သွေးနှင့်သား
-----------------
ကျွန်တော့်ဆီကို ချစ်သန်းရောက်လာသည်။
ချစ်သန်းနှင့်ကျွန်တော်က တစ်ပိုင်းတည်းသား သူငယ်ချင်းများဖြစ်သည်။ ငယ်စဉ်ကလေးဘဝက သွားအတူ၊ လာအတူ၊ ကစားအတူဖြစ်သည်။
သူနှင့်ကျွန်တော် ကျောင်းချင်းတော့မတူပါ။ သူက နေရှင်နယ်ကျောင်းသား။ ကျွန်တော်က ဘီဘီအမ် ကျောင်းသားဖြစ်သည်။ ချစ်သန်းမိဘတွေက သစ်ကုန်သည်တွေဖြစ်သောကြောင့် ချမ်းသာကြသည်။ ကျွန်တော်တို့ ရှစ်တန်းအရောက်တွင် သိပ်မတွဲဖြစ်တော့။ သူ့မိဘတွေက အိမ်ပြောင်းသွားသဖြင့် ဟင်္သာကုန်းကို ရောက်သွားသည်။
ဧည့်ကြိုဌာနေမှ ကလေးမလေးက ကျွန်တော့်ကို လာပြောသည်။
“ဆရာ ဧည့်သည်ရောက်နေတယ်”
ကျွန်တော်ထွက်တွေ့လိုက်သည်။
ကျွန်တော်က အံ့အားသင့်နေစဉ်မှာပင်
“မင်းသတင်းစာတိုက်မှာ လုပ်နေတယ်ဆိုလို့ စုံစမ်းပြီးလာခဲ့တာ” ဟုပြောသည်။
ထိုစဉ်က ကျွန်တော် သတင်းစာတိုက်တွင် အယ်ဒီတာလုပ်နေသည်။ ကျွန်တော်က သူ့ကိုလက်ဖက်ရည်ဆိုင် ခေါ်သွားပြီး သူငယ်ချင်းနှစ်ယောက်စကားပြောကြသည်။ သူက
“မင်းကို အကူအညီတစ်ခုတောင်းမလို့”
“ဘာများလဲကွ”
သူက သူ့အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီး ကျွန်တော့်ကို စာအုပ်ထဲတွင် ညှပ်ထားသည့် စာတစ်စောင်ကို ပေးလိုက်သည်။ စာအိတ်လေးက အတော်ပင်ဟောင်းနေပြီ။ ငှက်ခါးတံဆိပ်ခေါင်းလေး ကပ်ထားသည်ကိုတွေ့ရသောကြောင့် စာအိတ်သက်တမ်းမနည်းဟု ဆိုရမည်။
“ဘာစာလဲကွ … ဘယ်သူ့စာလဲ”
“ဖတ်ကြည့်လေကွာ”
စာအိတ်ပေါ်က လိပ်စာမှာ ကိုချစ်သန်းဆိုသည့် အမည်တပ်ထားသဖြင့် သူ့စာဖြစ်သည်ဟု ဆိုရမည်။ လိပ်စာကလည်း သူယခု ပဲခူးတွင်နေထိုင်သည့် လိပ်စာဖြစ်သည်။ ကျွန်တော် အထဲကစာကို ထုတ်လိုက်သည်။ စာရွက်ဖြူက ဝါကျင့်ကျင့်ပင် ဖြစ်နေပြီ။
စာထဲမှာပါသည့် အကြောင်းအရာအရ အေးအေးမြင့်ဆိုသည့် အမျိုးသမီးတစ်ဦးက သူ့ထံကိုရေးသည့် စာဖြစ် သည်။ ချစ်သန်းနှင့် အေးအေးမြင့်တို့ ချစ်သူဘဝတွင် မှားခဲ့ဖူးသည်။ သူတို့မိဘတွေ သဘောမတူသဖြင့် ကွဲသွားသည်။ အေးအေးမြင့်တွင် ချစ်သန်းနှင့်ရသည့် ကိုယ်ဝန်ပါသွားသည်။ ချစ်သန်းတွင် သားတစ်ယောက် ရှိနေပြီ။ ဤစာမှာ အေးအေးမြင့်က ဆေးရုံတက်နေရသဖြင့် သူ့ထံကိုလှမ်းပြီး အသိပေးခြင်းဖြစ်သည်။
ကျွန်တော်က စာကိုဖတ်ပြီး
“ချစ်သန်းရာ မင်းအတော်ရှုပ်ခဲ့တာပဲ။ ဘာဖြစ်လို့ ဒီစာကို ခုမှ ငါ့ဆီကိုယူလာပြရတာလဲ”
“ငါလည်း ဒီစာကို မကြာခင်လေးကမှတွေ့တာကွ။ ငါ့မိန်းမသေတော့ သူ့ဗီရိုကိုရှင်းရင်း ဝှက်ထားတာကို တွေ့တာ။ လုံးဝမျှော်လင့်မထားတဲ့စာပါကွာ”
“ဒါဆို အေးအေးမြင့်နဲ့မင်း ဖြစ်ခဲ့တယ်ဆိုတာ ဟုတ်သလား”
“ဟုတ်တယ် … ငါ ခင်မေရီနဲ့ အိမ်ထောင်မကျခင်တုန်းကမှားခဲ့တာ”
“ခင်မေရီက မင်းဆီကိုပို့လိုက်တဲ့စာကို သူအရင်ရပြီး ဝှက်ထားတာပေါ့”
“အေးလေကွာ။ ခုမှ တွေ့ရတာ”
“ဟာကွာ နှစ်ပေါင်း ၅၀ လောက်တောင်ရှိနေပြီ။ အဲဒီတော့ ငါကဘာလုပ်ပေးရမှာလဲ”
“မင်းကရန်ကုန်မှာလည်း အနေကြာပြီ။ သတင်းစာတိုက်ကဆိုတော့ ငါ့ကို ဒီစာထဲမှာပါတဲ့ လိပ်စာ လိုက်စုံစမ်း ပေးဖို့ပဲ။ ငါ့သားနဲ့ငါတွေ့ချင်တယ်”
“အေးအေးမြင့်ကိုရော”
“သူ့ကိုလည်းတွေ့ချင်တာပေါ့ကွာ”
ကျွန်တော့်မှာ သူငယ်ချင်း ချစ်သန်းကောင်းမှုကြောင့် လိပ်စာထဲပါသည့် သာကေတကို ရောက်ခဲ့သည်။ လိပ်စာထဲက အိမ်နံပါတ်ကိုမတွေ့တော့။ တိုက်ကသတင်းထောက်မလေး အကူအညီဖြင့် လိုက်မေးရာ ထိုလိပ်စာ နေအိမ်မှာ အေးအေးမြင့်တို့ နေထိုင်ခဲ့သည် မှန်သော်လည်း လွန်ခဲ့သည့်နှစ် ၂၀ လောက်ကတည်းက ရောင်းသွားပြီဖြစ်သည်။ ထိုနေရာတွင် ၇ ထပ်တိုက်ကြီးဆောက်ထားသည်။
ကျွန်တော်တို့ စုံစမ်းရသည်မှာ လမ်းစပြတ်သွားသဖြင့် ချစ်သန်းကို ပဲခူးပြန်လွှတ်လိုက်ရသည်။ တစ်ပတ်ခန့် အကြာတွင်တိုက်မှ သတင်းထောက်မလေးက အဆက်အသွယ်ရပြီဖြစ်ကြောင်း ပြောသဖြင့် ကျွန်တော် ချစ်သန်းကို လှမ်းခေါ်လိုက်ရသည်။
ချစ်သန်း ရန်ကုန်ကိုရောက်ပြီးနောက် ချစ်သန်းသားဖြစ်သူ နေထိုင်သည့် လိပ်စာသစ် မြောက်ဒဂုံကို ရောက်လာခဲ့သည်။
ကျွန်တော်တို့ လုံးချင်းအိမ်လေးနှင့် ခြံဝင်းလေးတစ်ခုကို ရောက်လာသည်။ ကျွန်တော်တို့ကို အသက် ၄၀ ခန့်အရွယ် လူတစ်ယောက်က ထွက်ကြိုသည်။ သတင်းထောက်မလေးက ဖုန်းဖြင့်အဆက်အသွယ် လုပ်ထား သောကြောင့်ဖြစ်သည်။
ကျွန်တော်တို့အိမ်ပေါ်ကို ရောက်သည့်အခါတွင် ဘုရားစင်ဘေးတွင် ဓာတ်ပုံတစ်ပုံကိုတွေ့သည်။ ထိုဓာတ်ပုံမှာ အေးအေးမြင့်ပုံဖြစ်သည်ဟု ချစ်သန်းက တိုးတိုးလေး ကျွန်တော့်အနား ကပ်ပြောသည်။ ကျွန်တော်တို့ကို ထွက်ကြိုသူမှာ ခင်မောင်သန်းဖြစ်သည်။ ချစ်သန်းက
“အေးအေးမြင့်ရော” ဟု မဝံ့မရဲ မေးလိုက်သည်။ ထိုသူက
“မေမေဆုံးသွားတာ ကြာပြီ” ဟု တိုးတိုးလေးပြောသည်။ သူက ဆက်ပြီးတော့
“ဦးလေးက ဦးချစ်သန်းလား” ဟု မေးလိုက်သည်။
“ဟုတ်ပါတယ်ကွယ်”
ထိုသူက ထသွားပြီး အခန်းထဲဝင်သွားသည်။ ထို့နောက် လက်ထဲတွင် ကိုင်လာသော ဓာတ်ပုံကို ချစ်သန်းအား ထိုးပေးလိုက်သည်။ ကျွန်တော်လည်း ကြည့်လိုက်သည်။ ချစ်သန်းနှင့် အေးအေးမြင့်တို့ စက်ဘီးလေးတစ်စီး ဘေးတွင်ရပ်ကာ ရိုက်ထားသည့် ဓာတ်ပုံဖြစ်သည်။
“ကျွန်တော့်ကို မေမေက မသေမီပေးသွားတာ။ ပြီးတော့ ပြောသွားသေးတယ် အဲဒါ မင်းအဖေတဲ့”
ချစ်သန်းက သူ့သားကိုငေးကြည့်နေသည်။
“ဦးလေးတို့ဒီကို ဘာကိစ္စလာကြတာလဲ”
ချစ်သန်းကလည်း သူ့တိုက်ပုံထဲက စာကို ထုတ်ပြလိုက်သည်။ ကျွန်တော့်ကိုပြသည့် စာဖြစ်သည်။
သားအဘနှစ်ယောက်ပြန်ဆုံတွေ့သည့်ပွဲမှာ ရုပ်ရှင်တွေထဲကလို မဟုတ်ပါ။ ချစ်သန်းက ရီဝေသည့် မျက်လုံး တွေနှင့် သူသားကိုကြည့်နေသည်။ ကျွန်တော်က ကြားထဲမှ မနေနိုင်သဖြင့်
“ချစ်သန်း မင်းဘာဖြစ်ချင်သလဲပြော”
“ဘာမှမဖြစ်ချင်ပါဘူး။ ငါ့မှာ သားသမီးမှ မရှိခဲ့တာ။ ခုတော့ သားတစ်ယောက်ရှိတယ်ဆိုတာ သိလို့ပျော်လိုက် တာ”
“ကဲ မောင်ခင်မောင်သန်းကရော”
“ကျွန်တော်လည်း ကျွန်တော့်အဖေရှိမှန်းတော့သိတယ်။ ပဲခူးကိုလာပြီး ကျွန်တော့်အဖေကို ရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်လို့ပါ။ ကျွန်တော့်အမေက တရားဝင်ယူထားတဲ့ ယောက်ျားမှ မဟုတ်တာ။ နောက်ပြီး အမေက ပြောတယ် ဦးချစ်သန်းက အိမ်ထောင်ကျသွားပြီဆိုလို့”
“အေးအေးမြင့်က အိမ်ထောင်ပြုသွားသေးလား”
“မေမေက အိမ်ထောင်မပြုတော့ပါဘူး။ ကျွန်တော့်ကို ပြုစုပျိုးထောင်ပေးရင်း ကင်ဆာနဲ့ကွယ်လွန်သွားပါ တယ်”
ကျွန်တော်နှင့် သတင်းထောက်မလေးတို့က အလိုက်သိစွာဖြင့် ပြန်ခဲ့သည်။ ကျန်တာက သူတို့ကိစ္စဖြစ်သည်။
နောက် ခြောက်လခန့်အကြာတွင် ချစ်သန်းရောက်လာပြန်သည်။
“ဟေ့ကောင် မင်းကို အိမ်တက်ဖိတ်မလို့”
“ဘယ်အိမ်တက်ဖိတ်မလို့လဲ”
“ခု ငါရန်ကုန်မှာ နေတော့မယ်လေကွာ။ ပဲခူးကအိမ်ကို ရောင်းလိုက်ပြီး ရန်ကုန်မှာ တိုက်ခန်းတစ်ခန်း ဝယ်လိုက်တယ်”
“တယ်ဟုတ်ပါလား”
“ဘယ်လိုလဲဟေ့ကောင် မင်း နောက်မိန်းမ ထပ်ယူမလို့လား”
“မဟုတ်ဘူးကွ … ငါ့သား … ငါ့ချွေးမ … ငါ့မြေးလေးနဲ့အတူနေမှာ။ ဒီမှာ ဖိတ်စာရော့ … မင်းလာဖြစ်အောင် လာရမယ်။ ဟိုသတင်းထောက်မလေးကိုပါ ကျေးဇူးတင်လို့ ခေါ်ခဲ့ကွာ”
“အေးပါကွာ”
တင်ညွန့်
၃၀.၈.၂၀၂၅