မသေမချင်း

 မသေမချင်း


------------


“ဓားပြဗျိုး … ဓားပြ … ကယ်ကြပါဦး”




နံနက် မိုးမလင်းမီ စူးရှစွာပေါ်ထွက်လာသည့် အသံဖြစ်သည်။




ရွာထဲတွင် နိုးသူတွေကလည်း နိုးနေပြီ။ ရွာသူရွာသားများထုံးစံအတိုင်း တုံးမောင်းခေါက်သည်နှင့် နိုးကြသည် ဖြစ်ရာ တုံးမောင်းသံကြားပြီး၍မှမကြာသေး “ဓားပြ” ဆိုသည့် အသံကို ကြားလိုက်ရခြင်းဖြစ်သည်။




တုတ်၊ ဓားတွေ ရရာဆွဲကာ ရွာသူရွာသားတွေ ပြေးထွက်လာကြသည်။




“ဘယ်မှာလဲ … ဘယ်ကလဲ”




“ရွာလယ်ကုန်စုံဆိုင်က … မပုလေး အိမ်မှာ ဓားပြတိုက်လို့”




မီးတုတ်တွေနှင့် မပုလေးအိမ်ကို အပြေးလေးသွားကြသည်။




“လိုက်ဟ … လိုက်ဟ … အိမ်နောက်ဖေးဘက်ကို ဝင်ပြေးသွားတာ”




“ဟိုမှာ … ဟိုမှာ စပါးကျီအောက်မှာ”




ရွာသားတွေ ဝိုင်းလိုက်ကြသည်။




“ဟေ့ကောင် ထွက်လာနော် … ထွက်မလာရင် မီးတုတ်တွေ ပစ်သွင်းလိုက်မယ်”




စပါးကျီအောက်က လူတစ်ယောက် လေးဘက်ထောက်ပြီးထွက်လာသည်။ သူမျက်နှာကို ပုဆိုးစည်းထားသည်။




အပြင်ရောက်ရောက်ချင်း လူတွေက ဝိုင်းရိုက်မည်ပြုရာ သူကြီးက




“ဟေ့ … ဟေ့ … လွန်မယ် … လွန်မယ်။ နေဦး မျက်နှာကိုဖွင့်လိုက် … ငါမေးဦးမယ်”




လူတစ်ယောက်က မျက်နှာပေါ်တွင်စည်းထားသည့် ပုဆိုးကို ဆွဲချွတ်လိုက်သည်။




“ဟာ”




ဝိုင်းကြည့်နေသူတွေအားလုံး အံ့အားသင့်သွားကြသည်။




“အလို ဘိုးထွန်းခင်ပါလား”




ဓားပြကတည်ငြိမ်စွာနှင့်ပင်




“အေး … ငါထွန်းခင်ပဲ”




သူကြီးက




“ဟာ … ငါရိုးထွန်းခင် … ဘာလုပ်တာလဲ … မင်းဘာလုပ်တာလဲ”




“ဓားပြတိုက်တာလေ”




“မင်းမေကလွှားတဲ့မှ … မင်းကဘာဖြစ်လို့ ဓားပြတိုက်ရတာလဲ”




သူကြီးဘကျော်နှင့် ဘိုးထွန်းခင်တို့က သက်တူရွယ်တူ သူငယ်ချင်းများဖြစ်သည်။ နှစ်ယောက်စလုံး ၇၀ စွန်းစွန်းတွေ။




“ဟေ့ကောင်ထွန်းခင် … မင်းက ဓားပြတိုက်တယ်တဲ့လား”




“အေးလေ … ဘာလဲကွ လိုက်တမ်းပြေးတမ်း ကစားနေတယ်ထင်လို့လား”




“မင်းက ဓားပြတိုက်စရာလား”




“ငါက ဓားပြမတိုက်ရဘူးလို့ ဘယ်ဘုရားက ဟောထားလို့လဲ”




ထိုစဉ် ဓားပြအတိုက်ခံရသော အိမ်ရှင်မပုလေးရောက်လာသည်။




“သူကြီး ဓားပြမိပြီလား”




“မိပြီ ဟိုမှာ …”




“အလိုတော် ဘထွန်းခင်လား … မဖြစ်နိုင်ပါဘူး”




“နင့်အိမ်ကို ဓားပြတိုက်တာ တစ်ယောက်တည်းလား”




“အေးတော့ မနက်ဆွမ်းချက်ဖို့ပြင်နေတာ … အိမ်နောက်ဖေးကဝင်လာပြီး ကျုပ်ကို ဓားပြားနဲ့ရိုက်တယ်။ ပြီးတော့ လက်ဝတ်လက်စားတွေပေးတဲ့။ ကျုပ်လည်း သူ့ကိုတွန်းချပြီး အိမ်နောက်ဖေးက ခုန်ဆင်းအော်တာ။ ဘထွန်းခင် မဖြစ်နိုင်ပါဘူး။ သူဌေးက ကျုပ်ဆင်းရဲသားအိမ်မှာ ဓားပြတိုက်မတဲ့လား”




“အေး … ဓားပြမတိုက်လည်း နင့်ကို ဟိုဒင်းဟိုဝါ လုပ်ချင်လို့ သိပြီလား … ဘကျော်ငါ့ကိုဖမ်းတော့”




ထိုစဉ် ရဲတပ်သားနှစ်ယောက်ရောက်လာပြီး ဦးထွန်းခင်ကို ဖမ်းသွားလေတော့သည်။




ဦးထွန်းခင်၏ ဇနီးဖြစ်သူ ဒေါ်ခင်လှကလည်း ရှက်လှချည်ရဲ့ဆိုကာ ခုန်ခုန်ပြီးငိုသည်။ နေထန်းတစ်ဖျားတွင် ဦးထွန်းခင်ကို မြို့ရှိ ဂါတ်တဲကို ပို့ကြသည်။




နောက်တစ်ပတ်အကြာတွင် ဦးထွန်းခင်ကို ရုံးထုတ်သည်။




“မောင်မင်း ဓားပြတိုက်သည်ဆိုခြင်းမှာ မှန်သလား”




“မှန်ပါသည်”




“ပိုက်ဆံချမ်းသာသူဖြစ်ပါလျက် အဘယ်ကြောင့် ဓားပြတိုက်ရသနည်း။ မုန်း၍လား”




“မဟုတ်ပါ”




“ကျွန်တော်မျိုး ဓားပြတိုက်လျှင် ထောင်ကျနိုင်ပါသလား”




“ကျနိုင်သည်။ သို့သော် ထူးဆန်းသည်မှာ သင်လိုသူဌေးက ဘာဖြစ်လို့ ဓားပြတိုက်ရကြောင်း ပြောပါ”




“ကျွန်တော်မျိုး ထောင်ကျလိုပါသည်”




“ထူးဆန်းလှပေသည်။ လူတွေကထောင်မကျချင်။ သင်က အဘယ်ကြောင့်ထောင်ကျချင်ရသနည်း”




“ကျွန်တော်မျိုးနားအေးပါးအေး နေချင်၍ဖြစ်ပါသည်”




“သင့်ကို မည်သူက နားပူနေသနည်း”




“ကျွန်တော်မျိုးမိန်းမက နေ့နေ့ညည နားပူသောကြောင့်ပါ”




“သင်တို့အိမ်ထောင်သက် ဘယ်လောက်ရှိပြီလဲ”




“နှစ်ပေါင်း ၅၀ ကျော်ပါပြီ”




“နှစ်ပေါင်း ၅၀ ကျော် နားပူခံခဲ့ပြီး ခုမှ အဘယ်ကြောင့်နားမပူမခံချင်ရသနည်း”




“နှစ်ပေါင်း ၅၀ ကျော်သည်းခံခဲ့ပါပြီ။ ယခု ခါတိုင်းထက်ပိုပိုဆိုးလာပါသည်။ ထို့ကြောင့် သည်းမခံနိုင်သဖြင့် ထောင်ထဲသွားနေရန် ဆုံးဖြတ်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်ခြင်းဖြစ်ပါသည်”




တရားသူကြီးကပြုံးသည်။




“အမိန့်ချမည် … မောင်မင်းသည် နောက် ၁၀ နှစ်အတွင်း မိမိဇနီးဖြစ်သူနှင့်သင့်တင့်စွာ အိမ်တွင် ပြန်နေစေ”




“တရားသူကြီးမင်းခင်ဗျား … ကျွန်တော်မျိုး ဘာလုပ်မှ ထောင်ချမှာလဲ။ ကျွန်တော်မျိုး အိမ်မပြန်ပါရစေနဲ့”




“မောင်မင်းကို အိမ်ပြန်နေခိုင်းသည့် ပြစ်ဒဏ်သာ အကြီးလေးဆုံးပြစ်ဒဏ်ဖြစ်သည်”




“ဒုန်း”




တရားသူကြီးက လက်ကိုင်ဘုကို ထုလိုက်ပြီး




“ရုံးဆင်းမည်” ဟုပြောလိုက်သည်။




တင်ညွန့်




၁၉.၉.၂၀၂၅