ပြီးပြည့်စုံသောအလှူ🖌️🖌️

 ပြီးပြည့်စုံသောအလှူ🖌️🖌️

�ကျောင်းမှာ ဝါဆိုသင်္ကန်းကပ်ကြရအောင်တဲ့။ ဆရာမလေးတွေက အကြံပြုတယ်။

“ဟ … ကောင်းသားပဲ လုပ်ကြလေ”

“လုပ်တာကဟုတ်တယ်ဆရာ … ကျောင်းသားတစ်ယောက် ဘယ်လောက် ကောက်ကြမလဲ”

“ဟဲ့ နေကြဦး … နေကြဦး … ကျောင်းသားတွေကို ပိုက်ဆံကောက်မှ ဝါဆိုသင်္ကန်းကပ်မယ်ဆိုရင် နေလိုက်တော့”

“ဘာဖြစ်လို့လဲ ဆရာ”

“နင်တို့ ယခင်ကျောင်းအုပ်က ပိုက်ဆံတွေလည်း တစ်ပြားမှ မထားသွားဘူး။ ဘာစာရင်းမှလည်း ရှင်းမသွားဘူး။ ခုချိန်မှာ ကျောင်းသားတွေဆီက ပိုက်ဆံ ထပ်ကောက်ရင် ငါတုိ့ကို ရွာက တစ်မျိုးမြင်မှာပေါ့”

“ဆရာရယ် … ဒီလိုပဲ ကောက်နေကြတာ”

“ကလေးတွေဆီက ပိုက်ဆံ ကောက်တယ်ဆိုတာ ကြည်ဖြူပြီး ပေးသူရှိသလို၊ မကြည်ဖြူပဲ ပေးတာလည်း ရှိတယ်။ ကြောက်လို့ ပေးရတာလည်း ရှိကောင်းရှိနိုင်တာပဲ။ နင်တို့လှူမယ်ဆိုတာ မကြည်ဖြူစိတ်၊ ကြောက်စိတ် တွေကနေ ရလာတဲ့ အလှူငွေနဲ့ လှူရမယ်ဆိုတာ မဟုတ်သေးပါဘူး”

“ဆရာရယ်နှစ်တိုင်း လုပ်လာတာ။ ဆရာ့လက်ထက်ကျမှ”

“ဟဲ့ ငါ့လက်ထက်မှ မလုပ်ဘူးပြောနေတာ မဟုတ်ဘူး။ လုပ်မှာ … ကလေးတွေဆီက တစ်ပြားမှ မကောက်ဘဲနဲ့ကို လုပ်မှာ”

“ဆရာကလေ အတော်လေး ဟာသပြောတယ်။ ဘယ်ကပိုက်ဆံနဲ့ လုပ်မှာလဲ။ ဆရာ့အိတ်ထဲက စိုက်ပြီး လုပ်မှာလား”

“တစ်ပြားမှ စိုက်စရာမလိုဘူး။ ဒါပေမဲ့ ရအောင်လုပ်မယ်။ မတည်ငွေတော့ လိုတယ်။ ဒါကြောင့် ငါက စေတနာ သန့်သန့်နဲ့ စလှူမယ်။ ဟောဒီမှာ ၂၀၀ စထည့်တယ်။ ကဲ ညည်းတို့လည်း ဘယ်လောက်စပြီး မတည်ကြမှာလဲ”

“ကျွန်မက ၁၀၀”

“ကျွန်မလည်း ၁၀၀”

“ကဲ တို့ ဆရာတွေ ဆရာမတွေက မတည်လိုက်တာ ၄၀၀ ရပြီ။ စန္ဒာတွက်ကြည့်စမ်း။ သင်္ကန်းကဘယ် လောက်လဲဆိုတာ”

“သံဃာတွေ ဆွမ်းကပ်ဖို့ကရောဆရာ”

“ဟေ့ သင်္ကန်းကပ်မှာဆိုရင် သင်္ကန်းကို ပထမဆုံး စဉ်းစား။ ဘုန်းကြီးကျောင်း လက်အုပ်ချီကန်တော့ပြီး ကပ်ခဲ့လည်းရတယ်။ တွက်ကြည့် သင်္ကန်းဖိုး”

“ဆရာရယ် ဘုန်းကြီးတွေကို ကော်ဖီလေးနဲ့ မုန့်လေးလောက်တော့ ကပ်သင့်ပါတယ်”

“ဆွမ်းရော မကပ်ချင်ဘူးလား”

“မနောက်ပါနဲ့ဆရာ”

“ကျောင်းသားတွေကိုရော ဝါဆိုသင်္ကန်းကပ်တဲ့နေ့မှာ ထမင်းကျွေးပြီး အလှူမလုပ်ချင်ဘူးလား”

“ဆရာကတော့ လုပ်ပြီ”

“တကယ်ပြောတာ … ဒီမှာ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်တယ်။ ကလေးတွေဆီက တစ်ပြားမှ မကောက်ဘဲ ငါရအောင် ဆွမ်းကျွေးပြမယ်”

ပြောသာပြောရတယ် စိတ်ကူးနဲ့ လက်တွေ့ အကောင်အထည်ပေါ်ပါ့မလားပေါ့။ ကျောင်းတက်တော့ တစ်ခန်းဝင် တစ်ခန်းထွက် ကိုယ်တိုင် လိုက်စည်းရုံးရတယ်

“သားတို့ သမီးတို့ ဝါဆိုသင်္ကန်း မကပ်ချင်ဘူးလား”

“ကပ်ချင်ပါတယ် ဆရာကြီး”

“ဝါဆိုသင်္ကန်းကပ်ရင်း သားတို့သမီးတို့ ဆွမ်းရော မကပ်ချင်ဘူးလား”

“ကပ်ချင်ပါတယ် ဆရာကြီး”

“ဆွမ်းကပ်ပြီးရင် ပျော်ပျော်ပါးပါး ဆရာတွေ ဆရာမတွေနဲ့အတူ ထမင်းလက်ဆုံ မစားချင်ဘူးလား”

“စားချင်ပါတယ်ဆရာကြီး”

“ကောင်းပြီ ဒါဆိုရင် လပြည့်နေ့ မနက် ၅ နာရီကစပြီး ကျောင်းကို တစ်ယောက် ဆွမ်းတစ်ချိုင့်၊ ဟင်းတစ်ချိုင့် လာပို့နိုင်မလား”

“ပို့နိုင်တယ် … ပို့နိုင်တယ်”

“ပို့မယ် … ပို့မယ်”

“ဟင်းကောင်းဖို့ မလိုဘူး။ ငါးပိရည်လည်းရတယ်။ တို့စရာလည်းရတယ်။ ဆရာတို့ တစ်ကျောင်းလုံးက ကိုယ့်အိမ်က ချက်ထားတဲ့ ဆွမ်း ဆွမ်းဟင်းတွေနဲ့ စုပေါင်းပြီးလှူမယ် မကောင်းဘူးလား”

“ကောင်းပါတယ် … ကောင်းပါတယ်”

“ကဲ ဒါဆိုရင် ဒီနေ့ ကိုယ့်အိမ်ကိုယ်ပြန်ရောက်ရင် ပြော။ ဆွမ်းဟင်းနဲ့ဆွမ်း ကျောင်းကိုပို့ရအောင်လို့။ မင်းတို့ အဖေတွေ အမေတွေက မချက်နိုင်ဘူးပြောလည်း ကိစ္စမရှိဘူး။ လာခဲ့။ တို့ ရှိတာတွေကို အတူ ဝိုင်းစားမယ် မကောင်းဘူးလား”

“ကောင်းပါတယ် … ကောင်းပါတယ်”

ဆရာမလေးတွေက ပျော်နေတယ်။

“ဆရာရယ် ကျွန်မတို့ ဘာဖြစ်လို့ အဲသည်လိုစိတ်ကူးမျိုး မရခဲ့တာလဲ”

“ခင်ဗျားတို့က အားအားရှိ ပိုက်ဆံကောက်မှ လုပ်လို့ရမယ်ထင်နေတာကိုးဗျ။ ကြည့်နေ ခင်ဗျားတို့ကျောင်းကို လှူချင်သူတွေ ရောက်လာဦးမယ်”

နောက်တစ်နေ့တော့ ကျွန်တော်ပြောတဲ့အတိုင်းပဲ။ ဆန်လာပို့တဲ့သူ။ သင်္ကန်းလေးဝင်ပြီလှူပါရစေဆိုတဲ့လူ။ မုန့်ထုပ်လာလှူတဲ့သူတွေတောင် ရောက်လာတယ်။ ပိုက်ဆံကူမယ်ဆိုတာကို ခပ်တင်းတင်းပဲ

“လက်မခံဘူး” ဆိုပြီး အော်လွှတ်လိုက်တာ

ဆန်တွေကပဲတစ်တောင်းလောက်ရတယ်။ ကျောင်းစောင့်ကိုခေါ်။ ရွာထဲမှာ အိုးနှစ်လုံးငှားခိုင်း။ တစ်လုံးနဲ့ ထမင်းပိုချက်။ နောက်တစ်လုံးနဲ့ ချဉ်ပေါင် မျှစ်ချဉ်ရည်ချက်ထား။ ငါးပိထောင်းတွေလည်း စီစဉ်။

ကျောင်းသားတွေ ချိုင့်တွေထဲက ဟင်းတွေက အများကြီး။ ကိုယ့်သားသမီး မျက်နှာ မငယ်ချင်လို့ဆိုပြီး ကြက်သားဟင်းတွေ ချက်ပေးကြတယ်။ မနေ့ကဆို ရွာထဲမှာ ဆွမ်းဟင်းအတွက်ဆိုပြီး ဝက်တောင်စုပေါ်သတဲ့။ ဝက်ကလီစာ၊ ဝက်သားကိုလည်း မျိုးစုံချက်လာကြတယ်။

ကိုင်း ဆွမ်းဟင်းတွေလည်း ဇလုံတွေနဲ့အပြည့်။ ဆွမ်းတွေလည်း တောင်းတွေနဲ့ပေါင်းလိုက်တော့အပြည့်။ မုန့်တွေ ငှက်ပျောသီးတွေကပါသေး။

ကျွန်တော်က လော်စပီကာကိုဖွင့်ပြီး ရွာထဲကိုတောင် တရားနာ ဖိတ်ခိုင်းလိုက်သေး။ ရွာကလည်း အံ့အားတွေသင့်ပြီး လူကြီးပိုင်းတွေက တလေးတစားလာကြ။ ကျောင်း ခန်းမကြီးထဲမှာ ပြည့်နေတာပဲ။�သံဃာ ငါးပါးကို ဆွမ်းကပ်တော့လည်း

“ဒကာကြီးရေ ဘာနှိုက်ရမှန်းတောင်မသိဘူး” တဲ့။ ဆရာတော်က မိန့်တာ။

“ဟင်းတွေက များလိုက်တာ”

“စုပေါင်းအလှူပါဘုရား”

တရားနာပြီး ရွာထဲကလာတဲ့ လူကြီးတွေကို ကျွေးကြတယ်။ အားလုံးပြန်တော့ ဖက်တွေကို ကြမ်းမှာခင်း။ ထမင်းတွေပုံ ဟင်းတွေပုံ

“ဟဲ့ ဆရာမတွေ တစ်ခါတည်းဝင်။ အားလုံး အတူစားမယ်”

ကျောင်းကချက်ထားတဲ့ ချဉ်ရေဟင်းနဲ့ ငါးပိထောင်းကို လိုက်တဲ့လူဆိုတာ အရူးမီးဝိုင်း။ ကျောင်းသားတွေကို ဟင်းပေါင်းထည့်ထားတဲ့ ဇလုံကြီးတွေထဲက ဟင်းတွေကို လိုက်ဝေ။ ထမင်းစားတန်းကြီးကို ထိပ်ဆုံးကကြည့်ပြီး ပီတိဖြစ်လိုက်တာ။

စာရင်းချုပ်လိုက်တော့ ကျွန်တော့်ဆီက ၂၀၀၊ ဆရာမလေးတွေဆီက ၂၀၀ စုစုပေါင်း ၄၀၀ ပဲကုန်တယ်။ ကလေးတွေဆီက တစ်ပြားမှမကောက်ဘဲ ဝါဆိုလပြည့်နေ့က လှူလိုက်ရတဲ့ အလှူကို ဆရာတော်ဘုရားက

“ကျုပ်သက်တမ်းမှာ တစ်ခါမှ မတွေ့ဖူးဘူး” တဲ့

ရွာထဲက အသက် ၁၀၀ ဦးညိုကြီးကလည်း ပြန်ခါနီးမှ ကျွန်တော့်လက်ကို လာကိုင်ပြီးတော့

“သာဓု … သာဓု … သာဓု” ဆိုပြီး မျက်ရည်လေး သုတ်လိုက်တာ။

အဲဒီ သုံးခွန်းတည်းနဲ့ မျက်ရည်က အလှူကြီးကို ပြီးပြည့်စုံပါတယ်။

ဆရာကြီးတင်ညွန့်