မုန့်ဟင်းခါးနှင့် နို့

 မုန့်ဟင်းခါးနှင့် နို့ 


တင်ညွန့်


မနက်က လမ်းလျှောက်ပြီး အပြန် မုန့်ဟင်းခါးဝင်စားသည်။ မုန့်ဟင်းခါးဆိုင်က လူကျနေသည်။ ကျွန်တော်က မိသားစုသုံးယောက် ထိုင်စားနေသည့် စားပွဲကို ခွင့်တောင်းပြီး မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ မုန့်ဟင်းခါးမှာ လိုက်သည်။


အဖေ၊ အမေနှင့် သားလေးတို့က မုန့်ဟင်းခါး တစ်ယောက်တစ်ပွဲ စားနေသည်။ ကလေးက ထိုင်ခုံကို မမီသဖြင့် မတ်တတ်ရပ်စားနေသည်။ ကလေးက သုံး၊ လေးနှစ်လောက်ပဲရှိဦးမည်။


ထိုစဉ် ကလေးစားနေသော မုန့်ပန်းကန်က စားပွဲအောက်ကို ပြုတ်ကျသွားသည်။ ပန်းကန်က ကြွေပန်းကန်ဖြစ် သောကြောင့် ကွဲသွားသည်။


ဘေးမှထိုင်နေသော သူ့အမေက ဘာလုပ်မည်ထင်သနည်း။


ကလေး ခေါင်းကို ခေါက်သည်။ ပါးကိုရိုက်သည်။ ဖခင်ဖြစ်သူက ဆောင့်ကန်သည်။ ကလေးက ခွေခွေလေး လဲသွားသည်။


ကျွန်တော်စိတ်မကောင်းဖြစ်လိုက်သည်မှာ စားနေကျ မုန့်ကိုပင် ဆက်စားချင်စိတ် မရှိလောက်အောင် ဖြစ်သွားသည်။


“ဟေ့ ... ဟေ့ ... တော်ပါကွယ် ... ကလေးကိုကွယ်”


ကျွန်တော်ကအော်လိုက်ပြီး ကလေးကို ပြေးထူပေးလိုက်သည်။


“မင်းတို့ကွယ် ... ကလေးကို လုပ်ရက်လိုက်တာ ... ကလေးပဲကွယ်”


ကျွန်တော်က ဤမျှသာပြောနိုင်သည်။ သူ့အမေက ကလေးကို ဆွဲခေါ်သွားသည်။ ကျွန်တော် ပြောလိုက်သဖြင့် ကလေးကို တစ်နေရာတွင် သွားများ ရိုက်နေပြီလား။


အဖေဖြစ်သူက မုန့်ဖိုး၊ ပန်းကန်ဖိုးတွေရှင်းပြီး ထွက်သွားသည်။ ဘေးနားမှ လမ်းထဲကို ဝင်သွားကြ သောကြောင့် ဘာတွေဆက်ဖြစ်မည်မသိ။


“ကလေးရယ် ကံကောင်းပါစေကွယ်” ဟုသာ ဆုတောင်းပေးလိုက်မိသည်။


ကျွန်တော်က စားလက်စ မုန့်ပန်းကို ဆက်မစားတော့ဘဲ ပိုက်ဆံရှင်းကာ ထွက်ခဲ့သည်။ မျက်စိအောက်တွင် ကလေးတွေကို ရိုက်သည်မြင်ရလျှင် စိတ်မကောင်းဖြစ်ရသည်။ 


စောစောကအဖြစ်ကို ပြန်ဆန်းစစ်မိသည်။ မိဘနှစ်ဦးက သူတို့ ဒေါသတွေကို ကလေးအပေါ် ပုံချလိုက်ခြင်း ဖြစ်သည်။ ဆုံးရှုံးမှုတစ်ခုတွင် သူတို့အရှက်နှင့် ပန်းကန်ဖိုးလျှော်ပေးရမည်ကို အကြီးအကျယ်တွက်ကြသည်။ နုနယ်သော ကလေးတစ်ယောက်၏ နှလုံးသားတွင် ဖြစ်သွားမည့် ဒဏ်ရာဒဏ်ချက်ကို သူတို့ ထည့်မတွက်။


မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဆုံးမလိုက်ကြခြင်းဖြစ်သည်။


ကျွန်တော်ကြည့်ဖူးသည့် ရုပ်ရှင်လေးတစ်ခုကို ပြောပြချင်ပါသည်။ ရုပ်ရှင်ဆိုသဖြင့် အမှန်မဟုတ်ဟု ဆိုကောင်း ဆိုနိုင်သည်။ သို့သော် အနောက်နိုင်ငံက တွေးခေါ်ပုံနှင့် ပညာပေးမှုသည် ကျွန်တော်တို့ လူ့ဘောင်မှ ပညာပေးမှုနှင့် ကွာခြားကြောင်း ပြောလိုရင်းဖြစ်သည်။


တစ်နေ့ ကလေးတစ်ယောက် ရေခဲသေတ္တာဖွင့််သည်။ သူလည်း စောစောက ကလေးအရွယ်လောက်ပဲရှိသည်။ ကလေးက နွားနို့ပုလင်းကို မမီမကန်းနှင့် အထက်အဆင့်မှဆွဲလိုက်သည်။ နွားနို့ ပုလင်းက ချော်ပြီး လွတ်ကျကာ ကွဲသွားသည်။


“ခွမ်း”


အသံက အကျယ်ကြီးဖြစ်သည်။ ကလေးက ပါးစပ်ကို လက်ဝါးလေးနှင့်ပိတ်ပြီး မျက်လုံးလေး ပေကလပ် ပေကလပ် ဖြစ်နေသည်။


အပြင်မှ အော်သံကြားရသည်


“မိုက်ကယ် ... ဘာဖြစ်သွားလဲ”


မီးဖိုခန်းထဲကို အမေဖြစ်သူက ပြေးဝင်လာသည်


“သားလေး ရပ်နေ ... မလှုပ်နဲ့ ... ပုလင်းကွဲတွေ စူးကုန်မယ် ... သား ပထမဆုံး လုပ်ရမယ့် အလုပ်ကို မေမေပြောမယ် ... ခဏလေး”


အမေဖြစ်သူက ပြန်ထွက်သွားသည်။ မကြာမီ သူ့လက်ထဲတွင် အမွေးဖွားတွေတစ်ဖက်ပါသည့် အရိုးတပ်တုတ်တံ တစ်ချောင်းပါလာသည်။


“သား ... ပထမဆုံး ... နွားနို့တွေကို ဒီအမွှေးတွေထဲ စုပ်ယူသွားအောင် လုပ်ရမယ်”


အမေဖြစ်သူက သားကို တုတ်တံအရိုးဘက်က လှမ်းပေးလိုက်သည်။


“ရော့”


သားက တုတ်တံကိုယူသည်။ အမွှေးပွတွေကို နွားနို့တွေထဲနှစ်ပြီး စုပ်အောင် လုပ်သည်။ အမေက ပလတ်စတစ် ရေပုံးတစ်ခု တွန်းပေးလိုက်သည်။


“အဲဒီအထဲကို ထည့်သင့်တယ်”


သားက စုပ်ထားသော အမွှေးပွတံကို ပုံးထဲထည့်လိုက်သည်။


“သားရေရော့”


မေမေက ပစ်ပေးလိုက်သည်မှာ ရေမြှုပ်တုံး


“ပုလင်းကွဲတွေကို အဲဒါနဲ့ စုရမယ်”


သားဖြစ်သူက ပုလင်းကွဲတွေကို ရေမြှုပ်တုံးဖြင့် စုသည်


“အား”


ပုလင်းကွဲတစ်ခုက လက်ကို ထိသွားသည်။ သွေးတွေ ပန်းထွက်လာသည်။


“သား ... မကြောက်နဲ့ ဖြစ်တတ်တယ် ... သွား ... ဟိုရေစင်မှာ ရေသွားဆေးမယ်”


သားက ရေပန်းကိုဖွင့်ပြီး ဒဏ်ရာကို ရေဖြင့်ဆေးသည်။ သွေးတွေက ရေထဲစီးသွားသည်။


“ဒီကိုလာသား”


မေမေက ဒဏ်ရာကို ဆေးထည့်ပေးသည်။ ပလာစတာကပ်ပေးလိုက်သည်။ ထို့နောက် အမွှေးပွ တဘက် တစ်ထည်ပေးပြီး


“သားတာဝန်မပြီးသေးဘူး”


“ဟုတ်ကဲ့မေမေ”


သားက နွားနို့များ ဖိတ်ကျထားသော နေရာကို တဘက်နှင့် သွားသုတ်ပေးသည်။


မေမေက ပုလင်းကွဲတွေကို သွားလွှင့်ပစ်ပေးသည်။


သားလေးကိုခေါ်ပြီး


“သားလေး ... နောက်ဆိုရင် မမီတဲ့ဟာတွေ ယူမယ်ဆိုရင် ခုံခုရတယ်။ ပုလင်းတို့၊ ဖန်ခွက်တို့ ကွဲတတ်တာတွေကို မိမိရရ ကိုင်ရတယ်။ အထင်မသေးရဘူး။ ကိုယ့်ကို ထိရှနိုင်ပြီး သွေးထွက်စေတဲ့ ဟာတွေကို ဘယ်တော့မှ အထင်မသေးရဘူး”


အို ... ကောင်းလိုက်တဲ့ မေမေ့စကား


“ကိုယ့်ကို ထိရှနိုင်ပြီး သွေးထွက်စေတဲ့ ဟာတွေကို ဘယ်တော့မှ အထင်မသေးရဘူး”


ကျွန်တော်တို့ ပညာရေးတွင် ပညာပေးမှုလေးတွေ အရေးကြီးပါသည်။

 

ကလေးတွေကို ဆူမလား ... ရိုက်မလား ... သဘောပေါက်အောင် ရှင်းပြပြီး သင်မလား


သင်ပေးဖို့ဆိုသည်မှာ သင်ပေးနိုင်သည့် ပညာအခြေခံရှိဖို့လည်း လိုပါလိမ့်မည်။ 


မိဘကတစ်ဆင့် သားသမီး


ကျောင်းမှ ဆရာ ဆရာမများကတစ်ဆင့် ကလေးများကို ပညာပေးတတ်ရန်အရေးကြီးသည်


ရိုက္မလား


ဆဲမလား


သဘောပေါက်အောင် ရှင်းပြပေးမလား


ဘာဖြစ်ဖြစ် စိုက်သည်ကို ရိတ်သိမ်းရတတ်သည်


မြက်စိုက်လျှင် မြက်ပဲရမည်


စပါးစိုက်နိုင်မှ စပါးရမည်။


Credit တင်ညွန့် (၂၆.၁၂.၂၀၁၉)

----------------------

ကြည်နူးပိတိဖြစ်ရပါတယ်လေ။❞


Zaw Win - Jobs4U 

♡♤♧☆☆☆♡¤♡☆☆☆♡♤♧