ကျွန်မယောကျ်ား အကောင်းစား
--------------------------------
တင်ညွန့်
ကျွန်မတို့ အိမ်ထောင်သက် ၂ နှစ်ရှိပါပြီ။ ကျွန်မ သူ့ကို စိတ်ကုန်စပြုနေသည်။ ကြည့်
သူ့ကို အိမ်ထောင်ကျလျှင် ဇနီးမယားအပေါ် အလွန်ချစ်ခင်မြတ်နိုးယုယလိမ့်မည်ဟု ထင်ထားသည်။ မရမီနှင့် ရပြီးအနေအထား အလွန် ကွာခြားသည်။ ဒါကြောင့်ထင်ပါသည်။ မာမာအေးက “ယုံတမ်းစကား” ဆိုသည့် သီချင်းလေးတွင်
“မရခင်ဖျာလိုလိပ်ကာ ထိပ်ပေါ်မှာသာ တင်လာခဲ့တဲ့ မောင်မင်းကြီးသား ယောကျ်ားတွေမှာကွယ် … ခုတော့ ဖျာကိုသာကွယ် ခင်းကာနင်းချေပါလို့ …” ဟူ၍ ဆိုထားသလို ကျွန်မလည်း ဟစ်လို့သာ ဆိုလိုက်ချင်တော့သည်။
မိုးချုပ်မှ အလုပ်က အိမ်ပြန်လာ၊ အိမ်ရောက်တော့လည်း သူ့ဘာသာသူ တီဗီကြည့်ချင်ကြည့် မကြည့်လည်း ဖုန်းကြည့်၊ မိန်းမက ထမင်းစားမယ်ဆိုလည်း စိတ်မပါသလိုထလာ၊ စကားတွေဖောင်ဖွဲ့အောင်ပြောမယ်လို့ စိတ်ကူးထားလည်း သူက အိပ်ချင်ပြီကွာဟုပြောလိုပြော၊ ဘယ်မှာလဲ ကျွန်မတို့ အိမ်ထောင်ရေး သာယာမှု။
သူလိုတာတစ်ခုပဲသိပြီး သူ့ကိစ္စကိုသာနားလည်သော ထိုယေက်ျားကို ကျွန်မစိတ်ကုန်နေပြီ။ ထို့ကြောင့် ကျွန်မ ဆုံးဖြတ်ချက်တစ်ခုချကာ စာရွက်တစ်ရွက်ကို ယူလိုက်ပြီး ချရေးလိုက်မိသည်။
မောင်
ကျွန်မ ရှင့်ကို စိတ်ကုန်နေပြီ
ရှင်နဲ့ဆက်ပြီး မပေါင်းနိုင်တော့ဘူး
ကျွန်မဘဝမှာ နေ့တိုင်း စိတ်ပျက်စရာတွေချည်းပဲ
ရှင်ကကျွန်မကို ဂရုကိုမစိုက်တာ
ကျွန်မ ထွက်သွားပြီ
လိုက်မရှာပါနဲ့တော့။
ကျွန်မ ထိုစာကိုရေးပြီး ချီတုံချတုံဖြစ်နေချိန်တွင် အိမ်ထဲကို တစ်ယောက်ယောက် ဝင်လာသံကြားလိုက်ရသည်။ ကျွန်မက တံခါးပေါက်မှ ချောင်းကြည့်လိုက်ရာ မောင်ဖြစ်နေသဖြင့် သူ့အကြောင်း သိရန် ခုတင်အောက်ကို ဝင်ပုန်းလိုက်သည်။
မောင်က အိမ်ခန်းထဲကို ဝင်လာသည်။ သူက စားပွဲပေါ်ကို သူ့အိတ်တင်လိုက်ပြီး စားပွဲပေါ်က ကျွန်မ ရေးထားသည့်စာကို ကောက်ဖတ်သည်။
ထို့နောက် ဝမ်းသာအားရ ထခုန်သည်။
“ဟေး … လွတ်လပ်ပြီကွ … လွတ်လပ်ပြီ” ဟု အော်သည်။
ထို့နောက် သူက အိတ်ထဲက ဖုန်းကိုထုတ်ပြီး တစ်နေရာကို ခေါ်နေသည်။ ကျွန်မ အသက်ပင်မရှူရဲအောင် ဖြစ်နေသည်။
“ဟေ့ … ခင်လား … တို့မျှော်လင့်နေတဲ့နေ့ရောက်လာပြီကွ”
“…………….”
“ဘာမှ မပြောနဲ့တော့ အိမ်က ကောင်မကြီး ထွက်သွားပြီ”
“…………….”
“ထွက်သွားပြီဆိုမှတော့ ဘယ်ထွက်သွားသွားပေါ့ … အောင်မယ် သူ့ကို လိုက်မရှာနဲ့တဲ့။ ရယ်လိုက်ချင်သေး ဟေး … ဟေး။ လိုက်ရှာဖို့နေနေသာသာ အထုပ်အပိုးတောင် ထမ်းပို့ ပေးလိုက်ဦးမယ်။ ဘာတဲ့ သူကများ ကိုယ့်ကို စိတ်ကုန်နေပြီတဲ့ ရေးထားသေးတယ်။ သူ့ကို စိတ်ကုန်တာ လက်ထပ်ပြီကတည်းက”
“…………….”
“ဘာလဲ … လွတ်လပ်ပြီလေ … ခင် အိမ်ကို လာခဲ့တော့။ ဒီည အိမ်ကဟာမကြီး မရှိမှတော့ တို့ လွတ်လွတ် လပ်လပ် ပျော်ပျော်ပါးပါးပေါ့”
“…………….”
“ခုပဲလာခဲ့လေ … အပြင်ကထွက်စောင့်နေမယ်။ ဖုန်းချလိုက်တော့မယ်”
သူက စားပွဲပေါ်မှ စာရွက်ပေါ်တွင် တစ်ခုခုရေးလိုက်ပြီး အပြင်ကိုထွက်သွားသည်။
ကျွန်မ ငိုချင်လိုက်တာမှ ပြောမပြနိုင်လောက်အောင်ပင်။
ကျွန်မ ခုတင်အောက်က ထွက်လာသည်။ သူမထွက်သွားမီ တစ်ခုခုရေးသွားသေးသည်။ ဘာတွေ ရေးသွားသနည်း သိချင်သဖြင့် စားပွဲပေါ်က စာကို သွားကြည့်လိုက်မိသည်။
ကျွန်မ ရေးထားသော စာအောက်တွင်
မိန်းမရေ
ပုန်းမယ်ဆိုလည်း ခြေထောက်တွေကို လုံအောင်ထားကွ
အိမ်ခန်းထဲဝင်လိုက်ကတည်းက မင်းခြေထောက်တွေကို တွေ့နေရတယ်
ဒါကြောင့် လျှောက်ပြောလိုက်တာ။
အပြင်ထွက်သွားပြီး အအေးသွားဝယ်တယ်။ ပြန်လာရင် ထမင်းစားမယ်။ ဟင်းနွေးထားနော်။
ထွက်မသွားပါနဲ့ကွယ်။ မင်းမရှိရင် မောင်ဘယ်လိုမှ မနေနိုင်ပါဘူး။ အဆင်မပြေတာတွေရှိရင် ပွင့်ပွင့်လင်းလင်း ပြောပေါ့။ မောင်ကတော့ မင်းကို ဘယ်တော့မှ စိတ်မပျက်ပါဘူး။
သူရေးထားသည့်စာကိုဖတ်ပြီး ကျွန်မ ငိုင်နေမိသည်။
ကျွန်မ နောက်ဖေးမီးဖိုချောင်ထဲဝင်ကာ ဟင်းနွေးသည်။ ထမင်းပြင်သည်။ မောင်လာလျှင် စိတ်ချမ်းသာအောင် အလှတွေပြင်သည်။
“တင်း တောင်”
“အောင်မယ် အိမ်ထဲဝင်ဖို့တောင် ခေါင်းလောင်းထိုးနေရသေးတယ်”
“တင်း တောင်”
“ဘာဖြစ်နေတာလဲ ဝင်ခဲ့ရင်ပြီးရော”
“တင်း တောင်”
“လာပြီ … လာပြီ”
ကျွန်မ အပြေးလေးသွားကာ တံခါးဖွင့်ပေးလိုက်မိသည်။
“မယု … မယု”
“ဟင် … အေးအေး ဘာဖြစ်လို့လဲ … ဘာဖြစ်လို့လဲ”
“မယုယောက်ျား လမ်းထိပ်မှာ ကားတိုက်လို့”
“ဟင် … သူဘာဖြစ်သွားလဲ … ဘာဖြစ်သွားလဲ”
ကျွန်မ တိုက်လှေကားအတိုင်း ပြေးဆင်းသွားသည်။
တိုက်အောက်ကို အရောက်တွင် အကွယ်မှ ပန်းစည်းတစ်စည်း ထွက်လာပြီး
“ဟက်ပီး ဘတ်ဒေးပါ မိန်းမ” ဟု ပြုံးစစနှင့် ကျွန်မ ယောက်ျားကို တွေ့လိုက်ရသည်။
“ကားတိုက်သွားတယ်ဆို”
“Surprise!”
(My darling ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်)
တင်ညွန့်
၁၅.၆.၂၀၂၅