နိဂုံးတပုဒ်(စ/ဆုံး)

 နိဂုံးတပုဒ်(စ/ဆုံး)


———–


‘ တီတီ’’’

ကားဟွန်းသံပတမအကြိမ်တချက် သံရှည်လေးဆွဲပေးလိုက်သည်။ ရာသီဥတုက ညိုမှိုင်းစိုထိုင်းနေ၏။

မိုးများရွာတော့မည်လားမသိဟု ကိုခင်မောင်တွေးနေမိသည်။သည်တစ်ခု နောက်ဆုံးပို့ပေးပြီးလျင် ကားသိမ်းတော့မည်။ လိုအပ်သည့်၀မ်းစာလေးအသင့်အတင့်ရသည်ကတကြောင်း အိမ်မှာ အမေ့ကိုဆေးခန်း ပို့ပေးရမည်ကတကြောင်းကြောင့်ကားစောစောသိမ်းမည်ဟု တွက်ကိန်းချထားခြင်းဖြစ်လေသည်။


ဘွဲ့လေးတစ်ခုရပြီးနောက် ကိုခင်မောင့်ကို အဖေတို့အမေတို့က သူတို့၀န်ထမ်းလစာလေးနှင့် စုဆောင်းပြီး သဘော်သားထည့်လိုက်သေးသည်။ သဘော်ကဂျင်းမိသွားသည်။ စုတ်ပြတ်သတ်နေသည့် ကုန်သဘော် တစ်ခုပေါ်ကို မလေးရှားမှတဆင့်တက်လိုက်ရပြီးနောက် ကိုခင်မောင်ထမင်းချက်ဟင်းချက် ခုခေတ်အခေါ် ကွတ်လိုလို၊ မက်စ်မင်းလိုလို ဖြစ်ပြီး မီးဖိုချောင်နှင့်စားသောက်ရေးအကုန်ကြုံးလုပ်ခဲ့ရသည်။ ပင်လယ်ထဲ လုံခြုံမှုမရှိသောသဘော်အစုတ်နှင့် လေမုန်တိုင်းမိခဲ့ပြီး သေကံမရောက်သက်မပျောက် ပြန်ရောက် လာခဲ့သည်။ ထိုအချိန်မှစကာ မည်သည့်အခါမျှသဘော်မလိုက်တော့ဟု ကိုခင်မောင်ဆုံးဖြတ်လိုက်သည်။


ရန်ကုန်မြို့ပေါ်မှာမွေး၊ ရန်ကုန်မြို့ပေါ် ကြီးလာသူ ကိုခင်မောင်သည်တစ်ဦးတည်းသောသားဖြစ်၏။ မိဘများက တိုက်ခန်း၂ ခန်းပိုင်သည်။ ၀န်ထမ်းလည်းလုပ်သည်။ ကိုခင်မောင့်အဖေ လွန်ခဲ့သော ၄နှစ်လောက်ကမှ ဆုံးသွားခြင်းဖြစ်သည်။ အမေဖြစ်သူမှာ ယခင်ကမြို့နယ်တစ်ခု၏ ပညာရေးမှုးရုံးမှ အထက်တန်းစာရေးမကြီးဖြစ်၏။ ပိုင်သောတိုက်ခန်းနှစ်ခန်းမှ တခန်းကိုငှားစားပြီးတခန်းမှာ မိသားစု နေကြခြင်း ဖြစ်လေသည်။ အမေကတော့ နိုင်ငံခြားသဘော်သား ၀င်ငွေကောင်းသည်ဆိုသော လောဘ လည်းပါ၊ သူများသားသမီး သဘော်သားဆို၊ သူလည်း သဘော်သားအမေလုပ်ချင်သဖြင့် ထည့်လိုက်ခြင်း ဖြစ်သော်လည်း ကံကမပါတော့ ကိုခင်မောင် တခေါက်ထဲနှင့် နံပြတ်သွားတော့၏။အဖေဆုံးပြီးနောက် အသက် ၄၀ ကျော်သားနှင့် အသက်၇၀နားနီးအမေတို့ဘဲကျန်လေ၏။ ကိုခင်မောင်အိမ်ထောင်ရေးလည်း လုံး၀စိတ်မ၀င်စားလေရကား အေးအေးဆေးဆေး တက္ကစီကားလေးဆွဲစားလေ၏။


ယနေ့တော့ မိခင်ကြီးအတွက် ဆေးခန်းပြရမည်လည်းရှိသဖြင့် စောစောသိမ်းမည်စိတ်ကူးလေသည်။ အမေကြီးက အသက်၇၀နားနီးသော်လည်း ကျန်းမာရေးက ဒေါင်ဒေါင်မြည်သေးသည်ဆိုရမည်။ သူ့အမေ ကိုခင်မောင့်အဖွားက အသက် ၉၅နှစ်မှ ဆုံးလေရာ ကိုခင်မောင့်အမေက သူမကိုယ်သူမ ငယ်သေးသည်ဟုဘဲ ထင်ကာ အိမ်မှုကိစ္စ အလုပ်ဟူသမျှ လုပ်နေကိုင်နေဆဲ သွက်လက်ဆဲဖြစ်သည်။ ယနေ့ကလည်း ပုံမှန် ဆေးခန်းပြရန်သာဖြစ်လေ၏။ အေးအေးဆေးဆေး အိမ်ပြန်နားပြီးမှ အမေ့ကို ဆေးခန်းလိုက်ပို့မည်ဟု စဥ်းစားထားလိုက်၏။


အတွေးသမားကိုခင်မောင်တွေးရင်းနှင့် မည်သူမျှ ပေါ်မလာသော တစ်ထပ်အိမ်လေးကိုလှမ်းကြည့်ရင်း ဟွန်းထပ်တီးလိုက်ပြန်သည်။


‘တီတီ’’’ ဟုတ်ပါသည်။ သည်လိပ်စာပါဘဲ။

ပုံမှန်ကားတွေဆို သည်လောက်ကြာပြီး ဘယ်သူမှမရှိဟုယူဆလိုက်လျင် နောက်တစ်ခုအမြန်ယူပြီး လစ်သွားကြတော့မည်။

ကိုခင်မောင်ကားကို လမ်းဘေးရပ်လို့ရမည့်နေရာတွင် ပါကင်ထိုးလိုက်သည်။ သည်တစ်ခုက သေသေချာချာ ဘွတ်ကင်တင်ထားသည်မို့ သေချာအောင် အရင်လုပ်လိုက်မည်ဟု စဥ်းစာမိသွားသောကြောင့်ဖြစ်သည်။


သူတို့ခြံလေးက သပ်သပ်ရပ်ရပ်လေးဖြစ်သည်။ခြံကသပ်ရပ်သော်လည်း အပင်များကကြည့်သူမရှိသဖြင့် ခြုံနွယ်ပိတ်ပေါင်းများနှင့်ပြည့်နှက်နေ၏။ မထင်လျင်မြွေထွက်လာမည်ပင်စိုးရသည်။ သည်လို ရပ်ကွက် ထဲတွင် တစ်ထပ်အိမ်တွေမရှိတော့ပေ။ သည်အိမ်တစ်အိမ်သာ ထူးထူးခြားခြား တိုက်များကြားထဲ ညပ်နေသလိုဖြစ်၏။ လူကြီးတွေ တိုက်လည်းမဆောက်၊ ပြင်လည်းမပြင် အဆင်ပြေသလိုဘဲ နေနေကြခြင်း ဖြစ်မည်ဟု ကိုခင်မောင်တွေးရင်း အိမ်တခါး၀သို့ရောက်လာသည်။


‘လူရှိတာရောသေချာရဲ့လားး’

ဟုတွေးရင်း ဖုန်းပေါ်မှာ ခရီးသည်လိပ်စာပြန်ကြည့်တော့လည်း ဟုတ်နေပြန်၏။

‘လူရှိလို့ပေါ့လေ’


အို‌ဟောင်းနေသော တခါးကိုအတွင်းမှကြားနိုင်ရန် ခပ်ပြင်းပြင်းလေး ခေါက်လိုက်၏။။

‘ဒေါက် ဒေါက်’’

အထဲမှပြန်ပြောသံမကြားမိဘဲ အခန်းအလည်လောက်တွင် လေးလံသော အရာတစ်ခုကို ဒရွတ်ဆွဲနေသည့် အသံမျိုးကြားနေရ၏။ လူရှိနေသည့်ပုံဘဲ ဖြစ်လေ၏။


‘ဒေါက်ဒေါက်’

တခါးကိုနောက်တချက်ခေါက်လိုက်သည်။ ဒရွတ်ဆွဲသည့်အသံသည် တခါးနှင့်နီးလာ၏။ ထို့နောက် အိုဟောင်းနေသည့်သစ်သား တခါးချပ်သည် တကျွီကျွီအသံပေးရင်း ခပ်ဖြည်းဖြည်းလေးပွင့်လာလိုက်သည်။


***********************************************


‘ကားရောက်ပီခင်ဗျ’


တခါး၀တွင် ကြုံလှီသေးကွေးသည့် အသက် ၉၀ ကျော်နီးပါးခန့်ဟု မှန်းနိုင်သည့် အမေအိုတစ်ဦး ရပ်လာလေ၏။ အဖွားသည် ပါတိတ်အင်္ကျီအပေါ်အောက်ဆင်တူ ခပ်နွမ်းနွမ်းကို ၀တ်ထားပြီး သူ့လက်ထဲတွင် အ၀တ်ထည့်သည့် အိတ်တစ်လုံးကို မနိင်မနင်းဆွဲလာသဖြင့် ဒရွတ်ဆွဲသံဖြစ်ပေါ်နေခြင်းဖြစ်သည်။ လည်ပင်းတွင်လည်း စိတ်ပုတီးကိုဆွဲထားသေးသည်။အိမ်ထဲကိုရုတ်တရက်မြင်ရသည့်မြင်ကွင်းတွင် လူနေသည်ဟုပင်မထင်ရဘဲဖုန်များတက်နေသည့် ဆက်တီဟောင်းများ၊ မှန်ဘီရိုနှင် ဖုန်အလိမ်းလိမ်း တက်နေသော စာအုပ်စင်ကိုတွေ့လိုက်ရသည်။သူမကတခါးကို ကြိုးစားပမ်းစာပိတ်ကာ သော့ခတ်လိုက်၏။

ထို့နောက်အသံသဲ့သဲ့လေးဖြင့်


‘အမေ့ကို ———ဘိုးဘွားရိပ်သာ ပို့ပေးနော်’

‘ဟုတ်သိပါတယ်ခင်ဗျ’

ဟုကိုခင်မောင်ပြောလိုက်သည်။

“ ကျွန်တော့ကို အိပ်ပေး’

ဟုလိုလိုချင်ချင်ပင် အမေကြီး၏ အိပ်ကို သယ်ပေးပြီး ကားနောက်ဖုံးထဲထည့်ပေးလိုက်သည်။ ကိုခင်မောင့်စိတ်ထဲ ဒီအသက်အရွယ်နှင့် ဒီအမေအိုကြီး ၊ ဒီလိုအိမ်အိုကြီးထဲ တစ်ယောက်ထဲ ဘယ်လိုများနေနေပါလိမ့် ဟုလည်း တွေးနေမိသည်။


‘ကျေးဇူးပါသားရယ်၊ သာဓုပါ၊ သက်ရှည်ပါစေ၊ ကျန်းမာချမ်းသာပါစေနော်’


အမေအိုက ဆုတွေပေးနေသည်။ အသံကတော့ သိပ်မထွက်ပေ။ ထွက်နိုင်သမျှအားလေးနှင့် ဆုပေးခြင်းဖြစ်၏။


‘လိမ္မာလိုက်တဲ့ လူလေး၊ မင်းအမေတော့ မွေးရကျိုးနပ်မှာဘဲ’ ဟု အမေအိုက ဆက်ပြောလိုက်သည်။

ကိုခင်မောင်ပြုံးလိုက်သည်။ အမေနှင့် သူနှင့် သဘောထားမတိုက်ဆိုင်တိုင်း ခွန်းကြီးခွန်းငယ်များသည့် အကြောင်းတွေ ရှင်းမပြမိတော့ပါ။ အမေအိုကို ကားပေါ်တင်ရင်း သူမပြောသည့် ——-လူအိုရုံသို့

လိုက်ပို့မည်ဟု စိတ်ကူးမိလိုက်တော့သည်။


‘သားရယ်အမေ့ကို စထရင်းဟိုတယ်လေ၊ ဟိုကမ်းနားလမ်းဘက်ကရယ်’

‘ခြောက်ထပ်ရုံးရယ်’

‘သိမ်ကြီးစျေးရယ်’

‘ရွှေတိဂုံဘုရားရယ်ကို မြင်ရအောင်ပတ်မောင်းပြီးမှ ပို့ပေးပါလားသားရယ်’


‘အာ၊ အဲ့ဒါဆိုသွားမဲ့နေရာနဲ့ပို‌ေ၀းသွားမှာ အမေကြီး’

‘အချိန်လည်းကုန်မယ်၊ စျေးလည်းပိုများသွားမှာ’


‘အချိန်ဘယ်လောက်ဘဲကုန်ကုန်အရေးမကြီးပါဘူး၊

လမ်းပေါ်ထွက်တဲ့ အခွင့်အရေးက ဒါနောက်ဆုံးဘဲဖြစ်မှာမို့ပါ၊


အမေကရန်ကုန်မှာ တစ်သက်လုံးနေလာတာ”””

“””ဆွေမျိုးလည်းမရှိဘူး၊ သားသမီးလည်းမရှိဘူး၊ ခုကလူမှုဖူလုံရေးက

ကျန်းမာရေးနဲ့အသက်ကြောင့် မဖြစ်မနေ သွားနေခိုင်းလို့သာ သွားရမှာ။ နောက်ထပ် အပြင်ထွက်ဖို့ အခွင့်အလမ်းလည်းမရှိလောက်တော့ဘူး။ သေဖို့လည်းနီးနေပြီ၊ ပင်လည်းပင်ပန်းနေခဲ့ပါပြီ။ အမေနေခဲ့ထိုင်ခဲ့တဲ့နေရာလေးတွေကို နောက်ဆုံးကြည့်သွားခြင်လို့ပါ”


ကိုခင်မောင်နားလည်လိုက်ပါပြီ။ အမေအိုသည် သူမတစ်ယောက်တည်း တောင့်ခံနိုင်သည်အထိတောင့်ခံပြီး သူ့အိမ်၊ သူ့ယာမှာလွတ်လပ်စွာနေခဲ့သည်။ ယခုကိုယ့်အရိုးကိုမသယ်နိုင်ချိန် နေသင့်သည့်နေရာတွင် နေစေခြင်း ဖြစ်မည်။ ဒါတောင် အတော်နှောင်းနေပြီဘဲ၊ ဦးနှောက်ကျုံ့ရောဂါတို့၊ တခြားသေလောက်သည့် ရောဂါကြီးကြီးမားမား မရှိသဖြင့် သည်လောက်ထိ နေနိုင်ခြင်းဖြစ်လေ၏။


ကိုခင်မောင် စိတ်ဆုံးဖြတ်လိုက်သည်။ ဘာမှထပ်မပြောတော့ဘဲ။ သူမပြောသည့်နေရာများကို မောင်းသွားပေးမည်ဟု ဆုံးဖြတ်လိုက်သည်။


***********************************************


ကမ်းနားလမ်းခြောက်ထပ်ရုံးကို အရင်ရောက်ခဲ့သည်။ ရုံးရှေ့နားလောက်ကဖြတ်သွားရင်း လူတွေလှုပ်ရှားသွားလာနေသည်ကို ‌‌‌‌‌‌‌‌‌ငေးကြည့်နေသည်။

‘အမေတို့ခေတ်တုန်းကဆို ဒီရုံးကြီးကို ၀န်ထမ်းတွေအမြဲလာရတယ်’

‘အမေတို့က ဒီရုံးမှာလုပ်တော့မျက်နှာပိုရတာပေါ့’

‘ဟိုးခေတ်ကဆို နိုင်ငံခြားသွားဘို့ “”ဒီဖေါင်/ထွက်ခွာခွင့်ဖေါင်”””တို့ဘာတို့ကအစ ဒီမှာယူရတယ်’


“”””တစ်သက်လုံးဒီရုံးမှာဘဲလုပ်တယ်၊ ရာထူးတိုးလည်းမယူဘူး

ဒါပေမဲ့ အသက် ခြောက်ဆယ်ပြည့်တော့နားရတာပါဘဲ’’’’

အမေအိုက ခြောက်ထပ်ရုံးကြီးကို လွမ်းလွမ်းဆွေးဆွေးကြည့်ရင်းပြောနေသည်။


ကိုခင်မောင် ကမ်းနားလမ်းက စထရင်းဟိုတယ်ဘက်ကို မောင်းလိုက်သည်။

စထရင်းဟိုတယ်က ပြန်လည်ပြုပြင်ထားသဖြင့် ပိုမိုကောင်းမွန်နေသည်။

‘ဒီဟိုတယ်မှာ အမေတို့မဂ်လာဆောင်ခဲ့တာပေါ့’


‘သူမရှိခဲ့တာ နှစ်နှစ်ဆယ်တောင်ရှိပြီ’

ကိုခင်မောင် နောက်ကြည့်မှန်ထဲက ကြည့်လိုက်တော့ မျက်ရည်တွေ၀ဲနေသလားထင်မိသည်။

‘သူ့ကို ကောင်းကောင်းပြုစုပေးလိုက်ရပါတယ်’

‘ကိုယ့်မှာသာ ဘယ်သူမှ မကျန်ခဲ့တာ’


ကိုခင်မောင် စိတ်ထဲနင်သလိုဖြစ်လာ၏။ အိမ်ကအမေကို လည်း ပြေးသတိရမိသည်။

အမေ့ကို သူပြုစုလို့ရသော်လည်း အမေကကျန်းမာသဖြင့် သူ့ကို ချည်းပြုစုနေ၏။ သူ့အလုပ်က ကားလေးထွက်ယုံသာ၊ ပြန်ရောက်လျင် စားစရာသောက်စရာအဆင်သင့်၊ ၀တ်စရာဆိုလည်း မီးပူတိုက်ပြီးသား ကျော့ကော့လို့နေ၏။ အမေကလည်း အိမ်ထောင်မပြုသည့်သားကို သခင်လို သဘောထားကာ လုပ်ပေးနေလေတော့၏။


သိမ်ကြီးစျေးနားရောက်တော့ ခပ်ဖြည်းဖြည်းမောင်းလို့သာရ၏။ ကားကြပ်နေသည်နှင့် အတော်ဘဲဖြစ်သည်။


“””အရင်က အဖေအမေတွေက စျေးရောင်းတာ သိမ်ကြီးစျေး ဒီရုံထဲမှာ

ကလေးဘ၀ထဲက အမြဲလာ၊ သူငယ်ချင်းတွေနဲ့လည်း ဆော့ပေါ့၊

ခုတော့ ကိုယ်နဲ့ဘာမှမဆိုင်တော့သလို

ရွယ်တူတွေလည်း မရှိသလောက်ဖြစ်သွားပြီ””’


ဖြစ်ပျက်ပြောင်းလဲခြင်းတွေကို အမေအို သေသေချာချာ မှတ်သားနေသလို နှုတ်ဆက်နေသလိုလည်း ဖြစ်၏။

‘ဘာမှမကြာလိုက်သလိုဘဲ’

သူမကတစ်ယောက်ထဲရေရွတ်သလိုဆက်ပြောနေ၏။


‘နှစ်ပေါင်း ၉၆နှစ်ရှိသွားပြီတဲ့’

သည်တော့မှကိုခင်မောင်လည်း အမေအို ၉၆နှစ်ရှိမှန်းသိသွားတော့သည်။

မိဘခြင်းကိုယ်ချင်းစာမိနေချိန်တွင်

‘အမေ့မှာသားတစ်ယောက်ရှိခဲ့တယ်’

‘သူကသဘော်လိုက်ရင်းနဲ့ သဘော်ပေါ်မှာဘဲ ဆုံးသွားခဲ့တာ’

ဟုကိုခင်မောင်ကို ရှင်းပြနေသည်။

‘သားသမိးက မိဘထက်အရင်သွားတဲ့ ဆိုး၀ါးတဲ့‌ေ၀ဒနာနဲ့ ဒုက္ခတွေကိုလည်း ဖြတ်ကျော်ခဲ့ပြီးပါပြီ”


ကိုခင်မောင်တစ်ယောက် သဘော်ဆက်မလိုက်မိဖြစ်သည်ကို ပိုလို့ပင် ကျေနပ်နေမိတော့သည်။

မဟုတ်လျင် ယခုအမေကြီးလိုဘဲ အမေလည်း တစ်ယောက်ထဲ ဖြစ်နေရှာရော့မည်။


‘ရွှေတိဂုံဘုရားဖူးမယ်နော်အမေ’ ဟုကားလေးကို ရွှေတိဂုံစေတီဘက်ဦးတည်ရင်းမောင်းလာခဲ့လိုက်တော့သည်။


ရွှေတိဂုံကို ကောင်းကောင်းဖူးမြင်ရသည့်နေရာကို ကိုခင်မောင်ရွေးပြီးရပ်လိုက်သည်။ ပတ်၀န်းကျင်ရှိ စိမ်းလန်းသော အပင်လေးများကြောင့်စိတ်ထဲ ပိုကြည်နူးသလိုဖြစ်ရ၏။

အမေသည် မှုန်ရီနေသော မျက်လုံးကို လက်ဖြင့်အမြင်ဓါတ်ကောင်းအောင် နဲနဲပွတ်နေသဖြင့် ကိုခင်မောင်က

‘အမေမျက်မှန်လိုလို့လား’’

‘အမေမြင်ရပါတယ်၊ မြင်နိုင်သလောက်ပေါ့’


‘ကြည်နူးစရာကောင်းလိုက်တာ’

‘မြတ်စွာဘုရားဟောခဲ့တဲ့၊ သေခြင်းတရားသာ မြဲတယ်၊ မသေခင် လောဘ၊ ဒေါသ၊ မောဟတွေနည်းနိုင်သမျှနည်းအောင်လုပ်ရမယ်ဆိုတဲ့စကားကို အမြဲလိုက်နာခဲ့တာအတွက်

ခုတော့ နောင်တတဖန်မပူပန်ရဘူးပေါ့’


ကိုခင်မောင် အမေအိုကို အချိန်ပေးလိုက်သည်။

သူမကလက်အုပ်ကို ချီကာ ဘုရားကိုကားထဲမှ နေရှိခိုးကန်တော့လို့နေသည်။

ခုလိုနောက်ဆုံးအချိန်ရောက်ခါနီးလျင် မိမိလုပ်ခဲ့သည့်အလုပ်များက မိမိကို သတိပေးနေမည်မှာမလွဲ။


အမေအိုသည် သူ့အကြောင်းတွေကို သူပြန်တွေးနေပုံရသည်။ မျက်နှာတွင်လည်း အားဖျော့တော့သော်လည်း ကြည်လင်သော အပြုံးများကို မြင်နေရသည်။ အကယ်၍သာ ဘ၀မှာ သူများမျက်ရည်ကြီးပေါက်ကျမှ ထမင်း၀ခဲ့ကြလျင်၊ သူများအိမ်ယာကို ဖျက်ဆီးခဲ့ကြလျင်၊ မဟုတ်သည်ကို အမှန်လုပ်ခဲ့ကြလျင် ယခုလို ဘ၀၏ နောက်ဆုံး နေ၀င်ချိန် အချိန်မျိုးတွင် ကောင်းကောင်း နောင်တရမည်မှာမလွဲပေ။ အချို့လည်း သေသည်အထိ မိုက်တွင်းနက်နေမည်ထင်၏။ ကိုယ်သေလျင် သူများနေဖို့ ကျန်နေခဲ့မည့် အိမ်ကြီးတိုက်ကြီး တာကြီးတွေဆောက်ဖို့ လူပေါင်းများစွာ၏ မျက်ရည်နှင့် ဘ၀ပေါင်းများစွာကို စတေးသူများဆိုလျင်ရော မည်သို့ရှိမည်နည်းဟု ကိုခင်မောင်ဆက်တွေးပြန်သည်။


‘သားရေ၊ အမေကန်တော့လို့ပြီးပါပြီ၊ အမေကျေနပ်ပါပြီ’


အမေအိုပြောလိုက်တော့မှ ကိုခင်မောင်သတိပြန်၀င်လာသည်။


‘ဟုတ်ကဲ့၊ ဒါဆို ——-ကိုမောင်းတော့မယ်နော်’’


ကိုခင်မောင်ပြောလည်းပြော၊ သူ၏ ကားလေးးကို မောင်းထွက်လာတော့သည်။

အမေအိုကို လိုက်ပို့ရမည့်နေရာသို့ရောက်သည်။ ထိုနေရာမှလူများက အမေအိုကို စောင့်နေကြသည်။ အမေအိုလာမည်ကိုသိပြီးသားဖြစ်သည်။ ထို့ကြောင့်ကြင်ကြင်နာနာနှင့်ပင် သူမကိုခေါ်သူကခေါ်

အမေအိုအိတ်ကိုလာဆွဲသူကဆွဲကြ၏။

‘သားရေဘယ်လောက်ကျလဲပြောပါနော်’

‘ပေးစရာမလိုပါဘူးခင်ဗျ’ ဟုကိုခင်မောင် ပြန်ဖြေလိုက်သည်။


‘အော်သားရယ်၊ သားတို့ကစား၀တ်နေရေးရှိသေးတယ်ယူပါနော်၊

အမေကပြီးပါပြီ’

‘ရပါတယ်၊ ကျွန်တော် ဒီခရီးလေးကို ဒါနပြုပါရစေနော်’ ဟုကိုခင်မောင်ပြောလိုက်သည်။


‘ကျေးဇူးပါသားရေ၊ ကျန်းမာချမ်းသာပါစေ’ ဟုဆုတောင်းက ကြိုသူများနှင့် လိုက်သွားခဲ့တော့သည်။


*******************************************

အိမ်အပြန်ခရီးတွင် ကိုခင်မောင်တွေးနေမိသည်။ အကယ်၍ သူသာ စိတ်ရှည်ရှည်နှင့် တခါးမခေါက်ဘဲ ထွက်ခဲ့လျင်၊ သို့မဟုတ်၊ အလျင်လိုနေသော ကားသမားများနှင့် တွေ့ခဲ့လျင် အမေအိုလည်း သူမ၏ နောက်ဆုံးဆန္ဒလေးများပြည့်မည်မဟုတ်ပေ။ ကိုခင်မောင်လည်း သည်ကနေ့ သူရရှိခဲ့သည့် ဘ၀တစ်ခု၏ နိဂုံးသင်ခန်းစာများကိုရမည်မဟုတ်ပေ။ အချို့လူများသည် မသေတော့မည့်အလား အများမျက်ရည်နှင့် ပျော်ရွှင်နေကြဆဲဖြစ်သည်။ ဘ၀တစ်ခု၏ နိဂုံးသည် အလှမ်း‌ေ၀းနေသည်မဟုတ်ဆိုသည့်အချက်ကို မေ့လျော့နေကြလေ၏။


ဘ၀သည်မိမိတို့ မျှော်လင့်သည့်အတိုင်းဖြစ်ချင်သည့်အတိုင်း ဖြစ်နေခြင်းမဟုတ်။သူဖြစ်နေသည့်အတိုင်းသာ ပါ၀င်ကပြနေကြရခြင်းဖြစ်သည်။


အိမ်ပြန်ရောက်သော် ရေမိုးချိုး အမေချက်ပြုတ်ထားသည့် ထမင်းဟင်းကို အမေနဲ့လက်ဆုံစားသည်။ ပြီးသည်နှင့် ကမန်းကတန်း အမေ့ပန်ကန်များရော ဆေးကြောစရာများကို အတင်းယူဆေးလိုက်၏။ သူ့သားတော်မောင် ကိုခင်မောင်လူပျိုကြီးကို အမေကတအံ့တသြနှင့် ကြည့်ရင်း ပီတိတွေ‌ေ၀နေချိန်


‘ခနနေ ဆေးခန်းသွားကြမယ်နော်အမေ’ ဟု

ကိုခင်မောင်က ကြင်ကြင်နာနာ ပြောလိုက်လေတော့သတည်း။


ပြီးပါပြီ။

ကိုးကား။ original uploader, very Interesting blog.

Sandar Wai, Alexander

စာချစ်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမား လိုရာများ ပြည့်၀ကြပါစေ။

၉/၆/၂၀၂၄