ရင်ကွဲရွှေကျီးညို(စ/ဆုံး)
—————–
မသန်းချစ်နှင့် ကိုသန်းမောင်တို့သည် တစ်ယောက်ကိုတစ် ယောက် အသည်းတုန်အူတုန် ချစ်ကြသည့် အကြင်လင်မယားဖြစ်၏။ မသန်းချစ်က ဘဏ်ရုံးဝန်ထမ်းတစ်ဦးဖြစ်သလို ကိုသန်းမောင်က ဆောက် လုပ်ရေးအင်ဂျင်နီယာတစ်ဦး ဖြစ်သည်။
နှစ်ဦးစလုံး ချောမောလှပ ကျက်သရေရှိကြ၏။ သူတို့ လက်ထပ် ပွဲကျင်းပစဉ်က သူတို့မင်္ဂလာဆောင်လောက် စည်ကားသော မင်္ဂလာ ဆောင်မျိုး ကျွန်တော်တို့ တောမြို့လေးမှာ မရှိဟုထင်သည်။ နှစ်ဖက် စလုံး ဂုဏ်သရေရှိ အသိုင်းအဝိုင်းဖြစ်သောကြောင့် အလွှာသန့်မျိုးစုံ လာရောက်ချီးမြှင့်ကြ၏။
မင်္ဂလာဆောင်ပြီးနောက် ကိုယ်ပိုင်အိမ်ကလေးနှင့် ပျော်ရွှင်စွာ နေထိုင်ကြသည်မှာ နှစ်နှစ်ခန့် ကြာခဲ့သည်။ ရွှေငွေဥစ္စာ ပစ္စည်းပစ္စယ အစုံအလင် စုဆောင်းမိကြသည်။ သို့ကလို ပျော်ရွှင်ချမ်းမြေ့စွာ ရှိနေစဥ်…….
တစ်နေ့သောအခါ ကံကြမ္မာမုန်တိုင်းသည် အချစ်ဒီရေတက်နေ သည့် သူတို့နှလုံးသား သမုဒ်ပြင်သို့ လှိုင်းတံပိုးသည်းထန်စွာဖြင့် အလှ ဖျက်ရန် ကဆုန်စိုင်း၍ ရောက်ရှိခဲ့သည်။
အဲဒီနေ့က (၁၉–) ခုနှစ်၊ နိုဝင်ဘာလ (—) ရက်နေ့။
ကိုသန်းမောင်က (—) မြို့မှာ ဆောက်လုပ်ရေးကိစ္စ တာဝန်ကျ နေသည်။ အဆောက်အအုံက အထပ်မြင့် အဆောက်အအုံကြီး။ သည် လုပ်ငန်းမှာ ကိုသန်းမောင်က တာဝန်ခံအကြီးအမှူး။ သည်တော့ ခရီးဝေးကွာလွန်းလှ၍ ညအိပ်ညနေ အလုပ်လုပ်ရသည်။ စနေ၊ တနင်္ဂနွေ မှ ပြန်လာသည်။
ခွဲခွာရသည့်အစဦးနေ့က မသန်းချစ်မှာ မျက်ရည်နှင့်မျက်ခွက်။ သူမက ဘလ္လာတိယပျို့ထဲက စန္ဒကိန္နရီမောင်နှံလို တစ်ညဝေးတာကို နှစ်ပေါင်းခုနစ်ရာ ဆွေးသည့်နှယ်မျိုး။ ပြန်ရောက်လာလျှင် ကိုသန်းမောင် ရင်ခွင်ထဲ မျက်နှာအပ်ပြီး ငိုတော့သည်။
သို့နှင့် ချော့ရင်း ခြောက်ရင်း မနက်စာကို မွန်းလွဲလောက် ရောက်မှ စားရသည့်အဖြစ်မျိုးလည်း ကြုံခဲ့ရသည်။ အတန်ကြာ၍ ရက်သားလေးရလာတော့မှ အနေကျလာသည်။ ချစ်လင် လုပ်ငန်းတာဝန် ကျရာမြို့သို့ ပြန်သွားတိုင်း အိမ်ကဘုရားမှာ ပန်း၊ ရေ၊ ဆီမီးများ ကပ်၍ အန္တရာယ်ကင်းပါစေကြောင်း ဆုတောင်းရသည်မှာလည်း မမော နိုင် မပန်းနိုင်ဖြစ်သည်။
ထိုနေ့ မနက်ကတော့ ဘုရားမှာ ဆွမ်းတော်ကပ်နေစဉ် ရုတ်တရက် အိမ်ကြီး သိမ့်ခနဲ တုန်ခါပြီး လူပါယိုင်ကျသွားသည်။ ဘုရားစင် ပေါ်မှ ပန်းအိုးတစ်လုံးလည်း ပြုတ်ကျကာ ကွဲကြေမွသွားသည်။
‘‘ငလျင်လှုပ်တယ်ဟေ့”
“အိမ်အောက်ကို ဆင်းကြ၊ အိမ်ပြင်ထွက်ကြ””
အိမ်နီးချင်းများရဲ့ အလန့်တကြားအော်သံ ကြားရသဖြင့် မသန်းချစ် ကပျာကယာထကာ အိမ်ပြင်သို့ ယိုင်ထိုးယိုင်ထိုးနှင့် ပြေးထွက် လိုက်သည်။ အိမ်နီးဝန်းကျင်မှာ လူကြီးလူရွယ် ကလေး မိန်းမ ယောက်ျား များလည်း ထိတ်လန့်တကြား အော်ဟစ်ကြကာ အိမ်အပြင်သို့ ထွက်လာ ကြပြီး သစ်ပင်ကြီးမရှိသော နေရာမှာဝပ်နေကြ၊ ဘုရားတ,ကြ၊ အော်ဟစ် ငိုယိုကြ။
တစ်မိနစ်ခန့် လှုပ်ယမ်းပြီးလို့ ငြိမ်သွားတော့မှ အားလုံး ကိုယ့်လူ ကိုယ်ရှာဆွဲကာ အိမ်ပေါ်သို့ ပြန်တက်ကြသည်။ ကွဲကြေမွသွားသည့် ဘုရားညောင်ရေအိုးကိုကြည့်၍ မသန်းချစ်ရင်ထဲမှာ ဘာရယ်လို့မဟုတ် ထိတ်ခနဲ ဖြစ်သွားသည်။
ညနေဘက်သို့ `ရောက်သောအခါ ကိုသန်းမောင်တို့ရုံးမှ အင်ဂျင်နီယာမှူးကြီးနှင့် တာဝန်ရှိသူများ သူမအိမ်သို့ ရောက်ရှိလာ ကြသည်။ သူတို့ရဲ့ မျက်နှာသွင်ပြင်များကလည်း အရယ်အပြုံးမရှိကြ။ တစ်စုံတစ်ခုကို ပြောရန် ဝန်လေးနေပုံလည်းရသည်။ အတန်ကြာမှ အင်ဂျင်နီယာမှူး ကြီးက လေးတွဲ့တွဲ့လေသံနှင့်
“မသန်းချစ်ကို ဆရာ ပြောစရာရှိလို့’’
“ပြောလေဆရာ၊ ဘာ . . . ဘာလဲဟင်”
“ညီမ စိတ်ကိုခိုင်ခိုင်ထားနော် ညီမလေး”
“ရှင်၊ ဘာ . . . ဘာများပါလိမ့် ဆရာရယ်၊ ကျွန်
ကျွန်မ ထိတ်လိုက်ပါတီရှင်
“ဒီလိုပါကွယ်၊ ဟို .. ဟို မောင်သန်း . . . မောင်”
အရေးထဲက စကားက ထွက်လို့မရဖြစ်ပြီး တို့နစ်နေသည်။
“မောင် . . . မောင် ဘာဖြစ်လို့လဲဆရာ ဟင် … ဟင်လို့”
“မောင်သန်းမောင် နေ့လယ်က ထမင်းစားအပြန် ခေါင်းကနေ ရေလောင်းချိုးလိုက်တာ ဦးနှောက်ကြောပြတ်ပြီး . . . ”
“ရှင်၊ ဘုရား . . . ဘုရာ။ မောင် မောင် အခု ဘာ ဘာဖြစ် သွားလဲ ဆရာဟင်”
“နေရာတင် ပွဲချင်းပြီး ဆုံး . . . ဆုံး”
“အောင်မယ်လေး မြတ်စွာဘုရား”
“ညီမ ညီမ သတိထားလေ
“မသန်းချစ် မ .. . . သန်း . . . ချစ်’
မသန်းချစ် မမျှော်လင့်သော စကားကို ကြားလိုက်ရပြီးနောက် အောင်မယ်လေး တစ်ချက်အော်ကာ ရင်ဝမှာ ဆို့တက်လာပြီး သတိလစ် မေ့မြောသွားခဲ့လေသည်။
*********
အသုဘ ရက်လည်ပြီးနောက် မသန်းချစ် မည်သူနှင့်မျှ စကား မပြောတော့။ ထမင်းလည်း စားချင်မှစားတော့သည်။ ညီမဝမ်းကွဲများက လာရောက်ကြည့်ရှု စောင့်ရှောက်ပေးနေရသည်။ အလုပ်မှလည်း ခွင့်ရက် ရှည် ယူထားပေးရသည်။ သူမရဲ့အလုပ်ကား ကွယ်လွန်သူလင်ယောက်ျား ကိုသန်းမောင်ရဲ့ဓာတ်ပုံကို တစ်နေကုန်စိုက်ကြည့်ပြီး –
”မောင် ဘယ်နေ့ပြန်လာမှာလဲဟင် မောင်၊ ညီမ မျှော်နေမယ် နော်။ စောစောပြန်ခဲ့နော် မောင်”
ဆိုသည့် စကားကိုလည်းကောင်း၊
“မောင်ကြိုက်တဲ့ ဝက်သားနဲ့မျှစ်ချဉ်ချက်ထားတယ် မောင်ရဲ့။ မောင်စားတော့မလားဟင်၊ ညီမ ထမင်းခူးလိုက်မယ်နော်’’
ဆိုသည့် စကားများကိုလည်းကောင်း၊
“ကျွန်မ မောင့်ကို ဘယ်လောက်အထိ ချစ်တာ . . . ”ဆိုပြီး သူမရင်ထဲက အချစ်ဒဿနစကားလုံးများကို မျက်ရည်များစီးကျလျက် မှ တတွတ်တွတ် ရေရွတ်နေလေ့ရှိ၏။
နောင်အခါ စိတ်ပညာဆရာဝန်များ၊ သူမတို့ ကိုးကွယ်သည့် `ဆရာတော်ကြီးများက လာရောက်၍ တရားပြဆုံးမရသည်။ သတင်းစာ မှာပါသည့် နာရေးသတင်းများကိုပြ၍ အသက်မရွေး၊ အရွယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး ကွယ်လွန်ကြရသည်။ အနိစ္စ မမြဲသည့်သင်္ခါရ ဘဝများကို မကြာခဏ ရှင်းပြတော့မှ အသိတရားများ ပြန်ဝင်လာကာ နဂိုပုံမှန်အတိုင်း ဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
သို့တိုင်အောင် စွယ်တော်ရွက်လို နှစ်လွှာပေါင်းတစ်ရွက် အသက် နှင့် ထပ်တူချစ်ခင်ရသည့် ချစ်လင်ကိုတော့ တစ်နေ့တစ်မနက်မျှ မေ့လို့ မရနိုင်ခဲ့။
ချစ်လင်ရဲ့ ကွယ်လွန်သည့်နေ့ရောက်တိုင်း ကုသိုလ်ကောင်းမှု တစ်ခုမဟုတ် တစ်ခု ပြုလုပ်ကာ ရည်မှန်း၍ အမျှအတန်းဝေလေ့ရှိသည်။
တစ်ညမှာတော့ မသန်းချစ်ကို ကွယ်လွန်သူချစ်လင်ကိုသန်း မောင်အိပ်မက်တစ်ခု ပေးခဲ့သည်။ အိပ်မက်ထဲမှာ ကိုသန်းမောင်က သူပြန်လာမည်ဆိုကာ ပျောက်သွားခဲ့သည်။ အိပ်ရာမှလန့်နိုးတော့ မယုံ သော်လည်း ရင်ထဲမှာ ဝမ်းသာကြည်နူးခဲ့ရလေသည်။
တစ်နေ့ အိမ်နောက်ဖေးမီးဖိုဆောင်မှာ ညီမတစ်တွေ ထမင်း ချက်ပြုတ်နေကြစဉ် အိမ်ရှေ့ခြံဝင်းထဲမှာ ကျီးကန်းများ အုပ်လိုက်ကျပြီး နားကွဲမတတ် ဝိုင်းအော်နေသဖြင့် ချက်ပြုတ်နေရာမှထ၍ ထွက်ကြည့် လိုက်ကြသောအခါ အမွေးအတောင်မစုံသေးသည့် ကျီးကန်းပေါက်စလေး တစ်ကောင် မမျှော်လင့်ဘဲ သနားစဖွယ် အော်မြည်နေသည်ကို တွေ့လိုက် ရသည်။
ကျီးကန်းကလေးကလည်း မပျံနိုင်။ ကျီးဖို ကျီးမ ကျီးအုပ်ကြီး ကလည်း ထိုးချီရန် ကြိုးစားနေကြသော်လည်း ကျီးပေါက်စလေးက မျက်လုံးလေးပြူး၊ နှုတ်သီးလေးဟ၍ ရုန်းကန်သလို အော်ဟစ်နေသည်။ သို့နှင့် မသန်းချစ်က သနားစရာကောင်းသည့် ကျီးကန်းပေါက်စလေးကို ကောက်ပြီး အိမ်ထဲသို့ခေါ်လာကာ အစာရေစာများကို တိုက်ကျွေးလိုက် သည်။
ကျီးကန်းကလေးသည် မသန်းချစ်ကျွေးသည့် အစားအစာ များကို နှစ်လိုရွှင်ပျစား၏။ ရေတိုက်သောအခါ အာသာငမ်းငမ်းသောက် ၏။ သို့နှင့် ညီမတွေ အဖော်လည်းရအောင် ကျီးကန်းပေါက်စလေးကို အိမ်မှာပဲမွေးကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
ပို၍ အံ့ဩဖို့ကောင်းသည်ကား ကျီးကန်းပေါက်စလေး၏ ဦးခေါင်းထိပ်မှာ မတ်စေ့ခန့်ရှိသော ရွှေရောင်တောက်နေသည့် အကွက်´ ကလေးတစ်ကွက် ထူးဆန်းစွာပါရှိနေသောကြောင့် ထိုနေ့မှာပင် သူ့ကို ‘ရွှေကျီးညို’ ဟု· အမည်ပေးလိုက်လေသည်။
***********
ဒီလိုနှင့် ရက်ပေါင်း အတန်ကြာသောအခါ ရွှေကျီးညိုလေးရဲ့ ကိုယ်ပေါ်မှာ အမွေးအတောင်များ စုံလင်လာခဲ့သည်။ တောင်ပံနှစ်ဖက် ပေါ်မှာ အမွေးအဖြူရောင်တစ်ချောင်းစီ ပါလိုက်သေးသည်။ ရွှေကျီးညို လေးသည် အရွယ်ရောက်လာသောအခါ လှောင်အိမ်နှင့်မအိပ်တော့ဘဲ မသန်းချစ်ခြင်ထောင်ထဲသို့ ဝင်အိပ်လေ့ရှိ၏။ လှောင်ချိုင့်ထဲပြန်ထည့်လျှင် အိပ်လို့မရအောင် တစာစာ အော်လေ့ရှိသည်။ သို့နှင့် အစ်မများ ညီမ များက “ညည်းယောက်ျား ညည်းဘာသာခေါ်ထား” ဟု နောက်လိုက် ကြသောအခါ မသန်းချစ်ရင်ထဲမှာ ဖိုခနဲ လှိုက်ခနဲ ဖြစ်သွားခဲ့သည်။
“ဘုရား ဘုရား ကိုသန်းမောင်များ အိပ်မက်ထဲမှာ လာပြောတဲ့ အတိုင်း ဝင်စားရောက်ရှိလာလေရော့သလား””
မကြာခင် ထူးဆန်းသောဖြစ်ရပ်များ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ် လာခဲ့သည်။ အခြားမဟုတ်၊ ရွှေကျီးညိုကလေးက လူစကားကို မပီ ကလာ ပီကလာ စပြောလာခြင်းဖြစ်သည်။ ဦးစွာ စပြောသည့်စကားက ‘သန်းချစ်’ ဆိုသည့် စကားရယ်။
အိမ်သားများက ‘သန်းချစ်၊ သန်းချစ်” ဆိုသည့်အမည်ကို နေ့စဉ် မကြာခဏခေါ်လွန်းမက ခေါ်ကြသောအခါ ရွှေကျီးညိုကလေး နားမှာ စွဲသွားပုံရသည်ထင်သည်။
ပထမ စခေါ်ခါစက ‘တန်းချစ်’ ဟု အသံထွက်သည်။ များ မကြာမီ ‘သန်းချစ်’ ဟု ပီပီသသခေါ်လာတော့သည်။
ဒါ့အပြင် ‘ပဲပြုတ်’ဟု နံနက်တိုင်း အော်လေ့ရှိသည်။ ဒီအသံကို ရွှေကျီးညိုက မှတ်ထားပြီး ဒေါ်ဘုမ ‘ပဲပြုတ်’ ဟု အော်လျှင် သူကလည်း ‘ပဲပြုတ်’ဟု လိုက်အော်လေသည်။
တစ်ခါတော့ ဒေါ်ဘုမက ပဲပြုတ်ခေါ်သံကြား၍ အိမ်ထဲသို့ ဝင်လိုက်ရာ `လူခေါ်သည်မဟုတ်ဘဲ ကျီးကန်းတစ်ကောင်က သူမကို ကြည့်၍ “ပဲပြုတ်၊ ပဲပြုတ်’ ဟု လှောင်သလို အော်နေသည်ကို မြင်ရ ကြားရတော့ ဒေါ်ဘုမ လွန်စွာအံ့ဩသွားခဲ့ရလေသည်။
ဒါမျှမကသေး၊ မသန်းချစ်တို့အိမ်အနီးမှာ အကြော်စုံရောင်း သည့် မိသားစုနေကြသည်။ အကြော်သည်အဒေါ်ကြီး ဒေါ်ကုလားမသည် မနက်လင်းခါနီးကျလျှင် အအိပ်ကြီးသော သူ့သမီးအကြီးမမမွှေးကို နာမည်ခေါ်၍ အော်နှိုးလေ့ရှိသည်။ ‘မမွှေးထတော့၊ ဟဲ့ မမွှေးထ တော့လေ’ ဆိုသည့်စကားကို ကြားရဖန်များသောအခါ ၎င်းအမည်ကို ရွှေကျီးညို အလွတ်ရသွားခဲ့လေသည်။
နံနက်တိုင်း ဘုန်းကြီးကျောင်းမှ တုံးခေါက်သံကြားသည်နှင့် ် ရွှေကျီးညိုက အကြော်သည်အဒေါ်ကြီးအိမ်ရှေ့သို့ သွားရောက်ပြီး ‘မမွှေး ပီ ထတော့၊ မမွှေးထတော့’ဟု အော်လေ့ရှိရာ ကြားရသူတိုင်း အံ့ဩလို့ ာ မဆုံးနိုင်တော့။ အဲဒါပြီးလျှင် အကြော်ဆိုင်ကိုသွားသည်။ အဒေါ်ကြီးက ဗယာကြော်တစ်ခု ကျွေးသည်ကိုစားသည်။ အလုပ်မအား၍ မပေးနိုင်သေးလျှင် ဆိုင်ရှင်အဒေါ်ကြီးကို လိုက်ဆိတ်ကာ တောင်းလေ့ရှိသည်၊ အကြော်ရမှ သူ့အိမ်သို့ ပျံလေ့ရှိသည်။
ညနေပိုင်းရောက်လျှင် ရွှေကျီးညိုက လမ်းထဲမှကလေးများနှင့် ရော၍ကစားသည်။ ကလေးများ သင်ပေး၍ “နိုး၊ နိုး” “မဟုတ်ဘူး၊ မရှိဘူး”ဆိုသည့်စကားလည်း ပြောတတ်ခဲ့သည်။
အများအံ့ဩစရာ ကောင်းသည့်အဖြစ်ကား ပြောလျှင်ယုံချင် မှ ယုံကြပေလိမ့်မည်။
ရွှေကျီးညိုကလေးသည် မသန်းချစ်အလုပ်သို့ သွားသောအခါ ကားဂိတ်ထိအောင် လိုက်ပို့ခြင်းဖြစ်သည်။
ပထမ အိမ်ကထွက်လျှင် မြေကြီးပေါ်မှ ခုန်ဆွခုန်ဆွလုပ်၍ လိုက်သည်။ အတန်ကြာ၍ညောင်းလျှင် သူကကြိုပျံနှင့်ပြီး ရှေ့ကသွား သည်။ ‘ရွှေကျီး ပြန်တော့’ဆိုမှ တစ်ချက်အော် နှုတ်ဆက်ပြီး အိမ်သို့ ပြန်လာလေ့ရှိသည်။
ညနေ (၄)နာရီထိုးလျှင် လမ်းထိပ်အုတ်ခုံတိုင်မှာနား၍ ကလေး များဆော့နေသည်ကိုကြည့်ပြီး အော်ဟစ်မည်။ မသန်းချစ်အလုပ်က ပြန်လာသည်ကိုမြင်လျှင် ကစားနေရာမှ လှစ်ခနဲ ထပျံ၍ ခုန်ဆွခုန်ဆွ လုပ်ကာ သွားကြိုသည်။ မသန်းချစ်က လက်ဆန့်ပေးလိုက်လျှင် လက် ပေါ်မှာခိုနား၍ ပြန်လိုက်လာမည်။ ကလေးများက ဒါကိုမြင်၍ ‘ရွှေကျီးညို လာလေကွာ၊ ငါတို့နဲ့ကစားပါဦးကွ” ဟု ခေါ်လျှင် –
“နိုး နိုး”ဟု ဘိုသံနှင့်အော်ရင်း ခေါင်းကိုယမ်းပြသောအခါ ကလေးများက သဘောကျ၍ မဆုံးနိုင်ကြတော့။
*******
ရွှေကျီးညိုကလေး လူစကားပြောတတ်သောသတင်းသည် တစ် ဆင့်စကား တစ်ဆင့်နားမှသည် အရပ်လေးပါးသို့တိုင် ပျံ့နှံ့ကာ မြင်ဖူး ကြားဖူးလို၍ လာလာကြည့်ကြသည်။ အချို့ လိမ္မာလွန်းလှချည်ရဲ့ဆိုကာ စားစရာများ လက်ဆောင်ပေးကြသည်။ ဓာတ်ပုံများ ရိုက်ကြသည်။
အချို့ကတော့ “ဒါ မသန်းချစ်ရဲ့ ကွယ်လွန်သူယောက်ျား ပြန်ဝင်စားတာပဲ”” ဟု ပြောဆိုဝေဖန်ကြသည်။
မသန်းချစ်က မယုံရဲ ယုံရဲဖြစ်သော်လည်း တစ်ခါတစ်ရံတော့ သံယောဇဉ်စိတ်ကြောင့် လက်ခံချင်သလိုလို စိတ်ကူးရှိတတ်ခဲ့သည်။ ရွှေကျီးညိုလေးသည် သွားလည်းအတူတူ၊ စားလည်းအတူတူ၊ အိပ်လည်း အတူတူ သူနှင့်မခွဲမခွာ ပျော်ရွှင်ချမ်းမြေ့စွာ ရှိနေသည်ကိုတွေးပြီး
ကိုသန်းမောင်များ ဝင်စားလေရော့သလားဟု သံသယဖြစ်ခဲ့ရသည်။
ဆွေတော်မျိုးတော် ကျီးကန်းများက ရွှေကျီးညိုကို မကြာခဏ လာလာခေါ်လေ့ရှိကြသည်။ တစ်ခါတစ်ရံ ဆွေတော်မျိုးတော်များနှင့် လိုက်သွားလေရာ `မသန်းချစ် မျက်ရည်နှင့်မျက်ခွက် ဖြစ်ရသည်။ တော်ပါ သေးရဲ့၊ အချိန်တန်တော့ မသန်းချစ်ရှိရာသို့ ပြန်လာခဲ့သည်။ သို့နှင့် မသန်းချစ်က –
“ရွှေကျီးညိုရယ်၊ ငါ့ကိုချစ်ရင် တစ်ယောက်တည်း မထားခဲ့ ပါနဲ့”ဟု ပြောလိုက်သောအခါ ရွှေကျီးညိုကလေးက တစ်ချက်တွေသွား ခဲ့ပြီး ထိုအချိန်မှစ၍ နောင်ဘယ်သောအခါမျှ အခြားကျီးအုပ်များ လာခေါ်သည့်တိုင်” ရောထွေးလိုက်ပါသွားခြင်း အလျှင်းမပြုတော့။
***********
လူ့ဘဝကံကြမ္မာသည်လည်း ဆန်းပြားများထွေလှ၏။
ထို့အတူ သတ္တဝါတို့၏ ကံကြမ္မာသည်လည်း – ဆန်းကြယ် ထွေပြားလှ၏။
အခုဖြစ်စဉ်ကိုကြည့်။
တစ်နေ့သောအခါ ဖူးစာရေးနတ်မင်းသည် မသန်းချစ်ရဲ့ တစ်ကိုယ်တည်းဘဝကို မကြည့်ရက်လို့ထင့်။ ဖူးစာရေးမြားတစ်ချောင်း နှင့် အသည်းနှလုံးကို ပစ်ခွင်းလိုက်သည်။
မသန်းချစ်က ဘဏ်ကြီးတစ်ခုမှာ ငွေသွင်းငွေထုတ် ကောင် တာထိုင် ဝန်ထမ်းဖြစ်၏။ အဲဒီမှာ ငွေသွင်းငွေထုတ်လာလုပ်သည့် ကိုေကောင်းမြတ်ကျော်ဆိုသည့် လူပျိုကြီးနှင့် လုပ်ငန်းသဘောအရ ရင်းနှီးကြုံတွေ့ခဲ့ရသည်။ ကိုကောင်းမြတ်ကျော်ကလည်း မသန်းချစ်ရဲ့ဣန္ဒြေရှင် အပြုံးနှင့် အတွင်းမနောကို နှစ်သက်လေးစား၍ မကြာခဏ ရောက်လာ လေ့ရှိသည်။
တိုတိုဆိုရလျှင် . . .
ထိုသို့ ခင်မင်ရင်းနှီးလာရာမှသည် ရှေးရေစက်လက်ကျန် ကြောင့်လား . အခုရေစက်အသစ်ကြောင့်လား မသိ၊ သံယောဇဉ်ဖြစ် သွားကြကာ မကြာခင် ချစ်သူများဘဝသို့ ရောက်ရှိသွားခဲ့ကြလေသည်။
ကိုကောင်းမြတ်ကျော်က လက်ထပ်ကြရန် မကြာခဏ ဖွင့်၍ ပြောသည်။
ထိုအခါ ကိုသန်းမောင်ရဲ့ မျက်နှာပေါ်လာပြီး ခေါင်းညိတ်ရ ခက်နေပြန်သည်။ ဆိုရလျှင် ကိုသန်းမောင်ကိုလည်း မမေ့နိုင်သေး။ သူ့ကိုလည်း သံယောဇဉ်ကဖြစ်နေသည်။ ကိုကောင်းမြတ်ကျော်သည် စနေ၊ တနင်္ဂနွေနေ့များ ရောက်လာလျှင် မသန်းချစ်နေအိမ်သို့ အလည် လာလေ့ရှိသည်။ တစ်ခါတစ်ရံ အဲဒီမှာပဲ စားသောက်သည်။
`ထူးဆန်းသည်ကား…….
တစ်နေ့၊ မသန်းချစ်နှင့်ကိုကောင်းမြတ်ကျော် အတူယှဉ်တွဲ၍ ခြံထဲသို့ဝင်လာသည်ကို ရွှေကျီးညိုလေး ရုတ်တရက် မြင်လိုက်သော အခါ စူးစူးဝါးဝါး တစ်ချက်အော်ဟစ်လိုက်ပြီး ကိုကောင်းမြတ်ကျော်အား ထိုးဆိတ်သဖြင့် အိမ်သားများက မနည်းဖမ်းထားကြရသည်။
ခမျာ ထိုင်သာထိုင်နေရသည် ကျီးကန်းက သူ့မျက်လုံးများ ထိုးဆိတ်လိုက်မှာလားဟု သွေးလန့်နေရ၏။ မပြန်မချင်း ဒေါသတကြီး အသံတစာစာနှင့် အော်လေ့ရှိရာ အားလုံးက လက်ဖျားခါအံ့သြကြရ သည်။
************
နောက်ဆုံးတော့လည်း ဆွေမျိုးသားချင်းများ ဝိုင်းဝန်းနားချမှု ကြောင့် နောင်အရေးကိုမျှော်တွေးကြကာ မသန်းချစ်နှင့်ကိုကောင်းမြတ် ကျာ်တို့ ရုံးတက်လက်မှတ်ထိုးပြီး လက်ထပ်လိုက်ကြသည်။
ထူးဆန်းသည်ကား……..
ထိုနေ့က တစ်နေ့လုံး ရွှေကျီးညို လုံးဝအစာမစား။ မသန်းချစ် ခေါ်ကျွေးလည်း မစား။ အခြားလူများက ချော့မော့၍ အစာပြလည်း လုံးဝ မတို့မထိ၊ မစား။
မင်္ဂလာဆွမ်းကျွေးသည့်နေ့ ရောက်သောအခါ ဧည့်ပရိသတ် အစုံရှိနေခိုက် ရွှေကျီးညိုသည် အိမ်ထဲသို့မဝင်ဘဲ ခြံပေါက်ဝ သရက် ကိုင်းမှာနားနေရင်း အိမ်ဘက်သို့ကြည့်၍ ကြေကွဲသံနှင့် အော်နေရှာသည်။ ကလေးများက ဝိုင်းချော့လည်းမရ။ ဘာအစားအစာမှလည်း မစားတော့။ ယုတ်စွအဆုံး အိမ်ထဲသို့ပင် မဝင်။
မသန်းချစ်လည်း ဧည့်ခံရေးကိစ္စများနှင့် အလုပ်များနေ၍ ရွှေကျီးညိုကို လှည့်မကြည့်နိုင်။ မင်္ဂလာဧည့်ခံကိစ္စများ ပြီးစီးတော့မှ ရွှေကျီးညိုကိုသတိရ၍ လှမ်းခေါ်ရတော့သည်။
“ရွှေကျီးညိုရေ”
ကျီးကန်းကလေးက သစ်ပင်ပေါ်မှာပဲ မတုန်မလှုပ်နှင့် ငေး ကြည့်နေသည်။ ခါတိုင်း သူမအသံကြားလိုက်လျှင် လက်ပေါ်သို့ လှစ်ခနဲ လာနားနေကျရွှေကျီးညို ဘာများအလိုမကျပါလိမ့်။
`လာလေ ရွှေကျီးညိုရဲ့၊ လာလာ အစာစားမယ် လာနော်” အကြိမ်ကြိမ်ခေါ်လည်း မလာ။ အချို့က ရွှေကျီးညို စိတ် ကောက် (သို့) စိတ်ထိခိုက်နေသည်ဟု ရိပ်မိကြ၍ ဝိုင်းဝန်းချော့ခေါ် ကြသည်။
ထိုစဉ် ရွှေကျီးညိုကလေးသည် ဝိုင်းဝန်းချော့မော့ ခေါ်နေကြ `သူများကိုကြည့်ပြီး မျက်လုံးအိမ်နှစ်ဖက်မှ မျက်ရည်များ ရုတ်တရက် စီးကျလာသည်ကို အားလုံးက မမျှော်လင့်ဘဲ မြင်လိုက်ကြရသောအခါ တစ်စုံတစ်ခုကိုတွေးမိကြပြီး စိတ်ထိခိုက် ကရုဏာသက်သွားကြသည်။ အံ့လည်း အံ့ဩကုန်ကြသည်။
ရွှေကျီးညိုမျက်ဝန်းက မျက်ရည်ဝဲကျသည်ကို သူတို့ တစ်ကြိမ် တစ်ခါမျှ မမြင်ဘူးကြ။
“ရွှေကျီးညိုရယ်”
မသန်းချစ်က ကျီးကန်းလေး မျက်ရည်ဂိစွက်နေသည်ကိုကြည့် ပြီး သူမပါ အလိုလိုပါးပြင်ပေါ်သို့ မျက်ရည်ဥများ စီးလိမ့်ကျလာသည်။
ကိုကောင်းမြတ်ကျော်က ကြင်စဦးဇနီးသည် စိတ်ထိခိုက်နေသည်ကို သိ၍ ကြင်နာစွာပခုံးကိုလာဖက်ပြီး နှစ်သိမ့်မှုပေးလိုက်သည်။
မသန်းချစ် စကားမပြောနိုင်တော့။ စိုစွတ်မျက်ရည်စက်များ နှင့် ဟိုးအဝေးကို ငေးမောကြည့်နေသည့် ရွှေကျီးညိုကလေးကိုကြည့် ၍ မျက်ရည်သာတွင်တွင်ကျနေမိသည်။
ထိုစဉ် ရွှေကျီးညိုကလေးသည် သစ်ပင်ကိုင်းပေါ်မှခုန်ပျံကာ မသန်းချစ်ပခုံးပေါ်သို့ ဖွဖွလေးလာ၍နားလိုက်သည်ကို အားလုံးပဲမြင် လိုက်ကြရသည်။ မသန်းချစ် အရမ်းဝမ်းသာသွားခဲ့သည်။
ထိုအချိန်မှာပင်
တိရစ္ဆာန်ဖြစ်သော ရွှေကျီးလေးသည် သူ့သခင်မ မသန်းချစ်ရဲ့ ညာဘက်ပါးကို သူ့ရဲ့နှုတ်သီးနှင့် အတန်ကြာ ဖွဖွလေးတို့ဆိတ်ပွတ် သပ်ပြီးနောက် ရုတ်ခြည်းပဲ ခြံထဲမှသည်ခြံပြင်သို့ ထိုးပျံသွားတော့ သည်။
“ရွှေကျီးညိုရေ ပြန်လာခဲ့လေ ရွှေကျီးညိုရဲ့’’
မသန်းချစ်ကလည်း လှိုက်လှဲသံနှင့် အော်၍ခေါ်သည်။ ကျန်လူ များကလည်း ဝိုင်း၍ အော်ခေါ်ကြသည်။
“ရွှေကျီးရေ လာလာ လာလာ”
“သား ရွှေကျီးညို ပြန်လာလေ သားရယ် လာလာ လာ..လာ’
ရွှေကျီးညို ပြန်မလာတော့ပါ။ လှည့်၍လည်း မကြည့်တော့ ပါ။ နောက်ဆုံး နှုတ်ဆက်သည့်အနေနှင့် ဝန်းကျင်မှာပဲလိုက်ပြီး ကြေ ကြေကွဲကွဲ ရင်ခေါင်းသံပါသော (အာလုပ်)သံနှင့် အော်လိုက်ပြီးနောက် မိုးကောင်းကင်လေထုအတွင်းသို့ တိုးဝင်သွားခဲ့သည်။
သူတို့ တစာစာ အော်ဟစ်ခေါ်နေကြသည့် အချိန်မှာပင် အဖော် ကျီးအုပ်အကောင် ငါးဆယ်ခန့်သည် ရွှေကျီးညိုကို ဝမ်းသာအားရ ဖေးမ ၍ ဟိုးအဝေးသို့ ခေါ်ဆောင်သွားကြသည်ကို နောက်ဆုံးအဖြစ် ဆို့နစ် ကြေကွဲစွာ မြင်လိုက်ကြရလေသည်။
*************
သတ္တဝါ ကြေကွဲမျက်ရည်ကျသည့်မြင်ကွင်းကို ကျွန်တော်တို့ အားလုံး ကိုယ်တိုင်ကြုံလိုက်ရသောအခါ ဘဝ၏ဆန်းကြယ်သော ဖြစ်ရင် များကို အံ့မခန်း ဖြစ်ခဲ့ရသည်။
လေးစားအပ်ပါသော စာဖတ်သူများ ခင်ဗျား ..
အကယ်၍များ သွားရင်းလာရင်း ဦးခေါင်းပေါ်မှာ ရွှေရောင် အကွက်ကလေးတစ်ကွက်ပါသည့် ကျီးကန်းကလေးတစ်ကောင်ကို မြင်တွေ့ကြုံကြိုက်ခဲ့ကြပါမူ သူ့မျက်ဝန်းမှာ မျက်ရည်စိုစွတ်နေသည်ကို အစဉ်သတိပြု၍ သတိရကြပါ။
ထိုမျက်ရည်စက်များကို သုတ်ပေးခွင့် ကြုံကြိုက်ခဲ့ပါလျှင် ကရုဏာလက်အစုံနှင့် ရင်ငွေ့ကိုလှုံစေပြီး သုတ်ပေးလိုက်ကြစေချင်ပါသည်။
အဘယ်ကြောင့်ဆိုရပါမူ …
သူသည် ဘဝခြားလျက်နှင့် အချစ်အတွက် သံယောဇဉ်အတွက် ရင်ကွဲနာကျကာ မျက်ရည်ကျနေသော လူဝင်စားငှက်တစ်ကောင်ဟု ထင်မှတ်ဖွယ် ဖြစ်သောကြောင့်ပါတည်း။
*
မောင်ညိုမှိုင်း (သန်လျင်)
စာစီ-ဇေယျာမိုး(မွန်းလေးဖေဖေ)