လူတော် လူကောင်း
-------------------
လမ်းစဉ်ပါတီခေတ်ကဖြစ်သည်။
ထိုခေတ်တွင် လူတော် လူကောင်းတွေများစွာ ရှိခဲ့ပါသည်။ သို့သော် ဥက္ကဋ္ဌကြီးက “လူကောင်း လူတော်” ဟူ၍ ပြောင်းလိုက်ပြီးကတည်းက လူတော်တွေဘေးရောက်ပြီး သူတို့ကောင်းသည်ဟုထင်သူတွေ ရှေ့တက်လာ သည်။
ထိုစဉ်က ပညာရေးကို အလွန်စိတ်ဝင်စားသော လူကြီးမင်းတစ်ယောက်သည် မန်ကျည်းချုံရွာကလေးကို ရောက်လာသည်။ သူက ညနေခင်းတွင် ရွာလူကြီးကိုခေါ်ပြီး လမ်းလျှောက်လေသည်။ သူတို့လမ်းလျှောက်ရာ လမ်းတွင် သစ်ခုတ်သမားတစ်ယောက်သည် သစ်များကို ကျွဲဖြင့်ဆွဲရန်အတွက် နဖားများဖောက်နေသည်။
သူက သစ်ခုတ်သမားအနားသို့ ချဉ်းကပ်သွားပြီး
“မောင်ရင် ချွေးတွေသံတွေနဲ့ ပင်ပန်းနေသလားကွယ့်” ဟု မေးလိုက်လေသည်။
သစ်ခုတ်သမားကလည်း
“ပင်ပန်းတယ်ရယ်လို့တော့ မဟုတ်ဘူးပေါ့ခင်ဗျာ … ထမင်းတစ်လုတ်အတွက် လုပ်ရပေါ့”
“မောင်ရင် ကိုယ့်အလုပ်မှာ ပျော်ရဲ့လား”
“မပျော်ဘူးဗျ”
“ဘာဖြစ်လို့လဲ”
“ကျွန်တော်က သစ်ခုတ်ချင်တာ မဟုတ်ဘူးခင်ဗျ။ ဇာတ်လိုက်မင်းသားဖြစ်ချင်တာ။ ဒါပေမဲ့ အဖေက သစ်ခုတ်သမား၊ အစ်ကိုကလည်း သစ်ခုတ်သမားဆိုတော့ ကျွန်တော်လည်း သစ်ခုတ်နေရတာပေါ့ ခင်ဗျာ။ ရွေးချယ်စရာမှ မရှိတာကိုး”
လူကြီးမင်းလည်း ခေါင်းလေးတညိတ်ညိတ်နှင့် ထွက်သွားလေတော့သည်။
သူတို့လာရာလမ်းတွင် ပိုက်ကွန်ကိုထမ်းပြီး ပလိုင်းတစ်လုံးလွယ်လာသည့် လူတစ်ယောက်ကို တွေ့ပြန်သည်။
“ငါးတွေအတော် ရခဲ့သလား”
“ရပေါ့”
“နေ့တိုင်း ငါးဖမ်းသလား”
“ငါးမဖမ်းရင် ဘာနဲ့ထမင်းစားရမလဲ”
“ခင်ဗျား ဒီအလုပ်ကို လုပ်နေရတာပျော်ရဲ့လား”
“ပျော်တယ်လို့တော့ ဘယ်ဟုတ်မလဲခင်ဗျာ။ ကျုပ်က ပဲ့ထောင်မောင်းချင်တာ။ ပိုက်ဆံမရှိတော့ ငါးပဲဖမ်းနေ ရတော့တာပေါ့။ ငါးများများဖမ်းနိုင်မှ ပိုက်ဆံရမယ်။ ပိုက်ဆံရမှ မိသားစုကို ထမင်းကျွေးနိုင်မယ်လေ”
သူတို့ဆက်လျှောက်လာကြသည်။ လူကြီးမင်းက ရွာလူကြီးကို မေးလိုက်သည်။
“ဒီရွာကလူတွေက သစ်ခုတ်၊ ငါးဖမ်း၊ မျှစ်ချိုး၊ ဝါးခုတ်နဲ့ ဘဝကို ဒီလိုပဲ အဆုံးသတ်နေကြရတာပေါ့နော်”
“ဟုတ်ကဲ့ခင်ဗျ … ဒီရွာမှာမွေးတဲ့သူတွေဟာ ကြုံရာကျပန်းလုပ်ရင်း ဒီလိုပဲ စားဖို့လေးရသလောက်နဲ့ ပျော်နေ ကြတာပါ။ အထွေအထူးတိုးတက်ချင်စိတ်တွေလည်း မရှိကြပါဘူး”
“အင်း အထက်ကတော့ ပြည်သူတွေ ဝင်ငွေတွေတိုးတက်ပြီးတော့ ချမ်းသာနေကြတယ်လို့ထင်နေတော့တာပဲ။ ကျုပ်မြင်သလောက်တော့ ခင်ဗျားတို့ရွာကလူတွေ မသေရုံတစ်မည်စားဖို့သောက်ဖို့ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်နေကြရတာပဲ”
သူတို့ပြောပြောဆိုဆိုနှင့် ဘုန်းကြီးကျောင်းကိုရောက်လာကြသည်။ ဘုန်းကြီးကျောင်းထဲတွင် ဇရပ်ကလေး တစ်ဆောင်ပေါ်၌ ကလေးစာအံသံများကြားရသည်။ လူငယ်တစ်ယောက်က ကလေးတွေကို စာသင်ပေးနေခြင်း ဖြစ်သည်။
“ရွာလူကြီး”
“ခင်ဗျာ”
“အဲဒါဘယ်သူလဲ … ခင်ဗျားတို့ရွာမှာ ကျောင်းလည်း မရှိပါဘူး။ စာသင်နေတာ ဘယ်သူလဲ”
“မြို့ကရောက်လာတဲ့ ဆရာတော်ရဲ့ တူတစ်ယောက်ပါ။ သူက ရွာက ကလေးတွေကိုခေါ်ပြီး စာသင်ပေး တယ်လေ”
“ဟုတ်လား … ကျုပ်တို့သွားပြီး စကားပြောကြည့်ရအောင်”
သူတို့ ဇရပ်အနီးသို့ရပ်လိုက်သည့်အခါတွင် ဆရာလေးက စာသင်သည်ကို ရပ်လိုက်သည်။
“ဆရာလေး ကျောင်းသားဘယ်နှယောက်ရှိသလဲ”
“နှစ်ဆယ်လောက်ရှိပါတယ်။ ဒီနေ့တော့ ငါးယောက်မလာနိုင်ဘူး”
“ဆရာလေး စာသင်ရတာပျော်ရဲ့လားဗျ”
“ပျော်တာပေါ့”
“ဆရာလေးက စာသင်ရတာကြိုက်သလား”
“စာသင်ရတာကို ကြိုက်တာမဟုတ်ဘူး … ချစ်တာခင်ဗျ။ ဒီအလုပ်ကို ချစ်လွန်းလို့ ဘွဲ့ရပြီး ကျောင်းဆရာ လျှောက်ပေမယ့် ပါတီမဝင်လို့တဲ့ ဆရာမခန့်ဘူးခင်ဗျ။ ဒါကြောင့် ဦးဇင်းရွာမှာကလည်း ကျောင်းမရှိဘူး ဆိုတော့ ဝါသနာပါတဲ့အလုပ် လာလုပ်နေတာ”
“ပိုက်ဆံယူသလား”
“ပိုက်ဆံယူဖို့နေနေသာသာ ကျောင်းကိုတောင် အတင်းလာတတ်ခိုင်းနေရတာ။ မိဘတွေကို ကျောင်းမပို့မှာ စိုးရိမ်လို့ လိုက်တောင်းပန်ရတာ မောနေတာပဲ”
“ကျုပ်လူတွေအများကြီးကို လိုက်မေးကြည့်တယ်။ ပိုက်ဆံရဖို့လုပ်နေကြတာ မပျော်ဘူးတဲ့။ မောင်ရင်ကတော့ ပိုက်ဆံမရတဲ့အလုပ်ကို ပျော်သတဲ့လား”
“အလုပ်ချင်းမတူဘူးလေ။ စာသင်တာ လယ်သမားက လာတက်သင်လို့မှမရတာ။ စေတနာ … ဝါသနာရှိမှ လုပ်လို့ရတဲ့အလုပ်ပေပဲ”
“မောင်ရင် အနစ်နာဆိုတဲ့ စကားလုံးတစ်လုံးကျန်ခဲ့သလားလို့”
“တမင်ချန်ခဲ့တာ။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို စေတနာပါပါနဲ့ လုပ်နေတာ … နစ်နာတယ်မထင်ပေါင်ဗျာ”
“မောင်ရင် ဘွဲ့ရပြီးပြီလား”
“ရပြီးပါပြီ”
“ဘာဖြစ်လို့ အစိုးရအလုပ်တစ်ခုခုမှာ ဝင်မလုပ်သလဲ”
“အဲဒီအစိုးရကို မကြိုက်လို့ပေါ့”
ရွာလူကြီးက ဆရာလေးကို လက်ကာရမ်းပြသော်လည်း ဆရာလေးကမမြင်
“ဘာဖြစ်လို့ အစိုးရကို မကြိုက်ရတာလဲ”
“ပြည်သူတွေဖြစ်သင့်တာထက် သူတို့ဖြစ်ချင်တာတွေ သူတို့လုပ်နေလို့ပေါ့။ ဒါတွေ မပြောချင်ပါဘူးခင်ဗျာ။ ဒါတွေပြောရင် ဒေါတွေပါလာလိမ့်မယ်။ ကဲ စာဆက်သင်လိုက်ဦးမယ်”
ဆရာလေးက စာဆက်သင်သည်။ လူကြီးမင်းက ရွာလူကြီးနှင့် ဘုန်းကြီးကျောင်းဝင်းထဲက ထွက်သွားသည်။
“ဆရာလေးက လူတော်လေးပါ သူပြောတာတွေ ဗွေမယူပါနဲ့ခင်ဗျာ”
“သူကမှန်တာတွေပြောတာပဲ … ဘာဖြစ်လို့လဲ။ ကိုင်း ခင်ဗျားတို့နဲ့ ဒီည ရွာမှာမူလတန်းကျောင်းလေး တစ်ကျောင်း ဖွင့်ဖို့ဆွေးနွေးကြမယ်။ ကျုပ်အားလုံးတာဝန်ယူတယ်။ အဲဒီဆရာလေးကိုလည်း ဖိတ်လိုက်ဗျာ။ အစည်းအဝေးလာတက်ပါလို့”
မန်ကြီးချုံရွာတွင် နောက်တစ်နှစ်၌ မူလတန်းကျောင်းလေးတစ်ကျောင်းဖြစ်လာသည်။
သို့သော် စာသင်ရသည်ကိုချစ်သော ဆရာလေးမှာ ထိုကျောင်းတွင် ဆရာပြန်ခန့်ခြင်းမခံရသဖြင့် ရွာကထွက် သွားသည်။
ယခုထိုဆရာလေးသည် မည်သည့်နေရာကို ရောက်နေမှန်းမသိ။
ဆရာမရှိသော၊ ကျောင်းမရှိသော နေရာတစ်နေရာတွင် သူစာသင်ကောင်းသင်နေပေလိမ့်မည်။ သို့မဟုတ် လူ့လောကတွင် ရှိချင်မှလည်း ရှိလိမ့်မည်။
တင်ညွန့်
၆.၁၁.၂၀၂၅