ဖူးစာနှင့်ဦးရာ

  ဖူးစာနှင့်ဦးရာ


----------------


“ဆရာ ကျွန်မ လက်ထပ်တော့မလို့”




ကျွန်တော် အိမ်ပေါ်ကိုတက်တက်ချင်း ဆရာမသင်းသင်းရီကပြောလိုက်ခြင်းဖြစ်သည်။




ကျွန်တော် တောင်ကွဲကြီးရွာကိုရောက်ရန် မနက် ၄ နာရီကတည်းက ရွာမှထွက်လာရသည်။ ယောက်ျားခြေနှင့် အပြင်းလျှောက်လာသည်ပင် ၂ နာရီလျှောက်ရသည်။ နေမြင့်လာလျှင် သောင်တွေကိုဖြတ်ရသည်မှာ ပူသည်။ ထို့ကြောင့်နေမပူခင် ကျွန်တော် တောင်ကွဲကြီးကိုအရောက်လာခဲ့သည်။ ကျွန်တော် သူ့ကိုတွေ့ချင်စိတ်တွေက ပြင်းပြနေသည်။




သို့သော် မသင်းသင်းရီနေသည့် အိမ်ပေါ်ကိုတက်ပြီး ထိုင်ခါစသာရှိသေးသည် သူက ထိုစကားကို ပြောလိုက်ခြင်း ဖြစ်သည်။




“ဆရာ ကျွန်မ လက်ထပ်တော့မလို့”




ကျွန်တော် သူ့အတွက်ယူလာသော ထဘီလေးကို လွယ်အိတ်ထဲက ထုတ်မည်ပြုပြီးမှ လက်ချည်း ပြန်ထုတ် လိုက်သည်။




“ဆရာမ တကယ်ပြောတာလား”




“တကယ်ပေါ့ဆရာ။ သီတင်းကျွတ်ပြီလေ ကျွန်မလက်ထပ်တော့မလို့”




“ဘယ်သူနဲ့လဲ”




“ဦးထွန်းကြည်နဲ့”




“ဘယ်ကဦးထွန်းကြည်လဲ”




“တောင်ပိုင်းကလေ … ကျောင်းသစ်ဖွင့်ပွဲတုန်းက ဖဲကြိုးဖြတ်ဖွင့်ပေးတယ်လေ။ ကျောင်းဆောင်သစ်ကိုလှူတဲ့ သူပေါ့”




“ဪ”




ကျွန်တော်က “ဪ” တစ်လုံးသာ ပြောနိုင်ပါတော့သည်။




“ဆရာခဏ”




ဆရာမသင်းသင်းရီက အိမ်နောက်ဖေးခန်းကိုဝင်သွားပြီး ရေနွေးဗန်းယူလာသည်။




“ရေနွေးသောက်ပါဦးဆရာ။ သီတင်းကျွတ်ကျောင်းပိတ်ရက် ဆရာမပြန်ဘူးလား”




“ကျွန်တော်မနေ့ကပဲ မြို့ကပြန်လာတာ။ ကျောင်းဆောက်လုပ်ရေးအတွက် ရန်ပုံငွေကျတယ်ဆိုလို့ တင်စရာ ရှိတာလေးတွေသွားတင်ရင်း မြို့ကိုဆင်းသွားတာ။ ဆရာမတို့ကျောင်းအတွက် ကြုံတုန်း ဆရာကိုင်စာအုပ် တွေလည်း ထုတ်လာတယ်”




“ကျေးဇူးပဲဆရာ။ ကျွန်မ ဦးထွန်းကြည်ကိုခေါ်ခိုင်းထားတယ်”




“ဘာဖြစ်လို့လဲ”




“ဆရာနဲ့မိတ်ဆက်ပေးမလို့ပါ”




“တွေ့ပြီးသားတွေပဲဗျာ”




“ခုဟာက ကျွန်မခင်ပွန်းလောင်းအနေနဲ့ မိတ်ဆက်ပေးမှာပါဆရာ”




ခဏအကြာတွင် အိမ်ပေါ်ကို လူတစ်ယောက်တက်လာသည်။ ဆရာမသင်းသင်းရီက




“လာ အစ်ကိုကြီး … ဆရာ့ကိုတော့ သိပါတယ်နော်”




“သိတာပေါ့ … ဆရာကူညီပေးလို့ ကျွန်တော်တို့ရွာကျောင်းလည်း ဆိုင်ရှင်ကျတာ ကျေးဇူးတင်ပါတယ်ဆရာ”




“ကိုယ့်ရွာနဲ့ ကိုယ့်ကျောင်းဖြစ်တော့ ကောင်းတာပေါ့ဗျာ။ ဒီရွာက ကလေးတွေ ကျောင်းကို အဝေးကြီး လာစရာ မလိုတော့ဘူးပေါ့”




“ဆရာ ထမင်းစားပြီးမှပြန်ရမယ် … ကျွန်တော်တို့အိမ်မှာ ထမင်းစီစဉ်ထားမယ်။ အတော်ပဲ ဒီနေ့ ရွာမှာလည်း ဝက်ပေါ်တာနဲ့။ ဒါနဲ့ ဆရာသိပြီးပြီလားမသိဘူး”




“ဘာများလဲ”




“ကျွန်တော်နဲ့ ဆရာမနဲ့လက်ထပ်တော့မလို့ဗျ”




“သိပြီးပါပြီ … ဆရာမကခုဏကပဲပြောလို့”




“ကျွန်တော်တို့မင်္ဂလာဆောင်ကျရင် ဆရာလာ ရမယ်နော်”




“လာမှာပေါ့ဗျာ”




ဦးထွန်းကြည်က ဆရာမလေးကို




“ညီမလေးရေ … အိမ်မှာဆရာ့အတွက်သွားစီစဉ်လိုက်ဦးမယ်။ ၁၁ နာရီလောက်ဆိုရင် ခေါ်လာတော့”




“ဟုတ်ကဲ့အစ်ကိုကြီး”




ဦးထွန်းကြည်က အိမ်ပေါ်မှဆင်းသွားသည်။ ဆရာမသင်းသင်းရီက




“ဆရာ ကျွန်မနဲ့ အစ်ကိုကြီး ဦးထွန်းကြည်က အသက် ၄၀ လောက်ကွာတယ်ဆရာ”




“ဪ”




“ကျွန်မက ၂၅ … ဦးထွန်းကြည်က ၆၅ ရှိနေပြီ”




“ဟုတ်လား”




“ကျွန်မက အသက်ကြီးတဲ့ အဘိုးကြီးကို ယူရမလားဆိုပြီးတော့ ပြောသူတွေ ပြောကြတာပေါ့ဆရာရယ်”




“အဲဒီတော့”




“ကျွန်မကိုသူကပြောတယ်။ သူအသက်ကြီးပါပြီတဲ့။ မသေခင် ပျော်ပျော်လေးနေသွားချင်တယ်တဲ့။ ကျွန်မက သူ့ကိုဘာပြန်ပြောသလဲသိလား”




“ကျွန်တော်ဘယ်သိမှာလဲဗျာ”




“သူ့ကိုပျော်အောင်နေပေးပါ့မယ်။ ကျွန်မကိုလည်း ရင့်ကျက်တဲ့အိမ်ထောင်ရှင်မဖြစ်အောင် လုပ်ပေးပါပေါ့”




“ဆရာမက ရင့်ကျက်ပြီးသားပါ”




“လူတွေက ကျွန်မကို အဘိုးကြီးမှာရှိတဲ့ပစ္စည်းတွေကို အပိုင်လိုချင်လို့ဆိုပြီး ပြောကြတယ်ဆရာ”




“လူတွေပြောတိုင်း ဂရုစိုက်စရာမှ မဟုတ်တာဆရာမရယ်”




“အရွယ်ကွာလွန်းတော့ ပြောစရာဖြစ်တော့တာပေါ့ဆရာ။ ပြီးတော့ သူကမုဆိုးဖိုလေ”




“အိမ်ထောင်ပြုတာပဲဗျာ … နှစ်ယောက်စလုံးသဘောကျဖို့ပဲလိုပါတယ်”




“ဆရာ”




“ဟုတ်ကဲ့”




“ကျွန်မဘဝတစ်လျှောက်လုံး ဆင်းရဲခဲ့တာ။ ဦးထွန်းကြည်က ကျွန်မကို ငွေသားက ၅ သိန်း ၊ ရွှေတစ်ဆင်စာ၊ လယ် ၅ ဧက၊ နွားတစ်ရှဉ်းနဲ့ တင်တောင်းတာဆရာ။ ကျွန်မ မိဘတွေအတွက် အိပ်မက်တောင် မမက်ဖူးတဲ့ ပမာဏပေါ့။ ကျွန်မ ဒါနဲ့ လက်ခံလိုက်တာဆရာ”




“ကောင်းပါတယ်လေ”




“ဆရာရော သီတင်းကျွတ်ပြီလေ … ဘယ်လိုလဲ”




“ဘယ်လိုမှမလဲပါဘူး။ ဒီအတိုင်းပါပဲ”




“ကျွန်မတို့ ဦးထွန်းကြည်အိမ်ကို သွားကြရအောင်လေဆရာ”




“သွားကြတာပေါ့”




ကျွန်တော် သတို့သားလောင်းနှင့် သတို့သမီးလောင်းတို့ တည်ခင်းသည့် နေ့လယ်စာကို စားခဲ့ပြီး နေ့လယ်တွင် ဘုန်းကြီးကျောင်း၌ တစ်ရေးသွားအိပ်ခဲ့သည်။ ညနေစောင်းမှ ကျွန်တော် ရွာကိုပြန်ခဲ့သည်။ ဆရာမသင်းသင်းရီ အိမ်ရှေ့အရောက်တွင် ကျွန်တော် လွယ်အိတ်ထဲက ထဘီလေးကို သူ့အားဝင်ပေးရန် တုံ့ဆိုင်းမိသေးသည်။ နောက်မှ ဆုံးဖြတ်ချက်ချကာ ကျွန်တော် ရွာကိုပြန်လာခဲ့သည်။




ကျွန်တော် ဆရာမလေးကို မပေးဖြစ်ခဲ့သော ထဘီလေးကို ကျွန်တော်နေသည့်အိမ်ရှင်ဖြစ်သူ အဘွား ဒေါ်ထွေးရင်အား သီတင်းကျွတ်လက်ဆောင်အဖြစ် ကန်တော့လိုက်သည်။




အဘွားက ဆုပေးသည်။




“ငါ့ဆရာလည်း မြန်မြန်အိမ်ထောင်ဖက်နဲ့တွေ့ပါစေကွယ်”




တင်ညွန့်




၂၂.၉.၂၀၂၅