လက်တွေ့သင်ခန်းစာ(စ/ဆုံး)

 လက်တွေ့သင်ခန်းစာ(စ/ဆုံး)

————————-
“အဖေ … အိမ်ရှေ့မှာ ဧည့်သည်ရောက်နေတယ်”

ဦးလှဖေက အိမ်ခန်းထဲတွင် စာဖတ်နေရာမှ

“ဘယ်သူလဲသမီး” ဟု မေးလိုက်သည်။

“တောင်ပိုင်းက ဦးခင်မြင့်အဖေ”

ဦးလှဖေက အိမ်ခန်းထဲက ထွက်လာသည်။ အိမ်ရှေ့တွင် ဦးခင်မြင့်ထိုင်နေသည်။

“ကိုခင်မြင့် … ဘာကိစ္စလဲဗျ”

“ဆရာကြီးကို အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ”

“ဘာများလဲ”

“ကျွန်တော် အိမ်လေး မိုးချင်လို့ပါ”

“ခင်ဗျား အိမ်မိုးတာ ကျွန်တော် ကူညီပြီးတော့ မမိုးပေးနိုင်ဘူးဗျ။ အသက်က ၇၀ ကျော်လာပြီဆိုတော့ ခေါင်မိုးပေါ်တက်ဖို့ အဆင်မပြေဘူးဗျာ”

“ဆရာကြီးကို အမိုး ကူမိုးပေးဖို့ လာပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အမိုးအတွက် ဆရာကြီးကို ကူညီဖို့ အကူအညီ လာတောင်းတာတော့အမှန်ပါပဲ”

“ဘယ်လိုများ ကူညီရမှာလဲ”

“တောင်ထန်းနဲ့ဝါးဝယ်ဖို့ ပိုက်ဆံလိုနေလို့ပါ။ အိမ်လေးလည်း ပြန်ပြင်ချင်တာကြောင့် ပိုက်ဆံလေးချေးဖို့ ဆရာကြီးဆီကို လာပြီး အကူအညီ တောင်းတာ”

“ကိုခင်မြင့် ဒါဆိုရင်တော့ ခင်ဗျား လူမှားပြီး အကူအညီတောင်းတာပဲဗျ”

“ဘာဖြစ်လို့ပါလဲဆရာကြီးရယ်”

“ကျွန်တော် ဘယ်သူ့မှ ပိုက်ဆံမချေးဘူးဆိုတာ ခင်ဗျား သိသားနဲ့”

“ဆရာကြီးရယ် အရပ်ထဲမှာကလည်း ငွေချေးရင် အတိုးက ၂၀ တိုးတောင်ယူတယ်။ ငွေတစ်သိန်းချေးရင် နှစ်သောင်းလောက် ပေးရမှာကို မပေးနိုင်လို့ပါ”

“အဲဒါက ခင်ဗျားကိစ္စလေ ကိုခင်မြင့်ရယ်။ ကျွန်တော့်မူကတော့ ကြွေးယူပြုံးပြုံး တောင်းလျှင်မုန်းဆိုသလိုပဲ။ ကြွေးတောင်းရင် မုန်းသွားကြရတာကြောင့် ဘယ်သူ့ကိုမှ မချေးတာ။ ပြီးတော့ ကျွန်တော်က ခင်ဗျားထင်သလို ချမ်းသာတဲ့ သူလည်း မဟုတ်ပေါင်ဗျာ။ ပင်စင်စား အဘိုးကြီးတစ်ယောက်ဆိုတာ သိသားနဲ့”

“ပိုက်ဆံလည်း ဘယ်မှာမှ ချေးမရတာနဲ့ကြံရာမရဖြစ်ပြီး ရလို၊ ရငြား လာချေးကြည့်တာပါ ဆရာကြီးရယ်။ မရလည်း ပြန်ပါတော့မယ်”

“ဒါနဲ့ ခင်ဗျား သားက ဘယ်ရောက်နေလို့လဲ”

“သားကလည်း ဘယ်ရောက်နေမှန်းကို မသိပါဘူးဆရာရယ်။ ပျောက်နေတာ တစ်လလောက်ရှိနေပြီ။ သူပျောက်နေတော့ ကျွန်တော့်မှာ ဘယ်ကိုလိုက်လို့ လိုက်ရမှန်းလည်းမသိဘူး။ သူရှိနေတော့ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ပိုက်ဆံလေးဘာလေး ရှာခိုင်းလို့ရသေးတယ်”

“ဒါနဲ့ သမီးတစ်ယောက်ရှိသေးတယ်မဟုတ်လား”

“သမီးကလည်း သူ့အိမ်ထောင်နဲ့သူ ထမင်းမငတ်ရုံတမယ်ပါဆရာကြီးရယ်”

“ကိုခင်မြင့်ရေ ချစ်တုန်း မုန်းစကားပြောတဲ့။ ငွေမချေးနိုင်တာကိုတော့ စိတ်မကောင်းဘူး”

“ဟုတ်ကဲ့ပါ ဆရာကြီးရယ်။ ရမလားလို့ လာပြောကြည့်တာပါ။ မရတော့လည်း ဘယ်တတ်နိုင်မလဲ။ ပြန်ပါဦးမယ်”

“ကောင်းပါပြီ”

ဦးလှဖေက ရေနွေးကြမ်းထိုင်သောက်နေစဉ် မြေးလေးပူတူးက ရောက်လာပြီး

“ဘိုးဘိုးကြီး … သနားပါတယ်နော်”

“ဘာတွေကို သနားနေတာလဲ မြေးလေး”

“စောစောက ဦးလေးကြီးကိုပါ။ သူ့ခမျာ ပိုက်ဆံလေးများရမလားလို့ ဘိုးဘိုးဆီလာတယ် မျက်နှာငယ်လေးနဲ့ ပြန်သွားရရှာတယ်”

“မြေးလေး … မရှိတာ မရှိတာပဲကွယ်။ သူအကူအညီလာတောင်းတဲ့ ဘိုးဘိုးကလည်း ဘယ်လောက် ချမ်းသာနေလို့လဲ။ ပင်စင်စား အဘိုးအိုတစ်ယောက်ဆီကနေ လာချေးနေကတည်းကိုက သူမှားနေတာပဲ”

“သူ့မှာလည်း မျှော်လင့်ချက်ကုန်သလောက်ဖြစ်နေလို့ နေမှာပေါ့ ဘိုးဘိုးရယ်”

“မြေးလေး … ခုချိန်မှာ လူတိုင်း အပူတွေနဲ့ပါကွယ်။ သူ့လည်းကိုယ်မကူ၊ ကိုယ့်လည်း သူမကယ်နိုင်တဲ့ ဘဝတွေကို ရောက်နေကြတာပါ။ လူတိုင်း သူ့အပူနဲ့သူ ရှိနေကြတာပါ။ ကိုယ်တစ်ယောက်တည်း ထူးပြီး ပူတယ်လို့ထင်နေရင် မှားမှာပေါ့”

“ဘိုးဘိုး”

“ဘာလဲကွယ်”

“မကြာခင် မိုးကျတော့မှာနော်”

“အေးလေ”

“သမီးတို့အိမ်က သွပ်မိုးနဲ့ဆိုတော့ ပူစရာမလိုဘူးပေါ့”

“အေးလေ အဲဒီလို ပူစရာမလိုအောင် ဘိုးဘိုးကလည်း ချွေးနှဲစာလေးနဲ့ သွပ်မိုးခဲ့တာလေ”

“သွပ်မမိုးနိုင်တဲ့သူတွေမှာတော့ ပူကြရတာပေါ့။ စောစောက ဦးလေးကိုပဲကြည့် အိမ်မမိုးနိုင်ရင် မိုးရွာလာတော့ ဘယ်လို လုပ်နေကြမလဲ”

“ဒါကတော့မြေးရယ် … စိတ်တော့မကောင်းပေမယ့် ဘိုးဘိုးတို့လည်း ဘာတတ်နိုင်မှာလဲ”

“ဘိုးဘိုးပြောပြဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် သမီးမှတ်မိတယ်”

“ဘာများလဲ”

“ပင်လယ်ကြီးဘေးမှာ ကော်ဖီခွက်လေးတစ်ခွက်ကိုင်ပြီး ထိုင်ငိုနေတဲ့ ကောင်မလေးတစ်ယောက် အကြောင်းလေ”

“မြေးလေးက ဘာကိုဆိုလိုချင်တာလဲ”

“ကောင်မလေးက ကော်ဖီခွက်ကိုကိုင်ပြီး ထိုင်ငိုနေတော့ သူအဘိုးက ဘာဖြစ်လို့ ငိုနေတာလဲလို့ မေးလိုက်တယ်။ ကောင်မလေးက ပင်လယ်ရေတွေကို သူ့ကော်ဖီခွက်ထဲထည့်ချင်တာ မဆန့်မှာစိုးရိမ်လို့ ငိုနေ တာတဲ့”

“ပင်လယ်ရေကို ကော်ဖီခွင်ထဲထည့်ချင်ရင်တော့ အဲဒီစိတ်ကူးက မှားတာပေါ့”

“ဒါပေမဲ့ ဘိုးဘိုးပဲ ပြောတယ်လေ”

“ဘာများလဲ”

“အဲဒီကောင်မလေးကို ကော်ဖီခွက်ထဲ ပင်လယ်ရေတွေထည့်ဖို့ စိတ်ကူးနေတာ ရူးနေလားတဲ့”

“ဟုတ်တာပေါ့”

“ဒါပေမဲ့ အဲဒီကောင်မလေးရဲ့ တုံ့ပြန်ချက်ကြောင့် အဘိုးကြီး အံ့အားသင့်သွားရတယ် ဆိုတာလေ”

“ဘယ်လိုများပါလိမ့်”

“ကောင်မလေးက ကော်ဖီခွက်ကို ပင်လယ်ထဲ သွားလွှင့်ပစ်လိုက်တယ်တဲ့”

“ဟုတ်လား”

“ဟုတ်တယ် … ပင်လယ်ထဲကို ကော်ဖီခွက် သွားလွှင့်ပစ်လိုက်လို့ အဘိုးအိုက အဲဒီ ကောင်မလေးကို မေးလိုက်တယ်”

“ဘာများလဲ”

“ဘာဖြစ်လို့ ကော်ဖီခွက်ကို ပင်လဲထဲ လွှင့်ပစ်လိုက်ရတာလဲတဲ့။ ဒီတော့ ကောင်မလေးက ဖြေတယ်ဘိုးဘိုး”

“ဆိုပါဦး”

“ပင်လယ်ရေတွေကို ခွက်ထဲထည့်လို့မရရင် … ပင်လယ်ထဲကို ခွက်ထည့်ပေးလိုက်တာ ပိုကောင်းမယ်တဲ့ ဘိုးဘိုး”

“ဟုတ်ပြီ … ပုံပြောရင် အဆုံးသတ်က ဘာကိုဆိုလိုချင်တာလဲဆိုတဲ့ အဖြေတစ်ခုခုရှိရမယ်။ မြေးလေးက ဘာကို ပြောချင်တာလဲ”

“သမီးလည်း ကော်ဖီခွက်ကို ပင်လယ်ထဲ လွှင့်ပစ်လိုက်ရင် ကောင်းမလားလို့”
“တယ်ဆိုပါလား ရှင်းပါဦး”

“သမီးမှာ စုထားတဲ့ ပိုက်ဆံ တစ်သိန်းရှိတယ်။ ခေတ်ကောင်းလာရင် မိသားစုနဲ့ ချောင်းသာမှာ အပန်းဖြေ ရအောင် ဆိုပြီးတော့ပါ။ ဒါပေမဲ့ အဲဒီအစီအစဉ်ကို ဖျက်လိုက်တယ်”

“ဘာဖြစ်လို့လဲကွယ်”

“သူများတွေ ပူနေချိန်မှာ ကိုယ်က ချောင်းသာသွားပြီး ပျော်ရလောက်အောင် အသည်းမမာနိုင်ဘူး ဘိုးဘိုးရယ်”

“မှန်တာပေါ့”

“ဒါကြောင့် သမီးစုထားတဲ့ ငွေတစ်သိန်းကို စောစောကလာတဲ့ ဦးလေးကြီးကို ချေးလိုက်မယ်လေ”

“မြေးလေး … လောကမှာ လူတိုင်း ရိုးဖြောင့်တယ်လို့ ထင်နေသလား။ ချေးမယ်ဆိုတာ ဘယ်လို စိတ်ကူးနဲ့လဲ။ အတိုးက နှစ်သောင်းလောက်ရမှာကို မက်လို့လား။ သူ့ဆီက နှစ်သောင်းမရဘဲ ကိုယ့်ဆီက တစ်သိန်းပြန်မရ တော့မှာကို မြေးလေး မပူဘူးလား”

“သမီးက အတိုးလိုချင်လို့ ချေးမှာ မဟုတ်ဘူးဘိုးဘိုး။ လတ်တလော အနေအထားတစ်ခုကို ကူညီတာ။ သူ့ကို အတိုးမယူဘဲ ချေးမယ်။ ဒါပေမဲ့ ပြန်ဆပ်ရမယ်။ တစ်သိန်းချေး၊ တစ်သိန်းပဲ ပြန်လိုချင်တယ်”

“ကောင်းပြီ မြေးလေးပြောတာ ဘိုးဘိုးသဘောကျတယ်။ မြေးလေးကိုယ်တိုင် လူ့သဘော၊ လူ့မနောတွေကို လေ့လာခွင့် ရတော့မယ်။ မြေးလေး ကိုခင်မြင့်ကို ငွေတစ်သိန်း ချေးကြည့်လိုက်လေ။ သိရတာပေါ့”

“ဘိုဘိုးပဲ အကျိုးဆောင်ပေးလေ”

“အေး … အေး … မနက်လမ်းလျှောက်ရင် ကိုခင်မြင့်တို့အိမ်ရှေ့က ဖြတ်ရမှာ။ ဘိုးဘိုး ပြောလိုက်မယ်။ တစ်ခုပဲ သိထားနော်”

“ဘာများလဲ ဘိုးဘိုးရယ်”

“သမီးစိတ်ထဲမှာ ဘာမှ မျှော်လင့်ချက်မထားဘဲ ချေးတာမျိုးဖြစ်သင့်တယ်”

“ဟုတ်ကဲ့ပါဘိုးဘိုး”

#တင်ညွန့်

၁၇.၅.၂၀၂၄