တိတ်ဆိတ်သောချစ်ခြင်းမေတ္တာ(စ/ဆုံး)

 တိတ်ဆိတ်သောချစ်ခြင်းမေတ္တာ(စ/ဆုံး)

————————

“”သမီးသာခေါင်းညိတ်လိုက်ရင်
အမေတို့ဘဝတွေအသက်ရှုချောင်ပြီသမီးရယ်””

မြလေး အမေ့စကားတွေကိုနားလည်ပါတယ်။
မြလေးတို့မိသားစု ဒီဘက်နှစ်တွေမှာ
အရမ်းခက်ခဲလို့နေတာမြလေးသိတာပေါ့။
အဖေလုပ်စာတစ်ခုကိုမှီခိုသူအမေနဲ့
ဘာဆိုဘာမှမလုပ်ပဲ အရက်လေး
တမြမြနေချင်တဲ့ အကိုဖြစ်သူကြောင့်
မြလေးတို့မိသားစုဟာ အမြဲလိုလို
ခက်ခဲနေခဲ့တယ်။
မြလေးလည်း မပြည့်မစုံသောဘဝနေ့ရက်တွေနဲ့
အဝေးသင်တက်ပြီးကျောင်းပြီးခဲ့ပြီ။
အလုပ်တွေလိုက်လျှောက်ပေမယ့်
ဆိုရှယ်ခေတ်ကြီးမှာအလုပ်အကိုင် အတွက်အကူအညီဖြစ်မယ့်
သင်တန်းဆင်းလက်မှတ်တွေ
မြလေးမှာမရှိခဲ့ဘူးလေ။
အဝေးသင်လေးနှစ်ကို
မြလေးခုနှစ်နှစ်​ကြာ.ကျောင်းပြီး ခဲ့ရပါတယ်။
ကျောင်းနားပြီး အဖေအလုပ်ရှင်ရဲ့
အိမ်ဆောက်ပစ္စည်းဆိုင်မှာ
အရောင်းဝန်ထမ်းအဖြစ်
မြလေး တစ်နှစ်ခြားတခါ
ကျောင်းနားပြီး
အလုပ်လုပ်ခဲ့ရတာမို့ပါ။

အကိုဖြစ်သူက အရက်သောက်တတ်ပေမယ့်
ရိုင်းစိုင်းသွေးဆိုးသူမဟုတ်တဲ့အပြင်
အမေရောအဖေရော မြလေးပါ ပြောဆိုဆူပူရင်
ဘာဆိုဘာမှပြန်မပြောပဲ ငြိမ်နေတတ်သူပါ။
အတန်းပညာနည်းပါးပြီး အရက်ကိုသာအာရုံ
ရောက်နေပြီမို့ သောက်ရကောင်းလားလို့လည်း
မြလေးတို့ မပြောချင်တော့တာမို့
လွှတ်ထားလိုက်သပါပြီ။
အရောင်းဝန်ထမ်းထက်စာရင်
လစာသင့်တင့်စွာရပြီးအလားအလာရှိတဲ့ကုမ္ပဏီတစ်ခုခုမှာအလုပ်ရလျှင်
ပိုကောင်းမည်ဆိုသည့်စိတ်ဖြင့်
အလုပ်တွေရှာနေမိတယ်။

မြလေး အသက်နှစ်ဆယ့်လေးနှစ်ရှိပြီ။
မြလေး ရင်လည်း ခုန်တတ်ပါတယ်။
မြလေးရင်ခုန်နေတာအခုမှ မဟုတ်
အသက်ဆယ့်ရှစ်နှစ်အရွယ်ကတည်းကပါ။
ရင်ခုန်ဘက်ဟာ အခြားသူမဟုတ်ပေ။
ယခုပင်အမေနားချနေတဲ့ အမျိုးသားပါပဲ။

သူနံမည်က မင်းဝေငြိမ်း…တဲ့။
အဖေရော..မြလေးပါ အလုပ်လုပ်ခဲ့တဲ့
အိမ်ဆောက်ပစ္စည်းမိသားစုရဲ့
ဒုတိယမြောက်သားပါ။
အကိုတစ်ယောက်နဲ့ညီမလေးတစ်ယောက်
ရှိသေးတယ်။
အနေအေးလွန်းပြီးတည်တံ့လွန်းသူပါ။
သူတို့အနေအထားနဲ့ မြလေးတို့ကို
ဘယ်လိုမှလည်း
မျက်စိကျမှာမဟုတ်ပါဘူး။
မြလေးကသာ…
တိတ်တခိုးနဲ့ရင်ခုန်လာခဲ့ရတာပါ။

မြလေးမှာအိမ်နီးချင်းတရင်းတနှီးပေါင်းတဲ့
နီလာမောင်..ဆိုတဲ့သူငယ်ချင်းမလေးရှိတယ်။
နီလာမောင်လည်း မြလေးနဲ့အတူ
ကိုမင်းဝေငြိမ်းတို့ဆိုင်မှာလုပ်တဲ့သူမို့ မြလေးရဲ့ခံစားချက်ကို သိနေတယ်။
အခုတော့ နီလာ ကို သဲသဲလှုပ်ချစ်တဲ့ နီလာချစ်သူနဲ့နီလာဟာလက်ထပ်ပြီး တင့်တောင်းတင့်တယ်နေထိုင်နေပါပြီ။

မြလေး….စဥ်းစားရခက်နေတာပါ။
ကိုမင်းဝေငြိမ်းက ဘယ်တုန်းကမှ မြလေးကို
အရေးတယူလည်းမရှိခဲ့သလို ခင်မင်မှု့လည်းမပြခဲ့သူပါ။
မြလေးမှာသာ မိန်းမသားတို့အိန္ဒြေတွေကိုထိန်းပြီး
ခိုးချစ်နေလာခဲ့ရတာ။
မြလေးတို့မိသားစု အဖေကျန်းမာရေး
ချို့ယွင်းတော့ အကြပ်အတည်း
အခက်အခဲတွေဖြစ်နေချိန်၊
မြလေးကလည်းအလုပ်မရသေးချိန်
အမေကထူးဆန်းစွာ စကားတွေပြောလာနေခြင်းဖြစ်ပါတယ်။
ကိုမင်းဝေငြိမ်း၏ မိဘများက
သူမနဲ့ သူတို့ သားကို ထိမ်းမြှားပေးလိုကြောင်းကမ်းလှမ်းလာတယ်။
ကမ်းလှမ်းမှု့နဲ့မရှေးမနှောင်းမှာပင်
မြလေးတို့မိသားစုရဲ့အခက်အခဲအချို့ကို
ဖြေရှင်းပေးခဲ့တယ်။
အရက်သောက်တတ်တဲ့အကို ကိုပင်
ညစောင့်အလုပ်ကို ခန့်ထားပေးလိုက်ပါပြီ။

“”ဒေါ်ကျင်အေး တို့ဘက်က လိုလိုလားလားကို
သမီးကိုသဘောကျနေကြတာ။
မင်းဝေငြိမ်း…ဆိုတာကလည်းအေးလိုက်သမှ
နံမည်ဆိုးနံမည်ပျက်မရှိ ၊ စီးပွားရေးလည်းလုပ်တတ်တယ်။
သမီး ဘာတွေ တွေဝေနေတာလဲ
အခွင့်အရေးဆိုတာတခါပဲရမှာလေ။
သူတို့ဘက်လိုလားနေချိန်မှာလက်ခံပေးရမှာ။
ညည်းအဖေကအခုဆို လေဖြန်းပြီးလဲနေပြီနော်..””

မြလေး..တွေဝေနေတာလည်းမဟုတ်သလို၊
အချိန်ဆွဲနေတာလည်းမဟုတ်ပါ။
မနေ့ကတောင် လမ်းထိပ်ကမိတ္တူဆိုင်မှာ
ကိုမင်းဝေငြိမ်းနဲ့မျက်နှာချင်းဆိုင်ဆုံခဲ့သေးတယ်။
မြလေးက မြင်မြင်ချင်းပြုံးပြလိုက်ပေမယ့်
မသိကျိုးကျွိ့ပြုသွားတယ်လေ။
ဒါကြောင့် မြလေး အခုလိုကမ်းလှမ်းမှု့ကြီးကို
ဝမ်းသာအားရလက်မခံရဲတာပါပဲ။
နီလာမောင် ကိုသွားရင်ဖွင့်တော့

“”အိမ်ထောင်တစ်ခုရဲ့အစမှာ ခင်ပွန်းသည်က
သဲသဲလှုပ်ချစ်ပြခဲ့တာတောင် အိမ်ထောင်သက်
ကြာတဲ့အခါ
အပျော်ရှာကြလို့ မိန်းမတွေမျက်ရည်သုတ်
ကြရတာလေ။
အစထဲကခင်ပွန်းဖြစ်လာမယ့်သူမှာ မေတ္တာမပါရင်
နင်တို့အိမ်ထောင်ရေး..နင်ဘာသာတွေးကြည့်ပေါ့””

နီလာမောင်ပြောတာမှန်နေတယ်လေ။
နီလာမောင်အဖို့ သူ့ယောကျာ်းကမညားခင်ရော
ညားပြီးသည့်တိုင် အခုထိသဲသဲလှုပ်ချစ်နေတယ်လေ။
မြလေးအမေ့ကို တိတိကျကျအဖြေပြန်မပေးပဲနေလာခဲ့တယ်။
ဒီလိုနဲ့ မြလေးကိုကမ်းလှမ်းထားတာ ရက်ကနေ၊လကိုကူးလာခဲ့ပါပြီလေ။

###########################

.

အခန်း(2)

“”မြလေး…..မင်းဘက်ကငါ့ကိုလက်မခံဘူးဆို””

အသံတို့က မာနကိုထိခိုက်ခံရ၍ထွက်လာသော
အသံပါ။
မနေ့ကတည်းက အမေတို့ထံသို့ကိုမင်းဝေငြိမ်းကိုယ်တိုင် ခွင့်တောင်းလာလို့
မြလေးနဲ့သူ အေးဆေးဆိတ်ငြိမ်တဲ့teashop လေးတစ်ခုမှာစကားပြောဖြစ်ကြခြင်းဖြစ်ပါတယ်။
မြလေး မငြင်းရသေးပါပဲ အကဲဆတ်သလို
မြလေးကိုမေးနေလေပြီ။

“”မြလေး…မငြင်းမိသေးပါဘူး။
မြလေးအနေအထားနဲ့ အငြင်းခံရမှာ
မာနထိခိုက်လို့လား..””

“”မင်း..မငြင်းဘူးလို့ ပြောချင်တာလား””

“”မြလေး..ဘဝအချိုးအကွေ့မို့ကြောက်နေတာပါ..””

“”မကြောက်ပါနဲ့ မင်းကိုစိတ်မဆင်းရဲစေရပါဘူး
အဲ့ကတိတော့…ငါမင်းကိုပေးနိူင်ပါတယ်””

မြလေးကိုသူကိုယ်တိုင်ကလက်ထပ်ချင်တာလား
မာနထိခိုက်လို့ ထိပ်တိုက်လာတွေ့တာလား….
ဘာကြောင့်မှန်းမသိပေမယ့် မြလေး အဲ့နေ့က
ကိုမင်းဝေငြိမ်းကို လက်ထပ်မှာပါ.:လို့
တုန်ပြန့်ခဲ့လိုက်တယ်။

.

##############################

.

မြလေး တို့ဘဝတကယ်လည်းပြောင်းလဲခဲ့ပါတယ်။
အဖေနဲ့အမေအတွက် လုံလောက်သောထောက်ပံ့ငွေကိုလစဥ်တိုင်းပေးနိူင်ခဲ့တယ်။
မြလေးရဲ့အကိုလည်း ညစောင့်အလုပ်ကနေ
အိမ်ဆောက်ပစ္စည်းဆိုင်မှာကြီးကြပ်ရေးမှုး
ဖြစ်လာတယ်။
အရင်ကလိုနေ့သောက်ညသောက်အရက်သမားကြီးမဟုတ်တော့ဘူး။
မသောက်မစားတတ်တဲ့ယောက်ဖဖြစ်သူကို ရှိန်လို့
ကိုယ့်ကိုကိုယ့်ပြုပြင်ထိန်းသိမ်းတာတွေလည်း
ပါတယ်။
မြလေးကိုအိမ်ထောင်ရေးကံကောင်းသူလို့
လူတစ်ချို့ကမှတ်ချက်ပေးကြတယ်။

မြလေးမှာအခုဆိုရင်သားလေးတစ်ယောက်
သမီးလေးတစ်ယောက်ရနေခဲ့ပြီ။
ခင်ပွန်းဖြစ်သူလူအေးကြီးကတော့အခုချိန်ထိ
မထုံတက်တေးနေတုန်းပါပဲ။
အိမ်ထောင်သက်ကဆယ်စုနှစ်တွေကို
ကျော်လွန်လာခဲ့ပြီ။
ကလေးကလားဆန်တယ်ပဲပြောပြော အခုထိ
မြလေးရင်ထဲမှာဘဝင်မကျခဲ့ဘူး။
ခင်ပွန်းသည်ဆီက ချစ်တယ်…ဆိုတဲ့စကားရယ်
နူးညံသိမ့်မွေ့တဲ့အချစ်ပြယုဒ်တွေ
လိုချင်နေမိတယ်။

နီလာမောင်နဲ့တွေ့ဆုံဖြစ်တိုင်း
သူ့မခင်ပွန်းက သူမကိုအခုထိ
ဘယ်လိုချစ်ကြောင်းတွေ
ဘယ်လိုတွေအလေးထားတာတွေ
ပြောပြလေတိုင်းမြလေး အားကျမိသလို၊
မြလေးဝမ်းနည်းစိတ်လည်းဝင်နေမိတယ်။
မြလေးချစ်ရတဲ့ ခင်ပွန်းဆီက
ချစ်ခြင်းမေတ္တာကို မြလေးတောင့်တ
လိုချင်တာမှားသလား…
မြလေးလိုသာမာန်မိန်းခလေးကိုဘာကြောင့်
မြလေးခင်ပွန်းလက်ထပ်ခဲ့ပါသလဲ…..
သေချာတဲ့အကြောင်းတရားတစ်ခုတော့ရှိတာ
အမှန်ပါပဲ။
ဘာကြောင့်…မြလေးကိုရွေးချယ်ခဲ့တာပါလဲ….
မြလေးကတော့ မိသားစုကို
ကြည်ရှု့ထောက်ပံနိူင်မှု့နဲ့ပင်
ဖြေသိမ့်နေခဲ့လိုက်ပါတယ်လေ။

###############################

.

အခန်း(3)

“”သူငယ်ချင်း…မြလေးရေ
ငါ့ကိုငွေလေးနည်းနည်းလောက်လှည့်ပါလား
လကုန်ကျရင်ပြန်လှည့်ပေးပါ့မယ်””

နီလာမောင်ကအကူအညီမတောင်းစဘူး..
လာတောင်းနေတော့ မြလေးကူညီပေးဖို့ဆုံးဖြတ်လိုက်သည်။

“”ဘယ်လောက်ယူမှာလဲ…..သူငယ်ချင်း””

“”ငါးသိန်းထဲပါ
လကုန်ရင်ပြန်ပေးမယ်သူငယ်ချင်း
အင်းစိန်ကငါတို့ လူငှားတင်ထားတဲ့တိုက်ကိုရောင်းတော့မှာလေ။
ငွေချေတဲ့သူကလကုန်ရက်မှငွေချေမှာမို့ပါ””

ငါးသိန်းဆိုသည့်အမောက်က
မြလေးလက်ထဲမှာ ရှိပါတယ်။
ဒါပေမယ့်လင်သားမသိအောင်မလုပ်ချင်တာမို့
ခင်ပွန်းသည်ကိုအကျိုးအကြောင်းထုတ်ပြောရပါသည်။
ပြောသာပြောရတာပါ။
ရှုပ်ရှုပ်ယှက်ယှက်နိူင်လိုက်တာလို့များ
အပြောခံရမလား…လို့ကြောက်နေမိပြန်တယ်။

“”မင်းပေးချင်ပေးလိုက်လေ
သူငယ်ချင်းတွေပဲကူညီလိုက်ပါ….””

မြလေးကိုခွင့်ပြုပြီမို့မြလေးကူညီလိုက်တယ်။
လကုန်တော့ငွေငါးသိန်းကို နီလာမောင်
လာပြန်ဆပ်ရင်း လက်ရှိသူမရဲ့အိမ်ထောင်ရေးကို
ရင်ဖွင့်ပါတော့တယ်။

“”ငါ့ယောကျာ်းမှာနောက်အိမ်ထောင်တိတ်တိတ်ပုန်းရှိနေပြီ။
ခလေးတောင်ရနေပြီ ။
ငါရှက်လွန်းလို့မပြောပြခဲ့တာပါ
ငါ့ကိုချစ်လှချည်ရဲ့…ဆိုပြီး အခုတော့ဒင်း…
လုပ်ရက်တယ်။
ငါကွာရှင်းမှာ…မြလေး
ငါလုံးဝခွင့်မလွှတ်ဘူး အဟီး…ဟင့်..ဟင့်””

မြလေးအံသြလွန်းမိတယ်။
နီလာမောင်ဆိုတာ..လင်အချစ်ခံရသူမို့
အမြဲအားကျနေရတဲ့…သူငယ်ချင်းမို့လား…

.

############################

.

အိပ်ရာ ဝင်ခါနီးလူကအနည်းငယ်လေးလံထိုင်းမှိုင်းနေတယ်။
သွေးများတိုးနေလေသလား ဆိုပြီး
မြလေးသွေးထိန်းဆေးတွေသောက်ပြီးအိပ်ရာ
ဝင်ခဲ့တယ်။
တရေးနိူးချိန်ရောက်တော့ဘယ်ဘက်
လက်ရောခြေတွေပါထုံကျဥ်ကိုက်ခဲနေတယ်။
မြလေးအလန့်တကြားထအော်လိုက်တယ်။
မြလေး လေဖြတ်ပြီလား…..

“”အား…လုပ်ပါဦး ဘာဖြစ်မှန်းမသိဘူး””
မြလေးအသံကိုက လုံးထွေးနေလေပြီ။
လျှာတွေလည်းလေးလံနေလေသည်။

ခင်ပွန်းဖြစ်သူချက်ချင်းနိူးလာပြီး
သူမကိုပွေ့ချီလိုက်တယ်။
မနက်သုံးနာရီကြီး
ကားနဲ့ရန်ကုန်ဆေးရုံကြီးကိုခေါ်လာတယ်။
လေဖြတ်လူနာကိုသုံးနာရီအတွင်း
ဆေးရုံအရောက်ပို့နိူင်ပါက ဆေးတလုံး
အချိန်မီထိုးချလိုက်လျှင်အကောင်းပြန်ဖြစ်နိူင်တာမို့
အရောက်ပို့ပေးခြင်းဖြစ်တယ်။
ကံကောင်းထောက်မစွာ ဆေးရုံမှာ
တစ်ပတ်ခန့်သာနေရပြီးမြလေးအကောင်းပကတိ
ပြန်ဖြစ်လာခဲ့ရတယ်။

ဆေးရုံတက်နေရသည့်တလျှောက်လုံးမြလေးကိုဂရုတစိုက်ရှိလွန်းတဲ့ခင်ပွန်းကြောင့်
မျက်ရည်ကျရသည့်အထိကြည်နူးမိပါတယ်။
ယောက္ခမအသိုင်းအဝိုင်းကလည်းသတင်းမေး၊
လိုအပ်တာကူညီနဲ့…လိုလေးသေးမရှိခဲ့ဘူး။
အိမ်ပြန်ရောက်တဲ့ညမှာပဲ မြလေးခင်ပွန်းကို
မြလေးမေးမိတယ်။

“မြလေး…ကျန်းမာရေးချို့ယွင်းသွားရင်
အကိုက ငြိုငြင်မှာလား…ဟင်””

“”ဟ..ငြိငြင်စရာလား
ချစ်လွန်းလို့ အမေတို့ကိုပူဆာပြီး ရအောင်ယူထားတဲ့မိန်းမပဲဟာ။
မင်းကိုမချစ်ဘူးလို့ မင်းထင်နေတာလား
ချစ်တာမှအများကြီးချစ်တာနော်။
ချစ်တဲ့မိန်းမကိုရအောင်ယူထားပေမယ့်
ငါစရိုက်ကအရှက်ကြီးလို့ထုတ်မချစ်ပြတတ်တာပဲ
ရှိတယ်။
တကယ်တော့…မင်းကိုအရမ်းချစ်လို့ယူထားတာ။
ဒါကြောင့်မင်းမျက်နှာမငယ်ရအောင်အမြဲကြိုးစားတယ်။
သားသမီးတွေကိုလည်းလူလိမ္မာလူယဥ်ကျေးလေးတွေဖြစ်ဖို့ပြုစုပျိုးထောင်တယ်။
ငါ့ဘဝတလျှောက်လုံး မင်းကိုချစ်တယ်..””

လေးဆယ်ကျော်မှ မြလေးကိုဘယ်လောက်ချစ်ခဲ့ကြောင်းတွေပြောပြလာတဲ့ခင်ပွန်းကိုပီတိတွေနဲ့
ပြုံးကြည့်ရင်း ချစ်ခြင်းမေတ္တာဆိုတာ
တခါတလေကွယ်ဝှက်စွာသစ္စာတရားနဲ့ရှိနေပါကြောင်း။
တချိန်လုံးအနုအရွတွေနဲ့ချစ်ပြခံခဲ့ရတဲ့
နီလာမောင်အကြောင်းတွေကိုပါ
ယှဥ်တွဲတွေးရင်း…
မြလေး….ရရှိတဲ့မေတ္တာကို
ကျေနပ်နေမိပါပြီလေ။

#ယွန်းနှင်းဆီခိုင်

#တချို့အမျိုးသားတွေက
#ထုတ်ပြီးမချစ်ပြတတ်တာပါ
#အိမ်ထောင်ရေးတွေသာယာနိူင်ကြပါစေ