“နံရံ၏တဖက်တချက်မှာ.. “(စ/ဆုံး)
——————–
လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က ဝင်းမာတို့နေရပ်ဟာ တောမကမြို့မကျရွာကြီးတရွာပါ၊မရှိမဖြစ်တဲ့ဌာနတွေမှာ ဝန်ထမ်းအနည်းငယ်နဲ့လည်ပတ်လျက်ပေါ့။
ဝင်းမာကတော့ဌာနတခုမှာအထွေထွေလုပ်သားတယောက်ပါ၊အဲ့ခေတ်ကအဆက်အသွယ်မရှိရင် ဝန်ထမ်းအလုပ်ရဖို့မလွယ်လှဘူးလေ။
ဒီတော့ ဘာရာထူးဖြစ်ဖြစ် လခစားဆိုရင်ဂုဏ်ရှိပြီးသားပေါ့။
ဖွံ့ဖြိုးမှုနောက်ကျခဲ့ပေမယ့် ဝင်းမာတို့ရွာမှာ ညအခါဘုန်းတော်ကြီးကျောင်းက ခုနစ်နာရီကနေကိုးနာရီအထိပေးတဲ့လျှပ်စစ်မီး၊ ဗီဒီယိုရုံနှစ်ရုံအပြင် ရာသီအလိုက်ပွဲတော်များနဲ့ ဓလေ့ငယ်ဘာသာပျော်မွေ့ဖွယ်ရာအတိပါ။
တနယ်တကျေးကဦးလှမြင့်ဟန်တယောက် ဝင်းမာတို့ဌာနကိုရောက်ရှိလာတဲ့အခါမှာတော့ ဌာနမှာသာမက တရွာလုံးပိုပြီးသာယာစိုပြေလာသလိုပါပဲ။
ဝင်းမာတို့က ဌာနအကြီးကဲကို ဆရာကြီးလို့ခေါ်ပြီး ဦးလှမြင့်ဟန်ကို’ဆရာလေး’လို့ခေါ်ကြပါတယ်။
ရွာသူရွာသားတွေကလည်း အလုပ်ကြိုးစားတဲ့ဆရာကြီးကိုချစ်ကြောက်ရိုသေကြသလို အနေအေးတဲ့ ဆရာလေးကိုလည်းလေးစားခင်မင်ကြတယ်။
ဝန်ထမ်းနေအိမ်မှာတယောက်တည်းချက်ပြုတ် စားနေတဲ့ဆရာလေးကို ရွာသားတွေကအသနားပိုကြတယ်၊အထူးသဖြင့် ရွာကအပျိုချောတွေပေါ့။
အိမ်ကိုလက်ဖက်ရည်သောက်ခေါ်ရတာနဲ့ ၊ထမင်းဖိတ်ကျွေးရတာနဲ့၊ ဟင်းသီးဟင်းရွက်တွေစားကောင်းသောက်ဖွယ်တွေလာပို့ရတာနဲ့၊ ဆရာလေးဦးလှမြင့်ဟန်တယောက် ဝင်းမာတို့ရွာမှာစန်းပွင့်လှတယ်။
ဦးလှမြင့်ဟန်က ရုပ်ရည်သနားကမားနဲ့ သေသေသပ်သပ်ဝတ်စားတတ်တယ်၊ရွာသူရွာသားတွေလို စကားကျယ်ကျယ်မပြော၊ဟက်ဟက်ပက်ပက်လည်းမရယ်မော။
စကားနည်းပြီး နှုတ်ခမ်းပါးကအစဥ်သဖြင့်ပြုံးယောင်ယောင်၊ဒီတော့ ဆရာလေးဟာ ရွာကအပျိုကြီးငယ်တွေရဲ့စိတ်ကူးယဉ်ကမ္ဘာမှာ တမူထူးခြားတဲ့မင်းသားလေးတပါးပေါ့။
တရုံးတည်းမှာနီးနီးကပ်ကပ်နေရတဲ့အပျိုမဟိုင်းတဟိုင်းဝင်းမာခမျာ ဆရာလေးရဲ့အချစ်ကို သူများဦးသွားမှာစိုးလို့ အိပ်ပျက်ညပေါင်းများစွာ။
နံနက်ရုံးမတက်မီ သနပ်ခါးပါးကွက်ကိုညီညာလှပအောင်လိမ်းခြယ်နေတဲ့ဝင်းမာရဲ့အတွေးထဲမှာ ဆရာလေးကတရစ်ဝဲဝဲ-
‘ရွာကအပျိုတွေအားလုံးထက် မျက်ခုံးမျက်လုံး
အသားအရေ အစစငါကသာတယ်ဆိုတာ ဆရာလေးသိတန်ကောင်းပါရဲ့….’
‘သနပ်ခါးရနံသင်းသင်းလေးကို ဆရာလေးနှစ်သက်တန်ကောင်းပါရဲ့…’
‘ဆရာလေး နဲ့အကြည့်ချင်းဆုံလို့ ရှက်သွေးနီမြန်းတဲ့ပါးပြင်ကို ပါးကွက်ထူထူလေးကဖုံးကွယ်ပေးတန်ကောင်းပါရဲ့…’
ဆရာလေးမရောက်မီကရုံးပိတ်ရက်တွေကိုမျှော်ခဲ့တဲ့ဝင်းမာတယောက် ခုတော့ဆရာလေးနဲ့ခွဲခွာရတဲ့ပိတ်ရက်တွေကိုမုန်းချင်လာတယ်။
‘ ရုံးပိတ်ရက်တွေကလည်းများလိုက်တာ၊စနေ တနင်္ဂနွေနဲ့ဆက်သွားတော့ သုံးရက်ကြီးများတောင်၊နေ့တိုင်းရုံးဖွင့်ရက်တွေဖြစ်ရင် ဘယ်လောက်ကောင်းမလဲ’
ဘယ်သူကဘယ်သူ့ကိုအရင်ကြိုက်တယ်လို့ ပြောဖို့တော့ခက်သား၊ဦးလှမြင့်ဟန်ရွာကိုရောက်ပြီး လေးငါးလအကြာမှာတော့ ဝင်းမာနဲ့ချစ်သူဘဝရောက်ခဲ့ကြတယ်။
ဌာနငယ်လေးဆိုတော့ မျက်လုံးချင်းစကားပြောနေတဲ့သူတို့နှစ်ဦးကို လုပ်ဖော်ကိုင်ဖက်တွေလည်းရိပ်စားမိကြတာပေါ့။
ဝင်းမာကရုံးတံခါးတွေပိတ်ရင်း ဆရာလေးကစာရင်းဇယားတွေလုပ်ရင်း တမင်တကာနောက်ချန်ပြီး သူများတွေရုံးဆင်းအောင်စောင့်ခဲ့ကြတယ်။
ရုံးဆင်းခါနီးမှအလုပ်လာပေးတဲ့ဧည့်သည်တွေကို ဝင်းမာစိတ်တိုချင်တယ်၊မျက်မှန်မေ့ကျန်လို့ ပြန်လာယူတဲ့စာရေးမကြီးကိုလည်း ကျွဲမြီးတိုချင်တယ်။
အခွင့်သာတဲ့ရုံးပိတ်ရက်တချို့မှာတော့ ဆရာလေးရဲ့အိမ်ကို မရှက်နိုင်မကြောက်နိုင် ဝင်းမာအရဲစွန့်ပြီးရောက်သွားတတ်တယ်။
အချစ်မှာမျက်စိမရှိသလို ဦးနှောက်လည်းမရှိဘူး ထင်ပါရဲ့၊ဆရာလေးမှာချစ်ဦးသူရှိမရှိ ဝင်းမာမသိ၊သိလည်းမသိရဲလို့ ဝင်းမာမမေးချင်။
ထိုခေတ်ကဖုန်းမရှိကြပေမယ့် ဝင်းမာသိရသလောက်ဆရာလေးမှာ မသင်္ကာဖွယ်စာအဆက်အသွယ်မရှိ။
မချစ်ဖူးတဲ့ဝင်းမာဟာ အချစ်ဦးဆရာလေးကိုအရူးအမူး၊အကဲ့ရဲ့လွတ်အောင်ဆင်ခြင်နေတဲ့ကြားက ဆရာလေးအကြောင်းပြောချင် နားထောင်ချင်။
အိမ်မှာဟင်းကောင်းလေးများချက်ရင် ဆရာလေး ကိုပေးချင်ကျွေးချင်၊ဆရာလေးရဲ့ပုဆိုးအင်္ကျီတွေကိုလျှော်ဖွတ်ပေးချင်စိတ်တွေကလည်းတဖွားဖွား။
ဗီဒီယိုကြည့်ဖြစ်တဲ့အခါများမှာတော့ ဆရာလေးကဇာတ်လိုက်မင်းသား၊သူမကမင်းသမီးပေါ့။
သူမအဖို့ ဆရာလေးကလွဲရင် အားလုံးဖွဲနှင့်ဆန်ကွဲ၊ချစ်သူနဲ့ဝေးဖို့ တွေးပင်မတွေးရဲ။
လွတ်လပ်တဲ့ကမ္ဘာလေးမှာ နှစ်ကိုယ်တူချစ်သမျှ ရင်ခုန်ရတဲ့အပျော်တွေဟာ ဝင်းမာအတွက် ထာဝရအမှတ်တရကောင်းတွေ။
ဆရာလေးရဲ့အချစ်ပန်းကိုပန်ဆင်ခွင့်ရတဲ့သူမကို ကြိတ်ပိုးတွေမနာလိုဖြစ်နေကြမှာမြင်ယောင်ပြီး ဝင်းမာတကိုယ်တည်း ပြုံးမိတာလည်းအခါခါ။
တလအတွင်းမှာပဲ တောရွာဓလေ့ တယောက်အစ တရာအဆုံး ဆရာလေးနဲ့ဝင်းမာရဲ့ချစ်ဇာတ်လမ်းကိုသိလာကြတယ်။
ဝင်းမာရဲ့မိဘတွေကလည်း မေးလာကြပြီ၊သမီးရှင်ရဲ့ဆန္ဒတွေပြောလာကြပြီပေါ့။
စိတ်တူကိုယ်တူချစ်ကြတဲ့ အသက်သုံးဆယ်ဝန်းကျင် ဝင်းမာနဲ့ဆရာလေးတို့ဟာ မြန်မာ့ဓလေ့ထုံးစံအရ လက်ထပ်သင့်ပြီပဲလေ။
ဝင်းမာယုံကြည်ပါတယ်၊မိဘတွေရဲ့ဆန္ဒဟာ ဝင်းမာရဲ့ဆန္ဒဖြစ်သလို ဆရာလေးကလည်း ထပ်တူဖြစ်ရမှာပေါ့။
ပါးချင်းအပ်ပြီး နှစ်ကိုယ်ကြားပြောလာမယ့်ဆရာလေးရဲ့အသံကို ဝင်းမာကြားယောင်မိတယ်။
‘အကိုလည်း ညီမနဲ့နီးချင်လှပါပြီကွယ်’..
‘ဝင်းမာတို့လက်ထပ်ကြစို့နော် အကို’
ဝင်းမာ ဒီစကားကိုခဏခဏပြောဖြစ်တယ်။
ပြောတိုင်း ဝင်းမာလိုချင်တဲ့အဖြေမရ၊ဘာကြောင့်မှန်းတော့ ဝင်းမာမသိ၊ဒီစကားကြားရင် ဆရာလေးမျက်နှာညိုသွားသလိုပဲ။
မလှုပ်တလှုပ်နဲ့အားတက်သရောမရှိတဲ့သူ့ကို ဝင်းမာနားမလည်နိုင်။
‘အိမ်ကိုပြောရဦးမယ်၊အိမ်ကသဘောတူပါ့မလား မသိ’
‘ဟင်-အကိုဘယ်လိုပြောလိုက်တာလဲ၊အကို့မေတ္တာကိုယုံလို့ ဝင်းမာတို့က သမီးရည်းစားမကတဲ့အခြေအနေဖြစ်နေပြီ၊ခုချိန်မှာ အိမ်ကသဘောတူဖို့လိုသေးလို့လား အကို၊သဘောတူအောင် အကိုပြောရမှာပေါ့’
ချစ်သူနှစ်ဦးတွေ့ဆုံတိုင်း ဝင်းမာနားပူနားဆာလုပ်လွန်းတော့ ဝင်းမာမျှော်လင့်မထားတဲ့စကားကို ဆရာလေး ပြောလာခဲ့တယ်။
‘အကိုက မုဆိုးဖိုပါ ညီမ ၊အကို့မှာသမီးလေးတယောက်ရှိတယ်၊အမေက သူ့မြေးကို မိထွေးနဲ့စိတ်မချဘူး’
အလွန်ထူးဆန်းအံ့သြဖွယ်မို့ ဝင်းမာကိုယ့်နားကိုယ်မယုံ၊လုံးဝမမျှော်လင့်ထားလို့ ထိတ်လန့်တုန်လှုပ်မိတာအမှန်။
ဝင်းမာသာမက တရွာလုံးကဆရာလေးကို လူပျိုလူလွတ်လို့ လက်ခံထားကြသည်မဟုတ်ပါလား၊စပ်စပ်စုစုမေးသူရှိရင်တောင် ဆရာလေးကပြုံးရုံသာပြုံးနေမဲ့လူမျိုး။
‘ဟင်-ဘာပြောတယ်၊ထပ်ပြောပါဦး အကို၊ဝင်းမာကိုဘာလို့ခုမှပြောရတာလဲ၊ဝင်းမာမယုံနိုင်ဘူး’
ဝင်းမာရဲ့အသံဟာ တဆတ်ဆတ်တုန်ခါနေတဲ့နှုတ်ခမ်းများကြားက ပရမ်းပတာတိုးထွက်လာတယ်၊နွေခေါင်ခေါင်မိုးကြိုးပစ်ခံရသလို ဝင်းမာရဲ့ခန္ဓာဟာ ရပ်တည်ခြင်းငှာမစွမ်းနိုင် ဒယီးဒယိုင်။
ဝင်းမာရဲ့မျက်ဝန်းတွေဟာ ဒေါသနဲ့ဝမ်းနည်းကြေကွဲမှုရောပြွမ်းတဲ့မျက်ရည်များနဲ့လက်လက်ထလို့၊မျက်ရည်မိုးတွေက လှပတဲ့ပါးကွက်များပေါ်မှာ တားမရဆီးမနိုင် တဖြိုင်ဖြိုင်။
ဝင်းမာတချိန်ကပျော်ခဲ့မော်ခဲ့သမျှအားလုံး မျက်ရည်ချောင်းရေထဲမှာမျောပါသွားခဲ့လေပြီ။
ဆရာလေးကတော့ ပေးသမျှပြစ်ဒဏ် ကျေနပ်စွာခံယူမဲ့တရားခံတယောက်လို မတုန်မလှုပ်။
သူ့ဆင်ခြေကတော့-
‘အကို့ကို ညီမမုန်းသွားမှာစိုးလို့ ပြောမထွက်ဘူး ‘
‘တော်စမ်းပါ၊ရှင်သက်သက်လူလည်ကျတာ၊ရှင်ဟာမရိုးသားဘူး၊မပွင့်လင်းဘူး၊ကျွန်မကိုအပျော်ကြံတာ၊ကျွန်မကိုမယူချင်လို့ တားဆေးတွေသောက်ခိုင်းခဲ့တာ၊ရှင့်ကိုမုန်းတယ်၊ရွံတယ်၊လူယုတ်မာကြီး’
ယုံကြည်မှု လေးစားမှုတွေနဲ့ ဆရာလေးကိုအချစ်ကြီးချစ်ခဲ့တဲ့ဝင်းမာဟာ အရိုင်းစိုင်းတယောက်လို ဒေါသအိုးပေါက်ကွဲခဲ့တယ်။
အသိစိတ်လွတ်နေတဲ့ခြေလှမ်းများနဲ့အိမ်ပြန်ရောက်လာတော့ မိဘတွေမေးမြန်းတာတောင် မဖြေနိုင်၊အရုပ်ကြိုးပြတ်ပေါ့။
ဝင်းမာခမျာခွင့်ရက်ရှည်ယူပြီး မစားနိုင် မအိပ်နိုင် တမှိုင်မှိုင်၊ဝင်းမာရဲ့မိဘဆွေမျိုးတွေသိသွားကြတော့ ဆရာလေးကိုထိုးမယ် ကြိတ်မယ် ရိုက်မယ်တကဲကဲ။
ဆွေမျိုးအကြီးအကဲ ဝင်းမာတို့ကြီးဒေါ်ကြီးကတော့ တွေးတွေးဆဆ။
‘ဖြစ်ပြီးခဲ့ကြပြီပဲကွယ်၊ကလေးတယောက်အဖေမုဆိုးဖိုဆိုလည်းဘယ်တတ်နိုင်မလဲ၊မိန်းကလေးဆိုတာ တမျက်နှာကတမျက်နှာပြောင်းလို့မကောင်းဘူး၊ဆရာလေးဘက်ကမငြင်းဘူးဆိုရင် ပေးစားလိုက်ကြတာပေါ့’
ဝင်းမာရုံးပြန်တက်ခဲ့တယ်၊သူတို့နှစ်ဦးလုံးခပ်တန်းတန်း။
တချိန်ကမျက်လုံးချင်းဆုံ ရင်ခုန်ချင်ခဲ့ကြတဲ့သူတို့နှစ်ဦးဟာ ခုတော့မျက်လုံးချင်းမဆုံအောင်ရှောင်နေကြတယ်။
တနေ့အခြားဝန်ထမ်းများရုံးဆင်းသွားတဲ့နောက် ဝင်းမာကဆရာလေးကိုရင်ဆိုင်လိုက်တယ်၊ကြီးဒေါ် ကြီးရဲ့အကြံပြုချက်အတိုင်းလိုက်နာဖို့သူမဆုံးဖြတ်ထားပြီးပြီ။
‘ဝင်းမာတို့ကိစ္စကို ဘယ်လိုစီစဥ်ထားလဲအကို၊ဝင်းမာဘာလုပ်ရမလဲ’
ဆရာလေးကဝင်းမာကိုမကြည့်၊ညှိုးငယ်တဲ့မျက်နှာနဲ့အဝေးတနေရာကိုကြည့်ပြီး-
‘အကို့ကို မေ့လိုက်ပါတော့ ညီမ၊အကိုကညီမနဲ့မတန်ပါဘူး၊အကို့ထက်သာတဲ့သူတွေ ညီမရနိုင်ပါတယ်၊အမေတို့မြေးအဖွားကို အကိုပြန်ပြီးစောင့်ရှောက်ရဦးမယ်’
‘အို..ဘာမှမကြားချင်ဘူး၊အပိုတွေပြောမနေနဲ့၊အစကတည်းက အတည်ကြံတာမှမဟုတ်တာ’
‘ဖြန်း’
ဝင်းမာဟာ တချိန်က သူမတယုတယကိုင်တွယ်ပွတ်သပ်ခဲ့တဲ့ဆရာလေးရဲ့ပါးပြင်ကို အားကုန်လွှဲရိုက်ပြီး ရုံးပေါ်ကပြေးဆင်းခဲ့တယ်။
နာကျည်းရွံမုန်းစိတ်တွေက ရင်နှင့်မဆန့်၊အချစ်ကြောင့်တဒင်္ဂငုပ်လျှိုးနေခဲ့တဲ့ဝင်းမာရဲ့အရှက်၊ဂုဏ်သိက္ခာ၊မာနတွေခေါင်းထောင်ထလာခဲ့တယ်။
သူမရဲ့အချစ်ကိုတန်ဖိုးမထား လှည့်စားရက်တဲ့ဆရာလေးကိုခြေသလုံးဖက်ပြီးမတောင်းပန်လိုတော့။
သူတို့နှစ်ဦးရဲ့အဖြစ်က အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်ခဲ့ရတယ်။
‘ချစ်တော့လည်းသူ မုန်းတော့လည်းသူ’လို့ ဆိုရလေမလား….
ဝင်းမာက ဆရာလေးကို မုဒိန်းမှုနဲ့တိုင်ကြားတော့ နေရပ်ကိုပြန်တော့မဲ့ဆရာလေးကိုသက်ဆိုင်ရာက ဖမ်းဆီးခဲ့တယ်။
ဝင်းမာတို့ဘက်ကအသံတွေထွက်လာတယ်။
‘လူမဆန်တဲ့ကောင်၊အလုပ်ပြုတ်ထောင်ကျအောင်လုပ်ပစ်မယ်’
ဒီလိုအဖြစ်မျိုးကြုံရဖူးတဲ့အခြားမိန်းကလေးတွေပတ်ဝန်းကျင်ကိုရှက်ကြောက်လို့ အိမ်ထဲကအိမ်ပြင် မထွက်ရဲဘဲရှိချင်ရှိမယ်၊ဝင်းမာကတော့ ခေါင်းမော့ ရင်ကော့လျက်။
ဝင်းမာတို့မိသားစု အမှုရင်ဆိုင်ဖို့တရားရုံးကိုအခေါက်ခေါက်သွားခဲ့ရတယ်။
ဦးလှမြင့်ဟန်ကလက်ထိပ်တန်းလန်းနဲ့ညှိုးငယ်နွမ်းလျ ခေါင်းငိုက်စိုက်ကျနေခိုက်မှာ…
အချစ်ကြီးလို့အမျက်ကြီးတဲ့ဝင်းမာကတော့ဝတ်ကောင်းစားလှနဲ့ကျေနပ်အားရ ရွှင်ပျပျ။
တချိန်က ချစ်မေတ္တာအပြည့်နဲ့ဆရာလေးကိုရွှန်းရွှန်းစားစားကြည့်ခဲ့တဲ့ဝင်းမာရဲ့မျက်လုံးတွေဟာ ခုချိန်မှာတော့ အမုန်းတရားတွေနဲ့’ကမ္ဘာမကြေ’ လို့ဟစ်ကြွေးနေသယောင်…
ဝင်းမာဟာ သူမရဲ့ရှေ့နေသင်ကြားပေးတဲ့အတိုင်း တရားရုံးတော်မှာ အစာကိုမလွတ်တမ်းခဲမဲ့ကျားရဲမလေးအလား မရှက်မကြောက် ရဲရဲတင်းတင်း ထွက်ဆိုခဲ့တယ်။
တခါကချစ်သူနှစ်ဦးရဲ့ကြည်နူးဖွယ်အမှတ်တရများဟာ ခုတော့ စက်ဆုပ်ဖွယ် နာကျည်းဖွယ်အဖြစ်ဆိုးများအသွင်နဲ့ပေါ့။
ဒီအမှုဟာ ဝင်းမာရဲ့ဘဝတခုလုံးနဲ့ရင်းထားရပြီး အမှုအနိုင်အရှုံးဟာ သူမအနာဂတ်ရဲ့အဆုံးအဖြတ်ပဲလေ။
‘မုဒိန်းမှု’မဟုတ်မှန်း အများသူငါသိကြပေမယ့်
ဦးလှမြင့်ဟန်ဟာအလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ခံခဲ့ရတယ်။
သူဟာဝင်းမာရဲ့ချစ်ခင်ယုယမှုတွေကိုနှစ်သက်ခုံမင်စွာခံစားခဲ့ရသလို နာကျည်းမုန်းတီးတဲ့ပြစ်ဒဏ်ကိုလည်းနာကျင်စွာခံစားရပေဦးမယ်။
တရားခွင်ကမထွက်ခွာမီ ဝင်းမာဟာရဲရဲတောက်အောင်ဆိုးထားတဲ့နှုတ်ခမ်းပါးလေးမှာ အောင်နိုင်သူတို့အပြုံးနဲ့ဦးလှမြင့်ဟန်ကို စိမ်းစိမ်းကြည့်ခဲ့တယ်။
ဦးလှမြင့်ဟန်ကတော့ သေစေလိုတဲ့ဆန္ဒနဲ့အစွယ်ဖြတ်ခံခဲ့ရပေမဲ့ စူဠသုဘဒ္ဒါကိုနားလည်ခွင့်လွှတ်ပေးတဲ့ဆဒ္ဒန်ဆင်မင်းကြီးပမာ အားနည်းဖျော့တော့တဲ့အပြုံးနဲ့ရီဝေစွာ…
ဝင်းမာရဲ့နှလုံးသားဒဏ်ရာ အချိန်တိုအတွင်း ပျောက်ကင်းပါစေ ဆုတောင်းနေသည့်အလား။
တကယ်တော့ အချစ်နဲ့အမုန်းဟာ ‘၃နှင့်၄’ပမာ နှလုံးသားနံရံတဖက်စီမှာ နီးကပ်စွာတည်ရှိနေသည်မဟုတ်ပါလား။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
#အင်ကြင်း (ကသာ)
9.3.2023