ချစ်ခြင်းရဲ့အစ(စ/ဆုံး)

————–

ကုတင်ပေါ်၌ မတ်တပ်ရပ်လျက် ညဘက်လက်ကလေးကို ခါးထောက်ကာ ဝါးလုံးရှည်ပေါ် ချိတ်ထားတဲ့ အင်္ကျီအဝတ်အစားတွေထဲ ဘယ်တစ်ခုဝတ်ရမလဲလို့ ၇နှစ်အရွယ် မိန်းကလေးတစ်ဦးက တွေးဝေလို့နေသည် ။

” ကဲ ဘယ်တစ်ခုဝတ်မှာလဲ မြန်မြန်ရွေး သူများတွေနင့်ကို စောင့်နေရအုံးမယ် ”

အစ်မကြီးက စိတ်မရှည်တော့ပဲ ကြာနေတဲ့ ညီမဖြစ်သူကို အလျင်လိုစေတော့သည် ။

” ဟိုတစ်ခု ”

ခရမ်းရောင် ဂါဝန်ကို ကလေးမ လက်ကလေးနဲ့ ထောက်ပြသည် ။ ကြည်လင်တောက်ပနေတဲ့ ကြိုးတစ်ချောင်းဂါဝန်ကို သူမရဲ့သူငယ်ချင်းနဲ့ အပြင်သွားဖို့ရွေးချယ်လိုက်သည် ။ ထိုဂါ၀န်ကို အမေဖြစ်သူက ခရစ္စမတ်လက်ဆောင်ဖြစ် ၀ယ်ထားပေးတာမို့လည်း သူမ မြတ်နိုးတန်ဖိုးထားသည် ။

” ဒီဂါဝန်လား ”

” အင်း ”

” ဒီလောက်နေပူနေတာ , ဂါဝန်က ဘာလုပ်မလို့တုန်း ”

ကလေးမက အစ်မဖြစ်သူကို မကျေနပ်တဲ့အကြည့်ကလေးနဲ့ လှမ်းကြည့်လိုက်သည် ။ တကယ်တမ်း သူမကို အဝတ်ရွေးချယ်ခိုင်းသည်မှာလည်း အစ်မဖြစ်သူသာဖြစ်ပြီး သူမ ရွေးတဲ့ဂါဝန်လေးကို သဘောမတွေ့သလို ပြောနေပြန်သည် ။ ကလေးမ ဘာမှမပြောပဲ ” ဝတ်ချင်တယ် ” တစ်ခွန်းသာဆို လိုက်သည် ။ အဲ့နောက် အစ်မဖြစ်သူကလည်း ပါးစပ်က ဗျစ်တောက်ဗျစ်တောက်နဲ့ ဂါဝန်ကို ကလေးမရဲ့ခေါင်းကနေ စွပ်ပြီး ဝတ်ပေးဖို့ ပြင်လိုက်သည် ။

” ဟေ့ …မိနု ပြီးပြီလား ”

ထိုချိန် ပြတင်းပေါက်ကနေ သူငယ်ချင်းဖြစ်သူ အချမ်းက အနောက်ကနေ ကလေးမကို ခေါ်လိုက်သည် ။ ပြတင်းပေါက်လေးက တိုင်လေးတွေတပ်ထားတာမို့ ကောင်လေးက သူ့အရပ် မမှီတမှီလေးနဲ့ထို ပြတင်းပေါက်က တိုင်သေးလေးကို ကိုင်တွဲကာ ခေါ်ပေမဲ့ သူ့မျက်နှာအပြည့်ကိုတော့ မမြင်ရချေ ။

” ဟိုမှာ အချမ်း လာနေပြီ ၊ မြန်မြန် ဝတ် ”

အစ်မကလည်း အလျင်အမြန်နဲ့ ကျောနောက်က ဇစ်လေးကို တပ်ပေးလိုက်သည် ။ အဲ့နောက် ကလေးမလည်း ကုတင်ထပ်ကနေ ခုန်ဆင်းလာပြီး အိမ်တံခါးမကနေ ထွက်ကာ သူငယ်ချင်းခေါ်ရာ ပြတင်းပေါက်နား သွားလိုက်သည် ။

” ငါတို့ သွားတော့မှာလား ”

” ဟုတ်တယ် …. ငါနင့်ကိုလာခေါ်တာ ”

” သွားမယ်လေ ”

ကလေးမသည် သူငယ်ချင်းနောက်ကို ပြေးလိုက်သွားကာ အစ်မ ဖြစ်သူကိုတောင် နှုတ်ဆက်မသွားတော့ပေ ။ အိမ်ရဲ့မီးဖိုချောင်နားထိ ပြေးသွားပြီး အိမ်နှစ်အိမ်ကြား ဝင်ထွက်သွားလို့ရတဲ့ ခြံတံခါးနားကနေ နှစ်ယောက်သား ကောင်လေးရဲ့အိမ်ကို ကူးသွားတော့သည် ။

” ကဲ ကလေးတွေ သွားကြမယ် ၊ အချမ်း, နုနု ”

ကောင်လေးရဲ့အဒေါ်အငယ်က အိမ်ရှေ့ကနေ အော်ခေါ်ခြင်းဖြစ်သည် ။ ဒီနေ့လျှောက်လည်ဖို့ ခေါ်သွားဖို့ ကောင်လေးရဲ့အဒေါ်က ကလေးမနဲ့ကောင်လေးကိုသာ ခေါ်ခြင်းဖြစ်သည် ။ အချမ်း၌ အစ်ကိုတစ်ယောက်နဲ့ ညီမ တစ်ယောက်ရှိသေးသည် ။ ဒါမဲ့ အဲ့နေ့က ကောင်လေးရဲ့အဘွားအိမ်မှာ ရှိတာက ကောင်လေးတစ်ယောက်တည်းမို့ သူနဲ့ ကလေးမလေးကိုသာ အလည်ခေါ်သွားချင်ဖြစ်သည် ။

” တက်တက် …အချမ်းက နောက်မှာတက် , နုနုကို အရင်တက်ခိုင်းလိုက် ”

125ဆိုင်ကယ်ပေါ်မှာ မိန်းကလေးမို့ ဦးစားပေးကာ ကလေးမက အချမ်းနဲ့အဒေါ်ငယ်ကြားထဲ လိုက်စီးခဲ့ကြသည် ။ အဲ့နောက် အလည်သွားမဲ့ နေရာကို သုံးယောက်သာ စတင်ထွက်ခဲ့ကြတော့သည် ။ သို့ပေမဲ့ ကောင်လေးရဲ့အဒေါ်သည် သူတို့အိမ်ရဲ့နှစ်အိမ်မြောက် အိမ်နီးချင်းအိမ်၌ ဆိုင်ကယ်စက်ကို မထင်မှတ်ပဲ ရပ်လိုက်သည် ။

” မဖြူရေ .. ပြီးပြီလား , သွားကြမယ်လေ ”

ကလေးနှစ်ယောက်လည်း အဒေါ်ငယ်နောက် လိုက်လာရင် တိုက်ပုအိမ်လေးထဲ ဝင်သွားကြသည် ။ ထိုစဥ် ဧည့်ခန်းရှေ့ သနပ်ခါး သွေးနေသေးတဲ့ ထမီရင်လျားနဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည် ။ ထိုအမျိုးသမီးက မဖြူဆိုသူ ဖြစ်မည် ။

” ဟေ့ .. လာကြ …. ခဏလေး ငါပြီးတော့မယ် ရီ”

” ကလေးတွေ …သွား အရှေ့မှာ ဆိုင်ကယ်သွားစောင့်ကြည့် သူများတွေ ယူသွားမယ် ”

အဒေါ်ငယ်က ထိုသို့ ညွှန်ကြားပြန်တော့လည်း ကလေးမနဲ့ကောင်လေးက ခြံရှေ့သို့ ပြေးထွက်သွားသည် ။ ဆေးရုံးမှာ အတူအလုပ်လုပ်ကြတဲ့ အဒေါ်ငယ်ရဲ့သူငယ်ချင်းကို စောင့်ကြရင်း မထင်မှတ်ပဲ ၁နာရီကြာသွားသည် ။ သို့သော် ခြံထဲမှာ ဆော့နေတဲ့ ကလေးနှစ်ယောက်အတွက်တော့ ကြာချိန်တွေကို ရေတွက်ထားခြင်းမရှိပေ ။ တွေ့လိုက်တိုင်း စကားများပြီး အချင်းချင်း ပြောစရာစကားတွေ မကုန်တာမို့ အချိန်တောင် မလောက်ကြပေ ။

” ကဲကဲ သွားကြမယ် .. ”

ဒီတစ်ချိန်တော့ အလည်သွားမဲ့နေရာကို သွားခြင်းဖြစ်သည် ။ အဒေါ်ငယ်ရဲ့ဆိုင်ကယ်က အားလုံးရဲ့အရှေ့၌ ဦးဆောင်လို့နေသည် ။ အနောက်မှာ လူဘယ်နှယောက် ဆိုင်ကယ်ဘယ်နှစီးလိုက်ပါလာလဲဆိုတာ ကလေးမ မသိပါ ။ တဖြေးဖြေးနဲ့ သူမရဲ့နေအိမ်နဲ့ဝေးလာပြီး နေပူပေမဲ့ ဆိုင်ကယ်ရဲ့အရှိန်ကြောင့် သူမရဲ့ခရမ်းရောင်ဂါဝန်လေးက လေထဲလွှင့်လို့နေပြီး သူမ စိတ်တွေ ပေါ့ပါးလို့နေသည် ။ ဖြတ်မောင်းသွားတဲ့ မြင်ကွင်းတွေထဲ ဘယ်တော့မှ မမေ့တဲ့မြင်ကွင်းက ကျွဲအုပ်စုကို ပထမဆုံးအကြိမ် မြင်လိုက်ရခြင်း ဖြစ်သည် ။

” ဟိုမှာ နွားတွေ..”

” နွားက မမဲပါဘူး , အချမ်းရာ ”

” ဒါဆို ဘာလဲ ”

” အဲ့ဒါ ကျွဲ ..ကျွဲတွေကို တွေ့ဖူးလား ”

ဒေါ်ငယ်က ကလေးနှစ်ယောက်ကြားထဲ ဝင်ဖြေလိုက်ခြင်းဖြစ်သည် ။

” ကြည့်ထား ငါတို့ ရပ်ကွက်မှာ နွားပဲ ရှိတယ် , ကျွဲ မြင်ရတာ ရှားတယ် ”

သို့ဖြင့် ကျွဲအုပ်ကြီးကို သူတို့ ဖြတ်မောင်းသွားကြသည် ။ ထိုမြင်ကွင်းကို ဖြတ်ကျော်ပြီး ခဏအကြာမှာတော့ အလည်သွားမဲ့နေရာကို ရောက်လာတော့သည် ။ ထိုနေရာသည် ကလေးကစားကွင်းလည်းမဟုတ်သလို လူတွေကို အပြင်မှာမတွေ့ရပဲ ဝင်ဝင်ချင်း ရပ်ထားတဲ့ ဆိုင်ကယ်အုပ်စုသာ တွေ့ရသည် ။ သေချာဝင်ကြည့်ချိန်မှာ တွေ့မြင်လိုက်ရသည်က စားသောက်ဆိုင်တစ်ခုဖြစ်သည် ။ အချမ်းရဲ့အဒေါ်ငယ်သည် ကလေးနှစ်ယောက်ကို သူငယ်ချင်းတွေနဲ့နေ့လည်စာ စားမဲ့နေရာဆီ ခေါ်ဆောင်လာခြင်းဖြစ်သည် ။

လူကြီးဝိုင်းထဲ ကလေးဆိုသည်မှာ အချမ်းနဲ့မိနု နှစ်ယောက်သာ ရှိသည်ဟု ထင်ရပေမဲ့ အဒေါ်ငယ်တို့နဲ့ရွယ်တူမဟုတ်တဲ့ ယောင်္ကျားငယ်လေးတစ်ယောက်ကို ထိုကလေးနှစ်ယောက်က တွေ့မြင်လိုက်ရသည် ။ အစားအသောက်တွေ စားပြီးတဲ့နောက်မှာတော့ စကားပြောနေတဲ့ လူကြီးဝိုင်းက ကလေးတွေဖို့တော့ ပျင်းဖို့ကောင်းခဲ့သည် ။ သို့ပေမဲ့ ကိုယ်တိုင် လူကြီးဖြစ်လာတဲ့အခါ သူငယ်ချင်းတွေစုံတဲ့ စကားဝိုင်းတစ်ဝိုင်းရဖို့က ဘယ်လောက်တောင် ခက်ခဲမှန် အချိန်ကြာမှ သူမ သိမြင်ခဲ့ရသည် ။ ထိုယောင်္ကျားငယ်လေးသည် ခုနက ဒေါ်ငယ်ရဲ့သူငယ်ချင်း ထမီရင်လျားနဲ့အမျိုးသမီးနား၌သာ တိုးတိုးလေးနဲ့ကပ်ပြောလို့ နေသည် ။

” သား စားလို့ဝပြီးဆို မောင်လေး,ညီမလေးတွေနဲ့ သွားဆော့လေ ”

မဖြူဆိုတဲ့အမျိုးသမီးက အခုလိုပြောတော့ အချမ်းရဲ့အဒေါ်ငယ်ကလည်း ထိုယောင်္ကျားငယ်လေးနဲ့ အတူဆော့ဖို့ ခွင့်ပြုလိုက်သည် ။

” နင်တို့နှစ်ယောက်လည်းဆော့ချင်လို့လား ၊ အကိုဆိုင်းနဲ့ သေချာဆော့နော် , နှစ်ယောက် တစ်ယောက် မနိုင်စားကြနဲ့ , အချမ်း..နုနုကို သေချာဂရုစိုက်ခေါ်ဆော့ ”

ကလေးနှစ်ယောက်လုံး အပြုံးမျက်နှာထွက်ပေါ်လာကာ ထိုယောင်္ကျားငယ်လေး နောက်လိုက်သွားကြသည် ။ သူတို့သုံးယောက်လုံး လူကြီးတွေမြင်ရတဲ့တံခါးပေါက်ရဲ့အပြင်ဘက်ခြမ်း မြက်ခင်းရှိရာ၌ ဆော့ဖို့ပြေးသွားကြသည် ။

“ဘာတမ်းဆော့ကြမလဲ ‘

” စိန်ပြေးလိုက်တမ်း ဆော့ကြမယ်လေ ”

အချမ်းက အစပြုလိုက်တော့ ကျန်တဲ့နှစ်ယောက်ကလည်း သဘောတူလိုက်လေသည် ။ အဲ့နေ့က စခဲ့ခြင်းဖြစ်လေ၏ ။ စိန်ပြေးလိုက်တမ်းကစားခြင်းကို သူမ နှစ်သက်သည်မှာ ကြာခဲ့ပြီ ။ ငယ်တုန်းက သူငယ်ချင်းတွေနဲ့ ပုံမှန်ကစားနေကြသလို ဒီကစားနည်းက ထူးခြားခြင်းမရှိသလို, ကစားပျော်သော ကစားနည်းတစ်မျိုးသာ ဖြစ်ခဲ့သည် ။ သို့သော် အဲ့ကလေးမအတွက် ထိုကစားနည်းက အမှတ်တရဖြစ်ခဲ့သည်မှာ ယနေ့ထိ သူမရဲ့ရင်ထဲထိ နေရာယူထားခဲ့ခြင်းဖြစ်လေသည် ။

” ဒီတစ်ခါ အစ်ကိုဆိုင်း လိုက်ဖမ်းရမဲ့ အလှည့်ပဲ ”

သူမနား ရောက်လာတဲ့အချိန် အလိုလို လျော့ချလိုက်တဲ့ သူ့ရဲ့ပြေးရှိန်တွေကော, ရုတ်တရက် နှေးကွေးသွားတဲ့ သူ့ခြေလှမ်းတွေဟာ သူမရဲ့မြင်ကွင်းထဲက မထွက်ခဲ့ပေ ။ နူးညံတဲ့အပြုံးတစ်ပွင့်နဲ့ လိုက်ဖမ်းနေတဲ့ ယောင်္ကျားငယ်လေးနဲ့ ပျော်ရွှင်စွာပြေးလွှားနေတဲ့ ကလေးမတို့ရဲ့ ရယ်သံတွေဟာ လေညင်းတို့ဖြင့် အဝေးကိုပါ လွှင့်ပျံသွားကြသည် ။

ခရမ်းရောင်ဂါဝန်နဲ့ ပြေးသွားနေတဲ့ ကလေးမရဲ့မြင်ကွင်းထဲ ထိုယောင်္ကျားငယ်လေးသည် တစ်ခါမှ ထွက်မရတော့တဲ့ ပုံရိပ်တစ်ခုလိုဖြစ်ခဲ့သည် ။ သူမရဲ့အချစ်ဦးသည် သူမ အတွက်တော့ နူးညံခြင်းကို ပထမဆုံး သင်ကြားပေးသူဖြစ်ခဲ့သည် ။ ထိုအခိုက်အတန့်တို့ကို တွေးလိုက်တိုင်း လှိုက်တက်လာတဲ့ ပျော်ရွှင်ခြင်းတွေဟာ သူမရဲ့ရင်ဘတ်နဲ့ဦးနှောက်တစ်ခုလုံးကို ပြည့်နှက်သွားစေတော့သည် ။

အချစ်ဦးနဲ့ စတွေ့တဲ့နေ့လေးကို သူမ ထပ်၍တွေးမိလိုက်ပြန်သည် ။ မိန်းမသားတစ်ယောက် အပေါ် ယောင်္ကျားသားတစ်ယောက်ရဲ့အနိုင်လိုချင်စိတ် ကင်းမဲ့ခြင်းက နူးညံမှုကို ဖော်ပြခြင်းကစသည် ။ အချစ်သည် နူးညံစွာ ဝင်ရောက်လာပြီး တစ်သက်သာ သိမ်းထားဖို့လုံလောက်တဲ့ ပျော်ရွှင်ခြင်းကို သူမထံ အမှတ်တရဖြင့် ပေးအပ်ခဲ့လေသည် ။

” ဒီအခိုက်အတန့်လေးကို ကျွန်မ ဘယ်တော့မှ မမေ့ပါဘူးလို့ ကတိပေးပါတယ် ”

အိမ်မက်ထဲထိ ရေရွတ်မိတဲ့စကားကြောင့် အိပ်ရာထပ်ကနေ သူမ နိုးထလာပြီး ကျနေတဲ့မျက်ရည်တွေကို သုတ်လိုက်သည် ။ တစ်နေ့သာကို ဖြတ်သန်းမဲ့အင်အားကို သူမ၌ လုံလောက်သွားစေသည် ။ အချစ်က အင်အားဖြစ်စေတဲ့ စကားကမှန်တယ်ဆိုတာ သူမ အခု လက်ခံရတော့မည် ။ ထို့နောက် သူမသည် အိပ်ရာထပ်က ထလာရင်း ဧည့်ခန်း၌ ကတ်စက်လေးဖွင့်ကာ သီချင်း နားထောင်နေတဲ့ အမျိုးသားကို တွေ့လိုက်ရသည် ။

” ကိုယ်တို့အတူ ကကြည့်ရအောင် ”

သူမရဲ့လက်ကလေးကို ညင်သာစွာယူလိုက်ပြီး ခါးကလေးကို ကိုင်ဆွဲလိုက်သည် ။ ထိုချိန်မှသာ အရာအားလုံးက အတိတ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး သူမရဲ့အိမ်မက် ဖြစ်ကြောင်း သိလိုက်ရသည် ။ တရစ်ရစ်နဲ့ စီးမျော်နေတဲ့ Kali Uchisရဲ့All I Can Say အ၀င်တီးလုံးက သူမရဲ့ခံစားချက်တို့ကို နိုးထစေတာကြောင့် သူ့ကို ရုတ်တရက်ဆိုသလို ဖက်ထားလိုက်မိသည်။

” ဘာဖြစ်လို့လဲ နု၊ ခေါင်းကိုက်လို့လား ”

ရုတ်တရက် သူမက မျက်ရည်တွေပါ စီးကျလာတော့ သူ ပို၍ ထိတ်လန့်သွားသည် ။

” ပျော်လို့၊ လာပါ ကရအောင် အကို ”

” ကောင်းပါပြီ ”

သူ့ပခုံးထပ် ခေါင်းလေးမှီကာ သူမတို့နှစ်ဦးလုံးရဲ့ လှုပ်ရှားပုံက နှေးနှေးနဲ့စည်းချက်ညီလို့နေသည် ။

” ညီမ အိပ်မက် မက်တယ် ကို ”

” ဘယ်လို အိပ်မက်လဲ ”

” ကိုနဲ့စတွေ့တဲ့ နေ့ကို မက်တာ ၊ ကိုက ညီမ အချစ်ဦးဆိုတာလည်း ၊ ညီမရဲ့ပထမဆုံးအချစ်ဆိုတာလည်း ၊ ညီမ ချစ်ခြင်းရဲ့အစဆိုတာလည်း အားလုံးကို ပြန်တွေးမိစေတဲ့ အိပ်မက်ပဲ ”

” အရာအားလုံးက အစပဲလေ နု ၊ ကိုယ်တို့က အမြဲ အစက စတဲ့ချစ်ခြင်းမို့ အဆုံးသတ်ဆိုတာ မရှိဘူး ၊ တကယ်လို့ အဆုံးဆိုတာရှိခဲ့ရင်လည်း ကိုယ်တို့ အစကနေပြန်စကြမှာ ၊ အမြဲ ကိုယ်က မင်းလေးရဲ့အစပဲ ဖြစ်စေရမယ် ”

သူမသည် သူ့ကို ကြည်နူးစွာကြည့်ရင်း နှုတ်ခမ်းထက် အနမ်းလေးပေးလိုက်သည် ။ သူသည်လည်း သူမ နည်းတူ လိုက်ပေးသည် ။ ထိုစဉ် သီချင်းသံလေးကလည်း ညည်းနေဆဲဖြစ်သည် ။

🎵No, I am not sorry for the way that I am
I’m not sorry for the way that I love or the heart that I have
No, I am not sorry for the dreams that I dream
Or the life that I live and that’s all that I can say🎵

အဲ့နောက် ထိုသူနှစ်ဦးကလည်း စည်းချက်အတိုင်း ရွေ့လျားကာ နွေးထွေးစွာ ဖက်ထားကြလေသည် ။

ပြီးပါပြီ ။
#Sidim
၅/၁၁/၂၀၂၅

ဤဝတ္ထုသည် စိတ်ကူးယဉ်ရေးသားထားသည့် ဝတ္ထုတစ်ပုဒ်သာ ဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက်အပေါ်မျှ ထိခိုက်စေလိုခြင်းမရှိပါ ။ဆက်လက်၍ ကြိုးစားသွားပါအုံးမည် ။