သမီးစားပွဲထိုးမလေး(စ/ဆုံး)
—————–
သမီးလေး သည်ကနေ့အိမ်ပြန်ရောက်တော့မျက်နှာမကောင်းဘူး။
အလုပ်မှာအဆင်မပြေဘူးထင်တယ်။
ကျမခင်ပွန်းရုတ်တရက်ဆုံးပါးသွားတော့ကျမမှာသမီးလေးတစ်ယောက်နဲ့သားလေးတစ်ယောက်ကျန်ခဲ့တယ်။
သားလေးကအခုမှငါးတန်တက်မှာ။
သမီးလေးကဆယ်တန်းကျ။
သူ့အဖေမရှိတော့တဲ့နောက်ဆယ်တန်းဆက်မတက်တော့ဘူး။
စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာအလုပ်ဝင်လုပ်တယ်။
စားပွဲထိုးပေါ့။
တစ်လမှတစ်သိန်းခွဲပဲရပါတယ်။ဒါပေမဲ့စာရိတ်ငြိမ်းရတာမို့မဆိုးဘူးပြောရမယ်။
အလုပ်ဝင်တာသုံးလလောက်ရှိပြီ။
ခြောက်လပြည့်ပြီးရင်တော့လစာတိုးပေးမှာတဲ့။
အလုပ်ကရှားပါးတော့သည်းခံပြီးလုပ်ဖို့သမီးကိုဆုံးမရတယ်။
သမီးလေးကအခုမှအလုပ်လုပ်ဖူးတာမို့စိတ်ဓာတ်မကျအောင်လည်းပြောရတယ်။
သည်နေ့ဘာဖြစ်လာလို့ပါလိမ့်။မျက်နှာမကောင်းဘူး။
ထမင်းစားတော့မလားမေးတော့စားပြီးခဲ့ပြီလို့ပြောတယ်။
ဟုတ်တာပေါ့လေ။
ညနေခြောက်ရီတောင်ရှိပြီးပဲ။ညကျမှသမီးကိုမေးရတယ်။
ဆိုင်မှာပြဿနာဖြစ်ခဲ့လို့လားပေါ့။
သမီးကပြောတယ်။
သမီးသည်နေ့ဆိုင်ရှင်အမကြီးကဆူလိုက်သတဲ့။
သမီးအပြစ်လုပ်မိရင်တော့ဆူမှာပေါ့သမီးရယ်လို့ကျမနှစ်သိမ့်ပေးရတယ်။
သမီးအပြစ်လုပ်မိတာမဟုတ်ဘူးထင်တာဘဲအမေရယ်လို့ပြောပြီးသမီးကမျက်ရည်ကျတယ်။
အို..ဖြစ်ရလေသမီးရယ်။
အမေ့ကိုပြောပါဦး။
ဘာကြောင့်အဆူခံရတာလဲ။ဘယ်လိုများဆူလိုက်လို့လဲလို့ပျာပျာသလဲမေးရင်းကျမလေ..သမီးရဲ့ခေါင်းလေးကိုလက်နဲ့ပွတ်နေမိတယ်။
သမီးလေးကပြောတယ်။
သမီးတို့ဆိုင်မှာအီကြာကွေးတစ်ချောင်းကိုသုံးရာရောင်းတယ်အမေတဲ့။
တစ်နေ့ကျတော့ဆိုင်မှာလာတဲ့ဧည့်သည်တစ်ယောက်ကအီးကြာကွေးတစ်ချောင်းဘယ်လောက်လဲလို့မေးတယ်။
သုံးရာပါလို့သမီးကပြောတော့ဧည့်သည့်ကစျေးပေါလိုက်တာတဲ့။
ဟိုနားကဆိုင်ကြီးမှာဆိုငါးရာရောင်းတာတဲ့။
အဲ့ဒါကိုသမီးကအမကြီးရဲ့တူမကိုတော့ပြောလိုက်တယ်အမေရယ်။အမကြီးကိုတော့မပြောလိုက်မိဘူး။
အမကြီးကသူ့ကိုမပြောရကောင်းလားဆိုပြီးသမီးကိုခေါ်ဆူတယ်အမေ။
အို..ဟုတ်ရဲ့လားသမီးရယ်။ဘယ်လိုများဆူလဲသမီးရယ်။
သမီးကပြောပါတယ်။
ဆိုင်ရှင်အမကြီးကသမီးကို
“”ဟိုဘက်ဆိုင်မှာအီကြာကွေးတစ်ချောင်းကိုငါးရာထောင်ရောင်းတယ်ဆိုတာနင်သိတာမှုတ်လား။သူများဆိုင်မှာငါးရာရောင်းတာကိုသိရက်နဲ့နင်ငါ့ကိုဘာ့ကြောင့်မပြောတာလဲ။
မတိုးကိုပြောတယ်ဟုတ်လား။မတိုးကိုပြောရအောင်မတိုးကဘာလဲ။
သူကဆိုင်ရှင်လား။
ငါကဆိုင်ရှင်လား။
ငါကျွေးတဲ့ထမင်းကိုစားနေပြီးနင့်စိတ်ကငါ့အပေါ်မှာမရှိဘူး။
နင်တို့စိတ်ကငါ့အပေါ်မရှိရင်ငါ့စိတ်ကလည်းနင်တို့အပေါ်မရှိနိုင်ဘူး။
သတိထားနေ။
ကိုယ်နေတဲ့ဆိုင်ရဲ့အကျိုးကိုဆောင်ဖို့နင်တို့စိတ်မရှိဘူး။
သူများဆိုင်စျေးတက်ရောင်းရင်ကိုယ့်ဆိုင်လည်းစျေးတက်ရောင်းရမယ်ဆိုတာမသိဘူးလား””လို့ပြောတယ်တဲ့။
ကျမစိတ်မကောင်းလိုက်တာ။သမီးလေးကဧည့်သည့်တွေရှေ့မှာကျေးဇူးကန်းသူတစ်ယောက်လို့အပြောခံလိုက်ရတဲ့အတွက်ရှက်ရှာမှာပေါ့။
ကျမသမီးလေးကိုဘယ်လိုပြောပြီးနှစ်သိမ့်ရပါ့မလဲ။
သမီးလေးရဲ့အမှားမှမဟုတ်တာ။ဒါပေမဲ့..သမီးမမှားဘူး၊သမီးကပြန်ပြောပစ်လိုက်ရမှာလို့သမီးကိုကျမ မသင်ချင်ဘူး။
မှားမှား၊မှန်မှန်ခေါင်းငုံ့ခံရမယ်လို့လည်းမဆုံးမ ချင်ဘူး။
သမီးလေးကစားပွဲထိုးသမလေးပါ။
သိတဲ့သတင်းကိုပြောချင်ရင်ပြောနိုင်သလိုမပြောဘဲလည်းနေနိုင်ခွင့်ရှိပါတယ်။
ကျမသမီးကိုသည်းခံဖို့ပြောရတယ်။
ဝမ်းမနည်းဖို့ပြောရတယ်။
ဘဝကပေးတဲ့သင်ခန်းစာအဖြစ်သဘောထားဖို့ဆုံးမပါတယ်။
သမီးလေးကခေါင်းလေးညိတ်လို့နားထောင်ရှာတယ်။
စားပွဲထိုးသမီးလေးကိုလောကဓံရဲ့ရိုက်ချက်မှန်သမျှကိုအပြုံးနဲ့တုန့်ပြန်နိုင်အောင်ကျမသင်တယ်။အခက်အခဲမှန်သမျှအပြုံးမပျက်ရင်ဆိုင်နိုင်အောင်ကျမလေ့ကျင့်ပေးပါတယ်။
သမီးလေးကလည်းကျမလေ့ကျင့်သင်ကြားသမျှကိုလိုက်နာသင်ယူတယ်။
သမီးလေးရတဲ့လစာကိုလည်းကျမကမသုံးပဲစုထားပါတယ်။ကျမနဲ့ကျမသားလေးစားဖို့စတဲ့ကုန်ကျစာရိတ်ကိုကျမအဝတ်အငှါးလျှော်လို့ရတဲ့ငွေနဲ့မျှတအောင်သုံးစွဲပါတယ်။
ကျမတို့မိသားစုလေးဟာခြိုးခြံချွေတာစားသောက်ရင်းငွေကြေးအတော်အတန်စုမိလာပါတယ်။တကယ်လုပ်ရင်အဟုတ်ဖြစ်တယ်ဆိုတာကိုသမီးလေးလည်းယုံကြည်လာပါတော့တယ်။
သမီးလေးအိမ်ထောင်ပြုတော့မယ်ဆိုတော့ကျမစိုးရိမ်သွားပါသေးတယ်။
ဘယ်လိုလူမျိုးနဲ့အိမ်ထောင်ပြုမှာလဲ။
ပေါ့ပေါ့နေ၊ပေါ့ပေါ့စားကောင်လေးမျိုးနဲ့ဖြစ်ခဲ့ရင်ကျမသမီးလေးကိုယ်ကျိုးနည်းရချည်ရဲ့ပေါ့။
သမီးလေးကသည်လောက်အထိတော့မညံ့တန်ကောင်းရဲ့။
သမီးကိုမေးရတာပေါ့။
သမီးလေးအလုပ်လုပ်တဲ့ဆိုင်ကမုန့်လုပ်တဲ့မုန့်ဆရာလေးနဲ့တဲ့။
ဟုတ်ပါ့မလားသမီးရယ်။ဘဝတူချင်းမို့သင့်တော်ပေမဲ့..ဖွတ်၊ဖွတ်ချင်းနပန်းလုံးရင်ဖွတ်လေးတွေပဲပွါးလာမလားလို့။
အို..ရိုးသားပြီးကြိုးစားတဲ့ယောက်ျားဟာကြီးပွါးအောင်စွမ်းနိုင်ကြသားပဲ။
ကျမစိတ်ပူနေဖို့အချိန်မပေးချင်ပါဘူး။
သဘောတူပေးစားလိုက်တယ်။
ကျမတို့မိသားစုမှာယောက်ျားသားတစ်ယောက်တော့မားမားမတ်မတ်နဲ့ရပ်တည်လာသူရှိလာတာပေါ့။
သမီးယောက်ျားဆိုတော့ကျမသားပဲဆိုပါတော့။
သားကအသောက်အစားမရှိဘူး။သမီးတင်မကကျမပါကံကောင်းတာပေါ့။
အသောက်အစားကင်းတဲ့လူငယ်ကလည်းရှားတယ်မဟုတ်လား။
သားကမုန့်ဆရာဆိုတော့လစာကသုံးသိန်းလောက်ရတယ်။
သမီးကလစာနှစ်သိန်းဆိုတော့တလငါးသိန်းပေါ့။
ကျမရဲ့အဝတ်အငှါးလျှော်လို့ရတဲ့လစာကလည်းမနည်းပါဘူး။ရသမျှပိုက်ဆံကိုသားရောသမီးပါကျမကိုအကုန်အပ်ကြတယ်။
ကျမကလည်းသူတို့ရှေ့ရေးအတွက်စုဆောင်းပေးထားပါတယ်။
သားငယ်လေးလည်းဆယ်တန်းအောင်သွားပါပြီ။
ကျမကိုလည်းအဝတ်မလျှော်တော့ဖို့သမီးကတားပါတယ်။
ကျမကတော့ငါလျှော်နိုင်ပါသေးတယ်လို့ပြန်ပြောနေပေမဲ့အရင်လိုတော့မသွက်တော့ပါဘူး။
သား(သမီးခင်ပွန်း)ကကိုယ်ပိုင် စားသောက်လေးဖွင့်ဖို့ပြောလာပါတယ်။
သမီးကလည်းအချက်အပြုတ်ကျွမ်းကျင်နေပါပြီ။
ကျမကတော့စုပေးထားတဲ့ငွေကိုထုတ်ပေးလိုက်ပါတယ်။
ကျမရဲ့သမီးလေးစားသောက်ဆိုင်ပိုင်ရှင်လေးဖြစ်လာပါတယ်။
ကျမဝမ်းသာလိုက်တာ။
စားပွဲထိုးကလေးမလေးသုံးယောက်ခေါ်ထားတယ်။
သမီးကကိုယ်တိုင်ချက်ပြုတ်တယ်။
သားကမုန့်လုပ်တယ်။
စားပွဲထိုးလည်းလုပ်ပါတယ်။ပျော်ပျော်ရွှင်ရွှင်ပါပဲ။
တစ်နေ့ကသမီးနဲ့စားပွဲထိုးကလေးမလေးစကားပြောနေတာကျမကြားတယ်။
“”ဟိုဖက်ဆိုင်ကထမင်းအဝစားငါးထောင်ကိုအသားဟင်းနှစ်မျိုးပေးတယ်ဆိုတာကိုသမီးဘယ်လိုသိလဲ””
“”ဆိုင်မှာထမင်းလာစားတဲ့ဧည့်သည်တစ်ယောက်ကပြောတာမမ””
“”အဲဒါကိုမမကိုဘာလို့မပြောတာလဲ””
“”သမီးကမမကိုမပြောရဲဘူး။သူများဆိုင်လိုဟင်းနှစ်မျိုးပေးရရင်ကောင်းမလားလို့ပြောချင်တာ။
ပိုရောင်းကောင်းမယ်လို့သမီးထင်တယ်။
ကိုက်မကိုက်ကိုတော့သမီးမသိဘူးမမ””
“”ဟုတ်ပါပြီကွယ်..မှန်တာပေါ့သမီးရယ်။
သူများရောင်းနိုင်သလိုကိုယ်လည်းရောင်းနိုင်ရမှာပေါ့။
သမီးအခုလိုပြောပေးတာကျေးဇူးပါကွယ်””
စားပွဲထိုးကလေးမလေးပျော်သွားတယ်။
ကလေးမလေးတင်မဟုတ်။
ကျမလည်းဝမ်းသာသွားပါတယ်။ကျမသမီးလေးကစားပွဲထိုးဘဝကလာတဲ့ဆိုင်ရှင်မလေးပါလား။
စာနာတတ်တာပေါ့။
ကိုယ်ချင်းစာတတ်တာပေါ့။
သာဓု…သာဓုပါ..သမီးရယ်။
အခုမှငါ့သမီးလေးကတကယ့်အဖိုးတန်သမီးလေးဖြစ်လာတာပါကွယ်။
ကိုဝင်းသိန်း(မူဆယ်)
(၂၁-၁၁-၂၃