ဒုတိယအမှား

 ဒုတိယအမှား

------------------

“ဆရာ … ဒါကျွန်တော့်အမေပါ”


ဆရာကိုအောင်အေးက ကျွန်တော့်ကို သူ့မိခင်နှင့် မိတ်ဆက်ပေးသဖြင့် ကျွန်တော်ကလည်း


“အဒေါ် နေကောင်းရဲ့လား” ဟု မေးလိုက်မိသည်။


“ဟုတ်ကဲ့ ကောင်းပါတယ်ဆရာ။ အသက်ကကြီးလာတော့ အရင်လို ဘယ်ကောင်းနိုင်မလဲပေါ့နော်”


“အဒေါ့်အသက် ဘယ်လောက်ရှိပြီလဲခင်ဗျာ”


“၇၈ နှစ်ရှိပြီ”


“အို ၈၀ တောင်ကပ်နေမှပဲ။ ဒါပေမဲ့ အဒေါ့်ကြည့်ရတာ ကျန်းမာတာပဲ”


“ကျွန်မကျန်းမာမှ ဖြစ်မယ်ဆရာ။ အိမ်မှာ မြေးနှစ်ယောက်နဲ့ သားတို့အတွက် ကျွန်မ ကျန်းမာနေမှဖြစ်မယ်”


အသားဖြူဖြူ ပိန်ပိန်ပါးပါးနှင့် ကျက်သရေရှိလှသော အဘွားအိုသည် ကျွန်တော့်ကို ပြုံးကြည့်နေရင်း


“သားတို့ကျောင်းက ဆရာကြီးလို့ပြောတယ်။ သားကို သွန်သင်ပါရှင်”


“ကိုအောင်အေးက အလွန်တော်တဲ့ဆရာပါအဒေါ်ရယ် သွန်သင်ဖို့မလိုပါဘူး။ သူက ကျောင်းကိုရောက်တာ မကြာသေးပေမယ့် တစ်ကျောင်းလုံးက သူ့ကိုလေးစားချစ်ခင်ကြတယ်”


ဆရာကိုအောင်အေးက ကျွန်တော့်ကို သူ့အိမ်တွင် ထမင်းဖိတ်ကျွေးခြင်းဖြစ်သည်။ သူ့သားနှင့် သမီးကလည်း သားက ၁၀ တန်း၊ သမီးက ၈ တန်းရောက်နေပြီ။ အပြောအဆို၊ အနေအထိုင်၊ ဆက်ဆံရေး အလွန်ယဉ်ကျေး သိမ်မွေ့သည်။ မိဘတွေ၏ သွန်သင်ဆုံးမမှု မည်မျှကောင်းသည်ကိုပြနေသည်။


“ဒါနဲ့ ကလေးတွေအမေရော မတွေ့ပါလား”


အဘွားအိုက


“ဟိုလေ … သူတို့အမေကလေ”


ကိုအောင်အေးက ကြားဖြတ်ဝင်ပြောသည်။


“သေသွားပြီဆရာ”


“ဪ”


ကျွန်တော်သတိထားလိုက်မိသည်မှာ ကိုအောင်အေးက သေသွားပြီဟု ပြောလိုက်သည့်အခါတွင် အဘွားအို မျက်နှာပျက်သွားခြင်းဖြစ်သည်။ သို့သော် ပြုံးလိုက်ပြီး


“ထည့်စားနော်ဆရာ … ကျွန်မတို့က မြိတ်ဘက်ကဆိုတော့ ဟင်းအစပ်အဟပ်နည်းနည်းများ ငန်နေမလားလို့”


“ရပါတယ်ခင်ဗျာ ကျွန်တော်ကြိုက်ပါတယ်။ ကြက်သားဟင်းလေးက ကောင်းလိုက်တာ”


“စားနော်ဆရာ”


ကျွန်တော်ရော ကိုအောင်အေးပါ ထမင်းများစားသောက်ပြီးနောက် သူတို့ခြံဝင်းလေးထဲတွင် စကားထိုင်ပြော ကြသည်။


“ကိုအောင်အေးရာ … ခင်ဗျားဇနီးဆုံးသွားတယ်ဆိုတာ ကျွန်တော်မသိဘူး။ ဘယ်တုန်းက ဆုံးသွားတာလဲ”


“ကျွန်တော့်ဇနီးက ဆုံးသွားတာမဟုတ်ဘူးဆရာ … ကွဲသွားတာ”


“ဗျာ … ဒါဆို ဘာဖြစ်လို့ ဆုံးသွားပြီလို့ ပြောရတာလဲ”


“ကိစ္စပြတ်သွားအောင်လို့ပါ”


“ကလေးတွေက ခင်ဗျားနဲ့ ကျန်ခဲ့တာပေါ့”


“ဟုတ်တယ် ကလေးတွေ တစ်ယောက်က ၁၂ နှစ်၊ တစ်ယောက်က ၈ နှစ်လောက်ကတည်းက ကျွန်တော်တို့ အိမ်ထောင်ပြိုကွဲသွားတာ”


“အေးဗျာ စိတ်မကောင်းလိုက်တာ။ တော်သေးတာပေါ့ဗျာ ခင်ဗျားအမေရှိနေပေလို့”


“အဲဒါ ကျွန်တော့်အမေ မဟုတ်ဘူးဆရာ”


“ဗျာ ကျွန်တော်တော့် နားမလည်တော့ဘူး”


“အဲဒါ ကျွန်တော့် ယောက္ခမပါ။ ကျွန်တော့်မိန်းမ အမေပေါ့။ ကျွန်တော်တို့ ကွာရှင်းတော့မယ်ဆိုတော့ အမေက ကျွန်တော့်ဘက်က ရပ်တယ်လေ။ သူ့သမီးကိုလည်း အမျိုးမျိုးနားချပေမယ့် လက်မခံတဲ့အဆုံး အမွေပြတ် ကြေညာလိုက်ပြီးတော့ ကျွန်တော့်ကလေးတွေနဲ့ပဲ နေလိုက်တာ”


“ဒါနဲ့ စပ်စုတယ်လို့ မထင်ပါနဲ့ ခင်ဗျားမိန်းမ ရှိသေးလား”


“ရှိတယ် … သူ့နောက်လင်နဲ့ပေါ့”


ကျွန်တော်တို့ ထိုမျှနှင့် စကားဖြတ်ခဲ့ကြသည်။


ကိုအောင်အေးလည်း တစ်ဦးတည်းသောသားဖြစ်သည်။ သူ့မိဘမျိုးရိုးကလည်း စက်သူဌေးတွေဖြစ်ရာ ချမ်းသာ ခဲ့ကြသည်။ ယခုမိဘများဆုံးပါးသွားပြီဖြစ်သော်လည်း သူယခုနေထိုင်သည့် တိုက်နှင့်ခြံကြီးက တန်ဖိုးရှိလှ သည်။ သူက ကျောင်းဆရာအလုပ်ကို ဝါသနာအရဝင်လုပ်နေခြင်း ဖြစ်သည်။ နောက်ပိုင်း ကျောင်းဆရာ အလုပ်ကထွက်သွားသည်။ ကျူရှင်ကိစ္စကြောင့်ဖြစ်သည်။ သူက သင်္ချာအသင်အပြကောင်းသည်။ ကျူရှင်လိုက် သင်သည်။ ကျောင်းဆရာတွေကို ကျူရှင်မသင်ရ အမိန့်တွေထုတ်သည့်ကာလတွင် သူက အလုပ်မှ ထွက်သွား ခြင်းဖြစ်သည်။ သူကအလွန်အောင်မြင်သည့် သင်္ချာဆရာတစ်ယောက် ဖြစ်လာသည်။


ကျွန်တော်လည်း ကျောင်းဆရာအလုပ်ကထွက်ပြီးနောက် ရန်ကုန်ကိုရောက်လာသည်။


တစ်နေ့ ကျွန်တော့်အလုပ်တိုက်သို့ ကိုအောင်အေးက ဖုန်းဆက်သည်။


“ဆရာ အမေဆုံးသွားပြီ”


ကျွန်တော် ကိုအောင်အေးအမေ အသုဘချမည့်နေ့တွင် သူ့ထံကိုရောက်ခဲ့ပါသည်။


အသုဘတွင် တစ်ခုသတိထားမိသည်မှာ အခေါင်းကို ဖက်ငိုနေသော အမျိုးသမီးတစ်ဦးကိုဖြစ်သည်။ ထိုအမျိုးသမီးမျက်နှာက ကိုအောင်အေး၏ သားကြီးမျက်နှာနှင့် အတော်လေးဆင်သည်။ သူ့သားကြီးက ယခု ဆရာဝန်ပင်ဖြစ်နေပြီ။ သမီးငယ်က ကျောင်းဆရာမလုပ်သည်။ ကိုအောင်အေးက ကိုယ်ပိုင်ကျောင်းထောင် ထားသည်။


အသုဘပို့ပြီးနောက် ကျွန်တော်နှင့် ကိုအောင်အေး လက်ဖက်ရည်ဆိုင်ထိုင်ကြသည်။


“ကိုအောင်အေး ကျွန်တော် ဒီနေ့ပဲပြန်ရမယ်ဗျာ။ အလုပ်တိုက်က ခွင့်ယူလို့မရဘူးဖြစ်နေလို့ပါ”


“ရပါတယ်ဆရာ … ရက်လည်နေ့လည်း မအားရင် လာမနေပါနဲ့ဆရာ”


“ကိုအောင်အေးကို တစ်ခုလောက်မေးချင်တယ်”


“ဘာများလဲဆရာ”


“ဟိုလေ သားကြီးမျက်နှာနဲ့ အတော်လေးတူတဲ့ အမျိုးသမီးတစ်ဦးကို သတိထားမိတယ်။ သူက အလောင်းကို ဖက်ပြီးတော့ အမေလို့လည်းငိုတာတွေရတယ်။ အဲဒါ ခင်ဗျားအရင်မိန်းမလား”


“ဟုတ်တယ်ဆရာ”


“ခင်ဗျားအကြောင်းကြားလို့ ရောက်လာတာလား”


“သူ့သမီး အကြောင်းကြားလိုက်လို့ပါ”


“ကလေးတွေနဲ့တော့ အဆက်အသွယ်ရှိမှာပေါ့”


“ရှိချင်လည်း ရှိမှာပေါ့”


“သူ့ယောကျ်ားရော ပါလာသလား”


“သူတို့အိမ်ထောင်လည်း ကွဲသွားပြီလို့ သိရတယ်”


“ဪ … ဒါနဲ့ ခင်ဗျားတို့ ပြန်ပေါင်းလိုက်ပါလားဗျာ။ ကလေးတွေမျက်နှာရှိသေးတယ်လေ”


“ကျွန်တော့်ကို သူကပြန်ပြီးတော့လက်ခံဖို့ ပြောတယ်ဗျ။ ဒါပေမဲ့ ကျွန်တော်လက်မခံပါဘူး”


“ဘာဖြစ်လို့လဲဗျာ”


“ကျွန်တော် အမေ့ကို ကတိပေးထားတယ်။ အမေက သူမသေခင် ကျွန်တော့်ကို ကတိတောင်းသွားတယ်”


“ဘာများလဲ မသိရဘူးလား”


“သူ့သမီးနဲ့ ဘယ်တော့မှ ပြန်မပေါင်းပါဘူးဆိုတဲ့ကတိ”


“ဘာဖြစ်လို့များ ခင်ဗျားယောက္ခမက အဲဒီလောက် စိတ်နာသွားရတာလဲဗျာ။ ဒါပေမဲ့ ကလေးတွေသဘော ကရော ဘယ်လိုလဲ။ သူတို့အမေကို ချစ်မှာပေါ့”


“ကလေးတွေက သူတို့အဘွားလက်ထဲမှာ ကြီးပြင်းခဲ့ရတာဆိုတော့ သူတို့အဘွားကိုပဲချစ်တာ။ သူတို့ကလည်း သူတို့အမေကို ပြန်လက်မခံပါဘူးလို့ ကတိပေးလိုက်ကြတယ်”


“ဒါပေမဲ့ဗျာ … သံယောဇဉ်ပြတ်ဖို့ဆိုတာ လွယ်ပါ့မလား။ ခင်ဗျားက ဇနီးဖြစ်သလို သူတို့ကလည်း အမေ လေဗျာ”


“ကျွန်တော်က ယောက္ခမကြီးကို အမေလိုလေးစားချစ်ခင်တာဗျ။ သူ့ကြောင့် ကျွန်တော် အရွယ်လေး ရှိတုန်းကတောင် နောက်အိမ်ထောင်ပြုဖို့ စိတ်မကူးခဲ့ပါဘူး။ ခုလည်း အမေ့စကားကို ကျွန်တော်နားထောင် ရမယ်လေ”


“ကလေးတွေကရော သူတို့အမေကို ပြန်လက်ခံဖို့ မပြောဘူးလား”


“ဟင့်အင်း … သူတို့က ကျွန်တော့်ကို အခြားတစ်ယောက်နဲ့ သဘောတူနေကြတာ။ ကျောင်းက ဆရာမတစ်ယောက်ပါ”


“ဟာ အဆန်းသားဗျာ … ကလေးတွေက သဘောကျတဲ့ မိထွေးဆိုတာ ရှိနိုင်ပါ့မလား”


“ကလေးတွေဆိုတာထက် အမေက သူ့ကိုအရမ်းသဘောကျတာဗျ”


“ဒါဆိုလည်း ခင်ဗျားက ဘာဖြစ်လို့ မယူတာလဲ”


“တော်ပါပြီဗျာ … ဘဝမှာ အချစ်နဲ့ပတ်သက်ပြီး တစ်ကြိမ်ပဲ စိတ်ဆင်းရဲခံပါ့မယ်။ ကျွန်တော့်အတွက် ဒုတိယအကြိမ်အမှားဆိုတာ မရှိစေရဘူး”


တင်ညွန့်


၂၈.၁၀.၂၀၂၅