ဘဝအတွက် အဆုံးအဖြတ်(စ/ဆုံး)

 ဘဝအတွက် အဆုံးအဖြတ်(စ/ဆုံး)

—————————–

“ဆရာ … ဆရာ့ကို ကျွန်တော်တိုင်ပင်စရာတစ်ခုရှိလို့”


ညနေကျောင်းဆင်းချိန်ဖြစ်သည်။ ကျွန်တော်က ရုံးခန်းတံခါးများကို ပိတ်ရန် ပြင်နေစဉ် ဆရာကိုလေးခန့်က ရုံးခန်းကို ရောက်လာပြီး ပြောခြင်းဖြစ်သည်။ ကျွန်တော်လည်း ပိတ်ထားသည့် ပြတင်းပေါက်တစ်ချပ်ကို ပြန်ဖွင့် လိုက်ပြီး


“ဪ ကိုလေးခန့် … ဘာများလဲ”


“ဆရာပြန်တော့မလို့လား”


“အင်း … ပြန်တော့မလို့ပဲ … ခင်ဗျားပြောစရာရှိတယ်ဆိုလည်း ပြောလေ”


ကျွန်တော်က ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ သူ့ကိုလည်း


“ထိုင်လေဗျာ … ဘာများလဲ”


သူက ထိုင်ခုံတစ်ခုံတွင် ထိုင်လိုက်သည်။ ပတ်ဝန်းကျင်ကို ဟိုကြည့်သည်ကြည့် လုပ်ပြီးမှ


“ကျွန်တော် မိန်းမယူတော့မလို့ဆရာ”


ကိုလေးခန့်သည် ကျွန်တော့်ကျောင်းကို ရောက်လာသည်မှာ တစ်နှစ်ကျော်ကျော်လေးသာရှိသေးသည်။ နာမည်နှင့်လိုက်အောင် ခန့်ညားသည်။ ထောင်ထောင်မောင်းမောင်း ဗလတောင့်တောင့်နှင့် ကြည့်ကောင်း သည်။ စမတ်ကျကျ နေတတ်ပြီး ကျောင်းဆရာပုံ သိပ်မပေါက်သူဖြစ်သည်။


“ဟ အဆန်းပါလား … မိန်းမယူတော့မယ် ဟုတ်လား။ ပြောစမ်းပါဦး ဘယ်သူနဲ့လဲ”


“မကြင်စန်းနဲ့ဆရာ”


“ဗျာ”


ကျွန်တော့်နှုတ်က ဗျာခနဲထွက်သွားသည်။ အံ့အားသင့်လွန်း၍ဖြစ်သည်။


“ဈေးဆိုင်က မကြင်စန်းဟုတ်လား”


ကျွန်တော်က သေချာအောင်ထပ်မေးခြင်းဖြစ်သည်။


“ဟုတ်ပါတယ်ဆရာ”


“ကိုလေးခန့်”


“ခင်ဗျာ”


“မကြင်စန်းမှာ ကလေးနှစ်ယောက်ရှိတယ်။ သူ့ယောက်ျားက တောထဲမှာ သစ်လုံးပိပြီးသေသွားတာ တစ်နှစ် ကျော်ကျော်ပဲရှိသေးတယ်။ အဲဒါတွေကို ခင်ဗျား သိပါတယ်နော်”


“သိပါတယ်ဆရာ”


“ခင်ဗျားက မကြင်စန်းကို ယူမယ်ဆိုတော့ သူ့ဘက်ကရော သဘောတူရဲ့လား”


“သူက ကျွန်တော့်သဘောလို့ပြောပါတယ်ဆရာ”


“ကလေးနှစ်ယောက်ကိစ္စကရော”


“သူ့အမေကိုယူတော့ ကလေးနှစ်ယောက်ကလည်း ကျွန်တော့်ကလေးတွေပဲဖြစ်ရတော့မှာပေါ့ဆရာ”


“ကိုလေးခန့် … ခင်ဗျား ဘာဖြစ်လို့ မကြင်စန်းနဲ့ လက်ထပ်ချင်ရတာလဲ”


“သူက ကလေးနှစ်ယောက်နဲ့ ဒုက္ခရောက်နေတယ်ထင်လို့ပါဆရာ”


“ဪ ခင်ဗျားက ကယ်တင်ရှင်လုပ်ချင်တာပေါ့”


“အဲဒီလိုလည်း ပြောနိုင်ပါတယ်ဆရာ”


“ကိုလေးခန့် … ခင်ဗျားကို တစ်ခုလောက်မေးပါရစေ။ ခင်ဗျားက မကြင်စန်းကို ချစ်လို့ ယူမှာလား … ကယ်တင်ချင်လို့ ယူမှာလား”


“သူ့ကို သနားလို့ပါဆရာ”


“ခင်ဗျားက ကျွန်တော့် သားအရွယ်လောက်ရှိပါတယ်။ ကျွန်တော်သာ ခင်ဗျားမိဘနေရာကနေရရင် ခင်ဗျားနဲ့ မကြင်စန်းကို သဘောတူမယ်ထင်သလား”


“ဆရာပဲပြောကြည့်လေ … ကျွန်တော်လည်း ဆရာ့ကို မိဘလိုသဘောထားလို့ လာတိုင်ပင်တာပါ”


“သဘောမတူနိုင်ဘူးဗျ … ဘာဖြစ်လို့လဲ သိလား”


“ပြောပါဆရာ”


“ခင်ဗျားမှာ အညွန့်တလူလူနဲ့ သိလား။ ခင်ဗျား မကြာခင် ဘီအီးဒီသင်တန်း သွားတက်ရတော့မယ်။ ခင်ဗျားက စာလည်းတော်တယ်။ အမ်အီးဒီအထိ ရည်မှန်းထားတယ်ဆို။ ပြီးတော့ ရန်ကုန်မှာ အခြားသင်တန်းတွေလည်း တက်ချင်သေးတယ်ပြောတယ်။ ကွန်ပျူတာကိုလည်း လေ့လာချင်တယ်။ အခြေအနေပေးရင် နိုင်ငံခြားကို သွားချင်တယ်လို့လည်း ပြောသေးတယ်နော်”


“ဟုတ်ပါတယ်ဆရာ”


“ခင်ဗျား ရည်မှန်းချက်တွေက အမြင့်ကြီးတွေ။ ခင်ဗျား လုပ်နိုင်မယ်လို့လည်း ကျွန်တော်ထင်တယ်။ ပြီးတော့ ခင်ဗျားက ငယ်လည်း ငယ်သေးတယ်လေ။ ခင်ဗျား မကြင်စန်းနဲ့ အိမ်ထောင်ပြုလိုက်ရင် ဟောဒီရွာမှာပဲ ဘဝဆုံးသွားတော့မှာပေါ့။ ခင်ဗျားရဲ့ ဒူးမနာသားနဲ့သမီးကိုလည်း ခင်ဗျား ပြုစုပျိုးထောင်ပေးရဦးမယ်။ အိမ်ထောင့်တာဝန်ကြီးကို ခင်ဗျားထမ်းပြီး နောက်ဆုံး အဆင်မပြေရင် သစ်ကုန်သည်ထွက်လုပ်ချင်လည်း လုပ်ဦးမှာ။ အဲဒိလို သစ်ကုန်သည်ထွက်လုပ်ရင် မကြင်စန်းယောက်ျားလိုပဲ သစ်လုံးပိပြီး တောထဲမှာ သေချင်လည်း သေသွားနိုင်တာပဲ။ ကျွန်တော်ခင်ဗျား စိတ်ဓာတ်ကျအောင် ပြောနေတာမဟုတ်ဘူး။ ခင်ဗျားက ခုမှ အသက်ငယ်ငယ်လေးရှိသေးတယ်။ မကြင်စန်းက ၄၀ ကျော်လောက်ရှိနေပြီ။ ကျွန်တော့်ကို မိဘလို သဘောထားပြီး လာတိုင်ပင်တာဆိုရင်တော့ ပြတ်ပြတ်ပြောမယ်။ ခင်ဗျား မိဘတွေရဲ့ မျက်နှာကို ထောက်ပြီးတော့ ပြောတာ။ ကျွန်တော်တော့ သဘောမတူနိုင်ဘူး။ မကြင်စန်းက ခင်ဗျားကယ်မှ သူ့ဘဝက ရပ်တည်နိုင်မယ့် အနေအထားလည်း မဟုတ်ဘူး။ ခင်ဗျားသာ ဒီရွာမှာပဲ ဘဝဆုံးသွားမှာကိုတွေးပြီး နှမြောလို့။ အေးလေ ပြောသာပြောရတယ်။ ကျွန်တော်က သူများချစ်ခြင်းကို ခွဲသလိုဖြစ်မှာလည်း စိုးရိမ်ရသေးတယ်။ ခင်ဗျား စဉ်းစားတွေးခေါ်တတ်ပါတယ် စဉ်းစားပါ။ ကျွန်တော် ဒီလောက်ပဲပြောချင်တယ်။ ဆရာ သူများကို ကယ်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးကယ်ပါဦးဗျာ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပါ”


ကျွန်တော်သူ့ကို စကားတွေအများကြီးပြောပြီး ဆုံးမနေမိသည်။ ကိုယ့်သားအရင်းလို ချစ်၍ဖြစ်သည်။ သူက ကျွန်တော်ပြောသမျှ ခေါင်းကြီး ငုံ့ကာ နားထောင်နေသည်။


ကျွန်တော်က ကျောင်းတံခါးတွေလိုက်ပိတ်သည်။ သူ့ကို ပြောစရာမလို၊ ပြီးပြီဆိုသည့် သဘောဖြစ်သည်။ သူကလည်း တံခါးတွေကို ကူပြီးလိုက်ပိတ်ပေးသည်။ ထို့နောက် ကျွန်တော်တို့ လမ်းခွဲလိုက်ကြသည်။


ထိုနေ့ညနေက ကိုလေးခန့်ကို ကျွန်တော်တွေ့လိုက်ရခြင်းမှာ နောက်ဆုံးတွေ့လိုက်ရခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောက်တစ်နေ့တွင် မပြောမဆိုနှင့် မြို့ကိုပြန်သွားသည်။ ခွင့်လည်းမတိုင်။ ကျောင်းကို လည်း ဘယ်တော့မှ ပြန်မရောက်လာတော့။ သူ့ကို ခွင့်မဲ့ပျက်ကွက်စာရင်းသွင်းပြီး အထက်ကိုတင်ပြလိုက် တော့သည်။


ကျွန်တော်မြို့ကို ပြန်ရောက်သည့်အခါတွင် ကိုလေးခန့်အိမ်ကိုသွားသေးသည်။ သူ့မိဘနှစ်ပါးနှင့်တွေ့သည်။ သူတို့လည်း သေသေချာချာမပြောနိုင်။ အိမ်ကိုပြန်လာပြီး ရန်ကုန်သွားမည်ဟူ၍သာ ပြောသွားကြောင်း သိလိုက်ရသည်။ ကျောင်းဆရာအလုပ်ကလည်း ထွက်သွားကြောင်း သိလိုက်ရသည်။ သူဘာဖြစ်သွားသနည်း။ သူ့အကြောင်းကို မကြင်စန်းထံတွင် သွား၍စုံစမ်းရန်ကလည်း မဖြစ်နိုင်။ အရိပ်အကဲသွားကြည့်တော့လည်း မကြင်စန်း အနေအထိုင်မပျက်ရှိနေသည်။


နောက်ပိုင်း ကျွန်တော်လည်း ထိုရွာမှပြောင်းရသည်။ ရာထူးအဆင့်ဆင့်တိုးသည်။ သက်ပြည့်၊ လုပ်သက်ပြည့် ပင်စင်ယူပြီး ရန်ကုန်တွင် အခြေချနေသည်။


နှစ်စဉ်ဒီဇင်ဘာလတွင် ရွာမှတပည့်ဟောင်းများက ဆရာကန်တော့ပွဲလုပ်သည်။ ယခုနှစ်လည်း ကျွန်တော်ဆရာ ကန်တော့ပွဲကိုရောက်လာသည်။ တပည့်ဟောင်းတစ်ဦးဖြစ်သူ မောင်အေးကိုက


“ဆရာကြီး … ဆရာကြီးကို တွေ့ချင်နေတဲ့ဆရာတစ်ယောက်ရှိတယ်” ဟုတိုးတိုးလေး လာပြောသည်။


“ဘယ်သူလဲကွ”


“ဆရာလေးခန့်လေ”


“ဟေ … လေးခန့် ဟုတ်လား … လေးခန့်ဘယ်မှာလဲ”


“ဟိုမှာ လာနေပြီဆရာကြီး။ ဒီနှစ်ကတော့ ထူးခြားတယ်ဆရာကြီးရေ။ ဆရာလေးခန့်က ဆရာကြီးကို ဒီမှာတွေ့မှာပဲဆိုပြီး လာစောင့်နေတာ”


ဆရာကိုလေးခန့်က ကျွန်တော်ထိုင်နေသည့်ခုံကို တန်းတန်းမတ်မတ်ရောက်လာပြီး ကျွန်တော့်ခြေအစုံကို သူ့နဖူးနှင့်ထိကာ ကန်တော့ပါတော့သည်။


“ဟာ ကိုလေးခန့် ဘယ်လိုလုပ်တာလဲ … ထပါဗျ”


“ကျေးဇူးရှင် ဆရာကြီးကို ကျွန်တော် ဒီလို ကန်တော့ချင်နေတာ ကြာပါပြီခင်ဗျာ”


“ကဲပါ ကန်တော့ပြီးရင်လည်းထပါ။ ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ။ မတွေ့တာကြာပေါ့နော်”


“နှစ်ပေါင်း ၃၀ ကျော်ပြီဆရာကြီး”


“ခင်ဗျား … ခုဘာတွေလုပ်ပြီး ဘယ်မှာနေသလဲပြောစမ်းပါဦး”


“ပြောရရင် အရှည်ကြီးဆရာကြီးရယ်။ ဆရာကြီး ကျွန်တော့်ကို နောက်ဆုံးတွေ့တဲ့နေ့က မှတ်မိသေးလား”


“ဘာလဲဗျ”


“ကျွန်တော့်ကို ဆုံးမစကားတွေ အများကြီးပြောလိုက်တာလေ”


“မှတ်မိတန်သလောက်မှတ်မိပါတယ်”


“ကျွန်တော် ဆရာကြီးနဲ့ခွဲလာပြီး အိမ်ပြန်ရောက်တော့ စဉ်းစားတယ် သိလား။ တစ်ညလုံး အိပ်မရဘူး။ မနက် ဘုန်းကြီးကျောင်းက တုန်းမောင်းခေါက်မှပဲ ကျွန်တော် ဆုံးဖြတ်ချက်ချနိုင်တယ်။ ဒါနဲ့ အဝတ်အစားတွေ ကောက်ထည့်ပြီး ရွာကို ကျောခိုင်းလိုက်တာပဲဆရာကြီးရယ်”


“ကျွန်တော့်ကို အကျိုးအကြောင်း စာလေးတော့ ရေးခဲ့သင့်တာပေါ့”


“ကျွန်တော်ဘာမှ သံယောဇဉ်မထားချင်တော့ဘူး။ ဆရာကြီးပြောတာကို နားထဲမှာ ကြားနေတယ်။ ဆရာ သူများကို ကယ်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးကယ်ပါဦးဗျာဆိုတာ ကျွန်တော့်နားထဲက မထွက်ဘူး။ ဟုတ်တယ် ကျွန်တော်က သူများကို သနားပြီး ကယ်တင်ရအောင် ကယ်တင်ရှင်လား။ ပြီးတော့ ဆရာကြီးက ပြောလိုက်သေးတယ်လေ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပါဆိုတာ။ မှန်တယ်ဆရာကြီး ကျွန်တော် အဲဒီနေ့က ဖြစ်ချင်တာကို ဦးစားပေးလိုက်ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး”


“ခင်ဗျား အခု ဘာတွေလုပ်နေသလဲ”


“ကျွန်တော် အမေရိကမှာရောက်နေပြီ။ အိုင်တီဌာနတစ်ခုမှာ အလုပ် လုပ်နေတယ်။ ပြီးတော့ ဟိုမှာပဲ နေဖို့ ဆုံးဖြတ်ပြီးတော့ အဲဒီနိုင်ငံသား ခံယူလိုက်တယ်။ ခု အမေဆုံးလို့ ပြန်လာရင်း ဆရာကြီးဒီမှာရှိမယ်ဆိုတာ သိလို့ ရောက်အောင်လာခဲ့တာ”


“အေးဗျာ ဝမ်းသာလိုက်တာ။ အိမ်ထောင်ရော ကျသွားပြီလား”


“မကျသေးဘူး”


“ခင်ဗျား တစ်ချိန်က ချစ်ပါတယ်ဆိုတဲ့ မကြင်စန်းရော ဘာတွေဖြစ်နေပြီဆိုတာ သိလား”


“မသိဘူး ဆရာကြီး”


“သူ အိမ်ထောင်ထပ်ပြုတယ်။ သူ့နောက်အိမ်ထောင်ကလည်း ကောင်းတယ်။ သူတို့လည်း ခုဆိုရွာမှာ သူဌေးကြီးတွေဖြစ်နေပြီ။ ခင်ဗျား မတော်လိုက်ရတဲ့ သားနဲ့ သမီးလေးတောင် တစ်ယောက်က ထိုင်းမှာ၊ တစ်ယောက်က မလေးရှားမှာ အလုပ်တွေ သွားလုပ်ပြီး သူ့အမေဆီ ပိုက်ဆံတွေပို့နေပါတယ်။ ကိုလေးခန့် သိထားဖို့က ခင်ဗျားက မကယ်တင်လိုက်ရလို့ မကြင်စန်း ဘာမှ မဖြစ်သွားဘူး သိလား။ သူ့ဟာနဲ့သူ ကယ်တင်ရှင်က ‌ရောက်လာတာပဲ။ ခုတော့ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ကယ်တင်လိုက်တာ ဘယ်လောက် ကောင်းထားသလဲ”


“ဆရာကြီး ဒါလေး လက်ခံပေးပါခင်ဗျာ”


“ဘာတွေလဲ”


“ကျွန်တော် တတ်နိုင်သလောက်လေးနဲ့ ဆရာကြီးကို ဂါရဝပြုတာပါ၊ လက်ခံပေးပါနော်”


ကိုလေးခန့်က ကျွန်တော့်လက်ထဲကို စာအိတ်လေးတစ်လုံးထည့်ပြီး နောက်တစ်ကြိမ် ကန်တော့သည်။


“ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြစ်မှားမိခဲ့တာရှိရင် ခွင့်လွှတ်ပါဆရာကြီး … ဆရာကြီးရဲ့ ဆုံးမစကား တစ်ခွန်းက ကျွန်တော့်ဘဝကို ကယ်တင်လိုက်တာပါ”


“ကျွန်တော် ဘယ်လောက်ပဲပြောပြော ကာယကံရှင်က သဘောမပါရင် အလကားပါဗျာ။ ခင်ဗျားကိုယ်တိုင်က သဘောပေါက်လို့ပါ။ ဘဝကို ဒီမှာ မနှစ်မြှုပ်သင့်ဘူးလို့ ခင်ဗျား ရွေးချယ်ချက်က မှန်သွားတာပါ”


ကျွန်တော့်အတွက် မမေ့နိုင်သည့် မျက်ရည်ဝဲခဲ့ရသော နေ့တစ်နေ့ ဖြစ်ခဲ့ရပါသည်။


တင်ညွန့်


၂၇.၁၂.၂၀၂၅