တန်ဖိုးမှန်(စ/ဆုံး)

 တန်ဖိုးမှန်(စ/ဆုံး)

———–


စိုင်းခမ်းက မိုးကုတ်မြို့မှာမွေးတဲ့မိုးကုတ်သားလေးပါ။အမေက လ္ဘက်စိုက်တဲ့ပလောင်တောင်သူမျိုးပါ။အဖေကမြန်မာလူမျိုးပါဘဲ။စိုင်းခမ်းတို့ငယ်ငယ်က အဖေက ကျောက်တူးတဲ့ လုပ်သားကောင်းပါဘဲ။


တစ်နေ့အဖေ ကျောက်တူးရင်းကျောက်တုံးညပ်လို့ ခြေတောက်တစ်ချောင်းကျိုးသွားခဲ့တယ်၊လတ်တလော


ဆေးကုဖို့စရိတ်မရှိတော့လည်း အဖေ့ခြေတောက်ကိုဖြတ်လိုက်ရတယ်။ သည်အကြောင်းကိုသိတော့စိုင်းခမ်းလည်း အမေနှင့်အတူအများကြီးငိုခဲ့ရတယ်။ မတတ်နိုင်ဖူးလေ။အဲသည်နေ့ကစပြီး မိသားစုထမင်းစားဖို့၊အမေကလ္ဘက်ခူးတဲ့အလုပ်ကိုလုပ်ခဲ့ရတယ်။ စိုင်းခမ်းလည်း ကျောင်းထွက်ပြီး သူများတွေရဲ့ကျောက်တူးတဲ့အလုပ်မှာကျောက် ဗြုန်းဆေးဖို့ရေသယ်ပေးရတယ်။ ပိုက်ဆံနည်းနည်းသာရပေမဲ့မတတ်နိုင်ဖူးလေ၊လုပ်ရတာဘဲ။ တစ်ခါတရံအလုပ်ရှင်တွေကျောက်အောင်ရင်တော့ ဘောက်ဆုနည်းနည်းပါးပါးပေးတတ်ပါတယ်။


သည်နေ့မျိုးဆိုရင်တော့စိုင်းတခမ်းတို့အိမ်မှာ ဟင်းကောင်းနံမွှေးတဲ့ နေ့ဖြစ်ပါတယ်။ကျန်တဲ့နေများမှာတော့ ဂေါ်ရခါးသီးတလှဲ့၊မုန်ညှင်းဖူးတစ်လှည့်၊ဖရုံသီးဟင်းတစ်လှည့်ပါဘဲ။


မိုးကုတ်မှာသီးတဲ့ရွှေဖရုံသီးတွေက တစ်အားစားလို့ချိုပါတယ်။


ညီမလေးကငယ်သေးတော့ကျောင်းနေရပါသေးတယ်။မဟုတ်ရင်တော့ သူလည်းအမေနှင့်အတူ လ္ဘက်ခူးနေရမှာပါဘဲ။ အဖေကတော့ အလုပ်မလုပ်နိုင်တော့ပါဖူး၊အမေဝယ်ပေးတဲ့ အရက်ကို ပင်တိုင်သောက်ပြီး ပါးစပ်ကသူပြောချင်ရာပြောပြီး အိပ်နေတော့တာပါဘဲ။ ဒါပေမဲ့ ကျောက်တူးသမားကြီး တွေက ပြောကြတယ်၊မင်းတို့အဖေက ပညာရှင်တဲ့။ ကျောက်ကောင်းရွေးချယ်ရာမှာ အင်မတန်တော်တယ်ဆိုဘဲ။ သူတို့ကတော့ ပြောကြတာပါဘဲ။ အားအားရှိ အရက်သောက်ပြီး အိပ်နေတတ်တဲ့ အဖေ့ကို စိုင်းခမ်း ဘယ်လိုကြည့်ပြီးယုံရမှာလည်း။


သည်တော့လည်း သူတကာရဲ့ကျောက်လုပ်ကွက်တွေမှာ ထမင်းစားဖို့ဝမ်းစာရှာရသည်ပေါ့။ဗြုန်းသယ်ဖို့လိုရင်ဗြုန်းသယ်။ရေလောင်းဖို့ ရေသယ်ဖို့လိုရင်ရေသယ်။တစ်ခါတစ်ရံတော့လည်းအလုပ်သင်ကျောက်တူးသမားလေးဝင်လုပ်ဖို့ခေါ်ရင်လည်းလုပ်ရသည်ပေါ့။ သည်ခြားထဲမှာ သိပ်ပြီးအားတဲ့အချိန်ကလေးများရှိလို့လာရင်လည်း၊လုပ်ကွက်ဟောင်းနှင့်ရေစီးချောင်းတွေမှာ ကျောက်ဗြုန်းစလေးတွေလိုက်ကောက်ပြီး တာပွဲတွေမှာလိုက်ရောင်းပြီး ထမင်းဖိုးဟင်းဖိုးရှာသည့်ပေါ့။


ကျောက်သမားဘဝက နှင်းကျတာတွေ၊တအားအေးတဲ့အချိန်တွေကိုကြောက်နေလို့မရပါဖူး၊တစ်ခါတရံ ကျောက်တူးနေတဲ့လက်တွေကျဥ်တက်လာတဲ့အထိ အေးလွန်းတဲ့အခါတွေရှိခဲ့ဖူးပါတယ်။ ငှက်ဖျားနှင့်ဝမ်းဖောဝမ်းရောင်ရောဂါလောက်ကိုတော့မှုလို့မရပါဖူးလူတိုင်းဖြစ်ဖူးပါတယ်။ မိုးရွာတဲ့အခါများမှာတော့နည်းနည်းနားရပါတယ်။ကျောက်ကျင်းထဲရေဝင်တော့ရှေ့ဆက်တူးဖို့ခက်ပါတယ်။


အဖေကတော့ သူအရက်အမူးပြေလို့ စိတ်ကောင်းဝင်တဲ့အခါ၊ အဖေ့သားကိုအဖေလိုကျောက် မျက်ပညာစုံတတ်အောင်သင်ပေးမယ်တဲ့။ပြောတာပါဘဲ။တကယ်တော့အဖေသင်ပေးမဲ့ရက်ကိုစောင့်ရင်းသားတောင်ခေါင်းမွေးဖြူလို့လာပါပြီ။


ကျောက်ကျင်းဟောင်းတွေမှာကြက်ယက်သလို ရှာထားပြီဖြစ်လို့လက်ကျန်ကျောက်ကိုကောက်သင်းကောက်သူတွေအတွက် ဗြုန်းကလွဲလို့ ကျောက်ကောင်းတစ်စွန်းတစ်စတောင် မတွေ့တတ်ပါ။ရေတိုက်စားလို့ မျောပါလာတဲ့ချောင်းမြောင်းတွေမှာတော့ တစ်ခါတရံ ကျောက်ကောင်းရတတ်သူတွေရှိခဲ့ဖူးပါတယ်။


မိုးကုတ်မြို့တွင်အချို့နှစ်များတွင် ရက်တော်တော်ကြာအောင်အဆက်မပြတ် မိုးရွာတတ်ပါတယ်။ သည်အခါမျိုးတွင် အမေနှင့်စိုင်းခမ်းတို့ အလုပ်မဆင်းရတော့ပါ။နေ့စားအလုပ်သမားများအတွက် ဘယ်မှာလည်း ဝင်ငွေ။ ခြံထွက်သီးနှံများနှင့်ဖြစ်သလိုထမင်းစားနေရသည်။ပဲပုတ်ထောင်းကတော့ပင်တိုင်ပါဘဲဗျာ။


တစ်ခါတော့ အမေနေမကောင်းသည်မှာလနှင်ချီလို့ကြာပါပြီ။စိုင်းခမ်းလည်းတတ်နိုင်သမျှ အလုပ်ကြိုးစားလုပ်ပါသည်။


ချောင်းကြားမြောင်းကြားဆင်းပြီး တွေ့သမျှကျောက်တုံးလေးများအားကောက်ပြီး၊ပညာရှင်ကြီးများအားပြကြည့်သည်။


နည်းနည်းအသုံးတည့်တယ်ဆိုရင်တောင် ပေးသမျှစျေးဖြင့်ရောင်းဖို့ပါ။ကြည့်သူမရှိ။ကြည့်ပြီးခဲ့ရင်တောင် အသုံးမတည့်ပါဖူးကွာလို့အပြောခံရသေးသည်။သည်တော့လည်းအိမ်ကိုသယ်သွားပြီး ဝါးနှီးတောင်းထဲစုပြီးထည့်ထားလိုက်သည်။


အိမ်ကစီးပွားရေးအဆင်မပြေတော့ ညီမလေးကျောင်းထွက်ရမည်။ ကျောင်းတက်ချင်တဲ့ညီမလေးတစ်ညလုံးငိုသည်။မနက်လင်းခါနီးတော့ တိတ်လို့သွားသည်။


ထိုအချိန်အဖေကတစ်စခန်းထပြန်ပြီ။စိုင်းခမ်းကောက်ယူလာခဲ့တဲ့ ကျောက်တုံးလေးများအား ဆံကောထဲထည့်ပြီး၊တစ်လုံးစီ ခေါက်ကြည့်နေသည်။စိုင်းခမ်းအိပ်လို့မပျော်တော့၊နဖူးပေါ်လက်တင်ပြီး ဟိုတွေးသည်တွေးစဥ်းစားနေရသည်။အဖေပစ်ချတဲ့ ကျောက်တုံးလေးများ၏အသံအားနားထောင်ပြီး တန်ဖိုးရှိတဲ့ကျောက်တုံးတစ်တုံးတလေများပါပါစေလို့ စိတ်ထဲတွင်ကြိတ်ပြီး ဆုတောင်း နေမိသည်။ သို့သော်မနက်လင်းလို့အိပ်ယာမှထခဲ့သည်တိုင်အောင်အဖေ့ထံမှ ထိုဆုတောင်းပြည့်သံအား မကြားခဲ့ရပါ။အမေ နေမကောင်းသဖြင့် အိမ်၏ ဘာဟိရ အလုပ်များအား စိုင်းခမ်းလုပ်နေရသည်။ထိုအချိန်


အိမ်ရှေ့တွင် စိုင်းခမ်းချ ပေးထား သောနွေးကြမ်းအိုးအားသောက်နေသောအဖေက စိုင်းခမ်းအားလှမ်းခေါ်သည်။

အလုပ်ရှုတ်ရတဲ့ကြား အဖေက

အရက်ဝယ်ခိုင်းအုံးမယ်လို့ထင်လိုက်၏။ သူ့အိပ်ကပ်ထဲ သူနှိုက်ကြည့်လိုက်တော့ ၊ဟင်…အရက်တစ်ပုလင်းဖိုးတောင်ပိုက်ဆံကမပြည့်တော့။အဖေ့ရှေ့သို့ရောက်တော့ အဖေကဝါးကျဥ်တောက်ကလေးတစ်ခုအား ခေါက်ချနေသည်။


အရွယ်တော်ကျောက်ရိုင်းတုံးလေးတစ်ခုကျလို့လာ၏။


ထိုကျောက်တုံးလေးအား အဖေက လက်ကိုင်ပုဝါတစ်ထည်ဖြင့် သေသေချာချာထုပ်ပြီး ၊ စိုင်းခမ်းအား ဆရာကြီး


“အဘိုးကြာ” ထံ သွားပေးခိုင်းသည်။စာတစ်ဆောင်ပါပေးဖို့ပါးလိုက်သည်။


စိုင်းခမ်း သူအဖေညွှန်ကြားသည့်အတိုင်းလုပ်ခဲ့၏။တစ်ပတ်ခန့်ကြာသွားပြီ။


ရှိစုမဲ့အိမ်ကပစ္စည်းအတိုအစများလည်း ရောင်းချသုံး လို့ကုန်ပါပြီ။ဘာဘဲဖြစ်ဖြစ် သူဒီနေ့အလုပ်ပြန်ဆင်းမှဖြစ်တော့မည်။ သူသွားရောက်ဝင်ရမည့်အလုပ်ရှင်က ခတ်ဆိုးဆိုးမှန်းသိသည်။ သူသိ၏ သူ့ဘက်ကရွေးချယ်ပိုင်ခွင့်မရှိတော့ပြီ။လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများအားထုပ်ပိုးပြင်ဆင်ပြီး အိမ်ရှေ့သို့ထွက်လာသောသူအား အမေကဘာမျှမပြောဘဲ၊မျက်ရည်စက်လက်ဖြင့်ငေးကြည့်နေသည်။


ထိုအချိန်တွင်အိမ်ရှေ့သို့ကားတစ်စီးဆိုက်လာ၏။ကားရပ်ပြီးဆင်းလာသူများက “အဖိုးကြာ”နှင့်လူတစ်စု။ အဖေ့လက်ထဲသို့ ကျောက်နီပွင့်လေး တစ်ပွင့်အားထည့်ပေးလိုက်သည်။


အဖေ၏မျက်နှာတွင်ထူးခြားသောအပြုံးရိပ်များသန်းလို့လာသဖြင့်၊စိုင်းခမ်းအဖေအနားသို့အပြေးကပ်ပြီးထိုင်ကြည့်မိသည်။စိတ်ထဲမှတကယ်လှတဲ့ကျောက်တစ်လုံးပါလားလို့မှတ်ချက်ပြုမိသည်။


“အဖိုးကြာ”က ဝယ်လက်က သိန်းသုံးရာပေးမည်ဟု အဖေ့အားပြောပြသည်။ အဖေကငါးဆယ်ထပ်တိုးပေးဖို့ပြောတော့


စိုင်းခမ်းအဖေ့လက်အား ကိုင်ပြီးဆွဲထားမိသည်။စိုင်းခမ်းစိတ်ထဲတွင်သည်ခေတ်မှာသည်လောက်ရရင်တော်ပါပြီလို့ ဆုံးဖြတ်ထားမိသည်။


ဝယ်သူက အဖေနှင့်မိသားစုအခြေအနေအားကြည့်ပြီး သိန်းငါးဆယ်ထပ်ပြီးတိုးပေးသွားသည်။(ထိုခေတ်က သိန်းဆုပေါက်လျှင်ပင်တန်ဖိုးရှိလှသောခေတ်ဖြစ်သည်။)


စာဖတ်သူများခင်ဗျား၊ကျောက်တူးသမားတို့လောကကားအပြောင်းအလဲမြန်လွန်းလှ၏။


ယ္ခုအခါတွင်စိုင်းခမ်းတို့မိသား


စုက အဖိုးကြာ၏ လူမှန်နေရာမှန် အကြံပြုပြီး ပြုပြင်ပေးတတ်မှုကြောင့် လ္ဘက်ခြံကြီးများပိုင်ဆိုင်၍၊ မိုးကုတ်လ္ဘက်ဆိုလျှင် တစ်ပြည်လုံးမသိသူမရှိသောအမည်ဖြင့် ချမ်းသာလို့နေပါပြီ။


သူတို့လိုကံကောင်းကြပါစေခင်ဗျား။


ဆရာမောင်သာလိ


၂၃.၀၁.၂၀၂၆