ရှုံးသူ့ရင်မှာမငိုစတမ်း(စ/ဆုံး)
———————
အမြဲတမ်း သွက်သွက်လက်လက်နေတတ်သည့် ကျော့ကေသွယ်မှာ ငေးမှိုင်နေသည်ကို ဒေါ်အေးသာ သတိထားမိပါသည်။ မြေးမလေးတစ်ယောက်ထဲရှိသည်မို့လည်း ပို၍ချစ်သည်။အရိပ်လိုကြည့်နေတတ်တာမို့လည်း မြေးမလေးမျက်နှာညှိုးတာ သတိထားမိခြင်းဖြစ်၏။ သားမက်နှင့် သမီးမှာ လယ်ထဲမှာအနေများသည်မို့ ဘွားအေကသာ ဂရုတစိုက်နှင့် ထိန်းကျောင်းလာခဲ့ရသည်။ အဘွားကိုလည်း ပြုစုပေးတတ်သူလေးမို့ ဒေါ်အေးသာမှာ ကြည်နူးရသည်။
ခါတိုင်းတွင် ကျော့သည် သူမ၏သူငယ်ချင်းများနှင့် ပြုံးပျော်ရွှင်စွာ နေတတ်သည်။ ကျော့၏သူငယ်ချင်းများတွင် နှင်းယုခိုင်နှင့် သက်နိုင်ဦးမှာ အချစ်ဆုံးသူငယ်ချင်းများဖြစ်ကြ၏။ သုံးယောက်သား၊ သွားအတူ၊စားအတူနှင့် ငယ်ပေါင်းကြီးဖော်တွေ ခုချိန်ထိတတွဲတွဲ ရှိနေကြတာကို ဒေါ်အေးသာမှာ ကြိတ်၍ ဝမ်းသာမဆုံးဖြစ်ရသည်။
မနေ့က ဆယ်တန်းစာမေးပွဲဖြေပြီး၍ပြန်လာတည်းက ကျော့မျက်နှာမကောင်းတာတွေ့ရသည်။ ဒီနေ့ညနေတွင် နှင်းယုခိုင်သည် မုန့်စားသွားဖို့လာခေါ်သော်လည်း ခေါင်းကိုက်နေသည်ဟု အကြောင်းပြကာ လိုက်မသွားသည်ကို ဘွားအေဖြစ်သူက ရိပ်မိ၏။
@@@
ကျော့တို့သူငယ်ချင်းသုံးယောက်တွင် ခိုင်နှင့်ကျော့က အိမ်နီးချင်းဖြစ်ကာ သက်လွင်ဦးက တောင်ပိုင်းကဖြစ်၏။ ရွာကျောင်းမှာ အခြေခံမူလတန်းကျောင်းသာရှိပြီး အလယ်တန်းနှင့် အထက်တန်းကို ကျောင်းပြောင်းတက်ကြတော့လည်း တစ်ကျောင်းတည်းအတူတက်ခဲ့ကြသည်။ ကိုးတန်းနှစ်နှင့် ဆယ်တန်းကို ဘော်ဒါဆောင်ထားပေးကြတော့လည်း အတူတူသာဖြစ်၏။ ဆယ်တန်းအရောက်တွင် အမှတ်ပေးစနစ်နှင့်အတန်းခွဲသွားတော့မှ အတန်းကွဲသွားကြသည်။ ခိုင်နှင့် သက်လွင်ဦးက အတန်း(A)အခန်းတွင်ကျပြီး၊ ကျော့ကအတန်း(C)မှာ ကျကာကွဲသွားတော့သည်။
ဘော်ဒါတွင်ယောက်ျားလေး၊ မိန်းကလေးအဆောင်ခွဲထားတော့ ခိုင်နှင့်ကျော့က ဘော်ဒါဆောင်တွင်အတူတွဲနေရပြီး ကျောင်းရောက်လျှင် ခိုင်နှင့် သက်လွင်ဦးတို့မှာ တစ်ခန်းထဲတွင်ဖြစ်၏။ ဘော်ဒါပိတ်ရက်များတွင် စက်ဘီးကိုယ်စီနှင့် ရွာသို့အတူပြန်ကြသည်။
ဖလံတောရွာနှင့် စကုမြို့က သုံးမ်ိုင်ကျော်၊ လေးမိုင်န်ီးပါးဝေးသည်။သက်လွင်ဦးလည်း ကျောင်းမှာသာလျှင် ယောကျ်ားလေးသူငယ်ချင်းများနှင့်အတူကစားသော်လည်း ၊ ရွာပြန်တော့မည်ဆိုလျှင် သူငယ်ချင်းမလေးများနှင့်အတူသာပြန်သည်။ ရွာကိုအတူပြန်တော့ မိန်းကလေးတွေကြည့်မို့ စိတ်မချသောကြောင့်လည်း စောင့်ခေါ်သည်။ တခြားယောကျ်ားလေးများက စနောက်မည်စိုး၍ ကိုယ့်ရပ်ရွာသူလေးများကို စောင့်ရှောက်ခြင်းလည်းဖြစ်၏။ ကျောင်းမှာသူငယ်ချင်းများက “ယောက်ဖရေ”ဟုလည်းစကြသည်။
“မင်းနှယ် ခိုင်လား၊ ကျော့လား ဒါမှမဟုတ်ရင် ဘယ်တစ်ယောက်၊ညာတစ်ယောက်နဲ့ မိဖုရားမြှောက်မလို့လား အာ့လိုတော့မလုပ်နဲ့ကွာ တို့ကိုလည်းမျှဦး”နှင့်စကြလျှင် သက်နိုင်ဦးမှာ စိတ်ဆိုး၍မဆုံးရှိတော့သည်။ သူသည် သူငယ်ချင်းများအပေါ်တွင် ငယ်သူငယ်ချင်းတွေလည်းဖြစ်သည်မို့ ဖြူစင်သည်။ သူငယ်ချင်းတွေစပါများတော့လည်း စိတ်ထဲမှာဝေခွဲ၍မရ။
အတန်းတွေကွဲသွားကြသော်လည်း ဘော်ဒါတစ်ခုတည်းမို့စာကျက်ချိန်တူကာ စာအုပ်တွေငှားလိုက် စာကူးပေးလိုက်ကြနှင့် ပျော်မဆုံးဖြစ်ခဲ့ရသည့်နေ့များဖြစ်ပါသည်။ကျောင်းရောက်လျှင် ထမင်းစားချိန်နှင့် မုန့်စားဆင်းချိန်များတွေ့ကြရာတွင်
“ကျော့ရေ ငသက်ကိုကြည့်ထိန်းရတော့မယ်ဟ ငါတစ်ယောက်တည်းတော့နိုင်မယ်မထင်ဘူးရယ် နင်ပါကူထိန်းလှည့်ဦး”
“ဘာဖြစ်လို့လဲခိုင်ရ”
“ဘာဖြစ်ရမလဲ သူ့ကိုယ်သူမင်းသားများအောက်မေ့နေလားမသိပါဘူးဟယ် အတန်းထဲမှာ ရှိုးထုတ်တာများလွန်လို့ မြမြမိုးရှေ့ရောက်ရင် ယုန်သူငယ်လေးကျနေတာပဲ ရှက်ကိုးရှက်ကန်းဖြစ်နေလိုက်တာများ နင့်ကိုခေါ်ပြလိုက်ချင်စမ်းတယ် ” ခိုင်သည် ကျော့ကို တိုင်သလိုလိုနှင့် သက်လွင်ဦးကို စနေခြင်းဖြစ်သည်။
“မိခိုင် နင်လည်းအချွန်နဲ့မတယ်နော် နဂိုတည်းက မိကျော့က သံသယကခပ်များများရယ် ငါ့ကိုတရားခံစစ် စစ်နေမှ မပြီးရှိရော့မယ်” ဟု ကျော့ကိုကြည့်ကာပြော၏။
“ခိုင်ပြောမယ်ဆိုလည်းပြောချင်စရာ နင်လည်းယောကျ်ားလေးတန်မဲ့ ခုတလောပဲများက်ိုများလွန်းနေတာ မသိမှတ်နေလားး” ဟု ကျော့ကလည်း ခိုင်နှင့် တသဘောတည်းဖြစ်ကာ သက်လွင်ဦးးကိုညှပ်ပြောကြသည်။
နေ့ခင်းထမင်းစားချိန်များတွင် ကျော့နှင့်ခိုင်တို့ထမင်းထုပ်ကအတူထုပ်လာကြသည်။ ရွာမှကြော်လှော်ပေးလိုက်သည်များကို အတူပေါင်းစားကြသည်။ အထားခံသည့်ဟင်းကိုချန်ထားပြီး အသိုးမြန်သည့်ဟင်းကို အတူခွဲစားလိုက်တော့ တစ်ပတ်စာအိမ်ကလာပို့မည့်ဟင်းမကုန်ခင် အနည်းငယ်သာဝယ်စားကြရသည်။ သက်လွင်ဦးကတော့ ယောကျ်ားလေးလည်းဖြစ်ကာ သူငယ်ချင်းတွေကလည်းဝိုင်းစားကြသည်မို့ သုံးရက်လောက်နှင့် ဟင်းပြတ်သည်ကများသည်။
ကျောင်းမှာသူငယ်ချင်းများစုစားကြတော့လည်း သက်လွင်ဦးက ထမင်းဖြူပါလာတာများ၍ ကျောင်းစျေးမှအသုပ်နှင့် သူငယ်ချင်းမလေးများနှင့် ဝိုင်းစားလိုက်သည်ကများပါသည်။
@@@
အတန်း(A)၏ယောကျ်ားလေးအတန်းခေါင်းဆောင်မှာ ကျော်သူရဖြစ်၍ မိန်းကလေးအတန်းခေါင်းဆောင်မှာ မြမြမိုးဖြစ်၏။ မြမြမိုးရှေ့သို့ရောက်လျှင် သက်လွင်ဦးမှာ အိုးတို့အမ်းတန်းဖြစ်ဖြစ်သွားသည်။ထိုသို့ဖြစ်ရခြင်းမှာ မြမြမိုးသည် အရပ်ကလည်းထောင်ကောင်း၏။ မျက်နှာကလည်းပြေပြစ်ကာ သက်လွင်ဦးလို ခပ်သွယ်သွယ်သာရှိသူအဖို့ ယောကျ်ားလေးဖြစ်သည့်တိုင် ယှဥ်ရပ်မိလျှင် အနေကြုံ့သွားသလိုခံစားရသည်။ ထို့ကြောင့် မြမြမိုးရှေ့ရောက်လျှင် ခြေလှမ်းတုံ့တုံ့သွားတာကို မိခိုင်က မြမြမိုးအား သက်လွင်ဦးကသဘောကျနေသည်ဟုထင်၏။
ကျော့ရယ်၊ခိုင်ရယ် သက်လွင်ဦးတို့သုံးယောက်ထဲတွင် ကျော့နှင့်အတန်းကွဲသွားတော့ ခိုင်နှင့် သက်လွင်ဦးမှာ ပို၍ရင်းနှိီးသလိုဖြစ်လာခဲ့သည်။သူငယ်ချင်းသံယောဇဥ်ထက် ခိုင့်ကို ပိုခဲ့မိပြီမို့ အရိပ်အမြွက်တော့ ခိုင်သိအောင်ပြောထားရမည်။
ဆယ်တန်းစာမေးပွဲတွေဖြေပြီး၍ ရွာပြန်လာကြချိန်တွင် လမ်းမှာခဏရပ်ပြီး လမ်းဘေးရေအိုးစင်မှာရေဝင်သောက်ကြရင်း
“ခိုင်ကိုပြောစရာစကားရှိသေးလို့ မိကျော့နင်ငါတို့ကို မြောင်းဘောင်ထိပ်ကစောင့်နေဟာ”ဟု ပထုတ်သည်။
“အောင်မာ ငါ့ကိုပထုတ်ရအောင် နင်ကဘာတွေပြောမှာမို့လဲ”
“အေးငါပြောမှာက နင်ရှိရင် ဘယ်လွတ်လပ်ပါ့မလဲဟ ငါကခိုင့်ကို ရည်းစားစကားပြောမို့ ကဲ မရွှေကျော့ နင်ခဏရှောင်ပေးလို့ရပြီလား”နှင်းယုခိုင်မှာ မျက်နှာရဲသွား၍ ကျော့မှာမျက်ရည်ဝဲသွားရှာသည်။
“သြော်” ထိုတစ်ခွန်းသာပြောနိုင်ရှာပြီး ကျော့ခဗျာရှောင်ထွက်ပေးလိုက်ရသည်။ကျော့ကလည်း သက်လွင်ဦးကို တိတ်တခိုး ရင်ခုန်ခဲ့ရသူ၊ ခိုင်သည်လည်း အချစ်ဆုံးသူငယ်ချင်းဖြစ်သည်မို့ ဝမ်းသာပေးရမည်သိသော်လည်း ကျော့စိတ်တွင် ဝမ်းနည်းစိတ်နှင့်၊ ဝန်တိုစိတ်တို့ပေါင်းကာ ဝမ်းသာမပေးနိုင်ရှာဖြစ်ရပြီ။ မြောင်းဘောင်ကနေစောင့်နေပါဟုမှာလိုက်သော်လည်း အိမ်သို့တန်းပြန်ခဲ့ပါသည်။
@@@
သူငယ်ချင်းသုံးယောက်အနက်တွင် နှင်းယုခိုင်မှာ အစစအရာရာပြည့်စုံ၍၊ စာလည်းညက်သည်။ သက်လွင်ဦးကလည်း ပိုဂရုစိုက်သည်ဟု ကျော့စိတ်မှာအမြဲထင်ခဲ့သည်။ခိုင့်ကို ကျော့သည် ဘယ်နေရာမှမယှဥ်ပြိုင်နိုင်၊ ခိုင်ကကျော့ထက်လည်း ပို၍လှသည်ဟုအမြဲတွေးမိတတ်သည်။ ခိုင်မှာ ရွာသို့ပြန်ရောက်လျှင်လည်း ကျော့လိုလယ်ထဲသို့ဆင်းရန်မလို၊ အပူပင်မရှိကြီးပြင်းခဲ့ရသူဖြစ်သည်။ကျော့မှာတော့ ကျောင်းကပြန်ရောက်သည်နှင့် မိဘနှင့်အတူလယ်တောဆင်းရသည်။ ဆယ်တန်းအောင်လျှင်လည်း မိခိုင်လို dayတက်နိုင်မည်မဟုတ်ပါဘဲ အဝေးသင်သာတက်ခွင့်ရမည်။ ကျော့သည် ခိုင်နှင့်ယှဥ်လျှင် အရာရာကိုသိမ်ငယ်စိတ်နှင့် အမြဲရှုံးရသည်ဟု ကိုယ့်ကိုယ်သိမ်ငယ်ခဲ့ရပါသည်။ အချစ်ရေးမှာလည်း ခိုင့်ကိုကျော့က ရှုံးခဲ့ရလေပြီမို့ ပို၍ဝမ်းနည်းရပါသည်။
@@@
ဒေါ်အေးသာသည် မြေးလေးကျော့အား
“မြေးလေး စာမေးပွဲကမဖြေနိုင်ခဲ့ဘူးလား”
“ဖြေနိုင်ပါတယ်တယ်ဘွားဘွားရဲ့ ဘာလို့လဲဟင်”
“မြေးလေး စာမေးပွဲမဖြေနိူင်လို့များ စိတ်ညစ်နေသလားလို့ဘွားကမေးကြည့်တာပါ မြေးလေးမပျော်မရွှင်ဖြစ်ရတာတွေကို မြေးအမေကိုမပြောပြလို့မရတဲ့စကားမှန်သမျှကို အဘွားကိုပြောချင်ပြောပြလေ”
“ဘွားဘွား သမီးလေ ဘယ်လောက်ကြိုးစားကြိုးစား ခိုင့်ကိုအမြဲတမ်းရှုံးရတယ် သူလှနေတာကိုလည်းသမီး မနာလိုဘူး သူပျော်နေတာကိုလည်း သမိီးမှာဝမ်းသာမပေးနိုင်ဘူးဖြစ်နေတယ်ဘွားရယ် အာ့ကြောင့်သမီးခိုင့်ကို မတွေ့ချင်တော့ဘူး ပြီးတော့ ခိုင့်ကိုတွေ့နေရရင် သမီးကိုယ်သမီး အရှုံးသမားတစ်ယောက်လိုပဲခံစားရတယ် ”
“မြေးရယ် ဘဝမှာယှဥ်ပြိုင်မှုဆိုတာအမြဲရှိနေတာပဲ ယှဥ်ပြိုင်စိတ်နဲ့ မနာလိုမှုကိုအစားထိုးရင်မှားမပေါ့ လူဆိုတာရှုံးတယ်လို့မရှိပါဘူးမြေးရယ် အရှုံးလို့ကိုယ်ကသဘောထားရင် သူထက်ပိုသန်မာအောင်ကြိုးစားရတယ်”
“သမီးမှ ခွန်အားမရှိတာ ဘယ်လိုသန်မာပါ့မလဲ”
“အတင်းသန်မာရမယ်လို့မပြောလိုပါဘူးမြေးရယ် အရှုံးကိုလက်ခံရဲတဲ့ သတ္တိမွေးထားသူက အလိုလိုခွန်အားပြည့်လာတယ် ဘဝမှာ ရိုက်ခတ်မှုတွေ၊နာကျင်စရာတွေ ဒဏ်ရာတွေကတော့ လူတွေကိုသင်ခန်းစာအသစ်ပေးတယ်၊ ဘဝဆိုတာအဲ့လိုပဲ ဒုက္ခတွေလည်းရှိတယ်၊စိတ်ညစ်စရာတွေလည်းရှိတယ် အချစ်၊အမုန်းနဲ့ မနာလိုဝန်တိုစိတ်တွေ ဒွန်တွဲနေတာပေါ့ မြေးလေသာ ဒါတွေကိုတွန်းလှန်နိုင်ရင် အခက်ခဲတွေကိုကျော်လွှားနိုင်လိမ့်မယ် တစ်ခါတစ်လေ ဘယ်လောက်ကြိုးစားကြိုးစား ဖြစ်မလာတာတွေလည်းရှိတယ် ဒါပေမယ့်အဲဒီရှုံးနိမ့်မှုကနေ သင်ခန်းစာတွေရမယ် ဘဝဆိုတာရှေ့ဆက်လျှောက်ရမယ့်လမ်းကအရှည်ကြီး မနေ့ကဒဏ်ရာကို ဒီနေ့ကုစားမှ မနက်ဖြန်ဆိုတာလှပတာ မြေးရင်ထဲမှာ ရှုံးတယ်လို့ထင်ရင် အရှုံးကိုလက်ခံရဲအောင်သတ္တိမွေးပြီး ရင်ဆိုင်ရဲအောင် ပြင်ဆင်ရတယ် ဒါမှ ရင်ထဲကရှိတဲ့မနာလိုဝန်တိုမှုတွေနည်းလာမပေါ့” ဒီအရွယ်သည် စိတ်ကစားတတ်သောအရွယ်မို့ မြေးလေး၏ဝေဒနါကို ခန့်မှန်းမိသည်။
အဘွား၏ဆုံးမစကားတွေက ခိုင်နှင့်မျက်နှာချင်းဆိုင်ဖို့ သတ္တိကိုလည်းပေးသည်။သူငယ်ချင်းအပေါ်တွင် အချစ်ကြောင့် စိတ်ဝမ်းကွဲမှုကိုလည်းကာကွယ်ပေးခဲ့လေသည်။ သက်လွင်ဦးနှင့် နှက်းယုခိုင်တို့သည် ကျော့နေမကောင်းဖြစ်သည်ထင်ကာ သတင်းလာမေးကြသည်။ စာမေးပွဲဖြေပြီး ပြန်လာသည့်နေ့တည်းက သက်လွင်ဦးကိုရှောင်နေခဲ့မိသည်။ ခုတော့လည်း ကျော့မှာ ပြုံးပြနိုင်ခဲ့ပါပြီ။ စိတ်မကောင်းဖြစ်မိခြင်းနှင့် မနာလိုမှုတို့ကို ဖြေသိမ့်နိုင်ခဲ့ကာ ယခင်လိုပဲ ပြုံးရွှင်စွာနှုတ်ဆက်နိုင်ခဲ့ပြီး
“ကျော့နေမကောင်းဘူးလား”
“ကောင်းပါတယ်ဟာ အပူရှပ်ယုံလေးပါဟ”
ခိုင်နှင့် သက်လွင်ဦးတို့ချစ်သူဖြစ်သွားကြတာကိုလည်း ဝမ်းသာပေးနိုင်ပါပြီ။သူငယ်ချင်းတွေ အရင်လိုပဲ အတူရှိနိုင်အောင် သူတို့နှစ်ဦးချစ်သူအဖြစ်ကို လက်ခံနိုင်ပြီမို့ ပြန်ခါနီးတွင် အပြုံးနှင့်သာ လက်ရမ်းနှုတ်ဆက်လိုက်ပါသည်။
“ခိုင်ရယ် နင့်ကိုငါအမြဲတမ်း ရှုံးခဲ့ရပေမယ့် နင့်အစားပျော်ပေးနိုင်ဖို့ ငါကြိုးစားနေပါတယ်ဟာ”
ဒေါင်းရှင်သွေး
17/4/2025Thursday