တစ်ဖက်ရပ်အမိုး

 🖌️🖌️တစ်ဖက်ရပ်အမိုး🖌️🖌️


“အစ်မမိကြိုင်…နေကောင်းတယ်နော်´´


တစ်ဝမ်းကွဲမောင်ဖြစ်သူ အောင်ထွန်းရဲ့နှုတ်ဆက်သံကြောင့် မိကြိုင် စက်ချုပ်ခြင်းကိုရပ်တန့်လိုက်တယ်။


“လာဟေ့ အောင်ထွန်း ထိုင်´´


အောင်ထွန်းက အိမ်ရှေ့ခန်းမှာခင်းထားတဲ့ သင်ဖြူးဖျာပေါ် တင်ပလ္လင်ခွေထိုင်ရင်း လက်ထဲမှာကိုင်ထားတဲ့ အထုပ်တစ်ခုကို သူ့ဘေးနားထိုင်လိုက်တဲ့ မိကြိုင်ဆီလှမ်းပေးတယ်။


“အမေက…. နင့်အတွက် ပဲလှော်ထည့်ပေးလိုက်တယ်။ ဆင်တလယ်ဘက်ကဖိုကတဲ့´´


“ဪ…ငါတို့အဒေါ်ကတော့ မှတ်ထားတာပဲ။ငါကလည်း ပဲလှော်ဆို ဆင်တလယ်ကမှ ကြိုက်တာ။ဒါနဲ့ ..ငါ့အဒေါ်ကြီးရော နေကောင်းလား´´


“ဒေါင်ဒေါင်မြည်ပါဗျာ´´


“နင်ရော ဘယ်တော့မှော်ထဲပြန်သွားမှာလဲ။´´


“ဒီမှာ တစ်လလောက်တော့ ကြာအုံးမယ် …အစ်မ။ဟိုရောက်သွားရင် တော်တော်နဲ့ ပြန်မလာနိုင်တော့ဘူး။

မှော်ထဲကရောက်ပြီးပြီးချင်း အမေ့ဆီလည်ရင်းကန်တော့ရင်း သွားတာကိုက တစ်ပတ်လောက်ကြာခဲ့တာ´´


“ခဏထိုင်အုံး အောင်ထွန်း၊နင် ထမင်းစားသွားရအောင် ငါ…ထမင်းပွဲပြင်လိုက်အုံးမယ်´´


“စားခဲ့ပြီ အစ်မ၊နေ့လယ်စာစားပြီးမှ ဒီကိုထွက်လာခဲ့တာ´´


“ဘာလဲ ဝက်သားချက်နဲ့လား အောင်ထွန်းရဲ့´´


“အစ်မဘယ်လို့သိ´´


“မနေ့က မင်းယောက္ခမ ဝက်သားဝယ်နေတာတွေ့ပ´´


“အင်း….ပြန်ရောက်ကတည်းက ဝက်သားချည်းချက်ကျွေးနေတာပဲ။ဟင်းပြောင်းပါအုံးဆိုမှ ဒီနေ့နေ့လယ်ကြက်သားပြောင်းချက်တာတဲ့ဗျာ´´


“အမယ် …ဝက်သားစားရတာများ ညည်းနေသေး

တယ်။ဝက်သားဈေးကြီးကကြီးနဲ့။ငါတို့များတော့ ဝက်သားအရသာကို မေ့နေပါပြီဟယ် ´´


“ဟုတ်တယ် အန်တီမိကြိုင်ရေ၊ အဖေပြန်လာမှ သားတို့လည်း ဝက်သား၊ကြက်သားမြင်ဖူးတာ။ အရင်ကကျောင်းထမင်းချိုင့်ဆို ကြက်ဥချည်းပဲ´´


အောင်ထွန်းရဲ့ သားလေးက အိမ်ပေါ်တက်လာပြီး ပြောတော့ မိကြိုင်ပြုံးမိလိုက်တယ်။


“မင်းကဘာလာလုပ်တာလဲ။´´


“အမေက…ပန်းထိုးအထည်တွေ အန်တီမိကြိုင်ဆီ လာပို့ခိုင်းတာအဖေ။အန်တီမိကြိုင် …အမေက ပန်းထိုးရမဲ့အထည်တွေရှိရင် ပေးလိုက်ပါအုံးတဲ့ ´´


ဖိုးသောကြာ ပေးတဲ့ အင်္ကျီထုတ်ကို လှမ်းယူပြီး မိကြိုင် ထိုင်နေတဲ့ဘေး ချထားလိုက်တယ်။


“အန်တီ အထည်လေးတွေ လက်စသတ်လိုက်အုံးမယ်။ညနေလောက်မှ အိမ်ကို အန်တီလာပို့မယ်လို့ သားအမေကိုပြောလိုက်နော်။´´


ဖိုးသောကြာပြန်သွားမှ အောင်ထွန်းနဲ့ စကားစပြတ်သွားတာကို မိကြိုင်ပြန်ဆက်လိုက်တယ်။


“ဒီတစ်ခေါက်…တော်တော်စုမိခဲ့ရဲ့လား´´


“လေးဆယ်လောက်တော့ ပါလာခဲ့တယ်ဟာ။ အမေ့ကိုတော့ ငါးသိန်းသွားကန်တော့ခဲ့တယ်။နင့်ယောင်းမတော့ မသိဘူး။မဟုတ်ရင် အတိုင်းအတာပြနေမှာစိုးလို့။ ငါဆို တစ်လနှစ်သိန်း နင့်ယောင်းမကို လစဥ်လှမ်းလွှဲပေးနေတာ။

ပြီးတော့ နင့်ဆီကလည်း အထည်တွေယူပြီး ပန်းထိုးနေသေးတာကို ဒီတစ်ခေါက်ပြန်လာတော့ မင်းလက်ထဲ ဘယ်လောက်စုမိနေပြီးလဲလို့ မေးတော့ ခေါင်းခါတယ်။ ဘယ်လိုလုပ်ပိုမှာလဲတဲ့။


ပြီးတော့ ကြီးကြီးကျယ်ကျယ်က ပြောသေးတယ်။သူ့အမေရှိနေလို့ တော်သေးတာတဲ့ ။ အေးလေ ပိုလည်း အတူနေ သူ့အမေကိုပေးမှာပေါ့။ ဒါကြောင့် ငါရှာထားတဲ့ငွေတွေ နင့်ယောင်းမကို မအပ်တာ။


အမေပြောတာ သိပ်မှန်တာပဲ။မင်းကသာ သေလောက်အောင်ရှာနေတာတဲ့ မင်းမိန်းမက စုဖို့နေနေသာသာ သူရှာနေတဲ့ပိုက်ဆံတောင် သူ့အမေကိုပေးနေတာတဲ့။ ငါညီမ အေးဘုံ သူတို့ဆီ နှစ်လလောက်နေပြီး ဒီဇိုင်နာသင်တန်းလာတက်တုန်းက သိခဲ့လို့ပေါ့။ ငါလည်းငွေတော်တော်လေးစုမိရင် ရွှေရည်တို့သားအမိကို အဲ့အိမ်ကခွဲထုတ်သွားမှာ ´´


မိကြိုင် ဆွံ့အသွားတယ်။

အောင်ထွန်းပြောင်းလဲသွားပြီပဲ။

အရင်တုန်းကနဲ့ လုံးဝမတူတော့ဘူး။


ယွန်းရွှေရည်တို့အမေတို့က မြို့သစ်ဘက်မှ၄၀×၃၀

အကွက်ကို တစ်ဝက်မှာလူနေဆိုင်ဖွင့် ၊တစ်ဝက်ကို မြေစိုက်ကပ်အိမ်လေးဆောက်ကာ ဝင်ငွေတစ်ဘက်တစ်လမ်းက ရဖို့အဆောင်သဘောမျိုးငှားထားတယ်။ ကိုင်းတန်းဈေးဘက်မှာ ကုန်ထမ်းတဲ့ အောင်ထွန်းတို့သူငယ်ချင်းတစ်ခုက အဲ့အဆောင်ကိုငှားနေကြတာ။ ယွန်းရွှေရည်တို့ဈေးဆိုင်က ငပိငါးခြောက်တို့ကိုလည်း အထုပ်လေးတွေထုပ်ပြီးလက်လီရောင်းတော့ အောင်ထွန်းက ဈေးချိုဘက်ကနေပွဲရုံဈေးနဲ့ ပစ္စည်းကုန်လို့မှာတိုင်းဝယ်လာပေးတယ်။


သားမရှိတဲ့ ယွန်းရွှေရည်တို့အမေက အောင်ထွန်းကို အားကိုးချစ်ခင်တဲ့အကြောင်း၊ရံဖန်ရံခါ အောင်ထွန်းအတွက် ဟင်းလေးတွေပို့ပေးတတ်ကြောင်း၊တစ်ခါက အောင်ထွန်း ခြေထောက်သံစူးလို့ အနာရင်းအဖျားတက်နေတုန်းက ဆရာဝန်ကို အိမ်ပင့်ပေးပြီး ဆေးဖိုးရှင်းပေးခဲ့ကြောင်း မိကြိုင်တို့အိမ်ကို အောင်ထွန်းရောက်လာတိုင်းပြောပြတတ်လို့ မိကြိုင်သိခဲ့ရတယ်။


နောက်ပိုင်း ယွန်းရွှေရည်နဲ့ အောင်ထွန်းတို့ ရည်ငံပြီး လက်ထပ်မယ်လုပ်တော့ မိကြိုင်ရဲ့အဒေါ် (အောင်ထွန်းအမေ)ရောက်လာတယ်။


“ညည်းမောင်က မိန်းမယူတော့မယ်တဲ့။ငါတို့သားအမိကိုပစ်ထားရင်တော့ ငါတို့တွေဒုက္ခရောက်ပါပြီအေ။´´


ရွာမှာ မြေရှိတယ်၊အိမ်ရှိတယ်၊လယ်ရှိတယ်။တောလုပ်မလုပ်ချင်တဲ့ အောင်ထွန်းက မြို့မှာ ဘာပဲလုပ်ရလုပ်ရဆိုပြီး ထွက်လာလို့ သူတို့ပိုင်တဲ့လယ်ကို အခြားသူကို ရသလောက်လေးနဲ့ မြေငှားချထားတာ။ မြို့တက်အလုပ်လုပ်နေတဲ့ အောင်ထွန်းက သူ့အတွက် အသုံးစရိတ်လောက်သာချန်ပြီး ရတဲ့လုပ်အားခမှန်သမျှ မိကြိုင်အဒေါ်ဆီလှမ်းပို့ပေးတယ်။ဒီတော့အမေနဲ့ ညီမလေးတို့ဘဝရပ်တည်ရေးက အောင်ထွန်းအပေါ်မှီခိုခဲ့တော့ အောင်ထွန်း အိမ်ထောင်ပြုမယ်လည်းဆိုရော အောင်ထွန်းအမေ

စိတ်မအေးဖြစ်ပြီး နှုတ်ကတောင်ဖွင့်ဟလာတယ်။


“အဒေါ်ရယ်…ရွာကလယ်နှစ်ဧကကို မြေငှားချထားတာပြန်သိမ်းပြီး လူငှားနဲ့ လယ်ပြန်လုပ်ပေါ့။အဒေါ့်မှာ အောင်ထွန်းပို့ ပို့ပေးနေတဲ့ငွေတွေရှိသားပဲ။ မျိုးဝယ်ဖို့ လူငှားစရိတ်တွေအတွက်တော့လောက်ပါတယ်။ အခက်အခဲရှိလည်း အစပိုင်းပေါ့။ နောက်တော့ အရှိန်ရလာရင် သူ့အလိုလို အဆင်ပြေသွားမှာပါ။ပြီးတော့ အေးဘုံကလည်း စက်ချုပ်တတ်နေတာပဲ။ ရွာနီးချုပ်စပ်ကတောင် အထည်လာအပ်နေတာ။သိပ်ပြီးပူမနေပါနဲ့ ။အဆင်ပြေသွားမှာပါ´´


အဒေါ့်ကို မိကြိုင်ဖြောင့်ဖျပေးလိုက်တယ်။ အောင်ထွန်းလက်ထပ်ပြီးတော့ ယောက္ခမအိမ်မှာပဲဆက်နေကာ အရင် ကုန်ထမ်းအလုပ်ပဲလုပ်ခဲ့တယ်။လူပျိုဘဝတုန်းက အလုပ်သွားရင် သူများဆိုင်ကယ်နောက်ကပ်လိုက်ရတော့ သူများသွားချိန် သူများပြန်ချိန်အမှီလုပ်ရတာမို့ သူ့ယောက္ခမက သူ့ကို သူ့သမီးစီးနေတဲ့ဆိုင်ကယ်ပေးထားတယ်။


ကုန်ထမ်းသမားဘဝဆိုတာ ကားချရတဲ့နေ့သာ ငွေရွှင်ပေမဲ့ တချို့နေ့တွေဆို ပုံမှန်ရနေကြလောက်တောင်မရတဲ့အခါလည်းရှိတယ်။ သားတစ်ယောက်ရလာတဲ့အခါမှာတော့ အောင်ထွန်းအလုပ်ပြောင်းဖို့စဥ်းစားလာပြီ။


“ဘာ..နင်မှော်ထဲလိုက်မယ်။

ငါ့မောင်ရယ် နင်ဟာက ဟုတ်ပါ့မလား။ ´´


“ငါတော့ စွန့်စားကြည့်ချင်တယ်အစ်မရယ်။

ငါ့မှာသားသမီးအတွက်စုရအုံးမယ်။ငါ့သားမွေးတုန်းကလည်း ယောက္ခမကြီးကပဲ မွေးစရိတ်ထုတ်ပေးခဲ့တာ။ဒီ့ထက်ပိုပြီး သူတို့ဆီက အကူအညီမလိုချင်တော့ဘူး။ငါ့အမေပြောသလို ငါ့ကိုကြည်နေတဲ့အချိန်မို့သာ။သူတို့စိတ်မကြည်တဲ့တစ်နေ့ ဒီလိုမျိုး ငါတို့အပေါ် ကောင်းနိုင်ပါ့မလား။မြင်လာမှာပဲ.. တဲ့။အခုတောင် ငါ့လုပ်အားခတွေ နင်တို့ကနေတဆင့် အမေ့ဆီဖဲ့ဖဲ့ပေးနေတာ သူတို့မသိလို့။လူဆိုတာ ပြောင်းလဲတတ်တယ်ဟ..´´


မိကြိုင် သက်ပြင်းချလိုက်တယ်။

တကယ်တော့ ပြောင်းလဲသွားတာ အောင်ထွန်းပါ။ လက်ထဲမှာ ငွေသိန်းဆယ်ချီကိုင်လာရတော့ အောင်ထွန်းစိတ်တွေ အရင်လိုမှမဟုတ်တော့တာ။ကုန်ထမ်းတုန်းက ရှာသမျှငွေလေးထဲက သူ့အမေကိုပေးဖို့နှုတ်ပြီး ကျန်တဲ့ငွေ ဇနီးမယားဆီအကုန်အပ်သေးတာ။


အခုဝင်ငွေလေးကောင်းလာတော့ သူ့အပေါ်ကောင်းတဲ့ယောက္ခမမိသားစုကိုတောင် အမြင်ပြောင်းလာပြီ။မိန်းမဆီငွေအပ်ရင် မိန်းမလက်ထဲကငွေက မိန်းမရဲ့အမေဆီ ရောက်သွားမှာစိုးရိမ်တယ်နဲ့တူပါရဲ့။ ကိုယ်လုပ်ခဲ့သလို သူများလည်းလုပ်နိုင်တာပဲဆိုတဲ့အတွေးက အောင်ထွန်းစိတ်ထဲ ဝင်နေခဲ့တယ်ထင်ပါတယ်။


ယောက္ခမလုပ်သူက အောင်ထွန်းအလုပ်သွားရင်စီးတဲ့ ဆိုင်ကယ်ပျက်ရင်တောင် သူ့ငွေစိုက်ပြီးပြင်ပေးခဲ့တာ။အောင်ထွန်းမှော်ထဲလိုက်သွားလို့ အခြေမကျခင် သမီးနဲ့မြေးရဲ့စားရေးကအစ အထွေထွေတာဝန်ယူခဲ့တာ။


အဲ့ဒါကြောင့် ယွန်းရွှေရည်က မိကြိုင်ချုပ်တဲ့ အပ်ထည်တွေမှာ ပန်းထိုးတွေပါရင် ယူပြီးပန်းထိုးတယ်။ဘယ်

လောက်ပဲရရ တဖက်တလမ်းက တတ်နိုင်သမျှငွေလေးရှာပြီး အိမ်စရိတ်လေးကာမိတာပေါ့တဲ့။ယွန်းရွှေရည် အသံလေးနားထဲက မထွက်ဘူး။


အောင်ထွန်းက ယောင်းမမသိအောင် ငွေတွေဖဲ့ပြီးအဒေါ်ဆီကို မိကြိုင်တို့ကနေတစ်ဆင့် ပေးခိုင်းလို့ လုပ်ပေးနေခဲ့ရတာ ယွန်းရွှေရည်ကိုမြင်တိုင်း မိကြိုင်စိတ်မလုံချင်။


တစ်လနှစ်သိန်းတဲ့။

စားစရိတ်၊ကလေးကျူရှင်စရိတ်တွေ အောင်ထွန်း ထည့်မတွက်တော့ဘူးလား။ကျောင်းနဲ့ကျူရှင်က အိမ်နဲ့ဝေးတာမို့ သွားရတဲ့ဆိုင်ကယ် ရေထည့်မောင်းရတာမဟုတ်ဘူး။ကုန်သွားတဲ့ ဆီဖိုး။ဒါတောင် သူများဆီ အငှားနေရင် အိမ်လခတို့ ၊ရေဖိုး၊မီးဖိုးတို့က ထွက်အုံးမှာ။

ယွန်းရွှေရည်ပြောသလို သူ့အမေရှိနေလို့ တော်သေးတယ်ဆိုတဲ့စကား အမှန်ပဲလေ။


အောင်ထွန်းရဲ့ အတွေးတွေ ငွေဆိပ်တက်ပြီး လမ်းလွဲသွားပြီလား။ မျှမျှတတဆိုတဲ့ အိမ်ထောင်ရေးအခြေခံအုတ်မြစ်ကို တူးပစ်နေတဲ့လက်နက်တစ်ခုက ငါ့ဘက်ပဲဆိုတဲ့ တစ်ဖက်ရပ်တတ်တဲ့ စိတ်ပဲ။တစ်ဖက်တည်းရပ်ရင်တော့ ဘယ်အရာမှကြာကြာမတည်တံ့နိုင်ဘူး။ တစ်ချိန်တော့ ယိမ်းယိုင်မှာပဲ….။အဲ့ဒီလိုဖြစ်သွားခဲ့ရင် မိကြိုင်ပယောဂရော ကင်းနိုင်ပါ့မလား။


ဝင်လာတဲ့ အတွေးတစ်စကြောင့် မိကြိုင် သက်ပြင်းကို နွမ်းလျစွာချလိုက်မိပါတယ်။


စာရေးသူ=ခင်ဦး