အဲ့ဒီလှေကားကမတက်နဲ့ (စဆုံး)

 အဲ့ဒီလှေကားကမတက်နဲ့ (စဆုံး)


———————————-


မြေလတ်ဒေသ၊ မြို့ကလေးတစ်မြို့တွင်ဖြစ်သည်။ ထိုမြို့ကလေးက အဓိက လမ်းမကြီးများပေါ်တွင် မတည်ရှိသဖြင့် နာမည်မထင်ရှားသည့် မြို့ကလေးဖြစ်သည်။ မြို့ကလေး၏ သက်တမ်းမှာ ရှည်ကြာနေပြီဖြစ်ပြီး မြန်မာမင်းများလက်ထက်နှင့် အင်္ဂလိပ်လက်ထက်က ရွာကလေးမျှသာဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် မြို့အင်္ဂါရပ်နှင့်အညီအဆင့်မြှင့်ကာ မြို့ကလေးတစ်မြို့အဖြစ် ထူထောင်လိုက်သည်။ ၁၉၈၀ ပြည့်နှစ်ရောက်သောအခါ ရွာနာမည်နောက်တွင် မြို့အဖြစ် အမည်တပ်လိုက်လေတော့သည်။


မြို့မဖြစ်သေးခင်ကတည်းက ထိုမြို့ကလေးတွင် ကျောင်း တစ်ကျောင်းတည်ရှိသည်။ ပုံမှန်အပြင်ပိုင်းက ကြည့်လိုက်လျှင်တော့ အခြားအထက်တန်းကျောင်းများနည်းတူ အုတ်ခံပြီး သစ်သားဖြင့် ဆောက်လုပ်ထားသည့် နှစ်ထပ်ကျောင်းဆောင် သုံးဆောင်ပါသည့် ကျောင်းတစ်ကျောင်းသာဖြစ်သည်။ ကျောင်းနေသည့် ခလေးများကလည်း သိပ်များများစားစားမရှိလှသေး။


ကျောင်းက မြို့လယ်မှ ဖြတ်သွားသည့် ကားလမ်းမပေါ် မေးတင်ထားသည်။ ကျောင်းကို လူကြီးရင်ညွန့်လောက်ရှိသည့် အုတ်တံတိုင်းကာရံထားပြီး ထုံးနှင့် ဆေးအစိမ်းရောကာ သုတ်ထားသည်။ ကျောင်းအဝင်တွင်တော့ သံပန်းဖြင့်ပြုလုပ်ထားသည့် ဆိုင်းဘုတ်ကြီးရှိသည်။ ထိုမှ ဝင်သွားလျှင် ကျောင်းရှေ့ကွင်းပြင်ကြီးရှိပြီးတော့ ကျောင်းဆောင်ကြီးတစ်ဆောင်က ကန့်လန့်ဖြတ်ပြီးတည်ရှိနေသည်။ ထိုကျောင်းဆောင်၏ ဘေး၊ ဘယ်ညာ တွင်တော့ နောက်ထပ်ကျောင်းဆောင်ကြီးနှစ်ဆောင်က အတန်းလိုက်တည်ရှိနေသည်။ ထိုအထိ ကျောင်းက ထူးဆန်းမှုမရှိ။


ထိုအဓိက ဝင်ဝင်ခြင်း ကျောင်းဆောင်ကြီး၏ အလယ်တည့်တည့်တွင် သံပန်းအနက်များဖြင့် ပိတ်ထားသော လှေကားကြီးရှိသည်။ ထိုလှေကားကြီးမှာ ကျောင်းဆောင်၏ အဝင်တွင်တည်ရှိပြီး သစ်သားများဖြင့် သေသေချာချာဆောက်ထားခြင်းဖြစ်သည်။ သို့သော် ကျောင်းသားများရော ဆရာများပါ ထိုလှေကားကြီးကို အသုံးမပြုကြဘဲ အဘယ့်ကြောင့် သံပန်းပိတ်ကာ၊ သော့ခတ်ထားရသနည်း။ အဘယ့်ကြောင့် အလယ်က လှေကားကြီးကို အသုံးမပြုဘဲ၊ ကျောင်းဆောင် တစ်ဖက်စွန်းရှိ လှေကားနှစ်ခုကိုသာ အသုံးပြုနေရသည် ဆိုသည်ကိုက ထူးခြား၍ နေပေသည်။


ယခုဖော်ပြသည့် အကြောင်းအရာများမှာ ထိုလှေကားနှင့်ပက်သက်ပြီး ဖြစ်ပေါ်ခဲ့သည့် အကြောင်းအရာ ဖြစ်ရပ်မှန် အဖြစ်အပျက်ကလေးများကို စုစည်းပြီး တင်ပြလိုက်ခြင်းဖြစ်ပါသည်။


(ခ)


၂၀၀၀ ပြည့်လွန်နှစ်တစ်နှစ်။ ဆရာမ သင်းသင်းက ထိုကျောင်းတွင် ဆရာမဖြစ်သည်။ ထိုစဉ်က ကျောင်းမှာ အထက်တန်းကျောင်းမဖြစ်သေး။ အလယ်တန်းကျောင်းသာ ရှိသေးသည်။ ကျောင်းဆောင်ကြီးမှာလည်း ဝင်ဝင်ချင်းကန့်လန့်ဖြတ်ကျောင်းဆောင်တစ်ခုသာရှိပြီး ထိုကျောင်းဆောင်ကြီးဘေးတွင်တော့ သစ်သားဖြင့်ဆောက်လုပ်ထားသည့် တစ်ထပ်ကျောင်းဆောင်ကလေးတစ်ခုရှိသည်။


ဆရာမ သင်းသင်းက ထိုမြို့မှ ဒေသခံတော့မဟုတ်။ တာဝန်ကျရာဒေသကို လိုက်ပြီးတော့ တာဝန်ထမ်းဆောင်ရာသူဖြစ်သည်။ ယခုလည်း ဒီကျောင်းကို ဒီနှစ်မှ တာဝန်ကျခြင်းဖြစ်သည်။ တစ်နယ်တစ်ကျေးမှ ဆရာမသင်းသင်းကဲ့သို့ လာရောက် အလုပ်လုပ်ကြသော ဆရာများအတွက် ကျောင်းအနောက်ဖက် ခပ်လှမ်းလှမ်းတွင် သစ်သားဖြင့် တစ်ထပ်အိမ်ကလေး တစ်လုံးဆောက်လုပ်ထားသည်။ ကျောင်းရှိ ဆရာ၊ ဆရာမများမှာ ထိုဒေသခံများဖြစ်ကြပြီး အချို့ဆရာမများက ထိုဒေသမှ မဟုတ်သော်လည်း မြို့ထဲတွင် နေထိုင်ကြလေသည်။ ကျောင်းသူကျောင်းသားများကတော့ တော်တော်များသည်။ နီးစပ်ရာ ရွာများမှ လာရောက်တတ်ကြသည်မို့ ကျောင်းသားက ငါးရာ ခန့်ရှိသည်။


တစ်ထပ်ကျောင်းဆောင်ကလေးတွင် သူငယ်တန်း၊ တစ်တန်း ကလေးများကို သင်ကြားပေးသည်။ နှစ်ထပ်ကျောင်းဆောင်ကြီးတွင်တော့ ကျန်သည့်အတန်းများကို သင်ပေးသည်။ အပေါ်ထပ်တွင်တော့ ကြီးကောင်ဝင်နေသည့် ၆ တန်း၊ ၇တန်း၊ ၈တန်းကျောင်းသားများကို သင်ကြားပေးသည်။


ကျောင်းကြီးက အုတ်ခံဖြင့်တည်ဆောက်ထားပြီး အပေါ်ပိုင်းက သစ်သားဖြင့်ဆောက်လုပ်ထားခြင်းဖြစ်သည်။ သစ်သားတိုင်ကြီးတွေကလည်း ခြောက်လက်မ ပတ်လည်တွေနှင့် ကျွန်း၊ ပျဉ်းကတိုး စသော သစ်ကောင်းတွေဖြင့် တည်ဆောက်ထားပြီး ရေနံချေးဝနေသည်။


ဆရာမသင်းသင်းက ကျောင်းစဖွင့်ပြီး လေးငါးရက်မှ အတည်ကျတော့သည်။ ကျောင်းအုပ်ကြီးက ထိုမြို့ကလေးမှပင်ဖြစ်သည်။ ဆရာမအဖြစ်အလုပ်စဆင်းသည့် နေ့ ၇တန်းကျောင်းသားများကို သင်ကြားပေးရမည်မို့ အပေါ်ထပ်သို့တက်မည်လုပ်လိုက်သည်။


“ဆရာမ . . . ဆရာမ အဲဒီလှေကားက မတက်နဲ့”


လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ဦးက ပြေးလာပြီး သူ့ကိုတားလိုက်သည်။


“ဘာဖြစ်လို့လည်း ဆရာမရဲ့”


“အဲဒီလှေကားကလေ . . . ဟို . . . ဟို လိမ့်ကျတတ်တယ်”


ဆရာမသင်းသင်းက ရယ်မောလိုက်သည်။ သူ့ကိုလာပြောသည့်ဆရာမက မျက်နှာကွက်ကနဲ ပျက်သွားသဖြင့် ရယ်မောခြင်းကို ရပ်တန့်လိုက်ရလေသည်။


“ဆရာမရယ် ကျွန်မလည်း လူကြီးဖြစ်နေပါပြီ”


ဆရာမသင်းသင်းက ပြောလိုက်သောအခါ ထိုဆရာမလည်း ဘာမှမပြောတော့ဘဲ လှေကားရင်းတွင် မတ်တပ်ရပ်ပြီး ကြည့်နေလိုက်သည်။ ဆရာမသင်းသင်းလည်း လှေကားကိုကြည့်လိုက်သည်။ လှေကားက ရှစ်ပေခန့်ကျယ်ဝန်းပြီး အထစ်တွေကလည်း နိမ့်နိမ့် ပြေပြေလေးဖြစ်သည်။ လှေကားနင်းပြားကြီးတွေက ရှစ်လက်မခန့်ရှိသည့် ပျဉ်ပြားအထူကြီးတွေဖြစ်ပြီး အလွန်ခိုင်ခံ့နေသည်။ အောက်ထပ်တွင် လှေကားများတဆင့်တက် အလယ်တွင်လှေကားကွေ့သည့် ကြမ်းပြင်ရှိပြီး အပေါ်ကိုနောက်တစ်ထပ်ထပ်တက်ရသည့် နှစ်ထစ်ချိုး လှေကားကြီးဖြစ်သည်။


ဆရာမသင်းသင်းက ကြည့်လိုက်ကာ လှေကားကိုတက်လိုက်သည်။ လက်ထဲတွင်လည်း စာအုပ်နှင့် မြေဖြူခဲဘူးများကိုင်ထားသဖြင့် လက်ကတော့မအားပေ။ ဆရာမသင်းသင်းလည်း လှေကားကို တစ်ထစ်ချင်းတက်သွားလိုက်သည်။ လှေကားတက်ရင်း လှေကားကွေ့ပင်မရောက်သေး ဆရာမသင်းသင်းခေါင်းထဲ လှေကားထစ်တွေက ရေတွေလိုဖြစ်နေသည်ဟု ထင်ရသည်။ လှေကားထစ်တွေက ရွေ့လျားနေသလိုလို၊ လှိုင်းတွန့်နေသလိုလိုဖြစ်နေသည်။


ဆရာမသင်းသင်းက အလွန်ထူးဆန်းနေသည်။ အောက်ကို သေချာကြည့်ပြီး လှေကားကို တစ်ထစ်ခြင်းတက်နေသည်။ ထိုအခါ လှေကားတစ်ထစ်ကို ခြေလှမ်းပြီး နင်းလိုက်သည်။ လှေကားထစ်က ပျောက်သွားပြီး လေထဲကို နင်းလိုက်ရသလိုဖြစ်သွားသည်။ ခြေချော်ပြီး ကိုယ်လုံးမှာ ယိမ်းယိုင်သွားသည်။ ကံကောင်းလို့ ချော်မလဲ ကိုယ်ဟန်ကို မနည်းပြန်ထိန်းလိုက်ရသည်မို့ လက်ထဲမှ မြေဖြူခဲဘူးက ပြုတ်ကျသွားသည်။


သူ့တစ်သက်နှင့် တစ်ကိုယ်ထိုသို့ တစ်ခါမှ မကြုံဖူးဘူး။ လူကလည်း ထိတ်လန့်လာသည်။ ထို့ကြောင့် လှေကားကို အပေါ်အမြန်ရောက်ရန် တက်လိုက်ရသည်။ လှေကားကွေ့ကိုရောက်တော့ ခဏနားလိုက်သည်။ သူ့ကိုခုနက ပြောသည့်ဆရာမက လှေကားအောက်ကနေ ကြည့်နေဆဲဖြစ်သည်။ ဆရာမသင်းသင်းလည်း အလွန်ကြီးမားခိုင်ခံ့လှသည့် လှေကားလက်ရမ်းကို ကိုင်ကာ လှေကားကို အမြန်တက်လိုက်သည်။ ပြေးတက်လိုက်သဖြင့် အပေါ်ကို ရောက်မှန်းမသိရောက်သွားသည်။


“ငါများ မနက်က ငံပြာရည်တွေ စားလို့ သွေးတိုးပြီး ခေါင်းမူးတာလား”


ဆရာမ သင်းသင်းက ထိုသို့တွေးလိုက်ကာ စာသင်ခန်းထဲဝင်ပြီး စာသင်နေသည်။ စာသာသင်နေသော်လည်း ထိုလှေကားနှင့်ပက်သက်ပြီး စိတ်ထဲ မကျေမနပ်ဖြစ်နေသည်။


“တောင် . . . တောင်””


ကျောင်းအုပ်ကြီးရုံးခန်းက သံချောင်းခေါက်လိုက်သည်။ ထမင်းစားဆင်းပြီဖြစ်သည်။ ကျောင်းက တစ်ချိန်ကျောင်းမို့ နေ့လည် ၁၂ ထိုးလျှင် ထမင်းစားဆင်းသည်။ နေ့လည် ၁ နာရီမှ ပြန်တက်သည်။ ထူးဆန်းသည်က မြို့ကကျောင်းများလိုမဟုတ်။ ကလေးများမှာ အိမ်ပြန်ထမင်းစားကြသူများသည်။ အလွန်ဝေးသည့်ရွာမှ လာသည့်သူများသာ ထမင်းဘူးများဖြင့် စားသောက်ကြသည်။ ကလေးများက သံချောင်းသံကြားသည်နှင့် အခန်းထဲမှ ပြေးထွက်သွားကြသည်။


ဆရာမသင်းသင်းလည်း အခန်းထဲမှ ထွက်လိုက်သည်။ ထူးဆန်းသည်က ကျောင်း၏အလယ်လှေကားမကြီးမှ ကလေးများက မဆင်းကြဘဲ။ ကျောင်း၏ ဟိုဖက်ထိပ်၊ ဒီဖက်ထိပ်တွင်ရှိသည့် ဘေးလှေကားများမှ ပြေးဆင်းကြလေသည်။ ဆရာမသင်းသင်းလည်း စာအုပ်ကလေးပိုက်ပြီး သူတက်လာခဲ့သည့် လှေကားကြီးကိုကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် မေးခွန်းများစွာ ပြည့်နှက်နေသည်။


ထိုလှေကားမကြီးအဆင်းတွင် ညာဖက်ခြမ်းရှိ အခန်းတစ်ခန်းသည် ဆရာမများနားနေခန်းဖြစ်သည်။ ထို့ကြောင့် ဆရာမသင်းသင်းလည်း ထိုနေရာမှသို့သွားရန် ဟိုးကျောင်းတစ်ဖက်ထိပ်သို့ လမ်းမလျှောက်တော့ဘဲ၊ လှေကားမကြီးမှ ဆင်းမည်ဟု ဆုံးဖြတ်လိုက်သည်။


“အဆင်းဆိုတော့ ခေါင်းမူးလည်း ပြသနာသိပ်မရှိပါဘူး”


ထိုသို့တွေးလိုက်ကာ လှေကားကို အောက်ကိုသေချာကြည့်ပြီး တစ်ထစ်ခြင်း ဆင်းလိုက်လေသည်။ ဆင်းနေရင်း သုံးထစ်မြောက်သည်နှင့် လှေကားသည် ငလျှင်လှုပ်သကဲ့သို့ လှုပ်ယမ်းလာလေသည်။


“ဘုရား . . . ဘုရား ငလျှင်လှုပ်တာလား”


ထိုသို့တွေးပြီး နောက်တစ်ထစ်ဆက်ဆင်းလိုက်သည်။ လှေကားကြီးက အလွန်လှုပ်နေပြီး လှေကားထစ်များက ရွှေ့လျားနေပြန်သည်။


“မဟုတ်တော့ မဟုတ်တော့ဘူး ငါဘာဖြစ်နေတာလည်း”


လှေကားခွင်ရောက်တော့ အလွန်ကြောက်လန့်နေပြီဖြစ်သည်။ ထိုနေရာမှ အောက်ထပ်ကို ထပ်ဆင်းရပေဦးမည်။ ထိုအခါ ဆရာမသင်းသင်းလည်း စိတ်ကို ပြင်ဆင်လိုက်ပြီး ထိုလှေကားမှ ပြေးဆင်းလိုက်သည်။ လှေကားထစ်များက ရေလှိုင်းများလို တွန့်လိမ်ပြီး လှုပ်ယမ်းနေသည်။ ဆရာမလည်း လှေကားထစ်များကို သေချာနင်းရင်း အောက်သို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျလေသည်။ လှေကားမှ ပြုတ်ကျသံကျားသဖြင့် ဆရာမများက အခန်းထဲမှ ပြေးထွက်လာကြသည်။ သူ့စာအုပ်တွေကို ဝိုင်းကောက်ပေးပြီး ဖုန်တွေသုတ်ပေးကြသည်။ လှေကားက သိပ်မမြင့်သည်မို့ ဒဏ်ရာပြင်းထန်စွာ မရသော်လည်း ခါးကအောင့်သွားလေသည်။


“ဆရာမကို ပြောသားပဲ အဲဒီလှေကားကို မတက်ပါနဲ့ဆို”


ဆရာမတစ်ယောက်က ထိုသို့ပြောလေသည်။ ဆရာမသင်းသင်းလည်း စိတ်ထဲမရှင်းမရှင်းဖြစ်သွားသည်။


“အဲဒီလှေကားက ဘာဖြစ်တာလည်းဟင်”


ကျောင်းမှ ဆရာမများ၏ မျက်နှာတွင် ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းများ ပြည့်နှက်နေသည်။


“လာဆရာမ။ ထမင်းစားရင်း ပြောကြရအောင်”


ဆရာမသင်းသင်းက ထမင်းဘူးကိုဖွင့်လိုက်သော်လည်း စားချင်စိတ်မရှိ။ သူ့စိတ်ထဲတွင် သိချင်စိတ်များက ပြင်းပြနေသည်။ ဆရာမတွေအားလုံး ထမင်းစားနေကြသည်။ အသက်ကြီးကြီး ပိန်ပိန်နှင့် ဆရာမ ဒေါ်ဝင်းက သူ့ကို ဖြစ်ပျက်ခဲ့သည့် အဖြစ်များကို ပြောပြလေတော့သည်။


(၃)


ကျောင်းဆောင်သစ်ကြီးကို ၁၉၇၀ ခုနှစ်ခန့်က ဆောက်လုပ်ခဲ့သည်။ ဆောက်လုပ်ပြီးနောက် အလယ်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့သည်။ မြို့နယ်ပညာရေးမှူးများ၊ ဝန်ကြီးများက လာရောက်ဖွင့်ပေးခဲ့သည်။ ကျောင်းဆောင်သစ်ကြီးမှာ အလွန်လှပပြီး သစ်လွင်နေသည်။


ယခင်က ထိုကျောင်းမှာ တစ်ထပ်ကျောင်းဆောင်ကလေးနှင့် မူလတန်းကျောင်းကလေးသာဖြစ်သည်။ ယခုတော့ ကျောင်းဆောင်သစ်ကြီးနှင့်မို့ ကလေးများ ပျော်ပါးကြသည်။ ကျောင်းသစ်ကြီးက နွေရာသီတွင် ဆောက်လုပ်ပြီး ဖွင့်လှစ်ခဲ့သည်မို့ ကျောင်းတက်သည့်သူတော့မရှိသေး။ ပြသနာက မိုးရာသီ ကျောင်းဖွင့်တော့ စသည်။


“အတန်းကြီးတဲ့ကလေးတွေကို အပေါ်ထပ်မှာထားမယ်၊ အတန်းငယ်တဲ့ကလေးတွေက လှေကားသေချာမတက်တတ်ရင် ပြုတ်ကျကုန်မယ်၊ သူတို့ကို အောက်ထပ်မှာထားမယ်၊ ဆရာမတွေက လှေကားနားမှာ နေပြီး ကလေးတွေ မပြုတ်ကျအောင် ဂရုစိုက်ပေးကြပါ”


ကျောင်းအုပ်ကြီးက မှာကြားသည်။ ဆရာမ ဒေါ်ဝင်းက ထိုစဉ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ကျောင်းဖွင့်သည့်ရက် ကျောင်းသားတွေ ကျောင်းသို့လာကြပြီ။ အလယ်တန်းက ထိုနှစ်မှ စဖွင့်သည်မို့ တက်သည့်ဦးရေ နည်းသေးသည်။ ကလေးတွေက အောက်ထပ်မှာ ပြေးလွှားဆော့ကစားကြသည်။ ဆရာမဒေါ်ဝင်းက လှေကားနားတွင်ထိုင်နေပြီး လှေကားကို ကုတ်တက်နေသည့် ကလေးများကို ငေါက်ငမ်းနေသည်။


ထိုစဉ် ၇ တန်းကျောင်းသားအုပ်စုတစ်စုက ကျောင်းထဲဝင်လာကြသည်။ သူတို့က ထိုမြို့အနီးရွာလေးတစ်ရွာမှ ကျောင်းလာတက်ကြသည့် သူငယ်ချင်းအုပ်စုဖြစ်သည်။ ၈ ယောက်ခန့်ရှိသည်။ ဆရာမကို မြင်လိုက်သည်မို့ လက်ပိုက်ကာ ခေါင်းကလေးကိုငုံ့ပြီးတော့ လှေကားကို တက်လိုက်သည်။


“ဘုန်း . . . ဝလုံး . . . ဒုန်း”


လှေကားတက်ပြီး အလယ်ခွင်တွင် မရောက်လိုက်ကြ။ ထိုလှေကားမှ ၈ ယောက်လုံး ဒလိမ့်ခေါက်ကွေးနှင့် ပြန်ပြုတ်ကျလေသည်။ ပုဆိုးကျွတ်သည့်သူက ကျွတ်သည်။ သံမံတလင်းနှင့် ခေါင်းနှင့် ရိုက်မိသူက ခေါင်းတွေဖုသွားသည်။


“တယ် . . . ကလေးတွေ လှေကားကို ကောင်းကောင်းတက်ကြစမ်း”


ဆရာမ ဒေါ်ဝင်းက ထိုသို့ပြောရင်း ကျောင်းသူကလေးတစ်ယောက်ကို ပြေးထူပေးလိုက်သည်။ ဆရာမဒေါ်ဝင်းထင်သည်က ကျောင်းသားများ ဆော့နောက်ပြီးတက်ရင်း အထွေးလိုက်ပြုတ်ကျသည်ဟု ထင်နေသည်။ ကျောင်းသားလေးများသည် လွယ်အိတ်များ၊ ထမင်းဘူးများ၊ စာအုပ်များကို ကောက်ပြီး ပုဆိုးထမီတွေ ပြန်ဝတ်ကြသည်။ ထို့နောက် နောက်တစ်ခါတက်ကြသည်။ ဆရာမဒေါ်ဝင်းလည်း ထိုအုပ်စုကို အောက်မှနေ၍ ကြည့်နေလိုက်မိသည်။


“အလို”


ကျောင်းသားတွေ လှေကားပေါ်တက်ကြတာ ဒယိမ်းဒယိုင်တွေဖြစ်နေသည်။ အရက်မူးသမားလို၊ သိုင်းကွက်နင်းသလို ဖြစ်နေကြသည်။


“ဟဲ့ ကလေးတွေ ဆော့မနေကြနဲ့ သေချာတက်ကြစမ်း”


ဆရာမက အော်ဟစ်လိုက်သော်လည်း ကလေးများက ယိုင်ထိုးနေသည်။ ထို့နောက် ကျောင်းသားတစ်ယောက် လှေကားပေါ်မှ နောက်ပြန်ကျလာသည်။


“ဘုတ်”


လှေကားရင်းကို ထပ်ကျပြန်သည်။ ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် အောက်သို့ကျလာကြသည်။ ကျောင်းသူလေးတစ်ယောက်က လှေကားလက်ရမ်းကို ကိုင်ပြီးတော့ အော်ဟစ်နေသည်။


“ဆရာမရေ ကယ်ကြပါဦးရှင့်”


လှေကားလက်ရမ်းကို ကိုင်ထားပြီး ခြေထောက်တွေက ပြေးနေသလိုလုပ်နေသည်။ သို့သော် ထိုလှေကားထစ်မှ မတက်။ မကြာခင် ပြုတ်ကျတော့မည်ဖြစ်သည်။


“ဟဲ့ ဆက်ပြေးမနေနဲ့ ရပ်လိုက်၊ အဲ့ဒီအတိုင်းရပ်နေ”


ဆရာမဒေါ်ဝင်းက လှေကားကို ပြေးတက်လိုက်သည်။ ငါးထစ်ခန့်အရောက်တွင် သူ့ခေါင်းတွေေ၀ဝါးလာသည်။ လှေကားကြီးက ချာလပတ် လည်နေသည်။ အလွန်ထူးဆန်းသွားသည်။


“ဘာလည်းဟ ဒီလှေကားက”


ထိုသို့တွေးလိုက်ပြီး လှေကားပေါ်တွင် အော်နေသော ကျောင်းသူလေးဆီပြေးသွားလိုက်သည်။ ကျောင်းသူလေးဆီအရောက် သူနင်းထားသည့် လှေကားပြားကြီးက ပြုတ်ကျသွားပြီးအောက်တွင် တွင်းနက်ကြီးကို မြင်လိုက်ရသည်။ ဆရာမဒေါ်ဝင်းလည်း အလွန်ထိတ်လန့်သွားပြီး လှေကားလက်ရမ်းကို ဖမ်းဆုပ်လိုက်သည်။


“ငါ့ကိုလည်း ကယ်ကြပါဦးဟဲ့”


ကျောင်းထဲ ဆူညံ ဆူညံဖြစ်နေသဖြင့် အခြားကျောင်းသားများနှင့် ဆရာများ ရောက်လာလေသည်။ သူတို့ကြည့်လိုက်သည့်အခါ ဆရာမဒေါ်ဝင်းနှင့် ကျောင်းသူလေးက လှေကားလက်ရမ်းကိုခိုပြီး အော်ဟစ်နေလေသည်။ အောက်တွင် ကျောင်းသားများက ဝိုင်းပြီးကြည့်နေကြသည်။ ထိုစဉ်ကျောင်းဆရာတစ်ယောက်က လှေကားကိုတက်ပြန်သည်။ သူလည်း ငါးထစ်အရောက်တွင် ပြန်ပြီးပြုတ်ကျလေသည်။


ကျောင်းတွင် ဆူညံနေပြီဖြစ်သည်။ ထိုအခါ ကျောင်းအုပ်ကြီးက ပြေးလာသည်။ လှေကားပေါ်တွင် ကျောင်းသားတစ်ချို့က ခဲရာခဲဆစ်ကုတ်တက်နေကြပြီး တစ်ချို့ကတော့ လှေကားအောက်တွင် လဲကျနေကြသည်။ လှေကားကတော့ ပုံမှန်အတိုင်း ဘာမှမဖြစ်။ ကျောင်းအုပ်ကြီးက ကြိမ်လုံးနှင့် နံရံကိုရိုက်လိုက်သည်။


“ဖြန်း . . . ဖြန်း. . . . ဖြန်း””


“”ဘာဖြစ်နေကြတာလည်း””


ကျောင်းအုပ်ကြီးအော်လိုက်တော့မှ လှေကားထစ်တွေက ပြန်ပြီးငြိမ်သွားလေသည်။ ဆရာမဒေါ်ဝင်းလည်း အမြန်လှေကားပေါ်မှ ပြေးဆင်းလိုက်သည်။ ကြောက်ရွံ့သဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။


“ဘာတွေဖြစ်နေကြတာလည်း ဆရာမ”


“လှေကားကြီးက တစ်ခုခုပဲ ဆရာမကြီးရဲ့”


ဆရာမဒေါ်ဝင်းလည်း ပြောကာ ငိုယိုနေတော့သည်။ ဆရာမဒေါ်ဝင်းလည်း ထိုလှေကားကို မတက်ဘူးသေးပေ။ ဆောက်လုပ်ပြီးစီးကတည်းက ကျောင်းကြီးကို သော့ခတ်ထားခြင်းဖြစ်သည်။ ဒီနေ့ကလည်း ပထမဆုံးကျောင်းဖွင့်သည့်နေ့ မဟုတ်ပါလား။


“ကျောင်းသားတွေ ဒီလှေကားက မတက်ကြနဲ့၊ တစ်ခြားလှေကားက တက်ကြ”


ဆရာမကြီးရဲ့ အမိန့်ကြောင့် လှေကားကိုအသုံးမပြူတော့။ ဒါတောင် မသိသည့် ကျောင်းသားအချို့က လှေကားကိုတက်ရင် ပြုတ်ကျမြဲဖြစ်သည်။ အပေါ်ထပ်တွင် တက်သည့်ကျောင်းသားများ မကျဖူးသည့် သူမရှိသလောက်ဖြစ်သည်။


“ဆရာမရေ စဉ်းတော့စဉ်းစားစရာပဲ”


မြန်မာစာ ဆရာက ဆိုသည်။ ထို့နောက် ကျောင်းအုပ်ကြီးနှင် ပူးပေါင်းပြီး ကျောင်းတွင်း ပရိတ်ရွတ်သည်၊ ကမ္မဝါစာဖတ်သည်။ သို့သော်လှေကားကလည်း ကျမြဲကျနေဆဲဖြစ်သည်။


အထက်လမ်းဆရာများ လည်းစုံနေပြီဖြစ်သည်။ ယုတ်စွအဆုံး နတ်ကတော်များပင် ခေါ်ပြီး လုပ်ကြည့်ကြသေးသည်။ ဘယ်လိုမှ လုပ်လို့မရ။ နောက်တော့ ရှောင်ကြဉ်ဖို့လုပ်ကြသည်။ ကျောင်းတွင်း ကလေးများအားလုံး ထိုလှေကားမှ မတက်ရန် မှာကြားပြီး လှေကားအရင်းတွင် သစ်သားချောင်းများဖြင့် ကန့်လန့်ဖြတ်ရိုက်ပြီး လှေကားကြီးကို ပိတ်ထားလိုက်ကြသည်။


“ထူးတာတော့ ထူးတယ်နော် ဆရာမရေ၊ သရဲတွေ ဘာတွေများကပ်နေသလား”


“နည်းတော့ စုံနေပြီဆရာမရဲ့၊ လှေကားက ဘယ်လိုလုပ်လုပ်မရဘူး”


“ခုဆို လှေကားနားသွားရင်ကို ကြက်သီးတွေ ထနေတာ”


ထမင်းစားနေသည့် ဆရာမတစ်ယောက်က ဝင်ပြီးထောက်ခံလေသည်။ ဆရာမသင်းသင်းလည်း ဆုံးဖြတ်လိုက်သည်။ နောက်ထိုလှေကားမှ ဘယ်တော့မှ မတက်ဖို့။


“ဒါနဲ့ လှေကားကို သစ်သားတွေနဲ့ ကန့်လန့်ရိုက်ထားတယ်လည်း ပြောသေးတယ်။ ခုကျတော့ ဘာမှ ပိတ်မထားပါလား”


ဆရာမဒေါ်ဝင်းက အသက်ကြီးပြီမို့ ထမင်းကိုအေးဆေးစားနေသည်။ နောက် တစ်နှစ် ၊ နှစ်နှစ်ဆို သက်ပြည့်ပင်စင်ရတော့မည်ဖြစ်သည်။ ထိုအခါ ထမင်းဘူးကို သိမ်းနေသော ဆရာမက ချောင်းဟန့်လိုက်သည်။ ထိုဆရာမမှာ သူ့ကိုလှေကားမတက်ရန် လာပြောသည့် ဆရာမဖြစ်သည်။ ဆရာမလဲ့လဲ့ ဟု ခေါ်သည်။


“ဒီလို ဆရာမရဲ့”


(၅)


ဆရာမလဲ့လဲ့က ၁၉၉၅ တွင် စတင်တာဝန်ထမ်းဆောင်သည်။ တာဝန်ထမ်းဆောင်စဉ်က ထိုလှေကားကြီးမှာ ပိတ်ထားသည်။ ယခင်ကျောင်းအုပ်ဆရာမကြီးမှာ အငြိမ်းစားယူသွားပြီး ကျောင်းအုပ်ဆရာကြီးတစ်ယောက် ပြောင်းလာလေသည်။ ကျောင်းတွင်လည်း ဆရာ၊ ဆရာမ ၂၀ ခန့်ရှိလာပြီဖြစ်သည်။ ဆရာကြီးမှာ ခေတ်ပညာတတ်ဖြစ်ပြီး သရဲတို့ တစ္ဆေတို့ အယုံအကြည်မရှိပေ။ ဆရာကြီးက မြို့ထဲတွင် အိမ်တစ်လုံးငှားပြီးနေထိုင်သည်။ ကျောင်းကိုတက်တော့ ကျောင်းက ဆရာများက ဆရာကြီးကို ကြိုဆိုကြသည်။


ဆရာကြီးက ကျောင်းဆောင်ထဲဝင်လိုက်တော့ သစ်သားတန်းများဖြင့် ပိတ်ရိုက်ထားသည့် လှေကားကိုတွေ့သည်။ ဆရာကြီးက မေးစေ့ကို ပွတ်လိုက်ပြီး စိတ်အလိုမကျသည့်ပုံဖြင့် ထိုလှေကားကို ကြည့်လိုက်လေသည်။


“ဘာလည်း ဒီလှေကားကြီးက ပျက်နေတာလား”


ဆရာ၊ ဆရာမများ ဆွံ့အကုန်သည်။ ဆရာမ ဒေါ်ဝင်းက အသက်အကြီးဆုံးဖြစ်သည်။ ဆရာမက ပြုံးပြုံးလေးနှင့် ပြောလိုက်သည်။


“ဒီလှေကားက သုံးလို့မရတဲ့ အကြောင်းအရင်းတစ်ခုရှိလို့ ပိတ်ထားတာပါ”


ဆရာကြီးက ခေါင်းခါလိုက်သည်။


“ဘာလည်း ခင်ဗျားတို့တွေက ကလေးတွေ လှေကားကို အသုံးပြုရင် လှေကားပျက်စီးမှာ မို့လို့ ပိတ်ထားကြတာလား”


ဆရာတွေအားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကုန်ကြသည်။


“မဟုတ်ပါဘူးရှင်၊ ဒီ . . . ဒီလှေကားမှာ နာနာဘာဝတွေ၊ မကောင်းဆိုးဝါးတွေ ရှိနေလို့ပါ”


“ဖီ”


ဆရာကြီးက ထိုသို့ပြောလိုက်သည်။ အလွန်လည်း ဒေါသထွက်သွားသည်။


“ခင်ဗျားတို့ဗျာ၊ ဘိုးတော်ဘုရားလက်ထက်မှာ နေနေကြတာလား၊ အဓိပ္ပါယ်မရှိတာတွေ”


ဆရာတွေ၊ ဆရာမတွေ အကုန်မျက်နှာငယ်ကလေးတွေနှင့် ဖြစ်ကုန်ကြသည်။ ဆရာကြီးက မေးစေ့ကို ပွတ်နေရင်း။


“ဒါ့ကြောင့်ပြောတာ တောသူတောင်သားတွေဆိုတာ မဟုတ်တဲ့ ရှေးရိုးစွဲတွေ စွဲလန်းနေကြတုန်းပဲ”


ဆရာကြီးက ထိုသို့ပြောရင်း မြန်မာစာ ဆရာနားကို ကပ်သွားသည်။


“ကဲ ဆရာရေ၊ ဒီနေ့က စပြီးတော့ ဒီလှေကားက အကာအရံတွေဖြူတ်လိုက်၊ ဒီခေတ်က သိပ္ပံခေတ်ဗျ၊ ရှေးရိုးသိတ်မစွဲနဲ့၊ ဥပါဒ်ဒါန်ကြောင့် ဥပါဒ်ရောက်တတ်တယ်”


ဆရာကြီးက ထိုသို့ပြောဆိုကာ ရုံးခန်းဆီသို့ လျှောက်သွားတော့သည်။ ထိုနေ့တွင်ပင် ထိုအကာအရံများကို ဖျက်ဆီးလိုက်ကြသည်။


“ဒီဆရာကြီးက တော်တော်ခေါင်းမာတဲ့သူပဲနော်၊ သူကော အဲဒီလှေကားကို မသုံးဘူးလား”


ဆရာမ သင်းသင်းက အားမလိုအားမရနှင့် ဝင်ပြောသည်။ ဆရာမလည်း့လည်း့ကတော့ ချည်သားလက်သုတ်ပုဝါတစ်ထည်ကို သုတ်ရင်း စကားပြန်ဆက်သည်။


“ဆရာကြီးရုံးခန်းက ကျောင်းဆောင်ကြီးရဲ့ ခေါင်းရင်းဘက်အကျဆုံးအခန်းပဲ၊ အဲဒီအခန်းဘေးမှာ လှေကားရှိတယ်။ သူက လှေကားတက်ချင်ရင် အဲဒီအစွန်က လှေကားကို အသုံးပြုတာများတယ်”

“သူကျတော့ အဲဒီလှေကားက မတက်ဘူးပေါ့”


“တစ်ရက်တော့ သူအဲဒီလှေကားကနေ တက်မိတယ်”


“ဟုတ်လား ဘာဆက်ဖြစ်သွားလည်း”


ဆရာမ လဲ့လဲ့က ဓါတ်ဘူးကိုဖွင့်လိုက်ပြီး ရေနွေးကြမ်းများကို ခွက်ကလေးတစ်ခွက်ထဲ ထည့်နေလေသည်။


“ဖြစ်တာပေါ့”


ကျောင်းအုပ်ဆရာကြီးမှာ နေ့စဉ် ရုံးလုပ်ငန်းများ ကျောင်းလုပ်ငန်းများ၊ စာရင်းဇယားများပြုလုပ်ပြီးပါက ကျောင်းကိုပတ်ကာ အခန်းတွေကို လိုက်ပြီးစစ်ဆေးလေသည်။ များသောအားဖြင့် အခန်းထဲမဝင်ဘဲ အခန်းအပြင် ကော်ရစ်တာ လျှောက်လမ်းမှ ဖြည်းဖြည်းချင်းလမ်းလျှောက်ရင်း ဆရာ၊ ဆရာမများ၏ သင်ပြပုံများနှင့် ကျောင်းသားများ၏ အခြေအနေများကို အကဲခတ်တတ်သည်။ ဆရာ၊ ဆရာမတစ်ယောက် ထိုင်ခုံတွင် ထိုင်နေခြင်း၊ ကျောင်းသားများ ဆူညံနေခြင်းကို တွေ့ပါက ဆရာများအဆူခံရလေ့ရှိသည်။


ဆရာကြီးက သူ့ရုံးခန်းမှ ထွက်ကာ သူ့ရုံးခန်းဘေး လှေကားမှ အပေါ်တက်သွားပြီး အပေါ်ထပ်တစ်ထပ်လုံးကို လမ်းလျှောက်ရင်း ကြည့်လေသည်။ ထို့နောက် ကျောင်းဆောင်ဆုံးသောအခါ ကျောင်းအဆုံးရှိ လှေကားမှ ပြန်ဆင်းပြီး အောက်ထပ်ကို ပတ်လေသည်။ ထို့နောက် ရုံးခန်းကို ပြန်ဝင်သည်။ ထို့ကြောင့် အလယ်လှေကားကြီးကို ဆရာကြီးက ကျောင်းရောက်ပြီး သုံးလခန့်ရှိသည့်တိုင် ထိုလှေကားကို မသုံးဖြစ်သေးပေ။ သို့သော် တစ်ရက်တော့ ထိုလှေကားကို အသုံးပြုရန် အကြောင်းဖန်လာလေသည်။


ဆရာကြီးက ကျောင်းကိုပတ်သည့်အခါ လက်ကိုနောက်ပစ်ထားပြီး ထိုလက်တွင်လည်း ကြိမ်လုံးကြီးတစ်လုံးကို ကိုင်ထားလေ့ရှိသည်။ လမ်းလျှောက်ရင်း အချိုးမပြေသည့် ကျောင်းသားများ တွေ့ပါက ကြိမ်လုံဖြင့်ဆွဲရိုက်ပြီး ဆုံးမတတ်သည်။ ထိုအတန်းတွင် သင်နေသည့် ဆရာတော့ အဆူခံရပြီဖြစ်သည်။


တစ်ရက် ကျောင်းကိုပတ်ရင်း အပေါ်ထပ်သို့အရောက် လှေကားကြီးနားကနေ ဖြတ်သွားလေသည်။ ထိုစဉ် လေအေးတစ်ချက်က ဝေ့တိုက်လာသည်။ ဆရာကြီးလက်ထဲတွင် ကိုင်ထားသည့် ကြိမ်လုံးကြီးသည် လူတစ်ယောက် ဆွဲပြီးလွှင့်ပစ်လိုက်သလို၊ လှေကားကိုကျသွားပြီး အလယ်လှေကားခွင်တွင် ကျနေလေသည်။ ဆရာကြီးလည်း ထူးဆန်းသွားသည်။ ထို့နောက် လှေကားကို ဆင်းလိုက်သည်။


ဆင်းလာရင်း ပတ်ဝန်းကျင်မှာ မှောင်မဲသွားသည်။ မိုးတွင်းမို့ မိုးသားတိမ်တိုက်များရှိနေသော်လည်း ညအခါလို မှောင်မဲသွားသည်။ ဆရာကြီးက ဆက်ဆင်းရင်း သူ့ခြေထောက်အောာက်က လှေကားထစ်တွေက ရုတ်တရက်ပျောက်ကွက်သွားပြီး လှေကားမှာ ဆင်ခြေလျှောကြီးဖြစ်သွားသည်။


“အား . . . ဝုန်း”


ဆရာကြီးမှာ တရွတ်တိုက်ကြီးကျသွားပြီး လှေကားခွင်တွင် လည်းကျသွားသည်။ ပုဆိုးလည်း ပြေသွားသည်။ ခြေထောက်နှင့် ပေါင်များ တော်တော်အောင့်သွားလေသည်။ ဆရာကြီးက တော်တော်နှင့် မထနိုင်။ ထိုစဉ် လှေကားတွင် အရိပ်ကြီးတစ်ခုပေါ်လာသဖြင့် မော့ကြည့်လိုက်လေသည်။


“ဟာ ဘာ . .. ဘာကြီးလည်း”


ထိုအရိပ်ကြီးက တဖြည်းဖြည်း လူအသွင်ဖြစ်သွားသည်။ ရှေးဟောင်း နန်းဝတ်နန်းစားများကိုဝတ်ဆင်ထားပြီးတော့ ယောက်ျားပျိုတစ်ဦးဖြစ်သည်။ ဆရာကြီးလည်း ခေါင်းမွှေးတွေထောင်ထလာသည်။ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်တွေအကုန် ထောင်ထလာသည်။ သူမြင်နေရသည့်သူမျာ ဘယ်နည်းနဲ့မှ သာမန်လူတစ်ယောက်မဖြစ်နိုင်ပေ။


ပုဆိုးမှာ ရွှေရောင်ဖြစ်ပြီး ခါးတွင် ရွှေချည်ထိုးထားသည့် အတွန့်အလိပ်များကို တွဲပြီးဝတ်ဆင်ထားသည်။ လက်ကောက်ဝတ်တွင်လည်း ရွှေရောင် လက်စည်းများနှင့် လည်ပင်းတွင် ဗာကွပ်နားက ရွှေရောင်လက်နေပြီး တချွန်ခန်နှင့်ဖြစ်သည်။ ခေါင်းပေါ်တွင်တော့ ခေါင်းပေါင်းတစ်ခုကိုပေါင်းထားပြီး နဖူးတွင် အလွန်ဝင်းလက်နေသည့် အနီရောင် ကျောက်တစ်လုံးလည်းရှိသည်။


ဆရာကြီးဆီကို တစ်လှမ်းချင်းလျှောက်လာနေပြီး ခြေထောက်တွင်လည်း အနားကော့နေသည့် ရွှေဖိနပ်ကိုစီးထားသည်။ ထို့နောက် ဆရာကြီးကို ဂုတ်ကနေ ဆွဲယူလိုက်ပြီး လှေကားခွင်မှနေ၍ အောက်သို့ ပစ်ချလိုက်တော့သည်။


“ဘုန်း. . . . ဒုန်း”


ဆရာကြီးလည်း လှေကားမှ ဂျွမ်းပြစ်ပြီးေ အာက်သို့ကျလာသည်။ အောက်တွင် ဆရာများနှင့် ကျောင်းသားများက ဝိုင်းကြည့်နေကြသည်။ ရာသီဥတုက မိုးအုံ့နေသော်လည်း ခုနကလောက်တော့ မမှောင်တော့။ ကျောင်းသားတွေ အကုန်လုံးက သူ့ကိုဝိုင်းကြည့်နေသည်။ ဆရာကြီးလည်း ပုဆိုးမပါ ဘောင်းဘီတိုလေးနှင့် ခွေခွေလေးကျနေသည်။ သူ့ခြေထောက်တွေက ထလို့မရတော့။ ဆရာတွေက ဆွဲထူပြီး ဆေးရုံပို့ကြသည်။ ဆရာကြီးက ခြေထောက်တစ်ချောင်းကျိုးသွားသည်။


ဆေးရုံတက်နေတော့ ဆရာကြီးကို စားစရာများပို့ကြသည်။ ဆရာများက ဆေးရုံစောင့်ပေးသည်။ ဆရာကြီးသည် ထိုသို့ဖြစ်ပြီး သုံးလေးရက် ကြာသည်အထိ စကားမပြောနိုင်၊ ငူငူငိုင်ငိုင်ကြီးဖြစ်နေသည်။ တစ်ညတော့မှ ဆေးရုံစောင့်နေသည့် မြန်မာစာဆရာကို စကားပြောလေသည်။


“မင်း . . . မင်းတို့ ပြောတာကို ငါမယုံကြည်ခဲ့ဘူးကွာ၊ တကယ်ကိုယ်တွေ့ကြုံမှ ယုံလိုက်ရတယ်။ အဲ . . . အဲဒီလှေကားကြီးကို ဘယ်သူမှ မတက်နိုင်အောင်လို့ ပြန် . . . ပြန်ပိတ်ထားကြပါကွာ””


ဆရာကြီးက ထိုသို့ပြောနေစဉ်ပင် အဖျားတွေတက်နေဆဲဖြစ်သည်။ ဆရာကြီးပြောပြီးသည့် နောက်နေ့တော့ လှေကားကို ပြန်ပိတ်ထားလိုက်သည်။ ဆရာကြီးလည်း နေကောင်းသွားသောအခါ ကျောင်းပြန်တက်သည်။ သို့သော် မပျော်တော့။ ထို့ကြောင့် ဆရာကြီးက ပြောင်းရွှေ့ခွင့်တင်လေသည်။ ဆရာကြီးက အချိတ်အဆက်၊ အဆက်အသွယ်ကောင်းသည်မို့ ထိုစာသင်နှစ်ပင်မကုန်လိုက် ဆရာကြီးက နယ်တစ်ခုကို ပြောင်းရွှေ့သွားလေသည်။


“အမယ်လေး ဆရာကြီးမို့လို့သာပေါ့။ သင်းသင်းဆို ရူးသွားမလားပဲ”


“ဒါကြောင့်ပြောတာ သင်းသင်းရဲ့ အဲဒီလှေကားကို မတက်နဲ့လို့”


“ဒါနဲ့လေ လှေကားက ပြန်ပိတ်ထားလိုက်တယ်မဟုတ်လား”


သင်းသင်းမေးလိုက်သည်ကို ဆရာမလဲ့လဲ့က ပြန်ဖြေမည်ပြုသော်လည်း ကျောင်းတက် သံချောင်းခေါက်သံက ဆူညံစွာလွင့်ပျံလာသည်။ ဆရာမသင်းသင်းလည်း စားလက်စ ထမင်းဘူးကို ပိတ်လိုက်ကာ စာသင်ရန် ထွက်ခဲ့သည်။ ၈ တန်းကို သင်ရမည်မို့ အပေါ်ထပ်ကို တက်ရဦးမည်။


အခန်းအပြင်ထွက်လိုက်တော့ ကျောင်းသားလေးများက အပြေးအလွှားပြေးဝင်လာကြသည်။ သို့သော် သူတို့သည် လှေကားမကြီးကို မတက်ဘဲ ကျောင်းဘေးရှိလှေကားကိုသာ ပြေးပြီးလုတက်ကြသည်။ ဆရာမသင်းသင်းက လှေကားကြီးကို တစ်ချက်ကြည့်လိုက်သည်။ ကြည့်နေရင်း ကြက်သီးတွေထလာကာ၊ သူ့ကိုတစ်စုံတစ်ယောက် ကြည့်နေသလိုမျိုး ခံစားလိုက်ရသည်။ ထို့ကြောင့် ထိုနေရာမှ အလျှင်အမြန်ထွက်လာပြီး ကျေ