မမြင့်သန်း(စ/ဆုံး)
————
ကျနော်တို့ရပ်ကွက်ထဲမှာ မမြင့်သန်းဆိုတဲ့ မိန်းမကြီး
တစ်ယောက်ရှိတယ်။
စကားပြောလိုက်တိုင်း သူ့မှာ မရှိဘူးဆိုတာမရှိဘူး။
အမြဲတမ်း ပေါနေများနေတဲ့အခါချည်းပဲ။
ဥပမာ မမြင့်သန်း ဘယ်ကပြန်လာတာလဲလို့ နုတ်ဆက်လိုက်…
“ငါမန္တလေးကို ခဏပြေးလိုက်တာဟဲ့”’..ဆိုပြီးဖြေတယ်။
တကယ်က ရပ်ကွက် ဓမ္မာရုံမှာ စတုဒီသာကြွေးနေတဲ့ဆီက
စားပြီးပြန်လာတာ။
မမြင့်သန်း အိမ်မှာဘာဟင်းချက်လဲမေးကြည့်။
တကယ်အိမ်မှာချက်တဲ့ဟင်းက ငါးပိရည်နဲ့တို့စရာ
ဆိုရင်တောင်.. ”အိမ်မှာ ဒီနေ့ချက်ရမှာပျင်းလို့
ကမန်းကတမ်းနဲ့ ကလေးတွေဖို့ ဝက်သားဆီပြန်နဲ့
သွေးတိုးရှိလို့ ဝက်သားမစားတဲ့ ယောကျ်ား အတွက်
ငါးရံ့လေးကို ရဲယိုရွက်လေးရောပြီး ဟင်းတစ်ခွက်
ချက်ပေးလိုက်တယ်။ကျန်းမာရေးနဲ့လည်း
ညီအောင်ပေါ့အေ”..ဆိုပြီးလုပ်တာ။
ပိုက်ဆံမရှိလို့ သူများတွေကြိုက်သလောက် ငြီးငြူနေစမ်း…မမြင့်သန်းတို့ကတော့ သူ့မှာ
သုံးစရာပိုက်ဆံတွေက သုံးလို့ကို မကုန်နိူင်လောက်
အောင် ပေါနေတဲ့သဘောပြောသေးတာ။
တကယ်က ကလေးသုံးယောက်နဲ့ နေ့စားပန်းရံလုပ်တဲ့
သူ့ယောကျ်ားဝင်ငွေ ဘယ်လိုမှ အဆင်မပြေဘူးဆိုတာ
တစ်ရပ်ကွက်လုံးက သိတယ်။
ဒါပေမဲ့ မမြင်သန်းကတော့ အမြဲတမ်းသူ့မှာ
ရွှေပြည့်ငွေလျှံဖြစ်နေတာချည်းပဲ။
ရပ်ကွက်ထဲမှာ တစ်ခုခု လေကြီးလေကျယ်ပြောမိရင်တောင်
မမြင့်သန်း တစ်ယောက်လာပြန်ပြီဆိုပြီး ညွှန်းရလောက်
အောင်ကို မမြင့်သန်းက ပေါ်ပြူလာဖြစ်တာ။
ရွှေပေါငွေပေါ မမြင့်သန်း တစ်ယောက် ဘယ်ကဘယ်လို
အဆင်ပြေသွားတယ် မသိဘူး ခုဆို တိုက်နဲ့ကားနဲ့..
လည်ပင်းမှာလည်း အုန်းဆံကြိုးလောက် တုတ်တဲ့
ဆွဲကြိုးကြီးနဲ့။နောက်ဆုံး တစ်ရပ်ကွက်လုံးက သူနဲ့
ငွေရေးကြေးရေး ကင်းတဲ့သူဆိုလို့ လက်ချိုးရေလို့ရတယ်။
အဲလိုကြီးကို နေချင်းညချင်းကြီး ထောသွားတာ။
ကျနော်စဥ်းစားကြည့်တယ်။ မမြင့်သန်းကြီးထောသွားတဲ့
အကြောင်းရင်းထဲမှာ အမြဲတမ်းသူ့ပါးစပ်က ဘယ်လောက်
ရှားရှား ပေါများတဲ့အကြောင်းပဲပြောတယ်။
မရှိစကား လုံးဝမပြောဘူး။
ကျနော်တို့နေထိုင်တဲ့ ကျွန်းကို တောင်ကျွန်းလို့ ဆိုကြတယ်။
တောင်ကျွန်းဆိုတာ ကျွန်းကြီးလေးကျွန်းရှိတဲ့အထဲမှာမှ
အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားပွင့်တဲ့ကျွန်း..
အမြတ်ဆုံးကျွန်း။
နောက်ပြီး ပြောရင် ပြောသလို ဖြစ်တတ်တဲ့ နမိတ်ထွန်း
တဲ့ကျွန်း။ဇမ္ဗူဒီပါလကျ်ာတောင်ကျွန်း သြဘာနမိတ်ထွန်း
လို့တောင် အဆိုရှိတာဆိုတော့ သေချာပြီ မမြင့်သန်းကြီး
အခြေခိုင်သွားတာ ပေါကြောင်း ထောကြောင်းပဲ အမြဲ
ပြောခဲ့လို့ သြဘာနမိတ်ထွန်းသွားတာ။
ဒါနဲ့ကျနော်လည်း မိန်းမကို ပြောရတော့တယ်။
”စိုးရေ ဒီကရှေ့ ဘယ်လောက် ရှားရှား မရှိ စကားမပြောနဲ့
”အ့ဆို..တစ်ကျပ်မှသုံးစရာမရှိလည်း မရှိဘူးလို့ မပြော
ရဘူးလား..မဖြစ်နိုင်တာရှင်.. ရှိရင်ရှိတယ်..
မရှိရင် မရှိဘူးပေါ့ ဘာကိစ္စ လေထွားနေရမှာလဲ…
”အေး..အဲဒါကြောင့် လူတွေ ဆင်းရဲသထက် ဆင်းရဲပြီး
ဆင်းရဲတွင်းနက်နေတာကွ..အမြဲတမ်း ခိုငြီးသလို
တငြီးငြီး တညူညူလုပ်နေတော့ မရှိတဲ့စကားပြောလေ
ပိုမရှိလေပဲကွ..မင်းမယုံရင် မမြင့်သန်းကြီးကြည့်..ဆိုပြီး
စောစောက ကျနော်က တွေးခဲ့တာတွေကို မိန်းမကို
ပြောပြလိုက်တယ်။ဒီတော့မှ မိန်းမက
”မောင်ပြောတာဟုတ်တယ်နော်..တဲ့
”အင်းဆို..ဒီကစလို့ ရှေ့လျှောက် ရွှေပေါငွေပေါ စကားသာ
ပြောတော့မိန်းမရေ . .
နှစ်ယောက်သား ပြောပြီးတာနဲ့ အလုပ်သွားရမဲ့ ကျနော်က
ရေချိုးခန်းထဲ ရေချိုးဖို့ဝင်လိုက်သလို
မေစိုးက ချက်ပြုတ်ဖို့အတွက်
မီးဖိုခန်းထဲ အသီးသီးဝင်လိုက်ကြတယ်။
”မောင်ရေ..စိုး စောစောက ငရုပ်ဆုံအောက်မှာ
ပိုက်ဆံဆယ်သိန်း အထုပ်လိုက် လေလွင့်မှာစိုးလို့
ဖိခဲ့တာ..ခု မတွေ့တော့လို့ မောင်များ မြင်မိလား..
မီးဖိုခန်းထဲကနေ လှမ်းအော်တဲ့ မေစိုးအသံကြားတော့
ကျနော် ဒေါသအတော်ဖြစ်သွားမိတယ်။
လစာမထုတ်ခင် အမြဲသုံးစရာ ပျက်နေတဲ့မိန်းမက
မီးဖိုခန်းထဲက ငရုပ်ဆုံအောက်မှာ ငွေဆယ်သိန်း..
ဘာတဲ့..လေလွင့်မှာစိုးလို့ ဖိထားတာတဲ့…
”မောင်ရေ..တွေ့မိလားလို့မေးနေတယ်လေ…
ပြန်မဖြေတဲ့ကျနော့်ကို မိန်းမက ထပ်မေးတယ်။
ဒါနဲ့ ကျနော်က စိတ်ပေါက်ပေါက်နဲ့..
”ဆယ်သိန်းဟုတ်လား..နေပါအုံး..ဆယ်သိန်းဝေးလို့
မင်းလက်ထဲ ငါးရာပြည့်အောင်တောင် ခုရှိလို့လား…
ကျနော်စကားကြားတော့ မိန်းမက ထမင်းမွှေတဲ့
ယောင်းမကြီးကိုင်ပြီး ရေချိိုးခန်းနားရောက်လာတယ်။
”ဘာလဲ ရှင်က ကျမကို မမြင့်သန်းများ မှတ်နေလား…
ရှင်ပဲ ရွှေပေါငွေပေါ စကားတွေပြောရမယ်ဆိုလို့
ပြောတာလေ…
”အေးဟ..မောင်မေ့သွားလို့နော် စိုး…နာနာပြော
နာနာပြော…ဒါမှ ဇမ္ဗူဒီပါလကျ်ာတောင်ကျွန်း သြဘာနမိတ်ထွန်းမှာ…ဟဲဟဲ
”ဟွန့်..မပြောလိုက်ချင်ဘူး တွေ့မိလား ငွေဆယ်သိန်း..
ပြုံးဖြီးဖြီးကြီးနဲ့ မေစိုးက ပြောတော့ ကျနော်က
”စိုးရေ..မနက်က ဆွမ်းခံတန်းကြွတဲ့ ကိုယ်တော်လေးတွေ
မင်းလည်းသိပါတယ်.. နေ့တိုင်း အိမ်ရှေ့လမ်းက ကြွတာ
လေကွာ..အဲတာ မီးဖိုခန်းထဲမှာ လောင်းစရာဆွမ်း ရှိလား
လို့ ဝင်ကြည့်တာ မရှိသေးတာနဲ့..ကိုယ်တော်လေး
ငါးပါးကို တစ်ပါးကို နှစ်သိန်း ဝတ္ထုကပ်လိုက်တယ် စိုးရာ။
အဲတာ..မင်းငရုပ်ဆုံကြီးအောက်က ဆယ်သိန်း..ဟီး
”မောင်ရယ်..တစ်ပါးကို နှစ်သိန်းနည်းတာပေါ့..
စိုးအလှပြင်တဲ့နားက ခုံပေါ်မှာ ပိုက်ဆံတွေတင်ထားတာ
ရှိတယ်.. ဖြည့်ပြီး တစ်ပါးကို ဆယ်သိန်းလောက်များ
လှူလိုက်ရောပေါ့….
”ဟ..ပိုက်ဆံတွေကလည်း ပေါလိုက်တာ..အိမ်ထဲကို
နှံ့နေတာပဲနော်..အိမ်သာထဲများ ထားသေးလားစိုးရာ…
”တအားကြီးပေါနေတော့လေ.. အဲလိုပဲ
ကြုံရာထားလိုက်တာ..ဟီး
”အင်းပါ..အဲဆို မောင်အဝတ်စား လဲလိုက်အုံးမယ်..
”အိုခေ.မောင်
ရှစ်နာရီထိုးခါနီးပြီမို့ ကျနော်က အဝတ်စားကို အမြန်
လဲလိုက်တယ်။
”စိုးရေ ပြင်သစ်က မောင့်သူငယ်ချင်း လက်ဆောင်
ပေးလိုက်တဲ့ ရေမွှေးဗူးလေး တွေ့မိလား…
”တွေ့တယ်မောင်…မနေ့က ညီမလေးလာလို့ သဘော
ကျတယ်ဆိုတာနဲ့ စိုးပေးလိုက်တာ….
ကဲကြည့်..စိတ်ကူးယဥ်တာတောင် သူ့အမျိုးတွေ ချချင်
နေတာ…မိန်းမများ။
”မင်းကွာ…အဲဒီရေမွှေးက မြန်မာငွေနဲ့တွက်ရင်..
သိန်းနှစ်ထောင်လောက်တန်တယ်ကွ…
”ဘာလဲ မောင်က နှမြောနေတာလား..
”မဟုတ်ပါဘူး..စိုးရာ
”ရွှေမိုးတေရွာ….ငွေမိုးတေရွာ…ဒီနေ့ရက်ကစလို့
တစ်တိုင်းပြည်လုံးချမ်းသာစေရာ…ဘေးဘရာဝေးလို့…
အိပ်ကပ်ထဲက ဖုန်းမြည်သံကြားလို့ ကြည့်လိုက်တော့
ကျနော်နဲ့ အလုပ်အတူလုပ်တဲ့ တင်မောင်သန်းဆီက..
ဖုန်းကိုင်လိုက်တာနဲ့ …
”ဟေ့ကောင် ရှစ်နာရီထိုးတော့မယ်ဟ.. ကိုစိုပြေ
လက်ဖက်ရည်ဆိုင်က ငါစောင့်နေပြီ မြန်မြန်ထွက်ခဲ့..
”အင်းပါ..အဲဆို သဲဆီ ကိုကိုလာခဲ့မယ်..
မနက်စာကို ဆီဒိုးနားမှာ သွားစားတာပေါ့..
”ဟ..ဘာတုန်းဟ ဒီသေနာ ရူးများသွားတာလား…
ဖုန်းထဲကနေ တင်မောင်သန်းက ပျစ်ပျစ်နစ်နစ် ကျနော့်ကို
ဆဲတယ်။ဒီဘက်မှာတော့ ကျနော်က အပြုံးမပျက်
ခပ်တည်တည်ပဲ။
”သဲဆိုတာ ဘယ်သူလဲမောင်…
မေးစိုးကမေးတယ်။
”ဟဲ..ဟဲ..ငွေရေးကြေးရေးက လုံးဝ ဂျိုက်တယ်နေတာ
ဆိုတော့လေ အပြင်မှာ အပျင်းပြေ စကီလေးထားတာပါ
စိုးရယ်…
”ဘာရယ် စကီထားတယ်..ကိုပီယ ရှင်နော်…
လက်ထဲက ကိုင်ထားတဲ့ ငရုပ်ကျည့်ပွေ့ကြီးနဲ့ ကျနော့်ကို
မေစိုးက ရွယ်တယ်။
”စိတ်ထိန်း မိန်းမ…မမြင့်သန်းလေကွာ..
မမြင့်သန်းပါဆို….နော်လို့ နော်..နော်
”အော်..မမြင်သန်းလုပ်တဲ့ထဲ စကီလေးပါ ပါတယ်ပေါ့..
”ဟဲ..ဟဲ ပြေလည်တော့ပေါ့နော်..အပြင်မှာ..
ဇယားလေးရှုပ်လိုက်တယ်ပေါ့နော်…
ကျနော့်စကားကြားတော့ မေစိုးက တချက် မဲ့ပြီးပြုံးတယ်။
မဲ့ပြုံး။
”အဲလိုဆိုလည်း ရတယ်လေ…
ချမ်းရေ ထတော့လေကွာ…
မမ မင်းအတွက် မနက်စာပြင်ထားပြီ။
အိပ်ခန်းဘက် လှည့်ပြီး မေစိုးက ပြောလိုက်တယ်။
”မင်းက အခန်းထဲမှာ ဘယ်သူရှိလို့ ဘယ်သူ့ကို မနက်စာကျွေးနေတာလဲ…
ပြူးတိပြူးကြောင်နဲ့မေးလိုက်တဲ့ ကျနော့်ကို
အရေးမလုပ်ပဲ..နောက်ထပ် အခန်းထဲကို ကြည့်ပြီး
လှမ်းခေါ်ပြန်တယ်။
”ချမ်းနော် ညကလည်း တစ်ညလုံးမအိပ်ဘူး။
မင်းသိပ်ဆိုးတာပဲ..ခုလည်း မနက်စာ အရင်စားရမယ်
နော်..ပြီးမှ ချမ်းစားချင်တာ မမ ကျွေးမယ်…ဟိ..ဟိ
”စိုး.. မင်းဘယ်ကောင်ကိုပြောနေတာလဲ..
တစ်ညလုံးလည်းမအိပ်ဖူးဆိုတာ…
နောက်ပြီး ကျွေးမယ် မွေးမယ် ဆိုတာချည်းပဲ..
မေစိုး ပခုံးနှစ်ဖက်ကို ကိုင်လှုပ်ပြီး ဒေါသတကြီးနဲ့
ကျနော်က မေးလိုက်တော့…
”ချမ်းဆိုတာ..အေးချမ်းမောင်ကိုပြောတာလေ..
ညကလည်း သူနဲ့ပဲ တစ်ညလုံးအိပ်တာ…
ရင်ခုန်လိုက်တာ..
”ငါတစ်ယောက်လုံး ရှေ့မှာထားပြီး မင်းက လင်တရူး
တယ်ပေါ့ ဟုတ်လား….
”မမြင့်သန်းလေ..မောင်ကလည်း…
မမြင့်သန်းပါနော်..ခိ.ခိ
”မမြင့်သန်းတေ ဘာတေမလိုဘူးကွ..
ဒါငါ့ကို သက်သက်မဲ့ စော်ကားတာ…
”ရှင်လည်း..သဲဆိုလား ကျွဲဆိုလားနဲ့ ဆီဒိုးနားမှာ
မနက်စာစားမယ်ဆို..ဆီဒိုးနားဆိုတာ..ဘယ်ဖက်
အပေါက်လှည့်တယ် ဆိုတာတောင် မသိတဲ့လူကများ…
”မင်းရော..ဘာထူးလည်း အေးချမ်းမောင်ကို ချမ်းတဲ့..ဟလား
မင်းလို အဆီတစ်ထပ် အခေါက်တစ်ထပ်နဲ့ ပြဲလန်နေတဲ့
ဝက်ပုတ်မကြီးများ ဟိုက အိပ်ပါလိမ့်မယ် အားကြီး….
”ရှင် လူကို ဝက်မလို့ပြောတယ်ပေါ့…
”အေး..ပြောတယ်ကွာ ဘာဖြစ်လဲ…
”ဘာဖြစ်လဲ ဟုတ်လား..ဒါဖြစ်တယ်..
ဒုတ်…
”အမလေး သေပါပြီဗျ…
…………………
မှိတ်ထားတဲ့ မျက်လုံးဖွင့်လိုက်တော့
ပထမဆုံးတွေ့ရတဲ့မျက်နှာက မေစိုးမျက်နှာ..
ငိုမဲ့မဲ့နဲ့။
”ငါဘယ်ရောက်နေတာလဲ..
”စိုး တောင်းပန်ပါတယ်နော် မောင်..
စိတ်ဆိုးပြီး လက်ထဲက ငရုပ်ကျည့်ပွေ့နဲ့ ထုလိုက်တာ
ခေါင်းကွဲပြီး သတိလစ်သွားလို့ ဆေးခန်းရောက်နေတာ..
”ဟာ..ဒါဆို ငါရောက်နေတာက လန်ဒန်မြို့လယ်ခေါင်က
ဝိတိုရိယ ဆေးရုံကြီးမှာပေါ့..
တင်မောင်သန်း မင်းငါ့ကို ဒီဆေးရုံက နှလုံးအထူးကု
ပါရဂူကြီး ဒေါက်တာ ဖလီးစ်မင်းကို ခေါ်ပေးစမ်းပါ..
သူနဲ့ငါက ဟားဗတ်တက္ကသိုလ်မှာ ရင်းနှီးခဲ့ကြတာ..
ကျနော့်ကို ကြည့်ပြီး တင်မောင်သန်းက ခေါင်းရမ်းတယ်။
”စိုးစိုး နင့်ယောကျ်ားတော့ ခေါင်းထိပြီး..
ပလပ်ကျွတ်သွားပြီ ထင်တယ်..
”အဲတာ..မမြင့်သန်းပါ ကိုတင်မောင်သန်းရယ်..
”မမြင့်သန်း ဟုတ်လား…ရှုပ်နေတာပဲ ဘာတွေလဲဟာ…
တင်မောင်သန်းက ခေါင်းကုတ်ပြီးအခန်းပြင်
ထွက်သွားတယ်။
အခန်းထဲမှာ ကျနော်နဲ့မေစိုး နှစ်ယောက်တည်း။
”မောင့်နှလုံးကို စစ်ဆေးဖို့ ဒေါက်တာဖလီးစ်မင်းက
ဒေါက်တာမလေး မစ္စမေစိုးကို လွှတ်လိုက်တာ..
နှလုံးက အရမ်းအောင့်နေလားဟင်…
မေစိုးက သူမ လက်ကလေးကို ကျနော် ဘယ်ဖက်ရင်ဘတ်
ပေါ်အုပ်ပြီးမေးတယ်။
”မမြင့်သန်းရှိရင်..အဲလေ…စိုးရှိရင် မောင့်နှလုံးက
အဆင်ပြေပါတယ်ကွယ်…
ဟိ..ဟိ..
ဟား..ဟား..
”စိုးရေ..ဒီကရှေ့လည်း စိုးနဲ့မောင် မမြင့်သန်း
လုပ်ရအောင်နော်..🥴
၂၄. ၅. ၂၀၂၄
#ပီယ_ရွှေညာမြေ