ရင်ထဲကအမေ(စ/ဆုံး)
—————-
🙏🙏🙏 ရင်ထဲက အမေ🙏🙏🙏
“မေမေ ဒါ သမီး သူငယ်ချင်း ဆု။ နယ်ကပြောင်းလာတာ
မကြာသေးဘူး မေ”
ဆု ဒါ ငါ့မေမေ ”
“သမီးငယ်က ဆုအကြောင်း ပြောပြောနေလို့ အန်တီကနာမည်ကို ရင်းနှီးနေတာကြာပြီ…အိမ်မှာ နို့စိမ်းခေါက်ဆွဲချက်စားတာနဲ့ ဆုကိုကျွေးချင်လို့ခေါ်လိုက်တာ။ သူငယ်ချင်းနှစ်ယောက် အေးဆေး စကားပြောရင်း စားကြနော်။ အန်တီ အဓိဌာန်ဝင်လိုက်ဦးမယ်” အန်တီထွက်သွားမှ
“အန်တီက ဒီချိန် အဓိဌာန်ဝင်တာလားမေလေး”
“မေမေက မနက်ဆို ဘုရားခန်းခဏဝင်ပြီးတာနဲ့ အိမ်အလုပ်တွေက တန်းစီနေတာလေ။ နေ့လယ် အလုပ်
တွေပြီးမှ အေးအေးဆေးဆေး အဓိဌာန်ဝင် ဘုရားရှိခိုးရတာ”
“အန်တီ့လက်ရာက စားကောင်းတယ်နော်…
နင်တို့တွေ ဒီလိုပဲ အမြဲ ချက်စားတာလား”
“အေး ဟုတ်တယ် ငါတို့ မိသားစုက ၇ယောက် ဆိုင်မှာကူတဲ့ အလုပ်သမားက ၃ယောက်။ လူများတော့ တခုခုဆို အိမ်မှာချက်စားတော့ တန်တယ်လေ။ စိတ်ကြိုက်စားရတယ်ဟာ ဖေဖေကလည်း အပြင်စာ မကြိုက်ဘူး”
” စားအိုးကြီးတော့ နင့်မေ နိုင်ရဲ့လား”
“ဖေဖေတို့ မောင်နှမသုံးယောက်က ဆိုင်ထွက်တယ်။ အဘွားနဲ့ မမနဲ့က ဈေးဝယ်တယ်။ ငါက မေမေ့ကို ကူရတယ် မိဘတွေကို ကူတတ်ဖို့ အဘွားက သင်ထား
တော့ မေမေ မပင်ပန်းတော့ဘူးလေဆုရဲ့”
” ဟင်းရည်ထည့်တာများသွားလို့ ဗိုက်ပြည့်သွားပြီ.. ငါ
မကုန်တော့ဘူး ဘယ်လိုလုပ်ရမလဲ မေလေး”
မေလေးက မကုန်သော ဟင်းရည်များအား ကျွတ်ကျွတ်အိပ်နဲ့ထည့်၍ လွှင့်ပစ်ပြီး ဆေးကြောရှင်းလင်းသွားသည်မှာ ဘယ်လောက်မှ မကြာလိုက်ပေ။
“မေလေး ဘာလို့ ကျွတ်ကျွတ်အိပ်နဲ့ လွှင့်တာလဲ”
” စားပြီး မကုန်တာတွေ အရိုးတွေကို ဒီတိုင်းလွှင့်လိုက်ရင် အမှိုက်တောင်းမှာ ပုရွက်ဆိပ်တက်မယ်။ ယင်အုံမယ် အနံ့အသက်မကောင်းဘူးလေ.. ဘေစင်မှာ သွန်ရင်လည်း ရေပိုက်ပိတ်သွားမယ်..ရေမြောင်းလည်း ညစ်ပတ်တယ် အဲဒါကြောင့် အိပ်နဲ့ထည့်ပြီး လွှင့်တာ”
ဆု တစ်အိမ်လုံးအနှံ့ အကဲခတ်ကြည့်တော့ ဖုန်တစ်စက်
ပင့်ကူတစ်မျှင် မရှိပေ။ မီးဖိုချောင်သည်လည်း သန့်ရှင်းသပ်ရပ်ခြင်းကို ကြည့်ခြင်းအားဖြင့် မိခင်တစ်ယောက်၏ အိမ်တွင်းမှုနိုင်နင်းခြင်း၊ သမီးတွေအပေါ် ဆုံးမသွန်သင်ခြင်းကို စိတ်ထဲမှနေ၍ ချီးကျူးမိ၏။
**************************************
“သမီးငယ် ကျောင်းသွားရင် ထီးယူသွားနော်”
“မိုးမရွာလောက်လို့ မယူတော့ဘူး မေ့”
ကျောင်းသွားချိန်တိုင်း မေလေးမှာ ဆုအားဝင်ခေါ်ပြီးမှ သွားလေ့ရှိရာ ဆု၏အိမ်နားအရောက် ရုတ်တရက်မိုးရွာချ၍ ကျောင်းဆက်သွားလို့မရသဖြင့် အိမ်ပြန်လာရာ
မိုးသည်းကြားမှ တရွေ့ရွေ့လှမ်းလာနေသောပုံရိပ်တစ်ခု။
“ဟင် မေမေ”
အိမ်ထဲမှ အိမ်ပြင်ထွက်လေ့မရှိသော မေမေ။
မေလေး ထီးပါမသွား၍ စိုးရိမ်စွာဖြင့် မိုးထဲလေထဲ ထီးလိုက်ပေးသော မိခင်အား အံ့အားသင့်စွာ တွေ့လိုက်ရသည်။ မိခင်ဖြစ်သူရှိရာ လမ်းတစ်ဖက်ခြမ်းသို့ ကူးရန်အသွား ဓာတ်တိုင်မှ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးမှာ ဝါယာရှော့ ဖြစ်နေ၍ မီးပွားများထွက်နေရာ လူကြီးတစ်ယောက်မှ မေလေးအား ရှေ့ဆက် မသွားရန်အော်၍သတိပေးနေသော်လည်း မိုးသံလေသံများကြား သဲကွဲစွာ မကြားရပေ။
ဓာတ်တိုင်အောက်မှ မေလေးဖြတ်ပြီးချိန် မီးကြိုး
ပြတ်ကျသည်မှာ လက်မတင်လေးပင်။ ထိတ်လန့်စိတ်ဖြင့် စက်ဘီးလဲလေသည်။
“သမီး ဘယ်နား နာသွားသေးလဲ”
“မနာ မနာဘူး မေမေ..သမီးအိမ်ပြန်ချင်တယ်..ကျောင်းဆက်မသွားတော့ဘူးမေ့”
” အေးအေး မသွားတော့နဲ့ မိုးရေရွှဲနေတာ အိမ်ပြန်နားမှဖြစ်မယ် တော်ကြာအအေးမိနေမှ”
ညရောက်သော် မိုးမိပြီး အအေးမိသည့်ဒဏ် စက်ဘီးလဲ
သည့် ဒဏ်ရာများဖြင့် မေလေး ဖျားလေရာဆေးသောက်
ပြီး အိပ်ရာဝင်ရလေသည်။ မေလေး ညတရေးနိုးချိန် အဖျားရှိန်ဖြင့် “ဖေဖေ” ဟုခေါ် ပြီး သတိလစ်သွားလေ၏။ ဖခင်မှ ရှေးဦးလူနာပြုစုနည်းဖြင့် ပြုစုသော်လည်း သတိရမလာပေ။ အဒေါ်များမှ ခြေမချိုးသော်လည်း
အကြောင်းမထူးပေ။ ထိုအချိန် အိမ်ခေါင်မိုးထိပ်မှ
ငှက်ဆိုးထိုးသံအား ကြားရချိန် မေမေက သရဏဂုံ
တည်၍ ပြုခဲ့ဖူးသမျှ ကုသိုလ်ကောင်းမှုအစုစုအား ဘုရားရှင်ထံရည်မှန်း၍ တိုင်တည်နေသံကို မေလေးကြားသိသော်လည်း လူက လှုပ်၍မရပေ။ ခဏအကြာ ငှက်ဆိုးထိုးသံမှာ အရှေ့တောင်ဘက်သို့ ထွက်သွားပြီးမှ
မေလေး သတိရလာလေသည်။
“မေနဲ့ဖေ သမီးကြောက်တယ်”
“မကြောက်နဲ့သမီး အနားမှာ ဖေနဲ့မေ ရှိတယ်။ အဒေါ်
တွေလည်းရှိတယ်။စိတ်ကို အေးအေးထား အသက်ကိုဝအောင်ရှု”
“ဘယ်လို ဖြစ်သွားတာလဲ သမီးငယ်”
” တရေးနိုးတဲ့ချိန် ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာလို့
ဖေဖေ့ကို လှမ်းခေါ်လိုက်တာ ပြီးတော့မျက်စိထဲ
မှောင်လာပြီး ဘာမှ မသိတော့ဘူး…အဒေါ်တွေ ငိုသံလဲကြားတယ်။ အိမ်ပေါ်တည့်တည့် ငှက်ဆိုးအော်နေတာလည်း သိတယ်။ လူက လှုပ်လို့မရ မျက်လုံးဖွင့်ချင်တာ ဖွင့်မရဘူး။ ကိုယ့်ကိုကိုယ် သေပြီလို့ ထင်လိုက်တာ။ မေမေ့ သရဏဂုံရွတ်သံကြားပြီး ငှက်သံကြီး ဝေးသွားမှ သမီးသတိပြန်ရလာတာ။ စိတ်ထဲမှာ အရမ်းကြောက်တယ် မေမေ”
ဘုရားတရားဂုဏ်ကျေးဇူး၊ မိခင်၏ သစ္စာဆိုစကား
အပြင် သေကံမရောက်သေးသည့် မေလေး၏ ကံတရားတို့ကြောင့် သတိပြန်လည်လာကြောင်းကို မနက်
မိုးလင်းမှ သဘောပေါက်ရလေသည်။ အကြောင်းမှာ ရပ်ကွက်အရှေ့ပိုင်းမှ အဘွားအိုတစ်ယောက်
ညဉ့်နက်ပိုင်း၌ ရုတ်တရက် ဆုံးပါးသွားသောကြောင့်
ဖြစ်လေသည်။
မြန်မာလူမျိုးတို့၏ အယူအဆအရ ငှက်ဆိုးထိုးလျှင်
နိမိတ်မကောင်းဟု ယူဆထားရာ မေလေးမှာ သတိလစ်သွားချိန် ငှက်ဆိုးသံလည်းကြားရသဖြင့် ပစ်ရပြီထင်
ပြီး မိခင်မှ သရဏဂုံတည်၍ သစ္စာဆိုလေရာ သတိပြန်လည်လာခြင်း၊ မေလေးအသည်းအသန် ဖြစ်နေချိန် တခြားလူတစ်ယောက် ဆုံးပါးသွားခြင်းကို ထောက်ရှုခြင်းဖြင့် သေမင်းတမာန်ငှက်ဆိုးမှာ အိမ်မှား၍ လာရှာသလားဟုပင် တွေးထင်မိလေသည်။ မိခင်၏ သရဏဂုံတည်ခြင်းကိုသာ မကြားရပါက မေလေးမှာ မရဏတိုင်းပြည်သို့ လူမှား၍ ရောက်သွားနိုင်ကြောင်း ဆင်ခြင်မိသောကြောင့် ဖြစ်လေသည်။
မိဘများမှ မေလေးတို့ ညီအမအား ငယ်စဉ်ကလေးဘဝကတည်းက လိမ္မာယဉ်ကျေးအောင်ဆုံးမထားခြင်း၊ ဘာသာတရားနဲ့ နီးစပ်အောင် ဘုရားကျောင်းကန်များသို့ မကြာခဏခေါ်သွားခြင်း၊ ဘုရားခန်းဝေယျာဝစ္စများ လုပ်ဆောင်စေခြင်း၊ အခါကြီးရက်ကြီးများ၌ ဥပုသ်စောင့်တည်စေခြင်း၊ အလိမ္မာစာမှာရှိ ဆိုစကားနှင့်အညီ စာပေဝါသနာပါအောင် လေ့ကျင့်ပေးထားခြင်းတို့ကြောင့် မိဘ
ကျေးဇူးအား ခံစားသိရှိသော်လည်း မိုးရွာသည့်တစ်ရက် မိခင်မေတ္တာတရားကြီးမားပုံအား ထင်ထင်ရှားရှား သိမြင်ခံစားမိသဖြင့် နှလုံးသားထဲ၌ အမေ့မေတ္တာအား လှပစွာ
ကဗ္ဗည်းထိုးမိပါသည်။ ။
ရင်ငြိမ်းပန်း