ရွှေသမင်အလိုက်မှားပါလို့(စ/ဆုံး)
—————-
နင်နဲ့ငါလမ်းခွဲမယ်ခင်မေ
ဆက်မပေါင်းနိုင်တော့ဘူး။
ဘာစကားတွေလဲ။
အရူးထပြီးဘာစကားတွေပြောနေသလဲဆိုတော့ ငါအတည်ပြောနေတာခင်မေ။
ရှိတဲ့ပစ္စည်း အိမ်ယာ တစ်ဝက်ခွဲမယ်။
နင်တစ်ဝက်ငါတစ်ဝက်ယူမယ်။
ကလေးနှစ်ယောက်ကကောဆိုတော့နင်တာဝန်ယူတဲ့။
အဲဒီမြို့အရှေ့ပိုင်းကမိန်းမနဲ့တပူးတွဲတွဲရှိနေကတည်းက အတန်တန်သတိပေးခဲ့ပါတယ်။
ကိုဦးရေ..အဲဒီမိန်းမနဲ့ဘာတွေဖြစ်နေလဲ။
ကင်းကင်းရှင်းရှင်းနေလေ။
လူတွေကထင်ရာမြင်ရာလျှောက်ပြောနေတာပါခင်မေရာ။
အေးဆေးနေစမ်းပါ။
ငါအရူးလား။
ငါ့မိသားစုကိုဘယ်တော့မှသစ္စာမဖောက်ဘူးဟ။
သြော်..ဟုတ်မှာပါ။
ဟုတ်မှာပါ။
ငါအတွေးချော်နေတာဖြစ်ပါလိမ့်မယ်။
ကိုဦးနဲ့ငါ ဆယ်ကျော်သက်အရွယ်ထဲကချစ်သူ။
အရွယ်လေးတစ်ခုရောက်လာကြတော့အိမ်ယာထူထောင်ကြတယ်။
ကိုဦးက ရိုးရိုးသားသားနဲ့ရှာဖွေကျွေးမွေးတယ်။
အိမ်ပိုင်ယာပိုင်ဖြစ်လာတယ်။
သားသမီးလေးတွေနဲ့။
ခင်မေ့မှာလည်းရွှေနဲ့ငွေနဲ့ဖြစ်လာတယ်။
သာယာအေးချမ်းတဲ့မိသားစုလေးဖြစ်ခဲ့တယ်။
သူ့သူငယ်ချင်းကိုလှအောင်က မြို့အရှေ့ဘက်က ကာရာအိုကေဆိုင်ခေါ်သွားရင်းနဲ့အဲဒီမိန်းမနဲ့သိကျွမ်းလာတာ။
အဲဒီမိန်းမမှာယောက်ျားရှိတယ်။
တနေ့မှာတော့အဲဒီယောက်ျားကနောက်မယားငယ်နဲ့တခြားမြို့မှာ စားသောက်ဆိုင်တောင်ဖွင့်ထားပြီ။
အိမ်ပြန်မလာတာရက်အတော်ကြာတော့ အဲဒီမိန်းမက ကိုဦးတို့ ကိုလှအောင်တို့ကိုခေါ်ပြီးသူ့ယောက်ျားဆီလိုက်သွားကြတယ်။
ပွဲကြမ်းတယ်။
နောက်မိန်းမကိုကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ပြောဆိုပြီးလက်လွန်ခြေလွန်ဖြစ်ကုန်တယ်။
နောက်မိန်းမကငယ်ငယ်ချောချောလေး။
အချောလေးကိုထိပါးလာတော့ ဟိုလူအသည်းတွေခိုက်ကုန်တယ်။
မျင်စေ့ထဲဘာမှမမြင်တော့ဘူး။
အနားတွေ့တဲ့အသားတုတ်တစ်ချောင်းနဲ့တွယ်ထည့်လိုက်တာ မယားကြီးမှာကြယ်မြင်လမြင်ဖြစ်ပြီးခြေထောက်သွင်သွင်ကျိုးသွားတယ်။
အတူပါလာတဲ့နှစ်ယောက်က ဖေးမပြီးထမ်းခေါ်လာခဲ့ရတယ်။
ကျောက်ပတ်တီးကြီးနဲ့နေရတဲ့ အဲဒီမိန်းမရဲ့ဆိုင်ကိစ္စတွေအားလုံးကို ကိုဦးနဲ့ကိုလှအောင်ကဆောင်ရွက်ပေးရတယ်။
ကိုဦးကခင်မေ့ကိုအကျိုးအကြောင်းပြောပြပါတယ်။
သူကူညီပေးမှဖြစ်မယ်တဲ့။
ကိုဦးရဲ့အားနည်းချက်က သူများကိုအလွန်သနားတတ်တာပဲ။
ခြေထောက်ဒဏ်ရာရနေတဲ့ကြားကသူ့ကိုဖက်ပြီးငိုယိုနေတဲ့ မျက်နှာလေးကိုသူသနားနေတယ်။
ခံစားနေတယ်။
နောင်ရက်များမှာကိုဦးကရက်ခြားပြီးမှအိမ်ပြန်လာတယ်။
အိမ်မှာစီးပွားရေးလဲလစ်ဟင်းလာတယ်။
အဲဒီမိန်းမဆိုင်မှာမန်နေဂျာသဖွယ် အရာရာသူမပါရင်မဖြစ်တော့တဲ့အနေအထားကိုရောက်သွားတယ်။
ဆိုင်ရဲ့ဝင်ငွေထွက်ငွေဟာကိုဦးဆီကပဲစီးဆင်းတယ်။
ဆိုင်ရှင်အမျိုးသမီးကခြေထောက်သာကျိုးတာပါ။
လက်ကအကောင်းကြီးလေ။
ဒါပေမယ့် ကိုဦးထမင်းခွံ့ကျွေးမှစားပါသတဲ့။
သူတို့ဆိုင်ကထမင်းချက်အလုပ်သမား ဒေါ်ထွေးက သူမြင်သမျှကိုအပြင်မှာဖောက်သည်ချတယ်။
မကြားချင်မှအဆုံးဖြစ်လာတဲ့အခါ ခင်မေရင်ပူလာတယ်။
အဲဒီနေရာကိုသူမသွားရဲဘူး။
အဲဒီမိန်းမကိုလည်းရန်သွားမထောင်ရဲဘူး။
သူတို့က ပြည့်စုံကြတယ်။
ဝိတ်ကြီးတယ်။
ခင်မေဆိုသည်မှာ ကိုဦးဘာလုပ်လုပ် ဟုတ်ကဲ့လိုက်နေရသူ။
ဆွေမရှိ မျိုးမရှိနဲ့ကိုဦးတမျက်နှာ တကမ္ဘာထင်ပြီးနေရှာသူ။
သူတို့နှစ်ဦးဘဝအစမှာကတည်းက မောင်တထမ်းမယ်တရွက်နဲ့ ကြိုးစား
လာခဲ့ရသူတွေ။
ခင်မေက မနက်အစောကြီးထပြီးအနီးနားကစျေးမှာပဲပြုတ်ရောင်းတယ်။
ကိုဦးက ဆိုက်ကားနဲ့စျေးသည်တွေကိုကုန်စိမ်းကြိုပေးတယ်။
စျေးထဲမှာသူတို့လင်မယားကိုလူချစ်လူခင်ပေါတယ်။
ကုန်စုံဆိုင်သူဌေးတစ်ယောက်က ကိုဦးကိုခင်မင်တယ်။
သူ့ရစရာရှိတဲ့ငွေကြေးတွေကို ကိုဦးကိုတောင်းခိုင်းတယ်။
ကိုဦးကလည်းတစ်ကျပ်မကျန်စာရင်းနဲ့အင်းနဲ့ပြန်ပေးတယ်။
သူဌေးရဲ့လူယုံလိုဖြစ်လာတဲ့အခါ ကိုဦးကို ပရိုဘောက်စ် ကားလေးတစ်စီးဝယ်ပေးတယ်။
အတိုးမဲ့အရစ်ကျဆပ်စေတယ်။
ခင်မေ စျေးပိုရောင်းတယ်။
ကိုဦးအလုပ်ပိုလုပ်တယ်။
ကားလိုင်စင်ရတော့ အငှားလိုက်တယ်။
ခင်မေစျေးရောင်းမနားသေးဘူး။
ကိုဦးဆိုက်ကားနဲ့ကုန်စိမ်းကြိုပေးနေတုန်း။
ပိုက်ဆံကိုအသည်းအသန်စုတယ်။
ချွေတာစားပြီးစုဆောင်းတယ်။
ကိုဦးနဲ့ခင်မေတို့ရဲ့ရေဆန်ဘဝများဟာအလွန်ပင်ပန်းခဲ့ရပါတယ်။
ကားဘိုးငွေကျေခါနီးမှာတော့ ခင်မေစျေးရောင်းရပ်လိုက်ပါတယ်။
သားဦးကိုယ်ဝန်ကြောင့်ကျန်းမာရေးချို့တဲ့လာတယ်။
.
.
ကိုဦးပြန်မလာတာတစ်လကိုးသီတင်းရှိပြီ။
ပြန်လာတဲ့နေ့မှာပဲ လမ်းခွဲစကားပြောတယ်။
သူအရမ်းချမ်းသာချင်တယ်တဲ့။
ထင်ပေါ်ကြော်ကြားချင်တယ်။
သူဌေးဖြစ်ချင်တယ်။
ခင်မေတို့နဲ့အတူနေလို့ကတော့ ချမ်းသာဖို့ဆိုတာ နောင်ဘဝတောင်မသေချာဘူးတဲ့။
ခင်မေတို့ကမိသားစုလေကိုဦးရယ်..သံယောဇဥ်ကိုဒီလိုလွယ်လွယ်နဲ့ဖြတ်လို့ရမလားဆိုတော့။
ရုပ်ရှင်ထဲကစကားလုံးတွေလာသုံးမနေနဲ့ခင်မေ။
သူနဲ့ငါကမယူလို့မဖြစ်တဲ့အနေအထား။
နင့်စကားတွေကဘောင်မဝင်တော့ဘူးတဲ့။
တက္ကသိုလ်တက်နေတဲ့သားနဲ့သမီးကပညာတစ်ပိုင်းတစ်စနဲ့။
သူ့ဘက်ကဒီလိုဆိုတော့ ခင်မေဘက်ကလဲဘာစကားမှဆက်မဆိုနိုင်တော့ပါဘူး။
ကိုယ့်ကို သံယောဇဥ်တစက်ကလေးမှမရှိတော့တဲ့လူကို ကိုယ့်ဘက်က ဘယ်လောက်ပဲအသည်းနင့်အောင်ချစ်နေဦးတော့ ရင်နာနာနဲ့ပဲ လွယ်လွယ်ကူကူလမ်းခွဲပေးခဲ့တယ်။
သူကပိုက်ဆံပြည့်စုံတဲ့လူနဲ့ယူမယ်ဆိုတော့ ခင်မေက အရဲစွန့်ပြီးပြောကြည့်တယ်။
ကလေးနှစ်ယောက်ကိုလည်းကျမခေါ်သွားရမှာဆိုတော့ ကျမကိုရှင့်ဝေစုထဲက တချို့တဝက်လောက်ပိုပေးပါလားလို့။
စကားသာအဖတ်တင်သွားတယ်။
ရှေ့နေရှေ့မှာ ငွေတွေကိုကပြာကယာယူပြီး အဆောတလျင်ထွက်သွားတယ်။
သမင်လည်ပြန်လေးတောင်လှည့်မကြည့်သွားဘူး။
ကိုဦးရဲ့နောက်ကျောပြင်ကိုမျက်စေ့တဆုံးကြည့်နေရင်းခင်မေ့ရင်ထဲမှာလှိုက်တက်လို့လာပါတယ်။
တကယ်ပဲဝေးသွားပြီလားကိုဦးရေ။
ဆယ်ကျော်သက်အရွယ်ထဲကချစ်ခဲ့ရသူတွေမို့ ရင်ထဲမှာခံစားချက်ကပြင်းထန်နေတယ်။
#ရေစုန်မှာသစ္စာတွေမြဲခဲ့ပါလျက်ရေဆန်ကျမှဖောက်ပြန်ရသတဲ့လား။
#ဘယ်လိုမျိုးအကြောင်းအရာတွေကချစ်ခြင်းကိုပြောင်းလဲစေခဲ့သလဲ။
.
.
ခင်မေတို့သားအမိ ရပိုင်ခွင့်ဝေစုလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီးအဲဒီမြို့ကိုစွန့်ခွာခဲ့တယ်။
သူတို့ကတော့လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ သူဌေးတွေဖြစ်နေကြတယ်။
အကောင်းစားကားကိုထည်လဲစီးပြီးအဲဒီမြို့မှာဂုဏ်သရေရှိဖြစ်နေကြတယ်။
ဆယ်နှစ်ခန့်ကြာခဲ့ပြီ။
သားသမီးတွေ ဘွဲ့ကိုယ်စီရပြီးလို့နေရာကောင်းတွေမှာအလုပ်ဝင်နေကြပြီ။
ခင်မေဆံပင်တွေလည်းဖြူစပြုနေပြီ။
နားတွေ သွားတွေ မျက်စေ့တွေလည်းအိုနေပြီ။
ဒါပေမယ့် သားသမီးတွေ ကခင်မေ့အပေါ်မှာလိုလေသေးမရှိစေရ အစစအရာရာပြည့်စုံံစေတယ်။
တနေ့မှာတော့ ဇာတိမြို့က ခင်မေတို့အသိတစ်ယောက်နဲ့ဆုံံတွေ့ရတယ်။
ကိုဦးတို့အကြောင်းကိုပြောပြတယ်။
ကုန်းကောက်စရာမရှိလောက်အောင်ဆင်းရဲမွဲတေနေသတဲ့။
အို…နားကြားများမှားရော့သလား။
သူတို့စားသောက်ဆိုင်ကြီးမီးသင့်တယ်။
တရားမဝင်တွေ ရောင်းဝယ်လို့သက်ဆိုင်ရာကဖမ်းဆီးတယ်။
ရှိသမျှအကုန်ကုန်တယ်။
အခု ကိုဦးကမျက်စေ့နှစ်ဘက်စလုံးတိမ်စွဲတယ်။
ဆီးချို သွေးတိုးက တက်နေတယ်။
သမားတော်နဲ့ပြရမယ်။
အချိန်မီမခွဲစိတ်ရတော့ မျက်စေ့ကွယ်တယ်။
သူ့မိန်းမက ထမင်းဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတယ်တဲ့။
ရှင့်မိန်းမနဲ့သားသမီးတွေဆီပြန်သွားချင်ရင်ပြန်သွားဆိုပြီးနေ့စဥ်နဲ့အမျှမောင်းထုတ်နေတယ်။
မြင်ရတာဆင်းဆင်းရဲရဲနဲ့စိတ်မချမ်းသာစရာပါခင်မေရယ်။
ဖြစ်နိုင်ရင် နင်တို့ကိုဦးကိုပြန်ခေါ်ထားလိုက်ပါလားခင်မေ။
ငါသန်ဘက်ခါပြန်မယ်။
နင့်ဆီကအဖြေငါစောင့်နေမယ်။
ခင်မေတစ်ညလုံးအတွေးဝင်နေမိတယ်။
ဆယ်နှစ်ကျော်အတွင်းမှာပြောင်းလဲမှု့ကမြန်ဆန်လှချည်လား။
အချိန်တခဏလေးအတွင်းမှာ အံ့သြစရာတွေချည်းပါလား။
သူအလွန်ဖြစ်ချင်တဲ့သူကြွယ်သူဖြစ်ခွင်တော့ရခဲ့ပါရဲ့။
ကြာရှည်မခံခဲ့ပါလား။
တခဏလေးအတွက်နဲ့များကိုဦးရယ်။
ဘဝတစ်ခုလုံးကိုလဲပြစ်ရက်တယ်။
ခင်မေအမျိုးမျိုးလှည့်ပတ်ပြီးစဥ်းစားနေမိတယ်။
ဒီမြို့လေးကိုပြောင်းလာခါစက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။
အသိမိတ်ဆွေ ဆိုလို့တစ်ယောက်မှလဲမရှိ။
သူစိမ်းတွေအလယ်မှာဒုက္ခတွေရောက်လိုက်တာ။
အဲဒီတုန်းကသူတို့ကမိုးမမြင်လေမမြင်ပျော်နေလိုက်ကြတာများ။
သူတို့ပျော်နေတုန်းကငါတို့သားအမိကဘယ်နေရာမှလဲ။
တစ်ရက်မှကိုဦးကိုမမေ့ခဲ့ဘူး။
ခင်မေတို့သားအမိကိုတခါတရံသတိတရစိတ်လေးနဲ့များလှည့်ကြည့်လာလေမလားဆိုပြီးစိတ်ကူးယဥ်ခဲ့မိသေးတယ်။
ငယ်ပေါင်းမို့မမေ့တန်ကောင်းဘူးလို့လဲကိုယ့်ဘက်ကသေချာခဲ့မိတယ်။
ရူးရူးမိုက်မိုက်နဲ့စိတ်ကူးယဥ်အတွေးတွေလေ။
နှစ်လတွေအလီလီသာပြောင်းလဲသွားခဲ့တယ်။
မျှော်လင့်ထားတဲ့သတင်းစကားကနတ္တိပါပဲ။
ခင်မေလဲလက်ရှိဘဝမှာနေသားကျနေပါပြီ။
သားသမီးတွေ စားဝတ်နေရေးတွေ နဲ့ သူ့ကိုလဲသတိရတဲ့စိတ်မရှိတော့ပါဘူး။
.
.
.
ဘဝတစ်ခုမှာ တွေ့ဆုံ ကြုံကြိုက်ရတဲ့
သားသမီး ဇနီးခင်ပွန်းကို
လူတွေက… ကိုယ့်အပိုင်လို့ ထင်နေကြတယ်။
တကယ်က ဘယ်သူက ဘယ်သူ့ကိုမှ
မပိုင်ဆိုင်ပါဘူး။
ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မပိုင်ဘူး။
အကြောင်းသင့်တုန်းလေးမို့
ပေါင်းဆုံနေကြရတာ ဖြစ်တယ်။
အကြောင်းမသင့်တဲ့တနေ့ ခွဲကြရမှာ။
သတ္တဝါတွေအတွက် ..
ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ ဖြစ်တယ်။
ကိုယ်တကယ်ပိုင်တာ ကိုယ့်ဘဝရဲ့အဖော်မွန်အစစ်ဟာ
ကိုယ်ပြုထားတဲ့ …
ကုသိုလ်ကံ အကုသိုလ်ကံတွေပါ။
လူဆိုတာ အကြောင်းဆုံလို့ ရေစက်ရှိလို့
ပေါင်းဆုံကြရတာပါ။
ရေစက်ကုန်လို့ခွဲခွာရပြန်လဲ သတ္တိရှိရှိခံနိုင်ရည်အပြည့်နဲ့ရင်ဆိုင်နိုင်ရမယ်။
ကျမ ခင်မေ ကိုဦးကိုခုချိန်ကျမှတော့ ပြန်လှည့်မကြည့်နိုင်တော့ပါဘူး။
ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချပြီးပါပြီ။
.
.
.
#ချစ်တဲ့
#ခင်လှမြတ်ခိုင်