မျက်ရည်စိုတဲ့နှင်း *(စ/ဆုံး)
———————-
လက်ဆွဲခြင်းကိုဆွဲ၊ပိုက်ဆံအိတ်ကိုအနွေးထည်အိတ်ကပ်ထဲထိုးထည့်၊ ကတ္တီပါဖိနပ်အညိုရောင်လေးကိုစီးပြီး ကျော့ကျော့မော့မော့လေးနဲ့ စျေးဘက်ကိုထွက်ခဲ့တယ်။
ဆောင်းရာသီဆိုရင် အေးလွန်းတော့ မနက်စောစောစျေးသွားရတာကိုကျွန်မမကြိုက်။
မကြိုက်လည်းမတက်နိုင်။ စျေးဆိုတာမျိုးက စောစောသွားမှ ကောင်းတာရတာ။
နေမြင့်မှသွားရင်တော့ သူများအရွေးကျပဲရတတ်တာမဟုတ်လား။
ဒီရပ်ကွက်လေးကို ရောက်တာ တစ်လကျော်ကျော်လေးပဲကြာသေးတော့ ကျွန်မအတွက် နည်းနည်းစိမ်းနေသလိုပါပဲ။
ဒါပေမယ့် စျေးကကျယ်ပြီးစုံတော့ စျေးဝယ်ရတာတော့ ပျော်စရာအကောင်းသား။
လျှောက်လာရင်းနဲ့ စျေးဝရောက်တော့ ဟင်းသီးဟင်းရွက်တန်းကို အရင်ဝင်လိုက်တယ်။
ဝင်လိုက်တယ်ဆိုရင်ပဲ စျေးသည်တွေရဲ့အသံကိုညံနေအောင်ကြားရတော့ပါပဲ။
ဒီရပ်ကွက်ကိုရောက်တာမကြာသေးဘူးဆိုပေမယ့်
ဒီကိုစရောက်ထဲက နေ့တိုင်းစျေးကိုလာနေကျဖြစ်လို့ ဘယ်အသည်ရဲ့အသံကဘယ်လိုဆိုတာတောင်
ကျွန်မအတော်လေး အလွတ်ရနေပါပြီ။
ဒီအသံတွေကို အရင်နေ့တွေကလည်းကျွန်မကြားနေကျဖြစ်လို့ သိပ်ပြီးလှည့်ကြည့်မနေတော့ဘူး။
ဘူးသီးဆိုင်ရှိရာကိုပဲ တစိုက်မက်မက်လျှောက်ခဲ့တယ်။
လျှောက်လာနေရင်း စျေးသည်တွေရဲ့ အသံကြားမှာ အရင်နေ့တွေက ကျွန်မကြားနေကျမဟုတ်တဲ့ အသံကိုကြားလိုက်ရတယ်။
” ချဥ်ပေါင်ရွက် ဝယ်ကြဦးမလား ! ”
ကြားလိုက်တာနဲ့ စျေးသည်အသစ်ဆိုတာသိလိုက်တော့ လှမ်းနေတဲ့ခြေလှမ်းကိုရပ်ပြီး အသံလာရာကိုကြည့်မိလေရဲ့။
အို………ကလေးတစ်ယောက်ပါလား။
အရွယ်က ဆယ်နှစ်သာသာလောက်ပဲရှိလိမ့်မယ်ထင်။
သူ့ကိုမြင်တော့ အနေကွဲကွာသွားပြီဖြစ်တဲ့ ကျွန်မရဲ့သားလေးကို သတိရမိသွားတယ်။
ကျွန်မသားလေးလည်း ခုဆိုရင် သူ့အရွယ်ပေါ့။
ကျွန်မသားလေးနဲ့ ရွယ်တူလောက်ရှိမယ်ထင်လို့
သူ့ကိုကြည့်ပြီးကရုဏာသက်မိပါတယ်။
သူ့ခမျာ ဆင်းရဲပုံရတယ်။ အနွေးထည်မပါရှာဘူး။
ဘောင်းဘီတို ညစ်နွမ်းနွမ်းလေးရဲ့အထက်မှာ
ဝတ်ထားတဲ့အင်္ကျီက အတော်နွမ်းနေတဲ့ ချိုင်းပြတ်ချည်ထည်လေး။ ခြေကလည်းဗလာ။
ဒီလောက်အေးတဲ့ဆောင်းရာသီမှာ အနွေးထည်ဝတ်ထားရင်တောင် တော်ရုံပဲနွေးတာ။
သူ့မှာတော့ အနွေးထည်တောင်မပါတော့ သူဘယ်လောက်များအေးနေရှာမလဲ ။
ဆာလာအိတ်အခင်းပေါ် ဒူးတုပ်ကျုံ့ထိုင်ပြီး ချဥ်ပေါင်စည်းအပြည့်ထည့်ထားတဲ့စကောကို မြေပေါ်မှာပဲချရောင်းနေတဲ့ သူ့ကိုကြည့်ရင်း ကျွန်မစိတ်ထဲမှာအလိုလိုသနားမိလာတယ်။
ဒါနဲ့ပဲ သူ့ဆီကချဥ်ပေါင်ဝယ်လိုက်ပါဦးမယ်လေဆိုပြီး သူ့ဆီသွားတော့တာပါပဲ။
သူက သူ့ဆီကိုဝယ်သူလာပြီဆိုတဲ့ အားရဝမ်းသာမျက်နှာကလေးနဲ့ ကျွန်မကိုပြောတယ်။
” အန်တီ ချဥ်ပေါင်ဝယ်မလို့လား ”
မဲပြောင်နေတဲ့သူ့မျက်နှာပေါ်က အပြုံးလေးနဲ့ကျွန်မကိုမေးလာတော့ ကျွန်မလည်းပြုံးမိသွားလေရဲ့။
“အေးကွယ်…..တစ်စည်းဘယ်လောက်လဲကွဲ့”
” တစ်ရာထဲပါအန်တီ ဘယ်နှစ်စည်းယူမှာလဲ ”
ချဥ်ပေါင်တစ်စည်းတစ်ရာဆိုတော့ ကျွန်မရဲ့မျက်လုံးက ချဥ်ပေါင်စည်းဆီရောက်သွားပြီ။
ရိုးတံကိုဖြတ်ပြီးစည်းထားချဥ်ပေါင်တွေက နုနုထွားထားတွေချည်း။
စည်းထားတာကလည်း တစ်စည်းတစ်ရာနဲ့မတန်အောင် များနေလေခြင်း။
” ဟယ် ! တစ်ရာပဲလား မြတ်ရောမြတ်ရဲ့လားကွယ်၊ စည်းထားတာကလည်း တစ်စည်းကိုအများကြီးပဲ ”
ဒီလိုပြောတော့ ကောင်လေးက သူရဲ့မဲညစ်ညစ်မျက်နှာလေးနဲ့ အားရပါးရပြုံးပြီးပြောတော့တာ။
” သားတို့ခြံထဲမှာ အပေါဆုံးကချဥ်ပေါင်ပဲ အန်တီရဲ့ ၊ သားတို့ခြံထဲကချဥ်ပေါင်တွေက တုံးသွားတယ်ကိုမရှိဘူးဗျ ၊ သားအမေဆိုရင် မကြာမကြာပြောတယ် ၊ ချဥ်ပေါင်တုံးမှ အောင်မုန်းပြန်လာမယ်တဲ့ ၊
ချဥ်ပေါင်ကလည်းမတုံးတော့ အမေပြောတဲ့ အောင်မုန်းဆိုတဲ့လူလည်းပြန်မလာပါဘူးအန်တီရယ်….. ဟဲဟဲဟဲ …….”
ဘာရယ်မဟုတ်ပေမယ့် သူ့စကားကြောင့်ကျွန်မလည်းအသံထွက်အောင် ရယ်မိသွားတယ်။
ပြောလည်းပြောတတ်ပါ့။
ဘာကြောင့်လဲတော့မသိ ကျွန်မသူနဲ့ဆက်ပြီးစကားပြောချင်နေမိတယ်။
မတ်တပ်ရပ်ပြောရတာ အားမရလို့ သူ့ရှေ့မှာငုတ်တုတ်ထိုင်ပြီး ဆက်ပြောတော့မယ်ပေါ့။
ဆိုတော့ ကျွန်မသူ့ရှေ့မှာ ဆွဲခြင်းကိုချ၊ ငုတ်တုတ်ထိုင်ပြီး သူ့ကိုစကားဆက်ပြောတယ်။
” သားကိုအန်တီ အရင်နေ့တွေကဒီမှာမတွေ့ပါဘူး ၊ ဒီနေ့မှ စရောင်းတာလား ”
” မဟုတ်ဘူးအန်တီရဲ့ သားကဟိုးအရင်ထဲက အသားတန်းမှာ အရောင်းကူလုပ်ပေးတယ်၊ နောက်တော့ အဲ့ဆိုင်ရှင်က ဆိုင်အပြီးပိတ်လိုက်တော့ သားလည်း ခြံထဲကရှိတာခူးရောင်းလိုက်တာ ၊ အစကတော့ချဥ်ပေါင်ရွက်လာရောင်းတာသားအမေလေ ၊ အခုတလော အမေကခဏခဏနေမကောင်းဖြစ်နေလို့ သားပဲလာရောင်းလိုက်တာ ”
ဒီလိုဆို သူအလုပ်လုပ်နေတာကြာပြီမှန်းကျွန်မ သိလိုက်ရတော့ ပိုလို့တောင်သနားသွားရပြန်တယ်။
” သားကဒီရပ်ကွက်ပဲလား ”
“ဟုတ် အန်တီ၊ ဟူး ! …… ချမ်းလိုက်တာ ”
သူပြန်ဖြေနေရင်းက အေးလွန်းလို့သူ့လက်ဖဝါးနှစ်ဖက်ကိုပွတ်ပြီးတော့ပြောတာ ချမ်းလိုက်တာတဲ့။
အဲ့ဒီအခါမှ ကျွန်မသတိရသွားတာက သူ့မှာ အနွေးထည်မရှိဘူးဆိုတာပဲ။
” အနွေးထည်လည်းမဝတ်ထားတော့ချမ်းတာပေါ့ကွယ် ၊ အန်တီသားအတွက် အနွေးထည်တစ်ထည်ဝယ်ပေးမယ်နော် ”
” မဝယ်ပေးပါနဲ့အန်တီ ရပါတယ်။ အမေသိရင်သားအဆူခံနေရမယ်အန်တီရဲ့ ၊ အမေက သူများပေးတာကို သူမသိပဲမယူရဘူးလို့ပြောထားတယ် ”
ကျွန်မကစေတနာရှိလို့ဝယ်ပေးမယ်ပြောပေမယ့်
သူကငြင်းနေတော့ ကျွန်မလည်းဆက်မပြောတော့ဘူး။
သူ့ရဲ့စကားကိုထောက်ကြည့်ရင် သူရဲ့အမေဟာရိုးသားဖြူစင်သူတစ်ယောက်မှန်းကျွန်မ ခန့်မှန်းလို့ရနေပြီ။
သူ့စကားကြောင့်ပဲ ကျွန်မ သူ့ဘဝ သူ့မိသားစုအခြေနေကို သိချင်တဲ့ စိတ်တွေကပြင်းပြလာတယ်။
” သားတို့အိမ်က ဘယ်နားမှာလဲ အန်တီကိုပြောပြပါလား၊ အန်တီလာလည်မလို့ ”
” အိမ်ကစာသင်ကျောင်းနဲ့နီးတယ်အန်တီ၊ အောင်မဲညိုလို့မေးလိုက်တာနဲ့ အကုန်သိတယ် ”
နာမည်ကအောင်မဲညိုဆိုပါလား။
ကျွန်မပြုံးရပြန်ပြီ။
” မနက်ဖြန်ညနေ အန်တီသားတို့အိမ်လာလည်မယ်နော်၊ အခုအန်တီ ချဥ်ပေါင်ငါးစည်းဝယ်မယ် ၊ ဆွဲခြင်းမဆံ့လို့နော် ဆံ့လို့ကတော့ အန်တီအကုန်ဝယ်မှာ ”
ကျွန်မစကားကြောင့် သူလည်းရယ်ပြီး ဆွဲခြင်းထဲကိုချဥ်ပေါင်ငါးစည်းကောက်ထည့်ပေးတယ်။
” ငါးစည်းနော်အန်တီ ”
” ဟုတ်ပြီ ရော့ တစ်ထောင် ၊ ငါးရာပြန်မအမ်းနဲ့တော့နော် သားအတွက်မုန့်ဖိုးယူလိုက် ၊ အန်တီသွားပြီနော် တာ့တာ ”
” ဗျာ … အန်တီ … နေဦးလေ … အန်တီ ”
ကျွန်မပေးလိုက်တဲ့ပိုက်ဆံတစ်ထောင်ကိုင်ပြီး သူကျွန်မကိုလှမ်းခေါ်တော့တာ။
ကျွန်မလည်း သူ့ကိုမုန့်ဖိုးရစေချင်လို့ သူပြန်ခေါ်တာကို မကြားယောင်ဆောင်ပြီး ဆက်သွားခဲ့လိုက်တယ်။
(၂ )
” အိမ်ရှင်တို့ ရှိလားရှင့် ”
စာသင်ကျောင်းရဲ့အနောက်ဘက် အိမ်လေးအိမ်ကိုကျော်လွန်ပြီး သရက်ပင်တွေနဲ့အရိပ်ကောင်းနေတဲ့
ခြံလေးကိုတွေ့ရတော့ ကျွန်မလည်းခြံထဲဝင်ပြီး အသံပေးလိုက်တယ်။
ကျွန်မအသံပေးလိုက်တယ်ဆိုရင်ပဲ ပိန်ပိန်ပါးပါး၊ အသားညိုညိုနဲ့ ကျွန်မထက်အသက်ကြီးပုံရတဲ့ အမျိုးသမီးတစ်ယောက်ထွက်လာတယ်။
အောင်မဲညိုရဲ့အမေပဲထင်ပါရဲ့။
လူကိုတွေ့တော့ကျွန်မလည်း အိမ်ထဲကိုသွား၊
အောင်မဲညိုရဲ့အိမ်ဟုတ်မဟုတ် မေးတာပေါ့။
” အစ်မ အစ်မကအောင်မဲညိုရဲ့အမေလား ”
” ဟုတ်တယ်လေညီမရဲ့ ၊ ညီမက အစ်မသားနဲ့သိလို့လား၊ ညီမကိုလည်း အစ်မတစ်ခါမှမမြင်ဖူးပါဘူး ”
အေးဆေးဖြည်းညင်းတဲ့စကားသံနဲ့ ဖျော့တော့နေတဲ့ သူမရဲ့မျက်နှာကိုကြည့်ရုံတင် ကျန်းမာရေးမကောင်းသူမှန်း တန်းသိလိုက်တယ်။
အဝတ်စားက ဖာထေးထားတဲ့အရာတွေ ဗရပွ။
အိမ်ကလည်း တဲသာသာ။ ခြံကတော့ မဆိုးဘူးပြောရမယ်။ ကျယ်တော့ကျယ်သား။
သူမကိုမြင်တော့ ကျွန်မသူတို့သားအမိကိုပိုပြီးသနားသွားရတယ်။
ကျန်းမာရေးမကောင်းလို့ ဘယ်မှအသွားဖြစ်ဘူးထင်ပါ့။ ကျွန်မကိုလည်းမမြင်ဖူးဘူးတဲ့လေ ။
အင်းလေ ……ကျွန်မကလည်း ဒီဘက်အပိုင်းကိုတစ်ခါမှမလာဖူးဘူးပဲကိုး။
” ဟုတ်တယ်အစ်မရဲ့ ကျွန်မက ဒီရပ်ကွက်ကိုပြောင်းလာတာ နှစ်လလောက်ပဲရှိသေးတာ ၊ ပြီးတော့ ဒီဘက်အပိုင်းကိုလည်း တစ်ခါမှမလာဖူးဘူးလေ ၊ အဲ့ဒါကြောင့်ပါ ”
” ဒါဆို မနေ့ကသားကို မုန့်ဖိုးငါးရာပေးတာ ညီမလား ”
” ဟုတ်တယ်အစ်မ ၊ အောင်မဲညိုလေးကိုခင်လို့ မုန့်ဖိုးပေးလိုက်တာ ၊ သူ့ကိုအနွေးဝယ်ပေးမယ်ပြောတော့ သူကမဝယ်ပေးပါနဲ့တဲ့ ၊ သားအမေက သူများပေးတာကို သူမသိပဲမယူရဘူးတဲ့ ၊ အစ်မသားက အလိမ္မာလေးပဲနော် ၊ အခုရော ……သူ့ကိုမတွေ့ပါလား ”
ကျွန်မစကားကြောင့် သူမရဲ့ဖျော့တော့တော့ မျက်နှာမှာ အပြုံးပန်းလေးတစ်ပွင့်တွေ့ရလိုက်တယ်။
” သားက သိပ်ကိုလိမ္မာတာ၊ အခုလည်း နေ့လယ်ဘက်မို့ ပလုံသွားကောက်ဦးမယ်တဲ့ ၊ မနက်ဆိုသူစျေးရောင်းထွက်တယ် ၊ နေ့လယ်ပလုံကောက်တယ်၊ ညနေဆိုချဥ်ပေါင်ခူးပြီး မနက်စျေးအတွက်ပြင်ဆင်တယ် ၊ သူ့အဖေအိမ်ကထွက်သွားပြီးတဲ့နောက်ပိုင်း စားဝတ်နေရေးကအရင်လို မချောင်လည်တော့ဘူး၊ အစ်မကလည်း ကျန်းမာရေးက ပိုပိုဆိုးလာသလိုခံစားရတယ် ၊ ဘာရောဂါဆိုတာတော့ မသိပါဘူး ၊ အစ်မကျန်းမာရေးကောင်းတုန်းကဆို သားကခုလို ပင်ပင်ပန်းပန်းမလုပ်ရပါဘူး၊ စျေးကအသားဆိုင်မှာ စျေးကူရောင်းရတဲ့အလုပ်နဲ့ သက်သက်သာသာလုပ်ရတာလေ ၊
နောက်တော့ ဆိုင်ကပိတ် အစ်မကလည်းဖြစ်ဆိုတော့ ခက်သွားတာပေါ့၊ ပိုဆိုးတာက သူ့အဖေနဲ့လုံးဝအဆက်သွယ်မရတော့တာပဲညီမရဲ့ ၊ သတင်းလည်းမကြားရတာ အခုဆိုတစ်နှစ်တောင်ပြည့်တော့မယ် ”
ကျွန်မအတော်လေးစိတ်မကောင်းဖြစ်ရပြီပေါ့။
ပြောရင်းနဲ့မျက်ရည်ဝဲလာတဲ့သူမကိုကြည့်ပြီး ကျွန်မဘယ်လိုဆက်မေးရမှန်းတောင်မသိတော့လောက်အောင်ပါပဲ။
ဒါပေမယ့် ကျွန်မနှုတ်က ဘာဖြစ်လို့လဲအစ်မလို့ သူ့အလိုလိုလွှတ်ခနဲထွက်သွားတယ်။
” ဘာဖြစ်လို့လဲအစ်မ ! ”
ကျွန်မမေးမိသွားတော့လည်း သူမက ညှိုးငယ်တဲ့မျက်နှာလေးနဲ့ပြန်ဖြေရှာပါတယ်။
” ဖားကန့်ဘက်ကို အလုပ်လုပ်ဖို့ထွက်သွားခဲ့တာ အခုဆိုရင် တစ်နှစ်ပြည့်တော့မှာ၊ ထွက်သွားပြီးတစ်လလောက်တော့အဆက်သွယ်ရပါသေးတယ်နောက်ပိုင်းတော့ ဘယ်လိုမှဆက်သွယ်လို့မရတော့ဘူး ၊ အဲ့ဒါကြောင့် အစ်မတို့သားအမိအခြေအနေက ညီမမြင်နေတဲ့အတိုင်းပါပဲကွယ်၊ ခြံကလည်း သူများခြံပါ ၊သနားလို့ပေးနေထားတာပေါ့ညီမရယ်”
” အို ………အစ်မရယ် ကျွန်မစိတ်မကောင်းလိုက်တာရှင် ”
စိတ်မကောင်းဖြစ်ခြင်းနဲ့တူ ကျွန်မတစ်ခုတွေးမိလိုက်တယ်။
ကျွန်မတွေးမိသလို သူမလည်းတွေးမိကောင်း တွေးမိပါလိမ့်မယ်။
သူတို့သားအမိကို ကျွန်မ ဘာကြီးကြီးမားမားမှကူညီမပေးနိုင်ရင်တောင်မှ ဆေးဖိုးဝါးခလေးတော့ပေးကမ်းမယ်လို့ ကျွန်မဆုံးဖြတ်လိုက်တော့တာ။
” အစ်မကျန်းမာရေးမကောင်းတော့ ဆေးဖိုးကမကြာမကြာကုန်မှာပဲနော် ၊ အစ်မသားလေးရှာတဲ့ပိုက်ဆံနဲ့ အစ်မဆေးဖိုးလုံလောက်ရဲ့လားဟင် ”
ကျွန်မထပ်မေးမိပြန်ပြီ။ သူမကိုလည်း အားနာနေပါပြီ။ သူမကတော့ အေးအေးလူလူပါပဲ။
” ဆေးဖိုးထက်စားဖို့ကအရေးကြီးနေတော့လည်း ဒီလိုပဲ အဆင်ပြေအောင်လှည့်ပတ်နေရတာပေါ့ညီမရယ် ၊ သူ့အဖေပြန်လာရင်တော့ စားဖို့သောက်ဖို့ကချောင်လည်သွားမှာပါ၊ အခုတော့ သူ့အဖေနဲ့အဆက်သွယ်မရတော့ သူလည်းမေးရှာပါတယ်၊
အစ်မကတော့သူ့ကို ချဥ်ပေါင်တုံးမှ အောင်မုန်းပြန်လာမယ်လို့ပဲ အပျော်သဘောနဲ့ပြောထားရတာပေါ့ ၊ သူလည်းသူ့အဖေကိုမျှော်ရှာပါတယ် ”
ဒီစကားကြားတော့ မနေ့ကစကားလေးကိုကျွန်မပြန်သတိရသွားတယ်။ ချဥ်ပေါင်တုံးမှ အောင်မုန်းပြန်လာမယ်တဲ့ ။
တစ်ခုခုကိုသိချင်ရင် ရအောင်မေးတတ်တဲ့ကျွန်မက
အခုလည်း မနေနိုင်အောင်သိချင်ပြန်ပြီ။
ဒီတော့ မေးမယ်လို့ဆုံးဖြတ်လိုက်တယ်။
” ကိုအောင်မုန်းဆိုတာက အစ်မရဲ့အမျိုးသားလား ”
ဒီတစ်ခါမေးတော့ သူမက ယဲ့ယဲ့လေးပြုံးသွားတာ။
” အောင်မုန်းဆိုတာ အုန်းမောင်လေ ၊ သူ့အဖေနာမည်က ကိုအုန်းမောင် ၊ သူ့အဖေ ခရီးမထွက်ခင်က အစ်မက ဟိုမှာဘယ်နှစ်လနေမှာလဲလို့ မေးရင် သူ့အဖေကလည်း ချဥ်ပေါင်တုံးမှ အောင်မုန်းပြန်လာမယ်လို့ပဲပြောတာ ၊ အဲ့လိုပဲ သားကအစ်မကို သူ့အဖေဘယ်တော့ပြန်လာမှာလဲမေးရင် စောစောကလိုပဲအစ်မပြန်ဖြေတာလေ ၊ ဒါကိုသားက မှတ်ထားတာထင်တယ် ”
သူမပြုံးပြီးပြောနေတာ။ သူမရဲ့မျက်ဝန်းတွေထဲမှာတော့ ကိုအုန်းမောင်ဆိုသူကို လွမ်းဆွတ်သတိရသွားတဲ့အရိပ်အယောင်ကိုကျွန်မမြင်နေရတာပေါ့။
သူမအားမငယ်ဖို့ ကျွန်မသူမကို အားပေးစကားပြောရမယ်။ မကြာမကြာ အိမ်အလည်လာပြီး အဖော်လာပြုပေးမယ်။ သူမရဲ့သောကအပူတွေ တစ်ခဏလောက်ပျောက်လိုပျောက်ငြား သူမနဲ့စကားတွေပြောမယ်။
ခင်ခင်မင်မင်နေမယ်။ ကျွန်မအဲ့လိုစိတ်ကူးထားလိုက်တယ်။
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက်ကြာလာတော့ သူမတို့သားအမိနဲ့ကျွန်မ ပိုပြီးခင်မင်ရင်းနီးလာတယ်။
ကျွန်မစိတ်ကူးထားသလို သူမတို့အိမ်ကို နှစ်ရက်သုံးရက်တစ်ခေါက်ရောက်အောက်သွားလည်တယ်။
မနက်စျေးသွားတိုင်းလည်း အောင်မဲညိုလေးဆီကချဥ်ပေါင်ဝယ်တယ်။ နေ့တိုင်းချဥ်ပေါင်စားလို့ဝယ်တာတော့မဟုတ်။ ရောင်းထွက်ပါစေဆိုတဲ့ စိတ်ကလေးနဲ့ဝယ်ဖြစ်ခြင်းပါ။
ဝယ်ပြီးချက်မစားဖြစ်ရင်လည်း အိမ်နီးချင်းတွေကိုပေးလိုက်တယ်။
ဒါလည်း ပေးကမ်းခြင်းမို့ ကုသိုလ်တစ်မျိုးပါပဲလေ။
( ၃ )
ညဘက် အိပ်မောကျနေတုန်း ဖုန်းဝင်သံကြားလို့ ကြည့်လိုက်တော့ ကျွန်မရဲ့ညီမ။
” အေ …….အဲ့လိုဆိုလည်း ငါပြန်လာခဲ့မယ်၊ ညဘက်တော့ကားမရှိဘူးဟ၊ မနက်စောစောမှထွက်လာတော့မယ် ဖြစ်တယ်မလား ”
ကျွန်မအမေ ရုတ်တရက်ဆေးရုံတင်လိုက်ရလို့တဲ့။
တောင်ငူကိုပြန်လာဖို့ ကျွန်မကိုခေါ်နေတာ။
တောင်ငူနဲ့ ဖြူးက သိပ်တော့မဝေးပါဘူး။
ကျွန်မဟိုကိုရောက်သွားရင် အောင်မဲညိုတို့သားအမိကိုလွမ်းနေတော့မှာ။
အောင်မဲညိုလေးကလည်း ကျွန်မကို သိပ်ခင်ရှာတာ။
တစ်ရပ်ကွက်လုံးက သူတို့သားအမိကို အဖက်မလုပ်တော့ ကျွန်မကိုပဲ ရင်ထဲကလှိုက်လှိုက်လှဲလှဲခင်မင်ရရှာတာလေ။
ကျွန်မပြန်သွားမှန်းသိရင် သူတို့လည်းဝမ်းနည်းမှာ။
ဘယ်လိုဖြစ်ဖြစ် ကျွန်မက ပြန်ကိုပြန်ရမှာမဟုတ်လား။ ဒီညပဲ အိမ်ရှင်ကို အိမ်ပြန်အပ်ခဲ့ပြီးပြီ။
မနက်ဖြန်ကျွန်မ အောင်မဲညိုလေးကို နှုတ်ဆက်ချိန်မီပါဦးမလား။
သူ့ဆီကချဥ်ပေါင်ရော နောက်ဆုံးအနေနဲ့ ဝယ်ဖြစ်ပါဦးမလား။
ကျွန်မတွေးရင်းဝမ်းနည်းလာတယ်။
အမေ့ကိုလည်းစိတ်ပူတယ်။
မနက်စောစောထရမှာမို့ ကြိုးစားကြိတ်မှိတ်အိပ်ကြည့်တယ်။
တော်တော်နဲ့တော့ အိပ်မပျော်ခဲ့ပါလေ …..။
(၄ )
ပြာသိုလရဲ့အအေးဓာတ်က အရိုးထဲစိမ့်နေအောင်ပါပဲ။ ဝတ်လာတဲ့အနွေးထည်ထူထူနဲ့တောင် မခံနိုင်ဘူး။
လမ်းတစ်လျှောက်လုံးကလည်း မြူနှင်းတွေကပိတ်လို့။
အိမ်ရှင်က ညထဲကသုံးဘီးကြိုငှားထားပေးလို့တော်သေး။
နို့မို့ဆို စျေးကသုံးဘီးစောင့်စီးရင် ကားမမီမှာစိုးရတယ်။
ရှေ့နားဆိုစျေးရှေ့ကိုရောက်တော့မယ်။
ကျွန်မရင်ထဲမှာတစ်မျိုးကြီးခံစားနေမိတယ်။
သူ………………။
နှင်းကလည်းလူလုံးမကွဲအောင်ပိတ်နေသေးတော့
ကျွန်မသူ့ကိုသုံးဘီးပေါ်ကနေရှာကြည့်သွားလို့လည်းတွေ့မှာမဟုတ်။
သူကလည်း ဒီအချိန်ကြီးလာသေးမှာမဟုတ်။
စျေးရှေ့ရောက်တော့ စျေးကလည်းတိတ်လို့ကောင်းနေတုန်း။
သုံးဘီးစီးနေတုန်း ဘီးအဆောင့်မှာ ကျွန်မလက်ထဲကပိုက်ဆံအိတ်က ခုန်ထွက်ပြီးကျသွားတယ်။
ဒါနဲ့ သုံးဘီးသမားကိုအမြန်ရပ်ခိုင်းပြီး ပိုက်ဆံအိတ်သွားပြန်ဆင်းကောက်တယ်။
ကောက်ပြီးတော့ သုံးဘီးဆီအမြန်သွားတယ်။
” တော်သေးတာပေါ့ရှင် သုံးဘီးနဲ့မိုလို့ ၊ ကားနဲ့သာဆို ကောက်လို့မမီတော့ဘူး ၊ သူများတွေကောက်လိုက်မှာ ၊ ကျွန်မလည်း ညကကောင်းကောင်းအိပ်မပျော်လို့ထင်ပါရဲ့ လက်ကမြဲအောင်တောင်မကိုင်နိုင်တော့ဘူး ”
“အန်တီ ! ”
ကျွန်မစကားဆုံးတာနဲ့ မလှမ်းမကမ်းကနေ အန်တီလို့ခေါ်တဲ့အသံကိုကြားလိုက်ရတယ်။
ကျွန်မရင်ထဲမှာ အနွေးလှိုင်းတစ်ခုဖြတ်သွားသလိုပါပဲ။ သိမ့်ခနဲပဲ။
အသံလာရာသုံးဘီးရဲ့အနောက်ကိုလှည့်ကြည့်လိုက်တော့ မြူနှင်းတွေရဲ့ကြားမှာ လူရိပ်မဲမဲလေးတစ်ခု။
ကျွန်မငေးနေတုန်းမှာပဲ အဲ့ဒီအရိပ်လေးက ကျွန်မဆီပြေးလားတယ် ။ ပြေးလာတဲ့ဖိနပ်သံလေးတောင် ပေါက် ….ပေါက် ဆိုပြီးကြားနေရတာ။ ကျွန်မဝယ်ပေးထားတဲ့ဖိနပ်လေးနဲ့ပေါ့။ အန်တီလို့ခေါ်ထဲကသိလိုက်တယ်။ သူပဲပေါ့…..။
” ဟင် ! သား …… အောင်မဲညို ”
သူ့ကိုမြင်တော့ကျွန်မဝမ်းသာရမှာလား ၊ ဝမ်းနည်းရမလား။
ကျွန်မကိုယ်တိုင်တောင် မဝေခွဲတတ်တော့ပါဘူး။
သူ့ကိုယ်ပေါ်မှာ ကျွန်မဝယ်ပေးထားတဲ့ အနွေးထည်ထူထူလေးဝတ်ထားတာ။
ဘယ်လိုသိလဲဆိုတော့ အနွေးထည်ရဲ့ရင်ဘက်က ကာတွန်းရုပ်ဖြူဖြူကြီးက မလင်းတလင်းမြူနှင်းနတောထဲမှာ အဖွေးသားမြင်နေရတာလေ။
သူ့ခေါင်းပေါိမှာလည်း ချဥ်ပေါင်ဗန်းကြီးရွက်လို့ ။
” အန်တီ ! သုံးဘီးနဲ့ဘယ်သွားမလို့လဲ ”
အိုး …ကျွန်မဘယ်လိုဖြေရမယ်မသိ။
ဘယ်လိုအကြောင်းပြရမယ်မသိ။
” ဟို ….ဟိုလေ …..အန်တီ ………. ”
” အန်တီခရီးထွက်မလို့မဟုတ်လား ၊ ဒီမှာ ကျောပိုးအိတ်လည်းတွေ့တယ် ”
ခရီးထွက်မလို့မဟုတ်လားဆိုတဲ့စကားလေးမှာ သူ့ရဲ့အသံလေးကတုန်ရီနေတာကိုကျွန်မသိလိုက်တယ်။
ဘာကြောင့်လဲဆိုတာ ကျွန်မသိပေမယ့် ဘယ်တော့ပြန်လာမှာလဲလို့သူကမေးလာရင် ကျွန်မဘယ်လိုဖြေရတော့မှာလဲ။
ချဥ်ပေါင်တုံးမှပြန်လာမယ်လို့တော့ မဖြေရက်ပါဘူး။ သူ့ကို အဲ့စကားမကြားစေချင်တာလည်းအမှန်။
သူပဲပြောဖူးတယ်လေ ။ သားတို့အိမ်ကချဥ်ပေါင်က မျိုးတုံးတယ်ကိုမရှိပါဘူးတဲ့။
ဘာဖြစ်ဖြစ် ကျွန်မတစ်ခုခုတော့ဖြေရတော့မှာ။
ကျွန်မလို လူကြီးတစ်ယောက်က ဆယ်နှစ်သာသာကလေးတစ်ယောက်ကို ပါးပါးနပ်နပ်ပြောဆိုဖို့က မခက်ပါဘူး။
အဆင်ပြေမယ်ထင်တဲ့ အဖြေတော့ဖြေပေးရတော့မှာပေါ့။
” အန်တီ့သူငယ်ချင်းအင်္ကျီတွေ အန်တီ့ဆီကိုပါလာတာလေ အဲ့ဒါသွားပြန်ပို့ပေးမလို့ ၊ မြို့ပေါ်လေးတင်ပါသားရယ် ”
” ဟုတ်လို့လားအန်တီ၊ အန်တီသားကိုညာနေတာလား ”
သူ့ရဲ့သံသယမေးခွန်းကြောင့် ကျွန်မဘယ်လိုမှဆက်ပြီးမခံစားနိုင်တော့ဘူး။
ငိုချပစ်လိုက်ချင်ပေမယ့် လည်မျိုမှာဆို့နေတဲ့အလုံးကြီးကိုကြိတ်ခံရင်း ဆက်ပြီးညာပြောလိုက်ရတော့တယ်။
” မညာပါဘူးသားရယ် ၊ သူ့ဆီအင်္ကျီသွားပို့ရင်းတစ်ရက်နှစ်ရက်တော့လည်ခဲ့ဦးမှာပေါ့ ”
” တကယ်ပြောတာနော် အဲ့တာဆို အန်တီပြောတဲ့တစ်ရက်နှစ်ရက်ကိုသားစောင့်နေမယ် ”
ပြောသာပြောပေမယ့် သူ့စကားသံက ကျွန်မစကားကိုမယုံရဲယုံရဲနဲ့အသံမျိုး။
မဖြစ်ဘူး ။ သုံးဘီးသမားကိုမောင်းဖို့ပြောလိုက်မှပဲဖြစ်တော့မယ်လေ။
” အင်းပါသားရယ် အန်တီသွားတော့မယ်နော် တော်ကြာကားမမီလို့ မသွားလိုက်ရပဲနေမယ်နော် ၊ အကို မောင်းတော့ ကားမမီပဲနေတယ် ”
ကျွန်မမျက်ဝန်းဝမှာ ပြည့်လျှံနေတဲ့မျက်ရည်တွေကို
လက်မနဲ့ အလျင်အမြန်ဖိပွတ်လိုက်တယ်။
ပြီးတော့ ပြပြကလေးပဲလင်းတဲ့ မြူမှုန်ကြားထဲမှာ
သူမမြင်အောင် မျက်နှာကို တစ်ဘက်ကိုလှည့်ပစ်လိုက်တယ်။
သုံးဘီးသမားစက်လည်းနှိုးရော ကျွန်မရင်ထဲမှာ စောစောကလို အနွေးလှိုင်းမဟုတ်တော့ပဲ အပူလှိုင်းကြီး ဝုန်းခနဲပဲ။
အေးစက်စက်မြူနှင်းတောထဲကို ရင်ထဲကအပူလှိုင်းကြီးနဲ့ ကျွန်မ တရွေ့ရွေ့ တိုးထွက်သွားပြီ။
မတ်တပ်ရပ်နေပြီး ချဥ်ပေါင်ဗန်းကလေးခေါင်းရွက်လျက်သား ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့ပုံရိပ်လေးဟာဆိုရင် မြူနှင်းတောထဲ တရိပ်ရိပ်နဲ့မှေးမှိန်ကျန်ရစ်ခဲ့ပါပေါ့လား ……….။
နန်းမို့မို့ဦး (တောင်ငူ