘာကိစ္စများလဲ”

“ဒီလိုပါ ပြောရင်ကောင်းမလား၊ မပြောရင်ကောင်းမလား စဉ်းစားနေတာ”

“ပြောပါဒေါက်တာ … ဒီကိုရောက်လာတာ ပြောချင်လို့ဖြစ်မှာပါ”

“ဟုတ်ပါတယ် … ကျွန်မပြောသင့် မပြောသင့် စဉ်းစားတဲ့ကိစ္စက ကျွန်မအိပ်မက်ပါ”

“ဘာတွေများ အိပ်မက် မက်လို့လဲ ဒေါက်တာ”

“အမျိုးသမီးတစ်ယောက်က ကျွန်မကို လာပြောတယ်ဆရာ။ သူ့ကိုသတ်တဲ့သူတွေဆီကို ခေါ်သွားမယ်တဲ့။ ကျွန်မကလည်း လိုက်သွားမိတယ်။ သူက ချောင်းကိုဖြတ်ပြီး လှေလေးနဲ့ ခေါ်သွားတာ။ တစ်ဖက်ကမ်းကိုရောက် တော့ ကျွန်မကို ဆက်ခေါ်သွားသေးတယ်။ အဲဒီမှာ တဲတစ်လုံးတွေ့တယ်။ တဲထဲကို သူကကျွန်မကို လက်ဆွဲပြီး ခေါ်သွားတာ။ တဲထဲမှာ လက်ဝတ်လက်စားတွေနဲ့ ပိုက်ဆံတွေ အများကြီးပဲတွေ့တယ်”

“ဒေါက်တာ့ကို လာခေါ်တယ်ဆိုတဲ့ အမျိုးသမီးက ဘယ်သူလဲ”

“ကျွန်မလည်း သေသေချာချာမသိဘူးဖြစ်နေတယ်”

“မအေးသင်လား”

“ကျွန်မ မအေးသင်ကို တစ်ခါမှ မမြင်ဖူးဘူး”

“သူ့ကိုမြင်ရင် မှတ်မိမလား”

“မှတ်မိမယ်ထင်တာပဲ”

စခန်းမှူးက သူ့စားပွဲပေါ်ရှိ ဒိုင်ယာရီထဲက ဓာတ်ပုံတစ်ပုံကို ထုတ်ပြလိုက်သည်။

“ဟုတ်တယ် … သူပဲ … သူကျွန်မကို လာခေါ်သွားတာ”

“အဲဒါ မအေးသင်ပဲ”

“ရှင်”

“ချောင်းတစ်ဖက်ကမ်းကို လှေနဲ့ကူးရတယ်လို့ပြောလိုက်တယ်နော်”

“ဟုတ်တယ် လှေနဲ့သွားကြတာ။ သူကလှေလှော်တယ်”

“ထူးခြားတာ ဘာများသတိထားမိသလဲ”

“ကျွန်မကို လယ်ကွင်းထဲကဖြတ်ခေါ်သွားတော့ ညောင်ပင်ကြီးတစ်ပင်ကိုတွေ့တယ်”

“ညောင်ပင်မှာ ဘာထူးခြားတာတွေ့သလဲ”

“ညောင်ပင်မှာ နတ်ကွန်းရှိတယ်။ နတ်ရုပ်တွေ အများကြီးပဲ”

“နောက်ကော …”

“ကျွန်မကို ခေါ်သွားတဲ့တဲနဲ့ ညောင်ပင်က သိပ်မဝေးဘူး”

“ဒေါက်တာ အဲဒီနေရာကို ကျွန်တော်ခေါ်သွားမယ်ဆိုရင် လိုက်မှာလား”

“လိုက်ပေးပါ့မယ်။ ကျွန်မလည်း အဲဒီအိပ်မက်က တစ်ကြိမ်တည်းမဟုတ်ဘူး နှစ်ကြိမ်လောက်ကို တစ်ပုံစံတည်း မက်နေတာနဲ့ ထူးခြားလို့ စခန်းမှူးကို လာပြောတာ”

“ကောင်းပြီလေ ကျွန်တော်တို့ ခုပဲသွားကြတာပေါ့”

စခန်းမှူး၊ ရွာလူကြီးများနှင့် ရဲတပ်သားသုံးယောက်တို့သည့် ပဲ့ထောင်တစ်စီးဖြင့် ဒေါက်တာပြောသည့် ချောင်းတစ်ဖက်ကမ်းကို ကူးလာကြသည်။ သူတို့ခရီးအတန်ကြာသွားပြီးနောက်

“ဟိုမှာ ညောင်ပင်ကြီး … အဲဒီညောင်ပင်ကြီးပဲ”

ဒေါက်တာပြောသည့်အတိုင်း ညောင်ပင်ကြီးအောက်တွင် နတ်ရုပ်တွေနှင့် နတ်ကွန်းကိုတွေ့ကြသည်။ စခန်းမှူးက ညောင်ပင်မှ အပြင်ကိုထွက်ကာ

“ဒေါက်တာ … ဒီကနေသွားရင် တဲက ဆန့်ကျင်ဘက်အရပ်မှာ နှစ်လုံးဖြစ်နေတယ်။ ဘယ်တဲလို့ ထင်ပါသလဲ”

“နေဦး ကျွန်မပြန်စဉ်းစားဦးမယ် … တဲရှေ့မှာ နွားစာခွက်အကြီးကြီးတစ်လုံးရှိတယ်။ အိမ်ရှေ့မှာ မာလကာပင် တစ်ပင်ရှိတယ်”

စခန်းမှူးက ရွာလူကြီးကို ဦးစွာလွှတ်လိုက်သည်။ ရွာလူကြီးက မယောင်မလည်သွားကြည့်ပြီး ပြန်ရောက်လာ သည်။

“အနောက်ဖက်ကတဲပဲ စခန်းမှူး … အဲဒါ နီတိုးတဲပဲ”

“ဪ နီတိုးလား” စခန်းမှူးက

“ဒေါက်တာပြန်ပါတော့။ ကျွန်တော်တို့ ကျန်တာ ဆက်လုပ်လိုက်ပါ့မယ်”

စခန်းမှူးက ဒေါက်တာကို ပဲ့ထောင်သမားအား ပြန်ပို့ခိုင်းလိုက်သည်။ ပဲ့ထောင်သမား ပြန်ရောက်လာမှ စခန်းမှူးသည် နီတိုးတဲကို ဝိုင်းသည်။

အထဲကို ရွာလူကြီးများနှင့် ဝင်ရှာကြသည်။ မအေးသင်၏ ပစ္စည်းများ၊ ရွှေငွေများကို ပြန်တွေ့သည်။ နီတိုးကို ဖမ်းသွားကြသည်။

နီတိုးသည် မအေးသင်စာရင်းငှားအဖြစ် အလုပ် လုပ်ဖူးသည်။ အရက်သောက်သဖြင့် သူ့ကိုမအေးသင်က နှင်ထုတ်လိုက်သည်။ နီတိုးသည် ဘာအလုပ်မျှကောင်းစွာလုပ်သူတစ်ယောက်မဟုတ်။ သူ့မိန်းနှင့် မအေးသင် အကြွေးကိစ္စစကားများရာ မကျေနပ်သဖြင့် သတ်မိကြောင်း။ နောက်ဆုံးပစ္စည်းတွေကိုတွေ့သဖြင့် လောဘဖြင့် ယူလာမိကြောင်းဝန်ခံသည်။

ကျွန်တော်ထိုသတင်းကိုကြားသဖြင့် ဆေးရုံမှဒေါက်တာမိုးသီတာနှင့်သွားတွေ့သည်။

“ဆရာမ သေတဲ့သူက လာပြီးတော့ တရားမျှတမှုကို တောင်းဆိုသွားတာလို့ ထင်သလား”

“ကျွန်မလည်း အဲဒီလိုအတွေ့အကြုံမျိုး တစ်ခါမှမရှိဘူးတော့ ကြောက်မိတယ်။ အိပ်မက်ကလည်း တစ်ခါတည်း မဟုတ်ဘူး နှစ်ခါဆိုတော့ ထူးဆန်းလို့ စခန်းမှူးကိုသွားပြောတာ”

“ဆရာမ ဝိညာဉ်တွေဘာတွေ ယုံသလား”

“ကျွန်မ မယုံဘူး။ ဒါပေမဲ့ ခုကိစ္စကတော့ ယုံရမလိုဖြစ်နေတယ်။ မအေးသင်က ကျွန်မကို  သူ့နည်းသူ့ဟန်နဲ့ လာပြောပြီး ဖော်ထုတ်ခိုင်းတာလို့ထင်ပါတယ်”

ဒေါက်တာမိုးသီတာ နောက်နှစ်တွင် ဆေးရုံပြောင်းသွားသည်။ ရှမ်းပြည်ဘက်ကို တာဝန်ကျသွားကြောင်း သိရသည်။

နီတိုးထောင်ကျသွားသည်။

(လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က အဖြစ်အပျက်တစ်ခုဖြစ်ပါသည်)

တင်ညွန့်

၁၃.၉.၂၀၂၅