အဖြူရောင်မေတ္တာ(စ/ဆုံး)

 အဖြူရောင်မေတ္တာ(စ/ဆုံး)


——————-


ငယ်ဆရာမတစ်ယောက်နှင့် အမှတ်မထင်လမ်းမှာ ဆုံမိတယ်။


ဆရာမက တော်တော်လေးကို အသက်ကြီးသွားပြီပဲ။


သူက ကျမကို ပြုံးပြီး ကြည့်နေတယ်။


သူ့အကြည့် သူ့အပြုံးမှာ အဓိပ္ပါယ် ရှိနေတယ်။


ငယ်ငယ်တုန်းကလိုပဲလားတဲ့။

ငယ်ငယ်တုန်းကလိုပဲလားဆိုတော့..


မူလတန်းတက်တုန်းက..

ခဲတံပါမလာတဲ့ သူငယ်ချင်းကို ကိုယ့်မှာပါလာတဲ့ခဲတံအသစ်ကိုပေးပြီး ကိုယ်ကတော့ခဲတံ ပိစိလေးနဲ့စာရေးခဲ့တာတွေ။


တခြားသူတွေမှာ ကွန်ပါဗူးအပြည့်ခဲတံပါ လာတယ်။


ခဲတံမပါလာတဲ့ သူငယ်ချင်းကို မငှားရဲဘူး။


မပေးရဲဘူး။

အမေဆူမှာစိုးလို့တဲ့။


အိမ်ကမှာထားတယ်တဲ့။

ကျောင်းသွားရင် ခဲတံ။

ခဲဖျက်။

ပေတံစုံအောင် ယူသွား။


ကျောင်းဆင်းခါနီးရင်စစ်။

အိမ်ပြန်ရောက်ရင် အမေက ပြန်စစ်မယ်။


မစုံလို့ ပျောက်လာလို့ကတော့ရိုက်မှာနော်…ဆိုတော့ ခလေးက တခြားသူမှာဘယ်လောက်ပဲအခက်အခဲရှိနေပါစေ။

မဝေမျှရဲတော့ဘူး။


မုန့်စားကျောင်းဆင်းရင် ထမင်းချိုင့်ပါမလာလို့ သူများတွေထမင်းစားနေတဲ့အနီးအနားလေးမှာ တံထွေးကိုအကြိမ်ကြိမ်မြိုချပြီး ကလေးသဘာဝ သူများစားတာကိုမျှော်နေတဲ့သူငယ်ချင်းလေး။


ထမင်းဆာလွန်းလို့ မျက်လုံးမှိန်မှိန်လေးနှင့်။


အိထွေး..လာ..ငါနဲ့အတူလာစား

ငါ့မှာထမင်းတွေအများကြီး..


နှစ်ခါမခေါ်ရဘူး။

သူကလည်းဆာနေတော့ အိမ်ကထည့်ပေးလိုက်တဲ့ ဘဲဥချဉ်ဟင်း။

ထမင်းက နှစ်ဆင့်ချိုင့်မှာ အပြည့်။


ဘဲဥ နှစ်ခြမ်းတစ်ယောက်တစ်ခြမ်းယူပြီးစားလိုက်ကြတာ။


ထမင်းစားပြီးတော့မျက်လုံးလေးအရောင် တောက်ပသွားတဲ့သူငယ်ချင်း။


ပါးစပ်မှာ ဆီကွက်တွေပေနေလို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ကြရသေးတယ်။


တချို့ကျောင်းသားတွေက ထမင်းချိုင့်ထဲက ထမင်းကို ကုန်အောင် မစားကြဘူး။


ထမင်ချိုင့်ထဲမှာ တဝက်လောက်ကျန်နေသေးတယ်။


ထမင်းချိုင့်မပါတဲ့သူ ဆာနေတဲ့သူကို ကျွေးရကောင်းမှန်းမသိကြဘူး။


ကလေးတွေဆိုတော့ မလိမ်ကြဘူး။


အမှန်အတိုင်း ပြောကြတယ်။


အိမ်ကမှာထားတယ်။

သူများဆီကလည်း မစားရဘူး။

ကိုယ့်ဆီကလည်း သူများကို မကျွေးရဘူး တဲ့။


မူလတန်းတုန်းက အဖြစ်အပျက်လေးပါ။


ငယ်စဉ်တုန်းက ကျောက်သင်ပုန်းတွေ ကျောက်တံတွေနှင့်စာရေးရတယ်။


ကျောင်းဆင်းတော့ သူငယ်ချင်းက အိမ်သာတက်ချင်လို့ဆိုပြီးအိမ်သာဘက်ကိုသွားတယ်။


ခဏနေတော့ငိုယို ပြီးသူပြန်ထွက်လာတယ်။


လွယ်အိတ် အိမ်သာကျင်းထဲကျသွားပြီတဲ့။


ကျောင်းကအိမ်သာက ကျင်းဟောင်းလောင်းပေါက်တွေ။

ရေသုံးစရာမလိုဘူး။


ခြေနင်းပြားအောက်ကနေဟိုးအောက်ကိုဒိုးယိုပေါက်ဆိုတော့လွယ်အိတ်က အလွယ်တကူကျသွားနိုင်တာပေါ့။


ကျမကလည်း သူ့လွယ်အိတ်ကို ယူမထားမိလိုက်ဖူး။


သူ ရှိုက်ကြီးတငင်ငိုနေတယ်။

လွယ်အိတ်မပါပဲ သူအိမ်မပြန်ရဲဘူးတဲ့။


သူက ပထွေးနှင့်နေရတာ။

သူ့ကိုအသေရိုက်မှာတဲ့။


အမ်!!!!

စဉ်းစားမနေတော့ပါဘူး။


ရော့..ရော့..ငါ့လွယ်အိတ်နင်ယူသွား…


ငါကရတယ်။

ငါ့အိမ်ကဘယ်တော့မှမရိုက်ဖူး။


မျက်ရည်တစ်ဖက် နှပ်တစ်ဖက်နှင့်အိမ်ပြန်သွားတဲ့သူငယ်ချင်းလေးကို မျက်စေ့တဆုံး ကြည့်နေမိတယ်။


အိမ်ရောက်တော့အမေက..

လွယ်အိတ်ကော..တဲ့။


အကျိုးအကြောင်းပြောပြလိုက်တယ်။

သူငယ်တန်းဖတ်စာအုပ်က ဝယ်ရခက်တယ်..တဲ့။


သူများသုံးပြီးသားအဟောင်းတစ်အုပ်ရလာတယ်။

ဆုတ်ရာ ခြစ်ရာ ဖြဲရာဗလပွနှင့်။


ကိစ္စမရှိပါဘူး။

ညအခါ လသာသာကနေ စာတွေအကုန်ရပြီးသားလေ။


အလယ်တန်းရောက်တော့ဆရာမကစာစီစာကုံးရေးခိုင်းတယ်။

ခေါင်းစဉ်ကပေးပြီးသား။


ဆယ့်နှစ်လရာသီ။

သင်္ကြန်ပွဲတော်။

သီတင်းကျွတ်ပွဲတော်။

နွေကျောင်းပိတ်ရက် စသည်ဖြင့်

အဲဒီခေါင်းစဉ်တွေနှင့်ပတ်သက်တဲ့စာတွေကိုပေးပြီးသား။


အဲဒီစာတွေကို ၏၊သည်၊၍၊မကျန်အလွတ်ကျက်မှတ်ပြီးဖြေရတာကိုမကြိုက်တာ။


ကိုယ်ရေးချင်တဲ့ စာကိုခေါင်းစဉ်တပ်ပြီးစိတ်ကြိုက်ချရေးချင်တာ။


စာမေးပွဲမှာ အဲဒီလိုတွေရေးခွင့်မရတော့ စာစီစာကုံးကိုတစ်ပုဒ်မှမဖြေခဲ့ဘူး။


ဆရာမက မေးတယ်။

ကျမက အမှန်အတိုင်း ဖြေတယ်။

အမေ့ကို တိုင်တယ်။


အမေက အဖေ့ကို တိုင်တည်တယ်။


အဖေက ဘာအကြောင်းကိုစာစီစာကုံးရေးချင်တာလဲလို့ မေးတယ်။


ကျမက အမှန်အတိုင်းပြောပြတယ်။


ကျောင်းပြေးခြင်း။

ရုပ်ရှင်ခိုးကြည့်ခြင်း။

ဗီလိန်တစ်ယောက်အကြောင်း။


ကျမပြောတဲ့ခေါင်းစဉ်တွေကိုကြားတော့ အဖေက ရယ်မောပြီး

ကောင်းတဲ့ခေါင်းစဉ်တွေကို ဘာလို့မကြိုက်တာလဲ.. တဲ့။


လူအများစုက ကောင်းတာကိုပဲရွေးချယ်ချင်ကြတယ်။


အဲဒါမျိုးကို ကိုယ်က မကြိုက်ပါဘူး။


လူတွေက ဇာတ်လမ်းတစ်ခုမှာမင်းသား နေရာကပဲ သရုပ်ဆောင်ချင်ကြတယ်။


လူကြမ်း ဗီလိန်နေရာဆို မကြိုက်ချင်ကြတော့ဘူး။


သူများတွေနဲ့ အကြိုက်ချင်း မတူနိုင်တဲ့ အကန် ဆိုတာမျိုးကိုသဘောကျတာ။


different ..ပေါ့ ဆိုပြီး အဖေကပြုံးပြီး ခေါင်းညိတ်တယ်။


သမီးက မင်းသားနေရာ မကြိုက်ဖူးပေါ့…


ဟင့်အင်း..

ဗီလိန် ဦးကျောက်လုံးကို ပိုကြိုက်တယ်အဖေ..

သူ့နေရာ ဘယ်သူမှသရုပ်မဆောင်နိုင်ဘူး..


အလယ်တန်းတုန်းကအဖြစ်အပျက်လေးတစ်ခုကိုမှတ်မိနေသေးတယ်။


ငါးတန်းရောက်တော့

အေ ဘီ စီ ဒီ ဆိုရပြီ။


ဖောင်တိန်နှင့်စာရေးရပြီ။

ယု ဖောင်တိန်တို့ ပိုင်းလော့ဖောင်တိန်တို့ ဆိုတာလောက်ပဲမှတ်မိတယ်။


ဘောလ်ပင် ဆိုတာ မပေါ်သေးဘူး။

ခဲတံ ဆိုလည်း ခွေးတံဆိပ် ကအကောင်းဆုံးပဲ။


တစ်နေ့တော့ ကျမဖောင်တိန် စိမ်း ပြာရောင်လေး ပျောက်ပါလေရော။


ခဏလေးအတွင်းမှာ ပျောက်သွားတာ။


ခုံအောက်တွေမှာလိုက်ရှာလည်း မတွေ့ဘူး။


ဆရာမကို အကြောင်းကြားရပြီ။

ဆရာမက ခုံပေါ်ကို အကုန်တက်ဆိုပြီး တစ်တန်းချင်း လိုက်ရှာပေးတယ်။


အဲဒီအချိန်မှာပဲ ဘေးကသူငယ်ချင်းက လှုပ်ရှားမှု့တခုဖြစ်သွားတယ်။


သူကပြီးခဲ့တဲ့ နှစ်ရက်လောက်ကမှ

ဒီကျောင်းကိုပြောင်းလာသူပါ။


သူကလက်ထဲမှာကိုင်ထားတဲ့ဖောင်တိန်ကို ခုံအောက်ကိုအသာလေးလွှတ်ချလိုက်တာ ကျမတွေ့လိုက်တယ်။


ကျမ ဖောင်တိန်လေးပါလား။

ကျမ ဆရာမကိုလှမ်းပြောလိုက်တယ်။


ဆရာမ သမီးဖောင်တိန်ပြန်တွေ့ပြီ..

သမီးလွယ်အိတ်ထဲကပဲပြန်တွေ့တာ…

သမီးသေချာမရှာမိလို့ပါ…


ကျမ လျှင်မြန်စွာပဲ ဖောင်တိန်ကိုဘယ်သူမှမမြင်အောင်ကောက်ယူလိုက်တယ်။


ဘေးကသူငယ်ချင်းရဲ့လုပ်ရပ်ကိုကျမ အစအဆုံးမြင်တယ်။


ကျမရဲ့လုပ်ရပ်ကိုလည်း သူကအကုန်မြင်တယ်။


သူနှင့်ကျမပဲ သိလိုက်တဲ့ဇာတ်လမ်းပါ။


သူနှင့်ကျမ အရမ်းခင်တဲ့သူငယ်ချင်းတွေဖြစ်သွားကြတယ်။


နောက်နေ့မှာတော့ အဖေ့ဆီကပိုနေတဲ့ ဖောင်တိန် တစ်ချောင်းတောင်းလာခဲ့တယ်။


မင်အိုးပါတခါထဲ ယူလာတယ်။

သူ့ကိုပေးလိုက်တော့ မျက်လုံးလေးအဝိုင်းသားနှင့်။


ဖောင်တိန်လေးကိုကြိုက်လွန်းလို့မကြာခဏထုတ်ကြည့်နေတာတွေ့တယ်။


သူ့မှာမူလက ရှိတဲ့ဖောင်တိန်က တော်တော်ပျက်စီးနေတယ်။


မင်တွေယိုနေတာကလည်း လက်မှာပေပွနေတယ်။


သုံးမရမဲ့အတူတူ လွှင့်ပြစ်လိုက်မယ်လို့သူကပြောတယ်။


သူ့မှာ မိဘတွေမရှိတော့ဘူး။

အဖွားနှင့်အတူ နေတယ်။


မျက်နှာညှိုးညှိုးငယ်ငယ်လေးနှင့်သူမ ဟာ စာရေးဖို့စာအုပ်တွေလည်း မပြည့်စုံဘူး။


စာအုပ်တစ်အုပ်ထဲမှာ ဘာသာရပ်နှစ်ခုကို ခွဲရေးရတယ်။


ကျမအိမ်ကယူလာတဲ့ စာအုပ်အသစ်တွေကိုသူ့ကိုပေးတော့စာအုပ်တွေကိုသူ မွှေးကြည့်လို့မဆုံးဘူး။


သူ့မှာဘယ်တော့မှ မုန့်ဖိုးအလုံအလောက်ပါမလာဘူး။


ကျမက အိမ်ကနေဆိတ်နို့ဘီစကစ်တွေ အထုပ်လိုက်ယူလာတယ်။


အမေကတော့မေးတယ်။

သမီး နေ့တိုင်းဒီဘီစကစ်တွေကုန်အောင်စားနိုင်လားတဲ့။


အမေတို့ကလည်း ဘာကိုနှမြောနေတာလဲ…

အိမ်မှာ ဘယ်သူမှမစားဘူးမဟုတ်လား..

ကြွက်တွေစားလို့ကုန်မယ့်အတူတူ စားပေးမယ့်သူရှိနေတာကို ကျေးဇူးတင်လေ..


ဂျစ်ကန်ကန်ပြန်ပြောတော့ အမေ့မျက်စောင်းတွေက ကျမဆီမှာဝဲပျံလို့။


မုန့်စားကျောင်းဆင်းတော့

သူနှင့်ကျမ ကျောင်းနောက်ဖက်က ကုက္ကိုပင်အမြစ်တွေပေါ်မှာထိုင်ပြီး မုန့်တွေအတူစားကြတယ်။


ဘီစကစ်တွေ စားပြီးအာခေါင်ကပ်နေရင် ရေခဲချောင်း ဝယ်စားကြတယ်။


တခါတလေ ကြာဇံသုတ် တမတ်ဖိုးဝယ်တယ်။


စျေးသည်ကိုငြုပ်သီး မှုန့်များများထည့်ခိုင်းတယ်။


စပ်လွန်းတော့ အိမ်ကယူလာတဲ့ရှားမီး သကြားလုံးတွေငုံထားကြတယ်။


သူတစ်ခါတရံ အဝေးကိုငေးနေတယ်။

ပြည့်စုံတဲ့သူတစ်ယောက် ဖြစ်ချင်တယ်လို့မကြာခဏပြောတယ်။


ကျောင်းပိတ်တဲ့ ရက်မှာတော့ အမေနှင့်အတူ ကျမစျေးကိုလိုက်သွားတယ်။


ဟင်းသီးဟင်းရွက် ရောင်းတဲ့စျေးတန်းလေးရဲ့အဆုံးမှာ သူ့ကိုတွေ့တယ်။


ကျမကိုတွေ့တော့ သူရှက်ဟန်ပြုပြီး ခေါင်းကိုငုံ့ထားတယ်။


သခွတ်ပွင့်တွေကို သူ့ရှေ့ကဗန်းထဲမှာထည့်ရောင်းနေတယ်။


အမေက သခွတ်ပွင့် ကိုကြိုက်တယ်။


ပြုတ်ပြီး သုတ်စားလို့လည်းရတယ်။

တို့စရာအဖြစ်စားလို့လည်းရတယ်။


နည်းနည်း ခါးသက်တဲ့အရသာရှိတယ်။


အကုန်ဝယ်လိုက်ပါ..အမေ..


ဟဲ့..ဘာလုပ်ဖို့လဲနော်နှင်းရီ..

ကုန်သလောက်ပဲဝယ်မယ်လေ…


သမီးတို့လည်းစားမယ်လေ..

မကုန်ရင်အခြောက်လှန်းပြီးသိမ်းထားပေါ့…


နှစ်စီးသုံးစီးလောက်ပဲယူမယ့်အမေက ကျမတိုက်တွန်းမှု့ကြောင့်တစ်ဗန်းလုံး ယူလိုက်ရပါတယ်။


သူငယ်ချင်းမျက်နှာလေးက ဝင်းပနေတယ်။


ကျောင်းဖွင့်တဲ့နေ့ရောက်တော့သူငယ်ချင်းက ကျမအတွက် ကောက်ညှင်းထုပ် ယူလာတယ်။


ငါနင့်ကိုကျေးဇူးတင်လိုက်တာနှင်းရီရယ်…

နင်တို့မဝယ်ခင်ထိ သခွတ်ပွင့်တွေ တစ်စည်းမှ မရောင်းရသေးဘူး သိလား..

အိမ်မှာ အဖွားကလည်းနေမကောင်း ဖြစ်နေတာ..

ဆန်ဖိုး ရသွားတာပေါ့ဟာ..


ကျောင်းဆင်းတဲ့အချိန် မိုးတွေရွာတယ်။


ကိုင်းကျိုးနေတဲ့ ထီးလေးကိုဆောင်းသွားတဲ့ သူငယ်ချင်းလေးတကိုယ်လုံး စိုရွှဲနေတယ်။


နောက်နေ့သူ ကျောင်းမတက်ဖူး။

သူ့အိမ်နှင့် ကျမနေတဲ့နေရာက နည်းနည်းလှမ်းတယ်။


စက်ဘီးစီးပြီး ကျမသူ့အိမ်ကို သွားလိုက်တယ်။

သူ ဖျားနေတယ်။


သူ့အဖွားဖြစ်သူကလည်း တုန်တုန်ချည့်ချည့်နှင့်။


သူက အိမ်နောက်ဖက် ကုန်းပေါ်ကသခွတ်ပင်ကြီးကို လက်ညှိုးထိုးပြတယ်။


မိုးတွင်းရောက်လို့ သခွတ်ပွင့်တွေမရတော့ဘူးတဲ့။


ရှစ်တန်းစာမေးပွဲ ဖြေကာနီးမှာသူ့အဖွားဆုံးသွားတယ်။


သူ့အတွက်နေရေး ဒုက္ခရောက်သွားတယ်။


သူက ဆွေမျိုးမဲ့ တစ်ယောက်ဖြစ်နေတယ်။

လက်လှမ်းမှီသမျှ ဆွေမျိုးအနည်းငယ်ကို အကူအညီတောင်းကြည့်တယ်။


သူ့ကိုလက်ခံဖို့ ခိုလှုံခွင့်ပေးဖို့။


ပြန်လည်ပြီးအကြောင်းတစ်စုံတရာမပြန်တော့ သူလည်း စိတ်ဓာတ်ကျသွားတယ်။


နေ့ဖက်က အရေးမကြီးပေမယ့် ညရေးညတာကျတော့ အဆင်မပြေလှဘူး။


ငယ်ရွယ်တဲ့မိန်းခလေး တစ်ယောက်အတွက် လုံခြုံမှု့ကအရေးကြီးတယ်။


ကျမ အမေ့ကိုပြောပြတယ်။

အိမ်မှာခေါ်ထားရအောင်လို့။


အမေက ကျမကို ဆူတယ်။

သမီးကငယ်သေးတော့ ဘာမှ နားမလည်ဘူး..

အိမ်မှာက အကိုတွေနဲ့တဲ့..

မသင့်တော်ဘူး….တဲ့။


ကျမ ဘာလုပ်ရင်ကောင်းမလဲ အကြိမ်ကြိမ် စဉ်းစားတယ်။


သက်မဲ့ ပစ္စည်း ဆိုရင်တော့ သေတ္တာထဲ ခေါက်သိမ်းထားလို့ရသေးရဲ့။


ငယ်ရွယ်လှပတဲ့ မိန်းခလေးဆိုတော့လဲ။

ကြံရာမရဖြစ်နေပြီ။


ကျမ အရဲစွန့်လိုက်တယ်။


ကျောင်းအုပ်ဆရာမကြီးကိုအကူအညီ တောင်းလိုက်တယ်။


သူ့ အခက်အခဲကို ပြောပြတယ်။


သူက ကျမနောက်နားကနေ ကိုယ်ကလေးကို ခပ်ယို့ယို့လေးနှင့်မျက်လွှာလေးကို ချထားတယ်။


ဆရာမကြီးက သူ့ကို သေချာမေးနေတယ်။


ဆရာမကြီးကဘုရားကျောင်းက

မာသာတို့ဆီမှာ သူ့ကို အပ်ပေးလိုက်တယ်။


သူနေခဲ့တဲ့ အိမ်ကလေးကို ရောင်းလိုက်တယ်။


ရတဲ့ငွေလေးကို ကျစ်ကျစ်ပါအောင်သိမ်းထားခိုင်းတယ်။


မာသာတို့ဆီမှာ သူလုံခြုံတယ်။

အစားလည်းကောင်းကောင်းစားရတယ်။

အဝတ်အစားတွေလည်းဝယ်ပေးတယ်လို့ ကျမကိုပြောတယ်။


သူ့ဘဝလေးလုံခြုံအေးချမ်းသွားတော့ကျမစိတ်ချမ်းသာသွားတယ်။


မေတ္တာတရားရှိတဲ့နေရာကိုသူရောက်သွားတာပဲ။


ဒီလိုနဲ့ သူနှင့်ကျမ ဆယ်တန်းအောင်သွားတယ်။


မာသာတို့ နှင့်အတူပြည်ပနိုင်ငံတစ်ခုကို သူလိုက်သွားရမယ်လို့ ပြောတယ်။


ဟန်ကျလိုက်တာ။

ဒါအခွင့်အရေးပဲလေ။


သူက ဒီမှာပဲ နေချင်တဲ့အကြောင်းတဖွဖွပြောတယ်။


နင့်မှာ ဒီမှာ ဘယ်သူရှိလို့လဲ..

ရူးသွပ်မနေနဲ့ မိုင်အက်စ်တာ..

ဘယ်အမျိုးကိုအားကိုးပြီး နင်နေမှာလဲ..

ဘိလပ်ကိုသွားမှ နင့်ဘဝတိုးတက်မှာပေါ့..

အခွင့်အရေးဆိုတာနှစ်ခါမလာဘူး နော်…

ရလာတဲ့အခွင့်အရေးကို မိမိရရအသုံးချရမယ်..

လက်လွှတ်လိုက်ရင် နင့်လောက်အသုံးမကျတဲ့သူ မိုက်မဲတဲ့သူ ကမ္ဘာပေါ်မှာရှိမှာမဟုတ်ဖူး…


ကျမရဲ့ခပ်မာမာစကားသံတွေကို သူမျက်နှာညှိုးညှိုးလေးနဲ့နားထောင်နေတယ်။

သူမသွားခင်တစ်ပါတ်လောက်ထိသူနေတဲ့ ဘုရားကျောင်းမှာ

ကျမ သူနှင့်အတူတူ အချိန်တွေကိုကုန်ဆုံးခဲ့တယ်။


သူနှင့် ကျမ စကားတွေ အများကြီးပြောဖြစ်တယ်။


စိတ်ခွန်အားတွေပေးတယ်။


ကျမက ပြတ်ပြတ်သားသားပဲ သူ့ကို ပြောတယ်။


နင့်ဘဝမှာ ငွေရှိအောင်လုပ်ပါ..

ဂုဏ်ရှိအောင်ကြိုးစားပါ..

လောကကြီးမှာ အရာရာကိုဖန်တီးနိုင်တာ ငွေနော် မိုင်အက်စတာ..


သူ့ကိုကျမ အ ပြာ ရောင်ပုဝါလှလှလေးတစ်ထည် လက်ဆောင်ပေးလိုက်တယ်။


ကျမပေးတဲ့လက်ဆောင်ကိုသူရင်မှာပိုက်ထားတယ်။


သူဝမ်းနည်းပြီး သည်းထန်စွာငိုတယ်။

သူငိုတော့ ကျမလည်း ငိုတယ်။


သူနှင့်ကျမ ဘယ်အချိန် ဘယ်အခါကျမှပြန်တွေ့ရမယ်ဆိုတာ မသိနိုင်ပါဘူး။


သူပြည်ပသွားမယ့်နှစ်ရက်လောက်အလိုမှာ ကျမသူ့ကိုခွင့်တောင်းပြီးတောင်ပေါ်ကိုခဏသွားနေလိုက်တယ်။


ကျမရှေ့ကနေသူ ထွက်ခွာသွားမှာ ကျမကိုနောက်လှည့်တကြည့်ကြည့်နဲ့လက်ပြနှုတ်ဆက်နေမှာတွေကို ကျမ မလိုလားဘူး။

ကျမလဲ မခံစားနိုင်ဘူး။


တောင်ပေါ်မှာသုံးရက်လောက်နေပြီးမှ ကျမပြန်လာတယ်။


ဘုရားကျောင်းကို အရင်ဆုံးသွားကြည့်လိုက်တယ်။


သူမရှိတော့ဘူး။

တကယ်ထွက်သွားပါပြီ။


ရင်ထဲမှာဟာတာတာကြီးလိုဖြစ်သွားပါတယ်။


ခင်မင်ခဲ့တဲ့သူငယ်ချင်းလေး ကံကောင်းခြင်းတွေရှိတဲ့နေရာမှာပျော်ပါစေ။

.

.

.

သူနှင့်ကျမလည်း အဆက်အသွယ်ပြတ်သွားတယ်။


ကျမတို့လည်း အဲဒီမြို့က ပြောင်းသွားတယ်။


တာဝန်ကျရာနေရာ အနှံ့အပြားမှာလှည့်လည်တာဝန်ထမ်းဆောင်ပြီး

အက်ဆီးဒင့်တခုကြောင့် အလုပ်ကနေ အနားယူခဲ့ရတယ်။


ဇာတိမြေကို အလွမ်းပြေ ပြန်လာခဲ့လိုက်တယ်။


ငယ်စဉ်က တက်ခဲ့တဲ့ကျောင်းကြီးက မမှတ်မိနိုင်လောက်အောင်ကိုပြောင်းလဲသွားတယ်။


အဆောက်အဦအသစ်တွေနဲ့ ရှေ့

မှာလည်း ပန်းခြံလေးနှင့်။


အရိပ်အာဝါသကောင်းတဲ့ကုက္ကိုပင်ကြီးတွေလည်း မရှိတော့ဘူး။


ခုတ်ပြစ်လိုက်ကြတယ်နဲ့ တူတယ်။

နှမြောစရာ ကောင်းလိုက်တာ။


ဘုရားကျောင်းကို ခဏ ဝင်လိုက်တယ်။

မာသာတို့လည်း မရှိတော့ဘူး။


စုံစမ်းကြည့်သေးတယ်။

လူသစ်တွေဆိုတော့ မသိကြဘူးတဲ့။


ဟုတ်ပါတယ်လေ။

ဆယ်စုနှစ်များစွာဟာ အရာရာကိုပြောင်းလဲစေနိုင်တာပဲ။


စိတ်ဓာတ်ကျစွာနှင့် လာခဲ့လိုက်တာ လမ်းချိုးလေးအရောက်မှာတော့ တောစပယ်တွေ ဟိုတုန်းကလို ပွင့်နေသေးတာတွေ့ရတယ်။


အင်း…တောစပယ်လေးတွေကတော့ မပြောင်းလဲဘူးပဲ။

သူနဲ့ကျမ ကျောင်းမတက်ခင် တောစပါယ်ပန်းလေးတွေကို အတူခူးခဲ့ကြတာမနေ့တုန်းကလိုပါပဲလား။

.

.

.

တီချယ် ဒေါ်နော်နှင်းရီ ရှိပါသလားခင်ဗျာ…


အမိုးရေ ဧည့်သည်လာတယ်..


ဟုတ်ကဲ့ပါရှင်..ကျမပါပဲ..ဘာကိစ္စများလဲ…


ကျနော်တို့ မြို့နယ်ကမိဘမဲ့ခလေးတွေဂေဟာအတွက် အလှုငွေပေးအပ်တဲ့ပွဲမှာ ဆရာမကြီး တက်ရောက်ပေးဖို့ ဖိတ်စာလာပေးတာပါခင်ဗျာ….

.

.

.

တုတ်ကောက်ကို အားပြုရင်းဖြည်းဖြည်းချင်းပဲ ခန်းမထဲကိုလှမ်းဝင်ခဲ့တယ်။


မိတ်ဆွေအပေါင်းအသင်း သိဟောင်းကျွမ်းဟောင်းတွေ ငယ်သူငယ်ချင်းတွေနဲ့ ငယ်ငယ်တုန်းကအကြောင်းတွေ ပြောမကုန်။


ငယ်ကျိုးငယ်နာတွေ ဖော်ကြတယ်။


ကျမရဲ့ ကျောင်းတုန်းက ဂျစ်ကန်ကန်နှင့်အလွဲများကို သူတို့ကကောင်းကောင်း မှတ်မိနေကြတယ်။


ငယ်သူငယ်ချင်းတွေနဲ့ စကားတွေအများကြီး ပြောဖြစ်တယ်။


ဦးခေါင်းထက်မှာ ဆံပင်တွေဖွေးဖွေးဖြူနေကြပေမယ့်

စိတ်တွေတဖန်နုပျိုသွားသယောင်ခံစားလိုက်ရတယ်။


ငယ်သူငယ်ချင်းတွေထဲမှာ ကြွေသူကြွေ ဝေသူဝေနှင့်။


ခဏကြာတော့ ကားအကောင်းစားကြီးတစ်စီး ခန်းမ ရှေ့မှာရပ်လာတယ်။


ခန်းမထဲက တာဝန်ရှိသူတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။


ခန္ဒာကိုယ်ကြော့ကြော့မော့မော့လေးနှင့် ဂုဏ်သရေရှိရှိ အမျိုးသမီးကြီး

တစ်ဦး ကားပေါ်က ဆင်းလာတယ်။


လူတွေခရီးဦး ကြိုဆိုကြတယ်။

နေရာထိုင်ခင်း ပေးကြတယ်။


အခမ်းအနား စတင်လိုက်တယ်။

သိန်းပေါင်းများစွာသော ငွေတွေကို မိဘမဲ့ဂေဟာအတွက် အနှီအမျိုးသမီးကြီးက လှုဒါန်းပါတယ်။


သူမကို စင်မြင့်ထက်မှာ စကားအနည်းငယ် ပြောပေးဖို့ ဖိတ်ခေါ်လိုက်တယ်။


…ဦးစွာပထမကျေးဇူးတင်စကားပြောပါရစေ..

ဒီမြို့လေးက ကျမမွေးရပ်မြေပါ..

ဒီမွေးရပ်မြေက တစ်ယောက်သောသူရဲ့ဖေးမကူညီမှု့ကြောင့်ဒီလိုအောင်မြင်မှု့ဘဝကိုရခဲ့တာပါ..

ခုလိုလှုဒါန်းမှု့ကိုလဲပြုနိုင်တာပါ…

အလွန်ဆင်းရဲပြီး ခိုနားစရာနေရာလေးတစ်ခုတောင်မရှိတဲ့ ကျမကို သူကပဲစိတ်ဓာတ်ခွန်အားတွေပေး…

ကျမနေဖို့နေစရာဖန်တီးပေးနဲ့အစစအရာရာကူညီပေးခဲ့တယ်..


ကျမတို့ စိတ်ဝင်စားသွားပါတယ်။

အမျိုးသမီးကြီးက အသင့်ပါလာတဲ့အိတ်ထဲကနေ တစ်စုံတစ်ခုကိုထုတ်ယူလိုက်တယ်။


အပြာရောင် ပုဝါလေးကို သူ့ကိုယ်မှာခြုံလိုက်တယ်။


ကျမရင်ထဲမှာ ထိတ်သွားတယ်။

နှလုံးခုန်သံတွေလည်း မြန်လာတယ်။


….ကျမသူငယ်ချင်း နော်နှင်းရီ ကိုကျမ နေ့တိုင်းသတိရနေတယ်…

သူ ယနေ့ထိတိုင်သက်ရှိထင်ရှားရှိနေပါစေ..

ကျမ မသေခင် လက်ကျန်အချိန်လေးမှာ သူနှင့်တွေ့ချင်ပါသေးတယ်…


စင်မြင့်အောက်က ပရိသတ်တွေကဆုတောင်းသံတွေ ဝေလျှံသွားတယ်။


.

.

.

ခြေထောက်တွေ မသန်စွမ်းတော့တဲ့ကျမက တုတ်ကောက်ကိုအားပြုထားတဲ့ကြားက မညီညာတဲ့လမ်းကြောင့် ခန္ဒာကိုယ်တချက် ယိုင်သွားတယ်။


သူမက ကျမကိုအသာအယာဖေးမလိုက်တယ်။


နှင်းရီရယ် ငါ့ဘဝသုညတုန်းက

နင့်ရဲ့ဖေးမမှု့ ကူညီမှု့ အား ပေးမှု့တွေကိုငါဘယ်တော့မှ မမေ့ဘူး…

ငါတို့တွေ နှစ်ပေါင်းများစွာအဆက်အသွယ်ပြတ်သွားခဲ့တာ…

ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ခုလိုငါတို့ ပြန်ဆုံရတာပါ..

နင့်ရဲ့ လူမှု့ကိစ္စအဝဝ ကျန်းမာရေးပါမကျန် ငါအစအဆုံး တသက်လုံး တာဝန်ယူပါရစေ…

တာဝန်ယူခွင့်ပေးပါ ချစ်သူငယ်ချင်း…


မျက်ရည်တွေဖြိုင်ဖြိုင်ကျရင်းပြောလာတဲ့သူ့စကားတွေကြောင့်

ကျမရင်ထဲကကျေနပ်ခြင်းတွေကဖော်မပြနိုင်လောက်အောင်ပါ။


လမ်းချိုးလေးထဲက တောစပါယ်ပွင့်လေးတွေ ပွင့်နေလိုက်တာတတောလုံးမွှေး ဆိုသလိုပါပဲ။


ကျမတို့နှစ်ယောက် တောစပါယ်ပန်းလေးတွေကို ငယ်ငယ်တုန်းကလို အလုအယက် ခူးနေမိတယ်။


သူငယ်ချင်းလေးနဲ့ အတူခူးတဲ့ တောစပါယ်ပန်းလေးတွေက ပိုမွှေးနေယောင်ယောင်။


ဆုံဆည်းရမယ့် ကံပါလာရင် တစ်ကမ္ဘာစီ ခြားနေစေဦးတော့ ပြန်ဆုံရမှာပါပဲ။


ဖြူစင်တဲ့ မေတ္တာဖြစ်နေဖို့ပဲ လိုအပ်တယ်လေ။


.

.

.

.

#ချစ်တဲ့

#ခင်လှမြတ်ခိုင်

#လွတ်လပ်စွာshareနိုင်သည်

#စာရေးသူအမည်ကိုချန်လှပ်ပြီးကော်ပီကူးယူခြင်းလုံးဝခွင့်မပြုပါ