အဖြည့်ခံသုညလေးများ
---------------------
“ညီလေးမောင်ဆုံးပြီ”
ကျွန်တော့်ကို သတင်းပေးသူမှာ တပည့်ဖြစ်သူ စံဖေဖြစ်သည်။
“စံဖေ ဘယ်ကညီလေးမောင်လဲ ... ငါ့တပည့်ဟောင်းလား”
“မဟုတ်ဘူးဆရာ ... ခင်လှသားလေ”
“ဘယ်ခင်လှလဲ”
“ဆရာ မယ်သုညလို့ နာမည်ပေးထားတဲ့ တစ်ယောက်လေ”
“ဪ ဒီရွာမှာလား”
“ခင်လှက ကြိမ်ချောင်းမှာနေတယ်ဆရာ”
ကျွန်တော်က ၃ မိုင်ခန့်ဝေးသည့်ရွာကို ခြေကျင်လျှောက်သွားရသည်။ ဤကာလတွင် ကားလမ်း၊ လှည်းလမ်းက မပေါက်သေး။ ကျွန်တော်နှင့်အတူ ရွာမှ ကလေးတစ်ယောက်က အဖော်လိုက်ခဲ့ပေးသည်။
ကြိမ်ချောင်းရွာအရောက်တွင် ကျွန်တော်ကတပည့် ခင်လှအိမ်ကိုတန်း သွားလိုက်သည်။ သူက အိမ်ရှေ့တွင် တစ်ယောက်တည်းထိုင်ရင်း ငိုနေသည်။ သူ့သားဖြစ်သူ၏ ဓာတ်ပုံလေးနှင့် အင်္ကျီ ပုဆိုးတို့အား ဘုရားစင် အောက်တွင် ဖြန့်ခင်းထားသည် ကိုလည်းတွေ့ရသည်။
“ဆရာရယ် ... သားလေးတစ်ယောက်ပဲ ရှိတာ ... ခုတော့ ဘာမှမရှိတော့ဘူး”
ခင်လှက ပြေးထွက်လာပြီး ကျွန်တော့်လက်ကို ကိုင်ကာ တဟီးဟီးငိုနေတော့သည်။
ကျွန်တော်က ချထားသည့် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး
“ဘယ်တုန်းကဆုံးတာလဲ”
“ဒီမနက်ပဲဖုန်းရတယ် ... သွားပါပြီဆရာရယ် ... သားလေးမရှိတော့ဘူး”
သူအငိုတိတ်အောင်စောင့်ပြီးမှ
“ခင်လှ”
“ဆရာ”
“နင် လေးတန်းတုန်းက မှတ်မိသေးလား”
“ဘာများလဲဆရာ”
“နင် သင်္ချာမှာ သုညရလို့ တိုင်နဲ့ခေါင်းနဲ့ဆောင့်တာလေ”
ခင်လှ အငိုတိတ်သွားသည်။ ကျွန်တော်က ဆက်ပြောသည်
“ငါ့တပည့်က စိတ်မာပါတယ် ... အားတင်းထားစမ်းပါ ... အဲဒီတုန်းက ဆရာဘာပြောခဲ့သလဲ ... မှတ်မိသေးလား”
“မှတ်မိတယ်ဆရာ ... သုညရဲ့တန်ဖိုး”
“ဘာဖြစ်လို့ ကိုယ့်သားလေးကို သုညလေးလို့ တန်ဖိုးမထားနိုင်ရတာလဲ”
ခင်လှတွေသွားသည်။ ကျွန်တော်ကလည်း အတိတ်ကိုပြန်ပြီး သတိရနေမိသည်။
ထိုနေ့က သင်္ချာစစ်သည့်နေ့ ဖြစ်သည်။ ကျွန်တော်က အတန်းတင် စာမေးပွဲနီးပြီဖြစ်သောကြောင့် မေးခွန်း ဟောင်းများကို လေ့ကျင့်ရင်း ကျောင်းသားတွေကို အပတ်တိုင်းစာမေးပွဲပုံစံဖြင့် စစ်ဆေးလေ့ရှိသည်။
ထိုနေ့က ပုစ္ဆာကြီး ၅ ပုဒ်ကို အချိန်နှင့် ကန့်သတ်ကာ အတန်းတွင်းစစ်စာမေးပွဲအဖြစ် လုပ်သည်။ ပုစ္ဆာခက်ခက် တွေကို အတွေ့အကြုံရရန် စစ်ဆေးခြင်းဖြစ်သဖြင့် အတော်များများ မဖြေနိုင်ကြပေ။ သို့သော် အနည်းဆုံး တစ်ပုဒ်လောက်တော့ မှန်ကြသည်။ ခင်လှတစ်ယောက်တည်း တစ်ပုဒ်မျှ မမှန်သောကြောင့် သုညရသည်။
ကျွန်တော်ကလည်း စိတ်စေတနာဖြင့် ခင်လှကို ဆူလိုက်မိသည်။
ကျွန်တော့်အဆူကို ခံရသောကြောင့် ခင်လှတစ်ယောက် မျက်ရည်ဖြိုင်ဖြိုင်ကျသည်။ ငိုသဖြင့်လည်း ကျွန်တော်က ထပ်ဆူသည်။ ခင်လှဘာလုပ်သည်ထင်သနည်း။ ကျွန်တော့်ဘေးနားရှိ ကျောင်းတိုင်ကို ခေါင်းနှင့် လာဆောင့်သည်။
“ဟဲ့ ... ဟဲ့ ... ဘာလုပ်တာလဲ”
သူ့ကို ပြေးဆွဲရတော့သည်။
“ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ”
“သုညရလို့”
“သုညရတော့ဘာဖြစ်သလဲ”
“တန်ဖိုးမရှိဘူးပေါ့”
“သုညက တန်ဖိုးမရှိဘူးလို့ နင့်ကို ဘယ်သူကပြောသလဲ ... သွားထိုင်”
ကျွန်တော်က ကျောက်သင်ပုန်းပေါ်တွင် ၁ အနုတ် ၁ ညီမျှခြင်းကို ရေးလိုက်သည်။ ထို့နောက် အတန်းကို မေးလိုက်သည်။
“ကဲ ... အဖြေက ဘာလဲ”
“သုည”
အားလုံးက ပြိုင်တူဖြေကြသည်။
“ဟုတ်ပြီ ... အဲဒီ သုညဆိုတာ တစ်ထဲက တစ်ကို နုတ်မှ ဖြစ်လာတာမဟုတ်လား”
“ဟုတ်ပါတယ်”
“သုညက တန်ဖိုး ရှိသလား မရှိဘူးလား”
“မရှိပါဘူး”
“ဘာဖြစ်လို့ သုညက တန်ဖိုးမရှိရမှာလဲ”
ကျွန်တော်က ကျောက်သင်ပုန်းပေါ်တွင် ၁ ဂဏန်းကို ရေးလိုက်သည်။
ထို့နောက်
“ခင်လှထွက်ခဲ့စမ်း”
ခင်လှက ထွက်လာသည်။
“ကိုင်း အဲဒီ ၁ နောက်မှာ သုညကို ရေးလိုက်စမ်း”
ခင်လှက မြေဖြူကိုယူပြီး သုညကို ရေးလိုက်သည်။ ကျွန်တော်က အတန်းကိုမေးသည်။
“ပြောကြစမ်း ဆရာရေးတာ ဘာလဲ”
“တစ်”
“ခင်လှရေးတာဘာလဲ”
“သုည”
“ခုဆိုရင် အဲဒါကို ဘယ်လို ဖတ်မလဲ”
“တစ်ဆယ်”
“တစ်လို့ ဖတ်မလား”
“မဖတ်ပါ”
“တစ်နဲ့ တစ်ဆယ် ဘယ်ဟာက တန်ဖိုးများသလဲ”
“တစ်ဆယ်”
“ဘာကြောင့်လဲ ... တစ်နောက်မှာ သုညတစ်လုံး တိုးလိုက်တာကြောင့် မဟုတ်လား ... ကဲ ခင်လှ ၁၀ နောက်မှာ နောက်သုညတစ်လုံးရေးလိုက်”
ခင်လှက နောက်ထပ် သုညတစ်လုံးထပ်ရေးသည်။
“ကဲ ဘယ်လောက်ဖြစ်သွားပြီလဲ”
“၁၀၀”
“ဘာကြောင့်လဲ"
“သုညတစ်လုံးတိုးလိုက်လို့”
“သုည တစ်လုံးတိုးလိုက်တိုင်း ကိန်းဂဏန်းတွေရဲ့ တန်ဖိုးက တက်မသွားဘူးလား”
“တက်ပါတယ်”
“၁၀၀ နောက်မှာ သုညတိုးရင်”
“၁၀၀၀”
“၁၀၀၀ နောက်မှ သုညတိုးရင်”
“၁၀၀၀၀”
“ကဲ သုညက တန်ဖိုးရှိသလား ... မရှိဘူးလား ခင်လှ”
“ရှိပါတယ်”
“သုညက တန်ဖိုးရှိတာပေါ့ကွယ် ... ဒါပေမဲ့ ကိန်းတစ်ခုရဲ့နောက်မှာ တိုးသွားတဲ့ သုညပဲ ဖြစ်ရမယ်။ ၁ မှတ် ရရင် ၁၀ မှတ်ဖြစ်အောင် လုပ်ရမယ်။ ၁၀ မှတ်ရရင် ၁၀၀ ဖြစ်အောင်လုပ်ရမယ်။ ဘာမှမရတဲ့ သုညတော့ ဖြစ်အောင် မလုပ်နဲ့။ ကိုယ့်ကိုယ်ကိုယ် ရှေ့မှာ တန်ဖိုးရှိတဲ့ ကိန်းဂဏန်းတစ်ခု ဖြစ်အောင်နေ။ ၁ ဖြစ်ချင်ဖြစ်မယ် ... ၉ ဖြစ်ချင်ဖြစ်မယ် ... အဲဒီနောက်က သုညတွေ ထပ်တိုးလာနိုင်အောင် ကြိုးစား။ ဘာမှ အားထုတ်မှုမရှိ။ ကြိုးစားမှုမရှိဘဲ ကိုယ်က သုညဖြစ်နေရင် နောက်က သုညဘယ်လောက် တိုးတိုး တန်ဖိုးမဲ့နေမှာပဲ”
ကျွန်တော်က ၁ ကိုဖျက်ပြီးမှ ပြောလိုက်ခြင်းဖြစ်သည်။
“ခင်လှ နားလည်ပြီလား”
“ဟုတ်ကဲ့”
ထိုအချိန်တွင် သန်းထိုက်က လက်ထောင်သည်
“ဘာလဲကွ”
“ဆရာ ... သားလည်း ဒါဆိုရင် သုညရအောင်ပဲ လုပ်တော့မယ်”
“သုညရအောင်လုပ်ရင် မင်းက ဘာဖြစ်သွားမလဲ ... သုညပဲ ဖြစ်မှာပေါ့ကွာ ... မင်းက တန်ဖိုးရှိတဲ့ ကိန်းတစ်ခုတော့ ဖြစ်နေရမယ်လေ ... ဒါမှ မင်းနောက်က သုညတွေ ထပ်တိုးလာတိုင်း တန်ဖိုးရှိလာ တော့မှာပေါ့”
ကျွန်တော်က အတိတ်ကို ပြန်အမှတ်ရရင်း ကြည်နူးနေမိသည်။ ထို့နောက် ကိုယ့်တပည့်ခင်လှကို ကြည့်လိုက်မိ သည်။ ယခင်ကလို သျှောင်ပူစူးလေးနှင့်မဟုတ်တော့။ မိခင်မိန်းမသားကြီးတစ်ယောက်ဖြစ်နေပြီ။ သုည ရအောင်လုပ်မည်ဆိုသော သန်းထိုက်နှင့် သုညရသောကြောင့် တိုင်နှင့်နဖူးလာဆောင့်သော ခင်လှတို့ အိမ်ထောင်ကျကြသည်။
သူတို့သားလေးက ညီလေးမောင်။
“သမီး ... မရှိတော့တိုင်း တန်ဖိုးမဲ့သွားတာ မဟုတ်ဘူးဆိုတာ နားလည်တယ်နော်”
“ဟုတ်ကဲ့ပါဆရာ ... သမီးနားလည်ပါတယ်”
“ဘာကြောင့် မရှိတော့တာလဲဆိုတာ ပိုပြီးအရေးကြီးတယ်။ သမီးသားလေးက သုညလေးဖြစ်သွားပေမယ့် သူက သူ့ရှေ့က အနာဂတ်ကို တန်ဖိုးပိုတက်သွားအောင် လုပ်ပေးလိုက်တဲ့ အဖြည့်ခံသုညလေးလို့ မြင်ကြည့်လိုက်”
ခင်လှကပြုံးလိုက်သည်
ခင်လှ၏ မျက်ရည်တွေကြားက အပြုံးကို သူ့သားလေးကလည်း ဓာတ်ပုံထဲမှ ပြုံးကာ ကြည့်နေသည်။
၆.၁၂.၂၀၂၁