ခေါင်ကမိုးမလုံလျှင်

 ခေါင်ကမိုးမလုံလျှင်

--------------------

ရွာသား လူငယ်တစ်ယောက်သည် ရိုးသားသော၊ အကျင့်သီလကောင်းသော၊ ဘာသာတရားကိုင်းရှိုင်းသည့် အမျိုးသမီး ငယ်လေးတစ်ဦးနှင့် လက်ထပ်လိုက်လေသည်။ လက်ထပ်ပြီးတစ်နှစ်ကြာသောအခါတွင် ထိုလူငယ် လေးသည် ဆွေနီးမျိုးစပ်တော်သူတစ်ဦးနှင့် အကြီးအကျယ်စကားများကြသည်။ ဒေါသဖြင့် ထိုလူကို သတ်မိ လိုက်လေသည်။

သူတို့ဓလေ့ထုံးစံအရ ထိုလူငယ်မှာ ဇနီးသည်ကိုခေါ်ပြီး ထိုရွာမှထွက်သွားရမည်ဖြစ်သည်။ သူတို့ဇနီး မောင်နှံလည်း ရွာမှထွက်ကာ အခြားရွာတစ်ရွာ လူမျိုးစုတစ်စုထံတွင် ဘဝသစ်ကို ပြန်လည်ထူထောင်ကြလေ သည်။

ထိုရွာသစ်တွင် လူငယ်သည် ရွာလူကြီးအိမ်ကို မကြာခဏသွားပြီးရင်းနှီးစေရန် စကားပြောဆိုခြင်း၊ အကြံ ဉာဏ်များ ရယူခြင်းဖြင့် ကျွမ်းဝင်မှုကိုယူလေသည်။ တစ်နေ့တွင် ရွာလူကြီးသည် လူသစ်ကောင်လေး အိမ်ရှေ့ကအဖြတ် အလွန်ချစ်စရာကောင်းသည့် လူငယ်လေး၏ ဇနီးချောကို တွေ့မြင်သွားလေသည်။

ထိုကလေးမလေးကို တွေ့လိုက်သည်နှင့် ရွာလူကြီးစိတ်ထဲတွင် စွဲလမ်းနှစ်သစ်မိသွားလေတော့သည်။ ရွာလူကြီးစိတ်တွင် မကောင်းမှုကစိုးမိုးပြီး၊ ယုတ်မာသောအကြံအစည်တစ်ခုကို ပြုလေတော့သည်။ ယောက်ျား ဖြစ်သူကို အဝေးတစ်နေရာ စေလွှတ်ပြီးလျှင် သူ၏ ယုတ်မာသောစိတ်ကို အကောင်အထည်ဖော်ရန်ဖြစ်သည်။

ရွာလူကြီးအိမ်တွင် ရွာသားများစုဝေးနေခိုက် ရွာလူကြီးက ဤသို့ကြေညာသည်။

“နေရာဒေသတစ်ခုမှာ စားကျက်မြေကောင်းတွေရှိနေတယ်လို့ သတင်းကြားတယ်။ အဲဒီမြေတွေ တကယ်ရှိ၊ မရှိ သွားကြည့်အကဲဖြတ်ပေးဖို့ လူလိုနေတယ်”

သူက စားကျက်မြေရှာဖွေရန်အတွက် လူလေးယောက်ကို ရွေးချယ်လိုက်လေသည်။ ထိုလေးယောက်ထဲတွင် နောက်မှရောက်လာသည် လူငယ်လေးလည်း ပါဝင်သည်။

သူပြောသည့် နေရာဒေသတစ်ခုကို ရောက်ရန်မှာ ရက်အနည်းငယ်ကြာမည်ဖြစ်သည်။ ရွာသား လေးယောက် လည်း သတ်မှတ်သည်ရက်တွင် ခရီးစတင်ထွက်ကြလေသည်။

ထိုညတွင်ပင် ရွာလူကြီးသည် လူငယ်လေး၏ ဇနီးချောရှိရာအိမ်သို့ တိတ်တိတ်လေး ရောက်သွားလေသည်။ ရွာလူကြီးသည် ကောင်မလေးရှိနေသည့် အိမ်နံရံကို လက်နှင့်ပုတ်ကာ နှိုးလိုက်ရာ

“ဘယ်သူလဲ”

“ငါ ရွာလူကြီးပါဟ”

“ဒီအချိန်ကြီး ဘာလာလုပ်တာလဲရှင့် … ဘာများဖြစ်လို့ပါလိမ့်”

ရွာလူကြီးက

“သမီးရယ် … သမီးကို မြင်လိုက်ရကတည်းက အဘရင်ထဲမှာ ဘယ်လိုဖြစ်သွားမှန်းကို မသိဘူးကွယ်။ သမီးကို အဘပိုင်ဆိုင်ချစ်စိတ်တွေ ဖြစ်မိတယ်ကွယ့်”

ကောင်မလေးက

“ကောင်းပါပြီ အဘရယ်။ အဘမှ ဒီလိုစိတ်မျိုးဖြစ်နေတယ်ဆိုရင် အဘကို မေးခွန်းတစ်ခု မေးပါ့မယ်။ တကယ်လို့ အဘကဖြေနိုင်ရင် အဘဆန္ဒအတိုင်း ဖြစ်ရပါစေ့မယ်”

“ကောင်းပါလေ့ … မေးစမ်းကွယ်”

“အိမ်တစ်အိမ်မှာ ခေါင်မိုးဆိုတာရှိပါတယ်။ ခေါင်မိုးဆိုတာ အိမ်တစ်အိမ်အတွက် မိုးရေလုံဖို့ အရေးကြီး ပါတယ်။ အဲဒီ ခေါင်က မိုးမလုံရင် ဘယ်လိုနေမလဲရှင် ဖြေပေးပါ။ မိုးစိုမယ်ဆိုတာလောက်နဲ့တော့ မရပါဘူးရှင်”

ရွာလူကြီးလည်း စဉ်းစားသည်။ သို့သော် ပညာဉာဏ်မရှိဘဲ လူကြီးတက်ဖြစ်နေသူဖြစ်သောကြောင့် မဖြေနိုင်သဖြင့်

“ငါလည်း ချက်ချင်းတော့ မပြောတတ်ဘူးကွယ်”

“ဒါဆိုလည်း ပြောနိုင်တဲ့နေ့မှ ပြန်လာပါအဘရယ်”

ရွာလူကြီးလည်း အိမ်ပြန်သွားသည်။ သူစဉ်းစားသည်မှာ အဖြေမရသဖြင့် မောင်းထုပြီး လူစုသည်။ ရွာသူ ရွာသားတွေအားလုံး မောင်းသံကြားသဖြင့် သူကြီးအိမ်ကို ရောက်လာကြသည်။ သူကြီးက အမျိုးသမီးငယ်လေး မေးလိုက်သည့် မေးခွန်းနှင့် ပတ်သက်ပြီး ဆွေးနွေးကြသည်။

ရောက်လာသူများထဲတွင် အသက်အကြီးဆုံး အဘိုးအိုတစ်ဦးကို ရွာလူကြီးက

“ကိုင်း ဘိုးသက်ရှည် … ခင်ဗျားကတော့ ဒီမေးခွန်းရဲ့ အဖြေကို သိမယ်ထင်ပါ့” ဟု ပြောလိုက်လေသည်။

ဘိုးသက်ရှည်က

“ဒါဟာ ရိုးရိုးမေးခွန်းတစ်ခု မဟုတ်ပေါင်ဗျာ … ရှေးလူကြီးတွေထားခဲ့တဲ့ ဆိုရိုးစကားဖြစ်နိုင်ပါတယ်။ ဒီမေးခွန်းဟာ တစ်ဦးတစ်ယောက်က ဖောက်လွဲဖောက်ပြန်လုပ်လာတာကြောင့် အရှက်ရစေဖို့ မေးတဲ့ မေးခွန်း မျိုးလို့ထင်ပါတယ်”

“ခေါင်မိုး မလုံရင်ဆိုတာ ဘာကိုဆိုလိုတာလဲဗျာ … အဲဒီအဖြေကို လိုချင်တာပါ”

“ခေါင်ဆိုတာ အိမ်တစ်အိမ်အတွက် အချုပ်ပဲ။ မိုးလုံဖို့ဆိုတာ ခေါင်အုပ်ဖို့လိုတယ်လေ။ ခေါင်ကို လုံအောင် မအုပ်နိုင်ရင် အဲဒီအိမ်ထဲမှာ လူလည်းနေလို့မရ၊ ကြာလာရင် အိမ်လည်းဆွေးပြီး ပစ်ရမှာပေါ့။ ဒါဟာ တစ်ခုခုကို ရည်ညွှန်းတာပဲ။ မောင်ရင် ဘာတွေမဟုတ်တာ လုပ်ထားလို့လဲ။ ဒီမေးခွန်းကို အမေးခံရပြီဆိုကတည်းက ပြဿနာတစ်ခုခု ရှိနေပြီဆိုတာသေချာတယ်”

“ကျုပ်က သိချင်လို့မေးတာပါဗျာ”

“ငါဆက်စပ်ပြီး ဖြေနိုင်တာက

ဖခင်က လမ်းလွဲနေရင် … သားသမီးတွေကို ဘယ်သူထိန်းကျောင်းမလဲ

ဆရာက လမ်းလွဲနေရင် … ကျောင်းသားတွေကို ဘယ်သူ ပညာပေးမလဲ

ရွာလူကြီးက လမ်းလွဲနေရင် … ဒီရွာကို ဘယ်လိုအုပ်ချုပ်မလဲ

ဒီလူအုပ်စုထဲမှာ မင်းကို မေးခွန်းမေးတဲ့သူ ပါကောင်း ပါနိုင်တယ်။ ငါ့အဖြေကို သဘောကျလိမ့်မယ် ထင်ပါတယ်” ဟု အဘိုးအိုက ပြောလိုက်လေသည်။

အဘိုးအိုက ရွာသူရွာသားများဘက်လှည့်ကာ

“ကိုင်း ငါ့အဖြေကို သဘောကျပါသလား … ဘယ်သူများ ဝေဖန်ချင်သေးသလဲ” ဟု မေးလိုက်လေသည်။

အမျိုးသမီးငယ်လေးက ရဲဝံ့စွာ မတ်တတ်ရပ်လိုက်ပြီး

“တစ်ခုလောက် ဖြည့်စွက်ခွင့်ပြုပါရှင် … လူမိုက်တွေအုပ်ချုပ်ခွင့်ရနေတာဟာ ပြည်သူတွေရဲ့ နှလုံးသား တွေကိုသာ ဖျက်ဆီးနေတာမဟုတ်ပါဘူး … မျိုးဆက် တစ်ဆက်လုံးရဲ့ ဘဝတွေကိုပါ ဖျက်ဆီးနေတာလို့ ထပ်ဖြည့်ချင်ပါတယ် အဘိုးရယ်”

“ကောင်းပေစွ … ကောင်းပေစွ”

(If salt goes bad, who will purify it? ဆိုသည့် အင်ဒီးယန်းပုံပြင်လေးတစ်ပုဒ်ကို မှီငြမ်းပါသည်)

တင်ညွန့်

၈.၁၂.၂၀၂၅