စိန်ပန်းနှင့် နှင်းဆီ
----------------
#တင်ညွန့်
(၁)
ကျောင်းသွားရာလမ်းတွင် ကျုံးကူးတံတားတစ်စင်းရှိသည်။ ကျုံးထိပ်ရှိ စိန်ပန်းပင်ကြီးက တံတားပေါ်ကို မိုးနေသည်။ တံတားအတက် မြေနီလမ်းလေးပေါ်တွင် စိန်ပန်းပွင့်တွေက ရဲရဲနီလျက်။ ဂဝံလမ်းက နှစ်ပေါင်း များစွာ လူတွေသွားလာထားသောကြောင့် အနီဖျော့ဖျော့။ စိန်ပန်းပွင့်တွေက အပင်ပေါ်တွင်လည်း တစ်ပင်လုံး အနီရင့်ရင့်၊ လမ်းပေါ်တွင်လည်း နီရဲရဲ၊ ကျုံးထဲကရေထဲတွင်လည်း တဝဲလည်လည် ဖြစ်နေသည့် စိန်ပန်းတွေက သွေးရောင်ကျဲကျဲ။
တံတားလက်ရန်းကား သစ်သားတန်းကြီးတွေနှင့် အခိုင်အမာတည်ဆောက်ထားသည်။ မောင်ဗမာ စက်ဘီး လေးက တံတားလက်ရမ်းကို မှီပြီးထောင်ထားသည်။ စက်ဘီးဘေးတွင် စိုးနိုင်သည်ရပ်ကာ ကျုံးရိုးတန်းလမ်း ဘက်ဆီကို ငေးနေသည်။
“သူလာပါ့မလား”
သူက လွယ်ထားသော လွယ်အိတ်လေးကို ဖွင့်ကြည့်နေသည်။ လွယ်အိတ်ထဲတွင် အနီရောင်နှင်းဆီပန်းလေး တစ်ပွင့်။ သူက လူတွေ မြင်မည်စိုးသဖြင့် နှင်းဆီပန်းလေးကို လွယ်အိတ်ထဲထည့်ကာ ဖွဖွလေးဖက်ထားသည်။
“ဟော သူလာပြီ”
စိုးနိုင်ဝမ်းသာသွားသည်။ ရင်ထဲမှာလည်း တလှပ်လှပ်ဖြစ်နေသည်။ နှင်းဆီပန်းလေးကို လွယ်အိတ်ထဲကနှိုက် လိုက်ရာ
“အိုး ... စူးလိုက်တာ” ဟု လန့်အော်မိလိုက်သည်။
သူ့ကို နှင်းဆီဆူးက စူးသဖြင့် ယောင်ပြီး လက်ကိုထုတ်လိုက်ရာ လက်ညှိုးထိပ်တွင် သွေးတွေစို့နေသည်။ သူက လက်ညှိုးလေးကို ပါးစပ်ထဲထည့်ကာ စုပ်လိုက်သည်။
“နိမိတ်မကောင်းဘူး” ဟု တိုးတိုးလေး ညည်းလိုက်သည်။
ဆံပင်ကို ဖားလျားချထားသော်လည်း သူမ၏ ခြေတစ်လှမ်းတိုင်းက ဆံပင်လေးတွေကို ဘေးတိုက်ဝှေ့ရမ်းနေ စေသည်။ အဖြူရောင် တီရှပ်ပွပွကို အနက်ရောင်ထဘီနှင့် တွဲလျက်ဝတ်ထားသည်မှာ သူ့မ၏ မျက်နှာအလှကို ပိုပြီး ပေါ်လွင်အောင် လုပ်ထားသလိုပင်။ သူမလွယ်ထားသည့် လွယ်အိတ်ကလည်း အနီရောင်လေးဖြစ်သည်။
“နွေးနွေး”
စိုးနိုင်က သူ့ရှေ့တွင် ဖြတ်သွားသော နွေးနွေးကို တိုးတိုးလေး ခေါ်လိုက်သည်။ သနပ်ခါးရနံ့က သူ့နှာခေါင်းထဲကို တိုးဝင်လာသည်။ နွေးနွေးက ချာခနဲလှည့်လိုက်ရာ ဆံပင်လေးတွေက လေထဲတွင် ဝဲဝိုက်သွားသည်။
“ဘာလဲ”
စိုးနိုင်က သူ့လက်ထဲမှ တယုတယကိုင်ထားသော နှင်းဆီနီလေးကို သူမအား ပေးလိုက်သည်။
“ဘာလုပ်တာလဲ”
“ပန်းပေးတာပါ”
“နင်ပေးတဲ့ ပန်းကို ငါက လက်ခံစရာလား”
“ယူပါဟယ်”
“အို မယူပါဘူး ... နင့်လိုကောင်က ငါ့ကို ရာရာစစ ပန်းပေးရအောင်”
“နွေးနွေးရယ် ... ကျောင်းတွေ မပိတ်ခင် ငါတောင်းထားတဲ့ အဖြေလေး ပေးပါလား”
“သွားစမ်းပါ။ နင့်လို့ကောင်ကို ငါက အဖြေပေးရမယ် ဟုတ်လား ... ဒီမှာ အပြတ်ပြောလိုက်မယ်စိုးနိုင်။ နင် တစ်လစာရတဲ့ ဝင်ငွေဟာ ငါ့တစ်နေ့ မုန့်ဖိုးတောင်မရှိဘူး သိလား။ ချမ်းသာတဲ့ မိန်းမကို အပိုင်ကြံလိုက်ရင် ငါလည်း ချမ်းသာမှာပဲဆိုတဲ့ ပေါတောတော အတွေးနဲ့တော့ ငါ့ကို လာမချဉ်းကပ်နဲ့ သိလား။ ငါ့ကို ချစ်ခွင့် တောင်းတဲ့သူဟာ ငါ့အဆင့်လောက်မှ မရှိရင် စဉ်းကို မစဉ်းစားတာ”
နွေးနွေးက သူပေးသည့် နှင်းဆီပန်းလေး၏ ပွင့်ချပ်ကို ဆွဲယူချေမွှကာ ကျုံးထဲကိုပစ်လိုက်သည်။ ထို့နောက် ချာခနဲလှည့်ကာ သူ့ကို ကျောပေးသွားသည်။
စိုးနိုင်က သူ့လက်ထဲတွင် ကျန်ခဲ့သော ရိုးတံလေးကို ကျုံးထဲကို ပစ်လိုက်သည်။ စက်ဘီးကို တွန်းလိုက်ပြီး သူမ နောက်ကို ဆက်လိုက်ရန် ပြင်သော်လည်း တစ်ခုခုကို သတိရလိုက်သည်။ မောင်ဗမာစက်ဘီးလေးကို ငုံ့ကြည့် လိုက်သည်။ သူ့စိတ်က ပြောင်းသွားသည်။ အဖေ့စက်ဘီးအိုလေးကိုကြည့်ပြီး နားထဲတွင် ကြားလိုက်သည်က
“နင် တစ်လစာရတဲ့ ဝင်ငွေဟာ ငါ့တစ်နေ့ မုန့်ဖိုးတောင်မရှိဘူး သိလား”
သူက စက်ဘီးလေးကို လှည့်လိုက်သည်။ နွေးနွေးဆိုသော မိန်းကလေးနှင့် ဆန့်ကျင်ရာဘက်သို့ ဖြစ်သည်။
(၂)
MSC ကုမ္ပဏီဝင်းထဲသို့ ကားလေးတစ်စီးဝင်လာသည်။
ကုမ္ပဏီရုံးအဆောက်အအုံရှိရာသို့မရောက်မီ လမ်းတွင် စိန်ပန်းပင်တွေက အစီအရီ။ ကြွေကျထားသော စိန်ပန်းပွင့်နီနီတွေပေါ်ကို ကားဘီးက တဖျစ်ဖျစ်နှင့် နင်းချေသွားသည်။
ရုံးအဆောက်အအုံရှေ့ ကားရပ်ရန်နေရာတွင် ကားလေးကရပ်လိုက်သည်။
“နွေး ... မောင်နဲ့လိုက်မလား”
“မလိုက်တော့ပါဘူး ... မောင့်အလုပ်ကိစ္စပဲလေ ... နွေးနဲ့မှ မဆိုင်တာ”
“ဒါဆိုလည်း ကားပေါ်ကဆင်းပြီး ဧည့်ခန်းထဲ လာထိုင်နေပါလား ... အပြင်မှာပူတယ်”
“မောင်က ကြာမှာလား”
“မပြောနိုင်သေးဘူး ... နည်းနည်းတော့ ကြာမယ်ထင်တယ်”
“လိုက်ခဲ့မယ်လေ”
မောင်က ရုံးအပေါ်ကို ဓာတ်လှေကားနှင့် တက်သွားသည်။ နွေးက ဧည့်ခန်းတွင်ထိုင်ခဲ့ကာ အပြင်ကို ငေးနေသည်။
တိုက်ပုံအင်္ကျီဝတ်ထားသော လူတစ်ယောက်သည် စိန်ပန်းပွင့်တွေကို ဖြတ်ကျော်ကာ ရုံးဆီကို လျှောက်လာ သည်ကို မှန်ချပ်ကြီးတွေကိုကျော်ကာ တွေ့လိုက်ရသည်။
“သူ့ကို မြင်ဖူးသလိုပဲ” ဟု နွေးကစိတ်ကူးလိုက်သည်။
နောက်မှ သူ့လက်ထဲက ကိုင်လာသော နှင်းဆီပန်းစည်းကို မြင်လိုက်ရာ သတိရသွားသည်။
“နှင်းဆီနီတွေပဲ ... ဟာ ... သူပါလား”
ထိုသူက ရုံးအဆောက်အအုံထဲကို ဝင်လာချိန်တွင် နွေးက သူ့ရှေ့မှပိတ်ကာ ရပ်လိုက်သဖြင့် သူက တုန့်ခနဲ ဖြစ်သွားသည်။
“ဟင်း ... ဟင်း ... ဘယ်သူများလဲလို့ ... ဟေ့ ... ငါ့ကို မှတ်မိလား” ဟု နွေးက မေးလိုက်သည်။
သူက မော့ကြည့်ကာ
“ဪ ... နွေးနွေး” ဟု တစ်လုံးချင်း ပြောလိုက်သည်။
“မှတ်မိသားပဲ ... တို့မတွေ့တာ ကြာပြီနော်”
“၃၂ နှစ်”
“နင်က မှတ်မိသားပဲ ... ဒီကို ဘာလာလုပ်တာလဲ ... ဘာလဲ ... ဒီရုံးမှာ အလုပ် လုပ်နေတာလား”
“ဟုတ်တယ်”
“အေးလေ ... ဘွဲ့တွေဘာတွေ ရသွားတယ်ကြားတယ် ... ဟုတ်လား”
“ဆိုပါတော့”
“အေးပေါ့လေ ... နောက်ဆုံးတော့ စာရေးအလုပ်လေး ဘာလေးလောက်တော့ ရမှာပေါ့”
“အင်း”
“ငါ့အမျိုးသားက ဆိပ်ကမ်းနားက မြိုင်သာယာစီမံကိန်းပရောဂျက်အတွက် ဒီမှာ တင်ဒါလာတင်တာ။ အမျိုးသားက အင်္ဂျင်နီယာဆိုပါတော့။ ဆောက်လုပ်ရေး လုပ်ငန်းတွေ အများကြီး ကိုင်ထားတယ်လေ။ ဒီ မြိုင်သာယာ ပရောဂျက်ကလည်း လုပ်ငန်းကကြီးတော့ ဒီက MD နဲ့လာတွေ့ပြီး ဆွေးနွေးနေတာ ... ဘယ်လိုလဲ အိမ်ထောင်တွေဘာတွေ ကျပြီလား”
“မကျသေးဘူး”
“အေးပေါ့လေ ... သာမန်စာရေးလေး တစ်ယောက်လစာနဲ့ဆို မိသားစုကို ဘယ်လိုလုပ်ပြီး လူတန်းစေ့အောင် ထားနိုင်မှာလဲနော် ... ငါကတော့ ကလေးနှစ်ယောက်။ တိုက်နဲ့ကားနဲ့ ကျကျနန နေနိုင်တဲ့ဘဝပါနော်”
“ဟုတ်လား ... ကောင်းပါတယ်လေ ... ငါ အလုပ်ကိစ္စလေးချိန်းထားတာရှိသေးလို့ သွားဦးမယ်”
“အေး ... အေး ... ငါ့ယောက်ျား အလုပ်ဆိုက်တွေမှာ လုပ်ချင်ရင် ငါ့ကိုပြောလေ ... ပြောပေးနိုင်ပါတယ်။ ဒီရုံးက ရတဲ့လစာထက် ပိုအောင် ငါပြောနိုင်ပါတယ်”
“ကျေးဇူးပါဟာ ... သွားဦးမယ်”
“ဟဲ့ ... နေပါဦး ဟိုမှာ ငါ့အမျိုးသားလာနေတယ် ... နင်နဲ့ မိတ်ဆက်ပေးဦးမယ်”
အနီးကိုရောက်လာသော မောင်က အပြေးလေးသူတို့ဆီလာပြီး
“ဟာ ... အမ်ဒီက ဒီမှာပါလား ... ကျွန်တော့် အမျိုးသမီးနဲ့ သိလို့လား ... ကျွန်တော်က အမ်ဒီမရောက် သေးဘူးဆိုလို့ ဆင်းလာတာ ... နွေးက ကျွန်တော့်အမျိုးသမီးလေ”
“ဟုတ်ကဲ့ သိပါတယ်”
“အမ်ဒီ ... ကျွန်တော် တင်ဒါကို ပေးခဲ့တယ် ... ကျေးဇူးပြုပြီး ကျွန်တော့်တင်ဒါလေးကို စဉ်းစားပေးစေချင် ပါတယ်”
“အများနဲ့ အပြိုင်ခေါ်ထားတာပဲဗျာ ... အဖွဲ့က ဆုံးဖြတ်မှာပါ”
“အမ်ဒီရယ် ... ကျွန်တော့်ကို စဉ်းစားပေးဖို့ တောင်းပန်ပါတယ်”
“ကျွန်တော်တို့ ကုမ္ပဏီက လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ပါတယ် ... ဘယ်သူ့ကိုမှ ပိုပြီးတော့ အခွင့်အရေး မပေးပါဘူး။ စည်းကမ်းနဲ့ညီရင် ခင်ဗျားရမှာပေါ့”
“ကျွန်တော် အမ်ဒီနဲ့ လိုက်တွေ့ပြီး စကားပြောပါရစေ”
“မလိုပါဘူးဗျာ ... တင်ခဲ့ပြီးပြီ မဟုတ်လား။ အချိန်တန်တော့ သိရမှာပေါ့ ... သွားဦးမယ်”
စိုးနိုင်က လှည့်ထွက်သွားသည်။ သူက ဧည့်ကြိုကောင်တာဆီသွားကာ
“ဒီမှာ ... ငါ့ဘုရားခန်းက ပန်းတွေကို လဲပေးဖို့ သန့်ရှင်းရေးဝန်ထမ်းကို ပေးလိုက်ပါကွယ်” ဟုပြောကာ ပန်းစည်းကို ကောင်တာပေါ်တင်ပေးလိုက်သည်။
“နွေး ... ဘာငိုင်နေတာလဲ ... လာလေ ... မောင့်ကိစ္စ ပြီးသွားပြီ ပြန်ကြရအောင်”
“သူက”
“သူက ဒီကုမ္ပဏီကြီးရဲ့ အကြီးအကဲ အမ်ဒီလေ ... စင်ကာပူကရုံးခွဲကို သူကဒီမှာ ဦးစီးနေတာ။ ကုမ္ပဏီရဲ့ ရှယ်ယာ အများဆုံး ပိုင်ရှင်တဲ့။ နွေးနဲ့ သိလား ... သိရင်သူ့ဆီမှာ အထောက်အကူလေးများရအောင် ဝင်ကြည့် ပါလား၊ ဒီလူက အရမ်းတိကျပြတ်သားတော့ အောက်လမ်းက ဝင်ဖို့ဆိုတာ သိပ်မလွယ်ဘူးလို့ သိရတယ်”
“အင်း သိပ်တော့ မခင်ပါဘူး ... ကျောင်းနေဖက် သူငယ်ချင်းတွေပါ ... ကျောင်းတုန်းက သိကြတာ”
“အေးကွာ ... ဒီပရောဂျက်ကိုသာ ဝင်တိုးနိုင်လို့ကတော့ မောင်တို့ ကိုယ်ပိုင်တိုက်နဲ့ဘာနဲ့ နေနိုင်မယ် ထင်တာပဲ ... ရပါစေလို့ ဆုတောင်းကြရအောင် ... သွားမယ်လေ”
“ဪ ... အင်း ... အင်း”
(၃)
အဖြူရောင်ကားလေးဆီသို့ မောင်နှင့်နွေး လက်တွဲကာ လျှောက်သွားကြသည်။
အပေါ်ဆုံးထပ် ရုံးခန်း၏ မှန်ချပ်ထဲမှ တစ်ယောက်က သူတို့ကို ကြည့်နေသည်။
သူတို့ကားထဲကို ဝင်လိုက်ကြသည်။ ထို့နောက် ကားလေးက စိန်ပန်းပွင့်တွေကို နင်းချေကာ ပြန်ထွက်သွားသည်။
“ဒေါက် ... ဒေါက်”
“ဝင်ခဲ့ပါ”
“ဆရာ ဘုရားပန်းလဲဖို့ လာတာပါ”
“အေး ... အေး”
သူက အပြင်ကိုဆက်ပြီး ငေးနေသည်။ နောက်ကို ပြန်လှည့်လိုက်ရာ ဘုရားစင်ပေါ်တွင်ရှိသော ပန်းအိုးထဲ၌ နှင်းဆီပန်းတွေက ဝေနေသည်။ သန့်ရှင်းရေးဝန်ထမ်းက ပြန်ထွက်သွားသည်။
သူက ဘုရားစင်ရှေ့သွားကာ ဦးသုံးကြိမ်ချလိုက်ပြီး မျက်လုံးကို စုံမှိတ်ကာ ဆုတောင်းနေသည်။
ဘာရယ်တော့မသိ။
#တင်ညွန့်
၂၅.၆.၂၀၂၂