မြုံးမိသည့်ငါးပမာ(စ/ဆုံး)

 မြုံးမိသည့်ငါးပမာ(စ/ဆုံး)

——————
“ခုတလော ကိုစိုးတယောက် အိမ်ပြန်မလာတာ ကြာပြီ””ကွမ်းညွှန့်တွေ စျေးကောင်းရတော့ ခိုးခူးသူတွေကြောင့် ခြံမှာပဲ ညအိပ်စောင့်ရသည်တဲ့လေ” ကိုစိုး ဘာပြောပြော၊ဘာလုပ်လုပ် မအေးကတော့ ယုံကြည်သည်။မအေး ယုံကြည်သည်ဆိုလဲ ယုံကြည်စရာပေ။မအေးတို့ အိမ်ထောင်သက် နှစ်(၂၀)ကျော်ကာလအတွင်း
ကိုစိုးသည် နဖူးကချွေး၊ခြေမကျအောင် အလုပ်ကို ကြိုးစားခဲ့သူဖြစ်သည်။မအေးက အိမ်မှာတင် အိမ်စျေးဆိုင်လေးရောင်းသည်။လိုအပ်သော ကုန်ပစ္စည်းအစုံ
ကိုစိုးကိုယ်တိုင် ဝယ်ခြမ်းပေးသည့်အပြင် ခြံအလုပ်ကိုလဲ မအေးပါစရာမလိုအောင် ကိုစိုးက အပင်ပမ်းခံ လုပ်ကိုင်သည်မို့ မအေးက စျေးရောင်းရုံသာ။
ကိုစိုးနှင့်မအေးတို့၏ အိမ်ထောင်ရေးက အေးချမ်းသာယာပါပေသည်။ယခုဆို သားနှစ်ယောက်၊ သမီးလေးတယောက်တောင် အတော်ကလေး အရွယ်ရောက်လာကြပေပြီ။သားကြီးက တက္ကသိုလ်ဒုတိယနှစ် အဝေးသင်တက်နေရင်းတဖက် အရောင်းဝန်ထမ်းဝင်လုပ်သည်။သားလတ်လေးက အဖေတယောက်တည်းပင်ပမ်းသည်ဟုဆိုကာ ဆယ်တန်းနှင့် ခြံအလုပ် ကူနေရှာသူ။သမီးငယ်ကတော့ မအေးလက်စွဲပုန်း၊ကျောင်းတဖက်နှင့် အိမ်မှုကိစ္စ ဗာရီယမှန်သမျှ အမေပင်ပမ်းမှာ စိုး၍ဟုဆိုကာ သိမ်းကြုံးလုပ်တတ်ပြန်သည်။”မအေးလောက်ကံကောင်းသူမရှိဟုတောင် “မအေးကတော့ ထင်မိသည်အထိ မအေး စိတ်ချမ်းသာခဲ့ရပါသည်။
(၂)
မအေး အိမ်စျေးဆိုင်ကလေးသည် ရပ်ကွက်ထဲတွင် အထိုက်အလျောက်စည်ကားသလို တယောက်ဝင်တယောက်ထွက်နဲ့ လူကလဲစုံလှပါသည်။ဒီတလော ရပ်ကွက်ထဲက လူများက “ကိုစိုးတယောက်ရော မတွေ့တာ ကြာပြီနော်”ဟု ဆိုသူကဆို “မမအေးကတော့ အေးဆေးပဲနော်”ဟု ဘာကိုပြောချင်မှန်းမသိ ရိတဲ့သူကရိ မအေးအတွက်တော့” ခြံမှာပဲ အနေများနေသော ကိုစိုး၊ အိမ်မှာ ရှိမနေတတ်တာက အဆန်းမှ မဟုတ်လေတာနော်””ခုမှများ အဆန်းလုပ်လို့ မေးကြ ပြောကြသည်ဟု”မအေး တွေးမရဖြစ်မိသည်။
တရက်တော့ မိခိုင်တယောက် ဒယောသောပါးပြေးလာလေသည်။မိခိုင်က တခြားသူမဟုတ် ကိုစိုးရဲ့ ညီမ
တဝမ်းကွဲလေး၊ “မမအေး၊ မမအေး”
“ဟယ်အမောတကောနဲ့ ဘာလဲဟဲ့ မိခိုင်ရဲ့””မမအေး သိလား အစ်ကိုစိုးလေ၊မမအေးတို့ ကွမ်းခြံနဲ့ကပ်ရပ်က
ဟိုဘက်ခြံက ကိုဖိုးသားရဲ့ ညီမနဲ့ ဖြစ်နေသတဲ့””ဟယ် ကြံကြီးစည်ရာ မဟုတ်မဟတ် မိခိုင်ရယ်””နင့်အစ်ကိုလား ဒီလောက်ရိုးတာ””မမအေးသာ မသိတာ တရပ်လုံးကို ကျော်လို့နော်””အဲဒီမိန်းမက တခုလပ်နှစ်လင်ကွာတဲ့ အရင်က ဒီမှာမနေဘူး၊ခုမှ ကိုဖိုးသားတို့ ခြံထဲ ခဏ လာနေတာဆိုလား”မိခိုင်အပြောတွေကို မအေး မယုံကြည်ပေမဲ့ တသက်နဲ့တကိုယ် မကြားဘူးမခံသာတဲ့ သတင်းစကားတွေမို့ အလိုလိုဝမ်းနည်းမိပြီး မျက်ရည်ကျလာသည်။ရပ်ကွက်ထဲမှ လူများ၏ မထိတထိစကားများအားလဲ ယခုမှသာ မအေး ရည်လည်မိတော့သည်။
(၃)
တကယ်တော့လဲ ကိုစိုး ခြံထဲမှာ ညအိပ်သည့်တိုင် မနက်ထမင်း၊ညထမင်း အိမ်မှာပဲစားသည်။ကိုစိုး
တယောက် မအေးနှင့် ထွေရာလေးပါး သိပ်မပြောတော့တာကြာလေပြီ။မအေးကတော့ “သူ ပင်ပမ်းရှာလို့ပဲနေမှာဟု”တွေးခဲ့သည်။မိခိုင်ဆီမှ သတင်းကြားပြီးကတည်းက မအေးခမြာ ထမင်းလဲမစားနိုင်၊စျေးရောင်းရတာလဲ စိတ်မပါတော့ ကိုစိုးအလာကိုသာ မျှော်မိလေသည်။ညနေခင်း ထမင်းစားပြီးကြတော့ ကိုစိုး ဝတ်စုံနှစ်စုံထပ်ထည့်နေတာ မအေး မြင်သည်။”အစ်ကိုစိုး”မအေး စိတ်ထိန်း၍ခေါ်လိုက်ရင်း “အစ်ကိုစိုး ခြံကို အစောင့်ငှားပြီး အိပ်ခိုင်းကြရအောင်လားလို့၊အစ်ကိုစိုးလဲ နားနားနေနေမရှိတာကြာပြီလေ””ဟာ မင်းဘာသိလို့လဲ ကိုယ်တိုင်လုပ်တာနဲ့ သူများငှားတာ တူမလားဟ”ကိုစိုး၏ ဆတ်တတ်တတ်စကားက မအေးကို အလိုလိုဝမ်းနည်းစေသည်။မအေး ပါးပြင်မှာ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလာတော့သည်။”မင်းဘာလို့ ငိုနေတာလဲ”ကိုစိုး မေးတော့”အစ်ကိုစိုး သူများတွေပြောနေကြတာ တကယ်လား””ဘာလဲ နင့်ဟာ အစမရှိအဆုံးမရှိ””ခြံခြင်းကပ်က ကိုဖိုးသားညီမ”မအေး စကားမဆုံးသေး”အေး ဟုတ်တယ် နင်က အဲဒါကြားချင်နေတာ
မလား””လုပ်ရက်လိုက်တာ ကိုစိုးရယ် သားသမီးတွေ ရှိနေတာကို””နင့်ကို ငါ ညီးငွေ့နေတာ ကြာပြီ မိအေး”
“ဟိုက ငါ့ကိုပဲ ဦးစားပေးဂရုစိုက်နေတာ နင့်လို အလုပ်အကြောင်းပြမနေဘူး””ငါ့ဘဝတလျောက်လုံးလဲ နင့်အတွက် ပေးဆပ်ခဲ့ပြီးပြီ””ခု ငါစိတ်ကျေနပ်မှုအတွက် ငါနေတော့မယ်”ဟု ပြောကာ ကိုစိုး ကျောခိုင်းထွက်သွားလေသည်။သမီးလေးကတော့ အဖေနဲ့အမေ စကားများသံကြားတော့ ပြေးလာပြီး မအေးကို ဖက်ကာ ငိုရှာလေသည်။ သားတွေသည်လဲ အဖေ့စကားသံများကြောင့် နာကြင်ခံခက်တောက်ခေါက်လျက် “သားတို့အမေကို သားတို့ လုပ်ကျွေးနိုင်တယ် အဖေ ဘယ်တော့မှ အိမ်မလာခဲ့နဲ့” ဟု သားကြီးက ဆိုတော့”သားရယ် ငရဲကြီးအောင် ပြောမနေပါနဲ့ကွယ်”ဟုမအေး တားရပြန်သည်။သားလတ်ကတော့ အဖေ့ကို တွေတွေကြီးစိုက်ကြည့်ရင်း အံ့ကြိတ်ထားပါသည်။အေးချမ်းသာယာသော မအေးတို့မိသားစုဘဝလေး ထိုညက အလဲလဲအကွဲကွဲ ပြုိလေပြီ။
(၄)
ကိုစိုးသည်ကား မြုံးမိသည့်ငါး ရုန်းမထွက်နိုင်လေသလား။အချိန်မီ အသိတရားမရပါဘဲ၊မအေးနှင့်တရားဝင်ကွာရှင်းလေတော့သည်။အိမ်နှင့်ဆိုင်ကိုသာ မအေးနှင့်သားသမီးများအတွက်ထားခဲ့ကာ ကွမ်းခြံကိုတော့ မယားငယ်နှင့်အတူ နေထိုင်ဖို့ အပိုင်ယူပြင်ဆင်လေသည်။ရပ်ကွက်ပတ်ဝန်းကျင်တင်မက ကိုစိုး၏ မိဘဆွေမျိုးအသိုင်းအဝန်းကပါ ကိုစိုးကို ရွံစရာ၊
ကျင်စရာ၊ မုန်းတီးလေကြတော့သည်။ကိုစိုး၏ အဖေကဆိုလျင် “လူမှုရေးဖေါက်ပြန်တတ်တဲ့သူ တို့ဆွေမျိုးထဲမှာ မရှိဘူး””ရှက်စရာကောင်းလိုက်တာ၊ ငါ့အိမ်ရိပ် တသက်လုံးမနင်းနဲ့”ဟု ကြွေးကြော်လေသည်။
(၅)
ခုတော့ ဒေါ်အေးတယောက် မြေးနှစ်ယောက်ပင် ရလေပြီ။သားလတ်နှင့် သမီးငယ်တို့ ကိုယ်စီ အိမ်ထောင်ရက်သားအသီးသီးကျလေပြီး ကလေးတယောက်စီပင် ရနေကြပြီ။သားကြီးသည်သာ အိမ်ထောင်ရက်သား မပြုပါဘဲ ဒေါ်အေးနှင့် အတူနေလေသည်။သားသမီးတွေရဲ့ သိတတ်လိမ္မာမှုကြောင့် ဒေါ်အေးဘဝ ပူပင်ကြောင့်ကျစရာမရှိပေ။ နဂို ရိုးရိုးအုတ်ခံ ကပ်အိမ်လေးမှသည်
နှစ်ထပ်တိုက်အိမ်ကြီးမှာ ကျကျနနနေရသည်။စျေးမရောင်းရတာလဲ ကြာပြီ။ဥပုသ်သီတင်းဆောက်တည်ရင်း တရားအလုပ်ကိုသာ အာရုံမှတ်နေလေတော့သည်။
(၆)
“ဦးကြီးစိုး နေကောင်းရဲ့လား””အေး ကောင်းတလှည့်၊မကောင်းတလှည့်ပါပဲကွာ””ဆေးရော သောက်ရဲ့လား””ဆေးကုန်ရင် ကျနော့်ပြောနော်””အေးပါကွာ
အေးပါ” ဟု ပြောသာ ပြောလိုက်ရသော်လည်း ဆေးကုန်နေတာ ကြာပြီ။သွေးမတော်သားမစပ် လာကူညီပေးနေတာပဲ ကျေးဇူးတင်လှပြီ။ရှေးဘုန်းကြီးကျောင်းဘေးက
ဒီဇရပ်အိုလေးမှာ ဦးစိုး သောင်တင်နေရင်း ရင်ကြပ်ရောဂါဟောင်းထလေသည်။ပရဟိတလူငယ်လေး
မောင်ကောင်းနှင့် တွေ့မိပေလို့သာ ဦးစိုး ဒီလောက် အသက်ရှည်နေရခြင်းဖြစ်သည်။ရောဂါဟောင်းက ထလာသလို ရင်ဘတ်ထဲမှ ဒဏ်ရာဟောင်းကလဲ နာသည်။ဘယ်သူမပြု မိမိမှုတဲ့၊ဦးစိုး၏ တတင်္ဂသာယာမှုအတွက် ဘဝတဆုံး၏သာယာခြင်းကား စတေးလိုက်ရပေသည်။
သားသမီးတို့၏မျက်နှာကို သော်လည်းကောင်း၊”ငယ်ကအချစ် နှစ်တရာမမေ့သာတဲ့” ဇနီးဟောင်း မအေး၏ မျက်နှာလေးကို သော်လည်းကောင်း မြင်တွေ့လိုလှသော်လည်း ဦးစိုး၏ မိုက်နောင်တကား နာကျင်မှုနှင့်
ခါးသီးခြင်းကိုသာ ဖြစ်ပေါ်စေသည်။တဖြည်းဖြည်းဝေး၍လာသော အတိတ်နှင့် ယခုပစ္စုပန်အနာဂတ်ကား ဘယ်လိုမှ စပ်ဆက်၍မရနိုင်ပါတော့ပေ။အထီးကျန်ခြင်းကို အဖေါ်ပြုခါသာ ဦးစိုး၏ ဘဝနေဝင်ချိန်ကား နီးလေတော့သည်။
နှင်းစနေ(ရွှေဘို)
29.9.2022(THU)