ကျွန်စိတ်

 ကျွန်စိတ်

-------------

တနင်္ဂနွေနေ့က မောင်ကျော်စွာ အိမ်ကိုရောက်လာသည်။ စာလာဖတ်ခြင်းဖြစ်သည်။ သူစာဖတ်နေချိန်တွင် ကျွန်တော်က မီးဖိုချောင်ဝင်နေသည်။ သူက ကူညီမည်ဟုဆိုသော်လည်း ကျွန်တော်ကမကြိုက်။ ကျွန်တော်က သူများကူညီသည်ကို စိတ်တိုင်းကျတတ်သူမဟုတ်။ မတတ်နိုင်လျှင်ဝယ်စားလိုက်မည်သာဖြစ်သည်။


ကိုက်လန် တစ်ခွက်ကြော်သည်။ ဖျာပုံက သတင်းထောက်မလေး လက်ဆောင်ပေးထားသည့် ငါးရံ့ ခြောက်ဖုတ်ကို ဆီလေးဆမ်းသည်။ ကျွန်တော့်နေ့လယ်စာက ထိုမျှသာဖြစ်သည်။


ကျွန်တော် ချက်ပြုတ်ပြီး ရေချိုးသည်။ ထို့နောက် အိမ်ရှေ့တွင် အနားယူနေစဉ် မောင်ကျော်စွာက


“ဆရာပင်ပန်းသွားပြီလား” ဟုမေးလာသည်။


“ကိုယ်စားဖို့ကိုယ်လုပ်တာ ပင်ပန်းစရာလားကွယ်”


“ဆရာ ဒါလေးကို တစ်ချက်လောက် ကြည့်ပေးပါလား”


“ကွန်ပျူတာစားပွဲပေါ်မှာ မျက်မှန်သွားယူကွာ”


သူကမျက်မှန်ယူလာပေးသည်။ ကျွန်တော်က သူပြသည့် သတင်းတစ်ပုဒ်ကိုပြသည်။


“ဒီစာပိုဒ်ကို ကျွန်တော်ဘာသာပြန်ကြည့်မယ်ဆရာ”


“လုပ်စမ်းပါဦး”


“အိန္ဒိယစာရေးဆရာက သူတို့နိုင်ငံဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်ရသေးခြင်း အကြောင်းဟာ အစဉ်အလာ တွေကို စွဲမြဲစွာလက်ခံထားလို့ဆိုတာ ဟုတ်သလားဆရာ။ သူက နေ့တိုင်း ကိုးကွယ်မှုဆိုင်ရာ ကုန်ကျစရိတ်တွေ ကိုထောက်ပြပြီးပြောတာဆရာ”


“အင်း … အဲဒီသတင်းကို ငါလည်း ဖတ်ပြီးပြီ။ ဟုတ်ပါတယ် သူထောက်ပြတာတွေလည်း မှန်တာပေါ့။ ဒါပေမဲ့ ဘာသာရေးကိစ္စဆိုတော့ ဘာတတ်နိုင်မလဲကွယ်။ အိန္ဒိယနိုင်ငံမှာသာမကဘူး မြန်မာနိုင်ငံမှာလည်း ကိုးကွယ်မှု ဆိုင်ရာ အမှားတွေအတွက် ငွေကုန်ခံနေကြတာအများကြီးပဲ။ ဟိုတလောက နတ်ကတော်တစ်ယောက်ကို ပိုက်ဆံတွေ တစ်ကိုယ်လုံးဖုံးလုမတတ် ဆက်သနေကြတဲ့ ဗီဒီယိုဖိုင်လေး ကြည့်လိုက်မိတယ်။ ငါလည်း အတော့်ကို အံ့အားသင့်မိတယ်”


“ဆရာ ဒါဆိုရင်ခေတ်နောက်ကျနေပြီ”


“ဘာဖြစ်လို့လဲကွ”


“လူတွေက နတ်ကတော်တွေကိုသာမကဘူးဆရာ ဇာတ်မင်းသားတွေကလည်းကိုလည်း သိန်းထောင်ဂဏန်းနဲ့ ချီအောင် ဆုချနေကြတာ ဆရာမသိသေးဘူး”


“ဟုတ်လား … ငါအဲဒါတွေမသိဘူး”


“ဇာတ်မင်းသားတွေကို ကားဝယ်ပေးတာနဲ့ … ဆုချတာ သိန်း ငါးထောင်ဆိုတာနဲ့။ ရွှေစလွယ် ဆုချတာနဲ့ … အဲဒါတွေ ဆရာမသိသေးဘူး”


“အေး မသိဘူးကွ။ ငါလည်း ပဲခူးသားပါကွာ။ ပဲခူးမှာ ဇာတ်ပွဲတွေကတော့ မင်းသားတွေကို ဆွဲကြိုးတွေဘာတွေ တက်ပြီး ဆွဲပေးတာလောက်တော့ကြားဖူးပါတယ်”


“ခုဟာက အဲဒီထက်ဆိုးတယ်ဆရာရေ မိန်းမတွေကဲနေကြတာ။ အပျိုတွေရော အအိုတွေပါ ထိန်းမနိုင် သိမ်းမရကိုဖြစ်နေကြတာ။ အဲဒီလိုဖြစ်နေကြတာတွေကို ဆရာဘယ်လိုသတ်မှတ်မလဲ”


“ဘယ်လိုမှ မသတ်မှတ်ပါဘူးကွာ။ ငါကတော့ ယဉ်ကျေးမှုဆိုင်ရာဆင်းရဲခြင်းလို့ပဲပြောနိုင်ပါတယ်”


“ယဉ်ကျေးမှုဆိုင်ရာဆင်းရဲခြင်း ဟုတ်လားဆရာ … ရှင်းပြပါဦး”


“မင်းပြောသလို ဇာတ်မင်းသားတစ်ယောက်အတွက် တစ်ညတည်းနဲ့ ငွေကိုရေသွန်သလိုသုံးလိုက်တာမျိုးဟာ အပျော်အာရုံခံစားမှု (Sensory Pleasure) လို့ပြောနိုင်တယ်။ ဒီလိုအရေမရအဖတ်မရ ငွေပုံအောပြီး အပြိုင် အဆိုင်သုံးစွဲခြင်းတွေဟာ စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ အသိဆင်းရဲသူတွေအများစုမှာ ဖြစ်လေ့ရှိတဲ့ ရောဂါ တစ်မျိုးလို့ဆိုရမယ်”


“ကျွန်တော်ကတော့ဆရာရေ … သူတို့ကိုကြည့်ကြည့်ပြီး … ဪ … ပညာရေးအတွက် အဲဒီလိုအပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံပေးရင် ဘယ်လောက်ကောင်းလိုက်မလဲလို့တွေးမိပြီး စိတ်မကောင်းဖြစ်နေတာ”


“အမှန်တော့ တလွဲဆံပင်ကောင်းတဲ့သူတွေဟာ အဖွဲ့အစည်းတိုင်းမှာ ရှိနိုင်တာပဲကွယ့်။ လူတွေက အနှစ်ကို မကြည့်ဘဲ အကာကိုသာကြည့်တတ်အောင် တိုင်းပြည်ကလည်း အသိဆင်းရဲနေကြတာကလား။ လူမှာ ပညာဆင်းရဲရင် ဆင်းရဲတွင်းကနေ ဘယ်တော့မှ ရုန်းမထွက်နိုင်တော့ဘူး။ အဲဒါတွေကြောင့် ပိုက်ဆံရှိပေမယ့် ကိုယ်ပင်ပင်ပန်းပန်း ရှာဖွေထားတဲ့ ပိုက်ဆံတွေကို ဘယ်နေရာမှာသုံးသင့်တယ်ဆိုတာ ကောင်းကောင်း မစဉ်းစားနိုင်တော့ဘူး”


“ကျွန်တော်ကတော့ တိုင်းပြည်အရင်းအမြစ်တွေဟာ အသိပညာကဏ္ဍထဲမစီးဘဲ ခဏတာစိတ်ပျော်ရွှင်မှုထဲကို စီးဆင်းနေရင် မျိုးဆက်သစ်တွေအတွက် အနာဂတ်မလှဘူးလို့ပဲမြင်တယ်ဆရာ”


“မောင်ကျော်စွာ … မင်းမဆိုးဘူးပဲ။ ကောင်းကောင်းတွေးတတ်သားပဲ”


“ဆရာ့တပည့်ပဲဆရာရယ်”


“ပညာဆင်းရဲရင် တိုင်းပြည်ဆင်းရဲတာပဲကွ”


“ကြိုက်လိုက်တာဆရာရယ် အဲဒီစကားကို … ဒါကြောင့် … ဒါကြောင့် … မပြောချင်တော့ပါဘူးဆရာ”


“မင်းမပြောချင်ပေမယ့် ငါကတော့ ပြောရမှာပဲ။ ပညာဆင်းရဲတာဟာ ဆင်းရဲခြင်းအားလုံးရဲ့ အရင်းအမြစ်ကွ။ ပညာဆင်းရဲတော့ သဘာဝသယံဇာတတွေ ဘယ်လောက်ပဲချမ်းသာသည်ဖြစ်စေ ကုန်ကြမ်းအဖြစ် ပေါပေါ ရောင်းစားကြတော့တာပဲ။ ဟော … ပညာရှိတဲ့နိုင်ငံတွေက အဲဒီကုန်ကြမ်းတွေကို ဈေးပေါပေါနဲ့ဝယ်ပြီး နည်းပညာတွေနဲ့ ကုန်ချောတွေထုတ် … ပြီးတော့ အဲဒီကုန်ကြမ်းယူတဲ့နိုင်ငံတွေကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းပြီး ပိုချမ်းသာ၊ ငါတို့ကတော့ မွဲပြီးရင်း မွဲတော့တာပဲကွ”


“ဆရာပြောချင်တာက ပညာဆင်းရဲရင် တန်ဖိုးဆိုတာ နားမလည်တော့ဘူးလို့ပြောတာလားဆရာ”


“မှန်တာပေါ့ … ပညာတတ်တဲ့လူ့ဘောင်အဖွဲ့အစည်းတွေ နိုင်ငံတွေဟာ ပညာရေးနဲ့ ကျန်းမာရေးကို အဓိက ရင်းနှီးမြှုပ်နှံပြီး ရေရှည်ကို မျှော်ကြည့်တတ်ကြတယ်။ ပညာဆင်းရဲတဲ့ နိုင်ငံနဲ့ လူမျိုးတွေကတော့ မှိုင်းဝနေတဲ့ မီးပုံးကြီးလိုပဲ။ တစ်နေ့မှိုင်းကုန်ရင် ပြန်ပြုတ်ကျမယ်ဆိုတာမသိဘဲ ထိုးထိုးထောင်ထောင် မိုးပေါ်ကို မှိုင်းဝချိန်လေးမှာ ထိုးတက်နေကြတာ။ ပြောရရင်ကွာ အပျော်အပါးတွေနဲ့ အဆောင်အယောင်တွေဆိုတာ ပညာရေးနဲ့ ကျန်းမာရေးထက် ဦးစားပေးသင့်တယ်လို့ထင်နေသမျှတော့ တိုင်းပြည်ရဲ့အင်အားတွေကို အလဟသ ဖြုန်းတီးနေသလို ဖြစ်နေမှာပဲ”


“ဆရာပြောတာကျွန်တော်သဘောပေါက်တယ်ဆရာ … ရိုင်းရိုင်းပြောရရင် ကျွန်စိတ်က မလွတ်နိုင်သေးဘူးလို့ ပြောချင်တာလား”


“မှန်တယ်ကွ … ပညာဆင်းရဲရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု (Self-confidence) မရှိတော့ဘူး။ သူတစ်ပါးရဲ့ ဝါဒဖြန့်မှု၊ သူတစ်ပါးရဲ့ လွှမ်းမိုးမှု၊ သူများယောင်လို့ လိုက်ယောင်၊ သူများသွားတဲ့နေရာလိုက်သွား၊ သူများ လုပ်တာ လိုက်လုပ်ကုန်ကြတော့တာပဲ။ ကိုယ့်အားကိုယ်ကိုး တီထွင်လိုစိတ်ထက် ကံကိုပဲ ပုံချတာတွေ၊ လူပုဂ္ဂိုလ်ကိုပဲ ကိုးကွယ်တာတွေလုပ်လာကြပြီး တိုးတက်ဖို့ လမ်းစတွေ ပျောက်ကုန်တော့တာပဲ”


“ကျွန်စိတ်ဆိုတာ ဘာကိုပြောတာလဲဆရာ”


“အရှင်းဆုံးပြောရရင် ကျွန်စိတ်ဆိုတာ ကယ်တင်ရှင်ကိုပဲမျှော်လင့်နေတတ်တဲ့စိတ်ကွ။ ငါတို့ဆင်းရဲသားတွေပဲ တစ်နေ့တော့ ငါတို့ကို ကယ်တင်မယ့်သူ ရောက်လာလိမ့်မယ် … တစ်ယောက်ယောက်က လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်နေတဲ့စိတ်ဟာ ကျွန်စိတ်ပဲ။ ကိုယ့်ဘဝကို အသိပညာ၊ အတတ်ပညာနဲ့ ပြောင်းလဲလိုစိတ်မရှိတာ၊ ကံပေးသမျှ ခေါင်းငုံ့ခံပြီး ပျော်ပျော်နေသေခဲဆိုတဲ့စိတ်ဟာ ကျွန်စိတ်ပဲ။ ငါတို့မှာ ရုန်းကန်ပိုင်ခွင့်မရှိဘူး။ ဒါကြောင့် သေအောင်ရှာ၊ ကုန်အောင်ဖြုန်း၊ ရှိပူနေရသေး ကုန်မှအေး ဆိုတာလည်း ကျွန်စိတ်ပဲကွ”


“ဆရာရယ် ဆရာနဲ့ ဒီနေ့စကားပြောရတာ အားရလိုက်တာ”


“မောင်ကျော်စွာ … မျက်စိမှိတ်ပြီး သူများနောက်မလိုက်နဲ့ကွ … မျက်စိဖွင့်ပြီး ငါသည်သာ ငါ့ဘဝရဲ့ အရှင်သခင် ဆိုတဲ့ စိတ်မျိုးမွေးပြီး ကိုယ်လျှောက်ရမယ့်လမ်းကိုသာလျှောက်”


“စိတ်ချပါဆရာ”


တင်ညွန့်


၂၀.၁.၂၀၂၆