မောင်တစ်ထမ်း မယ်တစ်ရွက်

 မောင်တစ်ထမ်း မယ်တစ်ရွက်

---------------------------------

ကျွန်တော်တာဝန်ကျရာရွာတွင် နှစ်စဉ် နှစ်ဆန်း ၁ ရက်နေ့တိုင်း သက်ကြီး ပူဇော်ပွဲကို ပြုလုပ်လေ့ရှိသည်။ များသောအားဖြင့် ၇၀ ကျော်တွေကို ကန်တော့ငွေများနှင့်အတူ ကန်တော့ကြသည်။ ကန်တော့ပွဲကိုလည်း ကျွန်တော့် မူလတန်းကျောင်းလေးတွင်သာ ပြုလုပ်လေ့ရှိသည်။


ရွာက ရေလည်းရှားသဖြင့် သင်္ကြန်တွင် ရေကစားသူ သိပ်မရှိကြပေ။ ရေကလည်း နွေဆိုလျှင် ဘုန်းကြီး ကျောင်းထဲက ရေချိုတွင်းတစ်တွင်းကိုသာလျှင် သောက်ရေအတွက် အားကိုးနေကြရသည်။ ချိုးရေကတော့ ညနေစောင်းလျှင် ချောင်းထဲဆင်းကာ လက်ယက်တွင်းလေးတွေမှာ ရေစစ်ပြီး ချိုးကြသည်။ သုံးရေမှာလည်း လက်ယက်တွင်းရေကိုသာ ရေထမ်းပြီး ရွာထဲကို ယူရသည်။


ရွာ၏ ကန်တော့ခံ သက်ကြီးရွယ်အိုများထဲတွင် ထူးခြားသည့် အဘိုးနှင့် အဘွားနှစ်ယောက်ရှိသည်။ အဘိုးနာမည်က ဦးစိန်ဖိုးဖြစ်သည်။ သူ့မိဘတွေက ဦးဖိုးစိန်ကို နှစ်သက်သဖြင့် ပြောင်းပြန် စိန်ဖိုးဟု ပေးခဲ့ခြင်း ဖြစ်ကြောင်း မကြာခဏပြောသည်။ သူ့အသက်က ၉၈ နှစ်ဖြစ်သည်။ သူ့မှာမှတ်ပုံတင်လည်း ရှိသည်။ ထိုအထောက်အထားအရ အမှန်ပင်ဖြစ်သည်။


နောက်တစ်ဦးကတော့ အဘွားဒေါ်မြရင်ဖြစ်သည်။ အငြိမ့်မင်းသမီး လေဘာတီမမြရင်ကို အားကျပြီး မှည့်ခေါ်ခဲ့ သော နာမည်ဖြစ်သည်ဟုဆိုသည်။ အဘွား အသက်က ၈၉ နှစ်ဖြစ်သည်။ နှစ်ယောက်စလုံးမှာ ဇာတ်ရူးတွေ လည်းဖြစ်သည်။ ဘယ်ရွာမှာ ဆိုင်း၊ အငြိမ့်ရှိသည်ဟုကြားလိုက်သည်နှင့် ရှေ့ဆုံးကရောက်ပြီးသားဖြစ်သည်။


ပြောရဦးမည် ရွာတွင် အသက်အကြီးဆုံး ထိုနှစ်ဦးမှာ လင်မယားတွေလည်းဖြစ်နေခြင်းပင်။


ကျွန်တော်က ဦးစိန်ဖိုးအိမ်ကို မကြာခဏအလည်သွားတတ်သည်။ အဘစိန်ဖိုးသည် စကားလည်း အပြောကောင်းသလို ဇာတ်ဟန်လေးနှင့် နဘေကာရန်တွေထပ်ကာ ပြောဆိုပုံမှာ အလွန်နားထောင်ကောင်း သည်။ ထို့ကြောင့် ကျောင်းပိတ်ရက်တွေဆိုလျှင် ရွာလယ်ရှိ သူတို့အိမ်ကိုသွားပြီး လည်လျှင် ဗဟုသုတလည်းရ သည်။


သူတို့မှာ လယ်တွေကိုင်းတွေကို သားသမီးတွေက ဦးစီးလုပ်ကိုင်ကျွေးနေသောကြောင့် မပူမပင် မကြောင့်မကြ နေနိုင်သည်။ အိမ်ဝိုင်းကြီးထဲ၌ အိမ်ထောင်တွေ အသီးသီးကျပြီး သားသမီး ၇ ယောက်သည် အိမ်လေးတွေနှင့် နေကြသည်။ သူတို့အဖေနှင့်အမေကို အိမ်ဝိုင်းအလယ်တည့်တည့်ရှိ နှစ်ထပ်အိမ်ကြီးတွင် မပူမပင်ရအောင် ထားကြသည်။


ကျွန်တော် ကျောင်းပိတ်တိုင်း ထိုအိမ်သို့လည်ရခြင်း အခြားအကြောင်းတစ်ချက်မှာ ဦးစိန်ဖိုးနှင့် အပျင်းပြေ ကျားထိုးရခြင်းကြောင့်လည်းပါသည်။ ကျားထိုးရင်း အဘွားဒေါ်မြရင် သုပ်ကျွေးသော လက်ဖက်သုပ်လည်း စားရင်း၊ ရှေးဟောင်းနှောင်းဖြစ်တွေလည်း ပြောရင်းဖြစ်သည်။


တစ်နေ့ ဦးစိန်ဖိုးအိမ်ကို ကျွန်တော်လာရင်း


“အဘ … အဘကို မေးစရာရှိတယ်” ဟုပြောလိုက်သည်။ သူက


“မေးစရာရှိ၊ ပြေးမကြာသိရမှာပေါ့ဆရာ။ ဆို … ဘာများလဲ”


“အဘက အသက် ၁၀၀ နီးပြီနော်”


“၉၈ ပါဆရာ”


“အဘွားဒေါ်မြရင်က ၈၉ နော်”


“ဟုတ်ပါ့”


“အဘတို့ ဇနီးမောင်နှံ ဘာဖြစ်လို့ ဒီလောက်တောင် အသက်ရှည်ကြတာလဲ။ ကျွန်တော် အသက် ၉၀ ကျော်တန်းတွေ တွေ့ဖူးပါတယ်။ ဒီအရွယ်ကြီးတွေမှာ မလုပ်နိုင်၊ မကိုင်နိုင်ကြတော့ဘူး။ အဘတို့ကတော့ ကျွန်တော်ကြည့်နေတယ် ထင်းပေါက်၊ ရေဆွဲ၊ နွားစာကျွေး မနားတမ်းလုပ်နေကြတာတွေ့ရတယ်။ ဘာဆေး တွေမှာ မှီဝဲနေလို့ ဒီလောက်တောင် သက်ရှည် ကျန်းမာ အားသန်နေကြရတာလဲ။ ဆေးကောင်းတစ်ခုတော့ ရှိရမယ်”


“ဪ ဆရာက အသက်ရှည်ဆေးကို သိချင်သပေါ့”


“သိချင်လို့ပါခင်ဗျာ”


“ကောင်းပြီလေ ဒီလိုတော့ ရိုးရိုး မပြောနိုင်ဘူး”


“ရိုးရိုးမပြောရင် ဆန်းဆန်းပြော”


“ဟိုမှာ နေလှန်းထားတဲ့ထင်းတွေကို မီးဖိုထဲသွင်းရဦးမယ်။ ဝိုင်းကူပေး”


“လုပ်ပေးရမှာပေါ့”


အဘိုးစိန်ဖိုးသည် အသက် ၁၀၀ နီးနေသော်လည်း ကျွန်တော့်ထက်ပင် သွက်နေသည်။


ထင်းတွေကို မီးဖိုချောင်ထဲတွင် သွင်းပေးပြီးနောက် ကျွန်တော်တို့ အိမ်ဘေး မန်ကျည်းပင်အောက်ရှိ ကွပ်ပျစ်တွင်ထိုင်နားကာ ရေနွေးကြမ်းသောက်ရင်း လက်ဖက်စားကြသည်။ အဘစိန်ဖိုးက


“စောစောက ဘာဖြစ်လို့ အသက်ရှည်သလဲလို့ မေးလိုက်ပုံရတယ်”


“ဟုတ်တယ်လေ”


“ကောင်းပြီ ပြောမယ် … လာလိုက်ခဲ့”


အဘစိန်ဖိုးကခေါ်သွားသဖြင့် အိမ်နောက်ဘက်ကို ရောက်လာကြသည်။ အဘက


“ဒါတွေကြောင့်ပဲ”


အိမ်နောက်ဘက်တွင် ရာဝင်အိုးကြီးတွေကို သုံးလုံးတစ်တန်း၊ ခြောက်လုံးစီထားသည်ကို အဘက လက်ညှိုးထိုးကာ ပြောလိုက်ခြင်းဖြစ်သည်။


“အဘ ဘာလဲ အဲဒီအထဲမှာ ဆေးဖော်ထားတာတွေရှိလို့လား”


“မဟုတ်ဘူးဗျ … ရေတွေလှောင်ထားတာ”


“ရေတွေအိုးအားလုံးမှာ အပြည့်လားအဘ”


“အင်းပေါ့ … မယုံရင် လိုက်လှန်ကြည့်လေ”


အဘက အနီးမှ အိုးတစ်အိုးပေါ်တွင် အုပ်ထားသော ဆန်ကောခုံးတစ်ချပ်ကို လှပ်ပြလိုက်သည်။ အထဲတွင် ရေတွေ အပြည့်ဖြစ်သည်။


“ဒီရေတွေကို သောက်လို့ အသက်ရှည်တာလားအဘရယ်”


“မဟုတ်ဘူးဆရာ … ရေထမ်းရတာ … ရေရွက်ရတာ”


“ကျွန်တော်တော့ နားမလည်ဘူးအဘရာ”


“ဒီလိုဆရာရေ … ကျုပ်နဲ့ မြရင်နဲ့ မညားခင်ကတည်းက ဒီအိုးတွေရှိတာ။ ဒါ မြရင်မိဘတွေ လက်ထက် ကတည်းက ရာဝင်အိုးတွေပေါ့။ ကျုပ်တို့က အိုးတွေကိုသာ အမွေဆက်ခံတာမဟုတ်ဘူး။ ဓလေ့တွေကိုပါ အမွေ ဆက်ခံ လက်ဆင့်ကမ်းခဲ့ကြတာ”


“ဘယ်လိုများလဲအဘရာ စိတ်ဝင်စားစရာ”


“ကျုပ်နဲ့ မြရင်ယူတော့ မိဘတွေက အမွေအပြင် ဓလေ့ကိုပါ တစ်ခါတည်းပေးတာ”


“ဓလေ့ဟုတ်လား”


“ဟုတ်ပ … အဲဒီ ဓလေ့က လင်မယား စိတ်ဆိုးရန်ဖြစ်ရင် လင်က ရွာဦးကျောင်းမှာ ရေ ၁၀ ထမ်း ခပ်ရမယ် ဆိုတာပဲ”


“အဘရယ် ရန်ဖြစ်တယ်ဆိုတာ တစ်ယောက်တည်း ဖြစ်လို့ရတာမှ မဟုတ်တာ”


“မှန်ပါ့ … ကျုပ်တို့ လင်မယား ရန်ဖြစ်တာနဲ့ ကျုပ်လည်း ရေပုံးဆွဲ၊ ထမ်းပိုးနဲ့ ရေထမ်းထွက်ရသလို … ကျုပ်မယားကလည်း နောက်ကနေ ရေပုံးရွက်ပြီး လိုက်ရသဗျ။ သူလည်း ကျုပ်လိုပဲ ၁၀ ခေါက်ရွက်ရတယ်”


“ဟာ အဆန်းပဲ အဘရာ။ ကျွန်တော်ဆို ရန်ဖြစ်ရဲမှာ မဟုတ်ပေါင်”


“ဘယ်နေမလဲ ဖြစ်တာမှ တကျက်ကျက်။ ကျုပ်က ခုထိရေထမ်းနေရတုန်း သူလည်း ရေရွက်ရတုန်း။ သားသမီး တွေက ငိုယိုပြီး မထမ်းပါနဲ့၊ မရွက်ပါနဲ့ပြောလည်း ကျုပ်တို့ဘယ်နေမလဲ နောင်ဂျိန်ချတာပဲ။ အဲဒီဓလေ့ဟာ ကျုပ်တို့သာ မဟုတ်ဘူးနော်။ သားတွေ သမီးတွေ ချွေးမတွေ သမက်တွေ ရန်ဖြစ်လည်း ရေထမ်း၊ ရေရွက်ပဲ။ ဒါကြောင့် ကျုပ်တို့နဲ့ တစ်အိမ်တည်း မနေကြတာ။ သူတို့ဘာသာဖြစ်ရင် တိုးတိုးတိတ်တိတ်ဖြစ်ကြသပေါ့”


“အဆန်းပဲ အဘရာ”


“အဲဒါ ပြောရဦးမယ် … အဘွားကြီးနဲ့ ကျုပ်ကလည်း ဘယ်တော့မှ တည့်တယ်ရယ်လို့ မရှိဘူး။ အရင်လို နေ့တိုင်းမဖြစ်တောင် တစ်ပတ်တစ်ခါလောက်တော့ ဖြစ်ကြတာ”


သူတို့ရေထမ်း ရေရွက်ရသည်ဆိုသော ရွာဦးကျောင်းရေတွင်းမှာ အတော်လေးဝေးသည်။ ကျွန်တော်လို အားကောင်းမောင်းသန်ပင် တစ်ထမ်းဆိုလျှင် ခါးချည့်သည်။ 


“အဲဒါ ကျုပ်ဘာလို့ အသက်ရှည်ရသလဲဆိုတဲ့ အဖြေပဲ”


အဘဦးစိန်ဖိုးက ပြောပြောဆိုဆိုနှင့် ရေနွေးတစ်ငုံသောက်ကာ လက်ဖက်စားသည်။


တစ်ရွာလုံးပြောစမှတ်ကိုလည်း ကြားနေရသည်။ ထိုလင်မယားနှစ်ယောက် ယနေ့အထိ ရေထမ်း၊ ရေရွက် နေသေးသည်ဆိုသည့် သတင်းမှာ အမှန်ပင်။


ထိုစဉ် အဘွားဒေါ်မြရင်ရောက်လာသည်။


“ကိုစိန်ဖိုး”


“ဘာလဲ”


“မိုးရွာတော့မယ် ထင်းတွေကို မီးဖိုချောင်ထဲ သွင်းပြီးပြီလား”


“ငါ့ကို အလကားနေတယ်ထင်နေလို့လား”


“သိဘူးလေတော်”


“ဘာလဲ နင်က စိတ်ဆိုးတာလား”


“ဆိုးဝံ့ပေါင်တော်”


“ဟင်း … ဟင်း”


အဘစိန်ဖိုး ဘာကြောင့်ဟင်းသည်ဆိုခြင်းကို ကျွန်တော် နားလည်သလိုပင်။


လင်မယားနှစ်ယောက်စလုံး အသက် ၁၀၀ စွန်းစွန်းတွင် ကွယ်လွန်သွားကြသည်။ မကြာခဏ ရေထွက်ထမ်းကြ သည်။


တင်ညွန့်


၈.၉.၂၀၂၅