ဆဲတတ်သူများနှင့် တစ်ညနေ (ဝတ္ထုတို)✍️ ဂျူး
📔📔📔
ဆေးလိပ်မီးခိုးငွေ့များ တစ်စတစ်စ ပါးလျားကာ ပျောက်ကွယ်သွားပြီ။ ကွင်းတစ်ခုလုံး သက်ဝင်လှုပ်ရှားနေခဲ့သော ကစားသမားတို့၏ လှုပ်ရှားမှု့များသည် ပျောက်ကွယ်သွားပြီ။ အော်ဟစ် ဆဲဆိုသံများဖြင့် ဆူညံနေခဲ့သော ကျွန်မ ပတ်ဝန်းကျင်တွင် လူမရှိတော့သော ထိုင်ခုံလွတ်များသာ ကျန်တော့သည်။ ကစားကွင်း မြက်ခင်းပြင်သည် ယခုတော့ တိတ်ဆိတ်လျက်ရှိ၏။
ထွက်ပေါက်တွင် တရွေ့ရွေ့တိုးထွက်နေကြသော လူအစုအဝေးများ ရှင်းသွားသည်အထိစောင့်ရင်း ကျွန်မတို့နှစ်ယောက် ခုံတန်းများဆီမှ တဖြည်းဖြည်း ဆင်းလာခဲ့ကြသည်။ ဘောလုံးပွဲပြီးသွားသော်လည်း ကျွန်မစိတ်ထဲတွင် လွတ်လပ်ပေါ့ပါးမသွားပါ။ ကျွန်မ မျှော်လင့်သည့် ကစားကွက်မျိုးကို မမြင်တွေ့ရ၍ပဲလား။ ကျွန်မအာရုံတွင် ယခုတိုင် စွဲထင်လျက် ကျန်ရစ်နေသော ဥရောပတံခွန်စိုက်ပွဲ၏ ဘောလုံးကစားဟန်များကြောင့်ပဲလား။ ဤခြေစမ်းပွဲကို ကျွန်မ အားမရပါ။ ဘောလုံးပွဲကြည့်နေရသည်ဟုလည်း မခံစားရပါ။ သည်ကြားထဲတွင် ကံဆိုးဝါးစွာ ကျွန်မတို့အနီးမှ လူတချို့က ဘောလုံးသမားများကို ပျစ်ပျစ်နှစ်နှစ် အော်ဆဲနေသောကြောင့် ကျွန်မစိတ်ပျက်နေခဲ့ရသည်။
“သိပ်မိုက်ရိုင်းတာပဲ” လွှတ်ကနဲ ရေရွတ်ရှုတ်ချမိတော့ မောင်က ကျွန်မ လက်ဖဝါးကို သတိပေးသလို ဆုပ်ညှစ်၏။ ကျွန်မတိတ်ဆိတ်စွာ မျိုသိပ်သည်းသည်းခံ၍ ဆက်လက် ကြည့်ရှုခဲ့ရသည်။ သို့သော် နောက်ထပ် မိနစ်နှစ်ဆယ်ကြာတော့ ကျွန်မအနားက လူတွေ အော်ဟစ်ဆဲရေးကြပြန်သည်။ ကျွန်မ … ရုတ်တရက် ထပြန်ရန်ပင် စိတ်ကူးမိပြီး မောင့်ကို တိုင်ပင်မိသည်။ မောင်က မပြန်ချင်ခဲ့ပါ။
“ဆဲချင်သလောက် ဆဲပါစေကွာ။ မကြားချင်ယောင်ဆောင်နေလိုက်ပေါ့။ သူတို့ ဘယ်တုန်းကတည်းက ဆဲချင်နေမှန်းမှ မသိတာ။ ယောက်ျားတော်တော်များများက ဒီလိုပဲကွ။ ဘောလုံးပွဲမှာ လာလာဆဲကြတာပဲ”
အဲသည် ယောက်ျားအမျိုးအစားထဲမှာ မောင်ပါနေသလားဟု ကျွန်မ မယုံသင်္ကာမေးမိတော့ မောင် မျက်မှောင်ကြုတ်၍ ငြင်းခဲ့သည်။
“ကြံကြီးစည်ရာကွာ။ ကိုယ်ဘယ်တုန်းက ဆဲတတ်ဖူးလို့လဲ။ အဲဒီလို အောက်တန်းကျတဲ့အစားထဲ ကိုယ်မပါဘူး”
သူ့ကိုယ်သူ ဂုဏ်တင်လိုစိတ်ဖြင့် ကာကွယ်လိုက်သော စကားသည် အခြားလူအမျိုးအစားကို စော်ကားလိုက်သလိုဖြစ်သည်ဟု မောင်တွက်ဆဟန်မတူပါ။ မောင့်စကားကို သူတို့ကြားပြီးရန်ဖြစ်မှာ၊ ထိုးကြိတ်မှာ စိုးရိမ်သွားသောကြောင့် ကျွန်မ ချက်ချင်း တိတ်ဆိတ်သွားရသည်။ သို့သော် ထိုအုပ်စုသည် ကျွန်မတို့၏ စကားကြိတ်ကြိတ် တီးတိုးသံကို ကြားဟန်မတူပါ။ ကျွန်မမှာ ကြည့်နေရသည့် ကစားပွဲကို အားမလိုအားမရ စိတ်ပျက်သည်က တစ်ပိုင်း၊ ဘေးနားက မိုက်ရိုင်းနေသော လူများ၏ အော်ဟစ်ဆဲဆိုသံကို တုန်လှုပ်စွာ စိတ်ညစ်နေရသည်က တစ်ပိုင်းမို့ ပွဲမြန်မြန်ပြီးပါစေဟု ဆုတောင်းနေခဲ့သည်။ ကမ္ဘာမှာ ဒုတိယ အဆဲရေးအခံရဆုံးသော ပုဂ္ဂိုလ်အမျိုးအစားမှာ ဘောလုံးသမားများ ဖြစ်ဟန်တူ၏။ ယခုတော့ ပွဲပြီးသွားပေပြီ။ ကျွန်မလည်း စိတ်ချမ်းသာသွားရပြီ။ ကစားကွင်းဂိတ်ပေါက်ဝမှ တိုးထွက်ရင်း နောက်တစ်ခါတော့ လာမကြည့်တော့ပါဘူးဟု ဆုံးဖြတ်လိုက်သည်။
“ဒီပုံစံမျိုးနဲ့ကတော့ကွာ။ ထိုင်းမပြောနဲ့၊ မော်လဒိုက်ကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး … မှပဲ” ကျွန်မ ဘေးနားမှ ကျယ်လောင်သော ဝေဖန်သံ ထွက်လာ၏။ ကျွန်မလှည့်ကြည့်လိုက်သည့်အခါ မှတ်မိနေသော မျက်နှာတစ်ခုကို မြင်ရသည်။ သူပဲ သူတို့ပါပဲ။ ကျွန်မ နားညည်းလောက်အောင် ဆဲရေး အော်ဟစ်နေခဲ့ကြတာ။
ဖြူဖပ် ဖြူရော် ဂျင်းရှပ်အင်္ကျီ ခပ်နွမ်းနွမ်းကို လက်ခေါက်တင်လျက် မသေမသပ် ဝတ်ဆင်ထားပြီး ဆံပင်က ခပ်ရှုပ်ရှုပ်၊ မျက်ခုံးပါးပါး၊ မျက်လုံးက ဟိုးချိုင့်ထဲမှာ။ အရက်သောက်နေကျ မျက်လုံးလိုပင်၊ သွေးကြောများနီနေသည့် မျက်လုံး။ ထိုမျက်လုံးဖြင့် ကျွန်မအား ဖျတ်ကနဲ လှည့်ကြည့်တော့ ကျွန်မ မောင့်အနီးသို့ တိုးကပ်သွားမိသည်။
“မိန်းမတွေလည်း ဘောလုံးပွဲကြည့်လာပြီကွ … နော်”
ကျွန်မကိုပဲ စောင်းမြောင်းလိုသလား၊ တကယ်ပဲ အံ့သြစွာ မှတ်ချက်ချလေသလား မသိပါ။ ဘေးက သူ့အုပ်စုဝင် လူသုံးယောက်က ထိုကိစ္စကို တစ်ယောက်တစ်မျိုး ဆူညံစွာ ဝေဖန်ချက်ပေးနေသည်ကို ကြားရသည်။ တစ်ယောက်က အကွက်မပေါ်တော့သော ပုဆိုးကို ခါးပုံစ ကြီးကြီး ထုတ်ဝတ်ထား၏။ တစ်ယောက်ကတော့ ဘယ်လိုမှ မလိုက်ဖက်သည့် အနီရောင်ရှပ်အင်္ကျီနှင့်၊ ခရမ်းရောင်ပုဆိုးနှင့်။ ဘယ်လိုလူတွေဘာလိမ့်။ သူရုပ်ကိုကြည့်တော့နည်းနည်းမျှ သနားကမားမရှိ။ မျက်နှာခပ်ချောင်ချောင်၊ လည်ပင်းမှာ စက်ဆီချေးလား၊ အိုးမည်းလား ခပ်မည်းမည်းအရာ စွန်းတင်းပေကျံနေသေးသည်။ တစ်ယောက်ကတော့ တခြားလူတွေလို အလုပ်ကြမ်းသမား ဟုတ်ပုံမရ။ သေသေသပ်သပ်။
“မောင် … နောက်တစ်ခါ ကျွန်မ လိုက်မကြည့်တော့ဘူး”
“ကောင်းပါလေ့ဗျာ။ ဒီစကားကြားချင်နေတာကြာပြီ” ကျွန်မယောင်္ကျားသည် မိန်းမနှင့် ယောင်္ကျား ဘယ်နေရာမှ အဆင့်အတန်း မတူညီနိုင်ဟူသည့် အယူအဆကို တစ်သက်လုံး စွဲကိုင်လာသူဖြစ်၏။ ကျွန်မ တစ်စတစ်စ ဘောလုံးဝါသနာပါလာသည်ကို သူများယောင်္ကျားတွေလို မုဒိတာမပွားနိုင်သူ၊ အားမပေးလိုသူဖြစ်၏။ ဘောလုံးပွဲကြည့်နေတုန်း ကျွန်မက မေးခွန်းတွေမေးလျှင် စိတ်မရှည်တတ်သူ ဖြစ်၏။ ကျွန်မက မိန်းမပီပီ တစ်ခါတစ်ခါ ဒိုင်သူကြီးပေးသည့် ပြစ်ဒဏ်များကို နားမလည်လိုက်သည့် အခါမျိုးရှိသည်။ မောင်က နေဦးကွာ၊ ပြီးမှ ရှင်းပြမယ်ဟု တိုတိုပြတ်ပြတ် ပြောတတ်သည်။
“မိန်းမဆိုတာ မိန်းမနေရာမှာပဲနေကွာ၊ အဆင့်ကျော်ကျော်မလာနဲ့” ဤစကားဖြင့် မကြာခဏ နှိမ်တတ်သူလည်း ဖြစ်သည်။ ကျွန်မကလည်း၊ မောင့်ကို မခံချင်စိတ်နှင့် မောင်နှင့်အတူ ဘောလုံးပွဲ အစီအစဉ်များကို ယှဉ်ပြိုင်၍ စောင့်ကြည့်ဖြစ်လေသည်။ မောင့်ထက်ပို၍ ကဲကာ ကျွန်မက ဥရောပဖလားဘောလုံးပွဲ ဆီမီ်းဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များကို ဗွီဒီယိုခွေ ကူးယူထားလိုက်သေးသည်။ ဂျာမဏီအသင်းတော်မှန်းသိသော်လည်း မောင့်ကို အမြင်ကတ်သဖြင့် ချက်အသင်းဘက်မှ အားပေးလိုက်သည်။ အချိန်ပိုကစားပွဲ၌ ချက်အသင်းဂိုးပေးလိုက်ရသောအခါ ဂိုးသမားလေး ကူဘားကိုသနား၍ မဆုံးတော့ပေ။
“ကိုယ်တို့ တက္ကစီနဲ့ ပြန်ကြမလား”
ကျွန်မတို့ ကစားကွင်းအပြင်ဘက်ရောက်သောအခါ အနည်းငယ် မိုးချုပ်နေပြီ။ ကောင်းကင်သည် အမှောင်သန်းဖို့ စတင်လာပြီ။ ငှက်တစ်အုပ် ဘူတာကြီးဘက်မှ ပျံသန်းလာသည်ကို မြင်ရသည်။ ပတ်ဝန်းကျင်သည် လှုပ်လှုပ်ရွ ရွဖြစ်နေဆဲ။ အိမ်အပြန် အလျင်လိုသူများဖြင့် လမ်းမသည် ရှုပ်ထွေးနေသည်။ ကျွန်မတို့ရှေ့တွင် ကိုယ်ပိုင်ကားများ၊အငှားကားများ၊ ဘတ်စ်ကားများ လျင်မြန်စွာ ဖြတ်သွားနေကြ၏။
“ဟင့်အင်း … ဘတ်စ်ကားနဲ့ပဲ ပြန်မယ်” သည်အချိန်ဆိုလျှင် အောင်ဆန်းကွင်းမှ ကြည့်မြင်တိုင်သို့ အငှားကားမှာ အနည်းဆုံး တစ်ရာ့ငါးဆယ်မှ တစ်ရာ့ရှစ်ဆယ်အထိရှိတတ်သည်။ ကျွန်မ၏ ခြိုးခြံချွေတာစိတ်ကို မောင်က သဘောတူလိုက်သဖြင့် ကျွန်မတို့သည် အနော်ရထာလမ်းအထိ ဆင်းကာဘတ်စ်ကား စောင့်ကြရပါသည်။ မကြာမီပင် ကျွန်မ၏ နှမြောစိတ်ကို ကျွန်မကိုယ်တိုင်ပြန်လည် ဒေါသထွက်မိတော့သည်။ မ်ိုက်ရိုင်းလှသည်ဟု ကျွန်မ မှတ်ချက်ချထားသော ဆဲရေးသည့် လူအုပ်စုသည် ကျွန်မတိ်ု့နှင့် အတူပင် ကားစောင့်နေပြီး ကျွန်မတို့တက်သည့် ၄၃ ဘတ်စ်ကားကြီးပေါ်သို့ လိုက်တက်လာလေတော့သည်။ ကျွန်မတို့က ဤကြားကားဖြင့် မကြာခဏပြန်ဖူးသည်မို့ ၄၃ ကားကြီးတွေလာသည်ကို မြင်မြင်ချင်း လိုက်ပါရန် ဆုံးဖြတ်ပြီး ချက်ချင်းတက်လိုက်သောကြောင့် ထိုင်ခုံနေရာရပါသည်။ ထိုအုပ်စုကတော့ အချင်းချင်း ကျွတ်ကျွတ်ညံအောင် စကားပြောနေကြပြီး ကားစပယ်ယာကအဝေးပြေး အဝေးပြေး အောက်လမ်းဟု ထပ်ခါထပ်ခါအော်မှ လိုက်တက်လာသည် ဖြစ်သောကြောင့် နေရာမရပါ။
သူတို့အုပ်စုက မောင့်ဘေးမှာကပ်၍ ရပ်နေကြသည်။ ကျွန်မက မောင်သိအောင် တီးတိုးစကားဖြင့်
“တွေ့လား။ တွေ့လား ကွင်းထဲကလူတွေလေ” ဟု သတိပေးမိ၏။ မောင်က မျက်နှာထိ မျက်နှာထားဖြင့် ကျွန်မကိုကြည့်လိုက်တော့မှ ရုတ်တရက် မျက်နှာလွှဲပစ်လိုက်ရသည်။ ကားရပ်ထားပြီး လူစောင့်နေစဉ်မှာ သူတို့အုပ်စုသည် အသံကျယ်ကျယ်နှင့် စကားပြောလိုက်။ တစ်ယောက်ကို တစ်ယောက်တွန်းထိုးပုတ်ခတ်လိုက်၊ ရယ်မောလိုက်ဖြင့် ကားတစ်စီးလုံး သူတို့အသံချည်း ဖြစ်သည်။
“လူချတယ်ဆိုတာ နာမည်သာဆိုးတာ၊ သိပ်အရသာရှိမှာကွ”
“ဒိုင်သူကြီး ညစ်ရင်တော့ လူချပစ်မှကွ၊ ဒါမှ မှတ်မှာ။ ဇင်းမယ်ပွဲတုန်းက ကြည့်ပါလား၊ ဘယ်လောက်ညစ်လဲ”
“အားကစားစိတ်ဓာတ်ဆိုတာ နှစ်ဖက်လုံးညီမှ ကောင်းတာပါကွ၊ ဟိုဘက်က ညစ်ရင်တော့ ဘာအားကစား စိတ်ဓာတ်မှထားမနေနိုင်ဘူး၊ တွယ်သာတွယ် ” ဘုရား..ဘုရား ။ ကျွန်မ၏ ဝဋ်ကြွေးသည် တစ်လမ်းလုံး တောက်လျောက်လိုက်ပါလာတော့မှာ ထင်ပါရဲ့။ သူတို့ကိုယ်ကလည်း ချွေးစော်ဖြင့် အောက်သိုးသိုးအနံ့ နံနေသည်ဟု ထင်ရသည်။ အခုနေများ အငှားကားလေးနှင့် အိမ်ပြန်လိုက်ရလျှင် ဘယ်လောက် လွတ်လပ်လိုက်မလဲ။ သို့သော် ထိုင်ခုံနေရာလေးကိုလည်း နှမြောနေပြန်ပြီး ငွေ ၁၅ဝ၊၂ဝဝ ကိုလည်း နှမြောနေပြန်သည်။
အိုဘာပဲဖြစ်ဖြစ်ပေါ့၊ ခဏပါပဲ။ ပြီးရင် ကိုယ့်လမ်းကိုယ်သွားကြမှာ။ ကံကောင်းထောက်မစွာ လူမပြည့်တပြည့်အချိန်မှာပင် ကားစတင်စက်နိုးကာ ထွက်ခွာလေသည်။ အနော်ရထာလမ်းပေါ်မှာ ရန်ကုန်တစ်မြို့လုံးကလူတွေ လမ်းလျှောက်နေသလိုပင် ရှုပ်ထွေးများပြားလှသည်။ စျေးသည်များ၏ အော်ဟစ်သံများမှာလည်း ဆူညံနေ၏။ ကားသည် တဖြည်းဖြည်း ပို၍ ပို၍ မြန်လာသောအခါ အသံဗလံများသည် ခပ်လှမ်းလှမ်းမှာ ကျန်ရစ်ခဲ့သည်။ ကျွန်မတို့ကားထဲမှ စကားသံများသာ ကျန်တော့သည်။ ကျွန်မ သက်ပြင်း တစ်ချက်ရှိုက်လိုက်တော့ မောင်က လှည့်ကြည့်၏။ ကျွန်မ စိတ်ကျဉ်းကြပ်နေခဲ့သည်ကို ရိပ်မိဟန်ဖြင့် ကျွန်မကို ပြုံးပြသည်။ မှတ်တိုင်လေးငါးခု အလွန်မှာတော့ မမျှော်လင့်ဘဲ ဘတ်စ်ကားကြီး ထိုးရပ်သွားလေသည်။ ပထမတော့ ကျွန်မမှာ လူစောင့်သည်ဟု ထင်နေသည်။ သို့သော် စပယ်ယာက တဆိတ်လောက်ဗျို့၊ မုန့်ဟင်းခါးလေး စားလိုက်ကြရအောင်ဟု ဟာသဖြင့် အသိပေးတော့မှ ကားပျက်မှန်း သိရတော့သည်။ ကျွန်မ တော်တော့်ကို စိတ်ညစ်သွားပါသည်။ လူတွေ ဆင်းတွန်းလို့ကော ကားပြန်စက်နိုးလာပါ့မလား။ စက်မနိုးရင် ဘယ်နှယ့်လုပ်မလဲ။ နောက်ထပ် ကားတစ်စီး စောင့်ဖို့က မလွယ်ပါ။
“ကဲ ကဲ ဆင်းတွန်းကြရအောင်ဟေ့” ကျွန်မတို့အနားမှာ မတ်တပ်ရပ်နေသော အုပ်စုက ခပ်ဟားဟားရယ်မောလျှက် ဆင်းသွား၏။ ဟုတ်တာပေါ့။ တွန်းကြည့်ရမှာပေါ့။ ကံကောင်းလျှင်လည်း စက်နိုးလာမှာပေါ့။ လူတစ်ချို့ ထပ်ဆင်းသွားကြသည်။ သို့သော် ထိုင်ခုံတွေမှာတော့ လူအပြည့် ကျန်နေဆဲ၊
“မောင် … မဆင်းဘူးလား” ကျွန်မ မောင့်ကို ခပ်တိုးတိုးမေးတော့ မောင်ခေါင်းရမ်းပြ၏။
“တွန်းမယ့်သူတွေ အများကြီးပါကွာ” ကျွန်မ မျက်နှာ နွေးခနဲ ပူသွားပါသည်။
“ဒါပေမယ့် … မတွန်းရင်တောင် ဆင်းပေးမှ ကောင်းမှာပေါ့မောင်ရဲ့။ တွန်းရမယ့်လူတွေ အားနာစရာ” ခပ်ကြိတ်ကြိတ် အပြစ်တင်မိသောအခါ မောင်၏ ဒေါသမျက်လုံးအကြည့်ကို ကျွန်မ ရလေသည်။ ကျွန်မမျက်နှာ လွှဲလိုက်ရသည်။ ကားအနောက်ဘက်သို့ ပြတင်းမှ ခေါင်းပြူကြည့်လိုက်တော့ နောက်ဘက်မှ လူတချို့က တွန်းနေကြပြီ။ ကျွန်မ ထိုင်နေရတာ လိပ်ပြာမသန့်စွာ ခံစားရသည်။ ကျွန်မ ဆင်းသွားလိုက်ရမလားဟု စဉ်းစားသေး၏။ ကားပေါ်က ဆင်းသည့်အုပ်စုတွင် မိန်းမတစ်ယောက်မှမပါသောကြောင့် ကျွန်မဆင်းသွားလျှင် လူရယ်မောစရာ ဖြစ်လေမလားဟု စိုးရိမ်မိသည်။ လူရယ်သည် မရယ်သည်က နောက်ထား၊ မောင်နှင့် ကျွန်မ အရင်ရန်ဖြစ်ရမှာ သေချာသည်။ ကျွန်မ ကားတွင်းမှာ ဟိုဟိုသည်သည် အကဲခတ်ကြည့်မိ၏။ ထိုင်ခုံတွင် ထိုင်နေကြသူများတွင် ယောင်္ကျားတော်တော်များများ ပါသည်။ အမျိုးသမီး နှစ်ယောက် သုံးယောက်ပါ၏။ ထိုယောင်္ကျားများသည် အခြားသူတွေ အောက်ဆင်းပြီး ကားတွန်းနေချိန်တွင် ထိုင်ခုံမှာ ဟန်မပျက် ထိုင်နေနိုင်လေသည်ဟု ကျွန်မအံ့သြမိ၏။ သို့သော် … ဟန်မပျက်တော့ မဟုတ်ပါ။ တချို့မှာ ဟန်ပျက်နေ၏။ ဟိုဘက် လှည့်ရမလို၊ သည်ဘက် လှည့်ရမလို၊ ခေါင်းတစောင်းစောင်းဖြင့် မသက်မသာ ထိုင်နေသူများလည်း ပါဝင်သည်။ သူတို့ ကျွန်မလိုပင် လိပ်ပြာမလုံတာ သေချာ၏။ သို့သော်ထဆင်းပြီး တွန်းပေးဖို့အထိ စိတ်ကောင်းရှိဟန်မတူပေ။ တချို့ကတော့ ဤကိစ္စသည် မိမိနှင့်မဆိုင်သလို အမူအရာမျိုးပင် ရှိသည်။ လိပ်ပြာသန့်သန့်ပင် ဆက်ထိုင်နေလေသည်။ ဆင်တွန်းရသည့် လူတွေမှာပဲ ကားပျက်သည့်အတွ က် တာဝန်ရှိနေသလိုလို၊ မိမိတို့မှာတော့ ဘာတာဝန်မှ မရှိသလို။ ကြည့်စမ်း၊ ယောင်္ကျားတွေ ဖြစ်ပြီးနေနိုင်လိုက်တာ။
မောင့်မျက်နှာထားကို အကဲခတ်မိသောအခါ ကျွန်မပို၍ပင် အံ့သြသွားရသည်။ မောင်သည်လည်း ဟန်မပျက် နေနိုင်ပါလား။ မောင်က ကျွန်မမျက်လုံးအမူအရာကို ရိပ်မိဟန်ရှိသည်။
“မင်းက ဘာဖြစ်နေရတာလဲ” ဟု ခပ်ငေါက်ငေါက် မေးလေသည်။
“ကားကြီးက အကြီးကြီး မောင်ရဲ့။ ဟိုမှာ လူတွေ တွန်းနေရပြီ။”
“တယ် … ဒီမ်ိန်းမ” ကားသည် တဖြည်းဖြည်း လှုပ်လာပြီးနောက် ရှေသို့ တရွေ့ရွေ့ တိုးသွားသည်။ ကားရှေ့ပိုင်းမှာ ယောင်္ကျားတချို့သည် ဘက်မလှည့်ဘဲ ကားရှေ့သို့ မျက်နှာလွှဲကာ စုပြုံရပ်နေကြသည်ကိုလည်း ကျွန်မသတိထားမိသည်။ လူတွေဟာ မညီမျှကြဘူးဟု ကျွန်မ တွေးမိသော်လည်း ထိုမညီမျှသည့် လူအတန်းအစားထဲမှာ ကျွန်မလည်း ပါနေပါသည်။ အို ဘာဆိုင်လဲ။ ကျွန်မက မိန်းမ။ မိန်းမတစ်ယောက်ဟာ ယောင်္ကျားတွေနဲ့အတူ ကားဆင်းတွန်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ထိုခဏ၌ ကျွန်မ၏ ဆင်ခြေကို ကျွန်မပြန်၍ ရယ်ချင်သွား၏။ ဘာလဲ နေရာတကာမှာ မိန်းမဟာ ယောင်္ကျားနဲ့ တန်းတူအခွင့်အရေး ရသင့်တယ်ဟု တောင်းဆိုလာခဲ့သည့် မ်ိန်းမ၊ အခုသည်အခါမျိုးမှာတော့ ဘာလို့ အခွင့်အရေးတူမယူပြန်သလဲ။ ဘာဖြစ်လို့ အားနွဲ့သည့် မိန်းမသားအဖြစ် ပေကပ်နေခဲ့ပါသလဲ။ ကျွန်မဆင်းသွားလိုက်လျှင် ဘာဖြစ်သွားမှာမို့လို့လဲ။ ထိုခဏ၌ ကျွန်မ၏ ဦးခေါင်းထက်တွင် တစ်ခုခုက ဖိနှိပ်ထားသလို လေးလံလာ၏။ ကျွန်မ ကိုယ်ခန္ဓာမှာလည်း မလုံမလဲစိတ်ဖြင့် တောင့်တောင့်ကြီး ဖြစ်လာသည်။
ညာသံပေး၍ တွန်းနေကြသည့် အသံများနှင့်အတူ ကားက တအိအိ လှုပ်လာ
ပြီးရှေ့သို့ တိုးတိုးသွားချိန်မှာ ကျွန်မကိုယ်ခန္ဓာသည် ကားကြီးတစ်ခုလုံးကို ထမ်းပိုးထားရသလို လေးလံလာသည်။ ကျွန်မ ဘယ်လိုမှ မနေသာတော့သဖြင့် ရုတ်တရက် မတ်တပ်ရပ်လိုက်မိသည်။ မောင်က ဗြုန်းကနဲ မော့ကြည့်ပါသည်။
“ဘာလုပ်မလို့တုန်း”
“ဆင်းမလို့”
“ဟာ မင်းရူးနေသလား၊ ဒါမင်းအလုပ်မဟုတ်ဘဲ။ ရပြီးသားနေရာလေး ပျောက်သွားဦးမယ်” ထိုခဏမှာ ကျွန်မသည်လေထဲမှာ ကိုယ်ခန္ဓာတစ်ခုလုံး လွင့်ပျံ ပျောက်ကွယ်သွားပါစေဟု တမ်းတမိသည်။ ကျွန်မဘဝမှာ မောင့်အတွက် တစ်ခါမှ ဒီလောက် မရှက်ရဖူးဘူးဟု ထင်ပါသည်။ လက်စသတ်တော့ ကားပေါ်က မဆင်းတာဟာ နေရာပျောက်မှာ စိုးလို့လေ။ ဘုရား………ဘုရား ဒီလောက် ခရီးတိုအချိန်တိုကလေးမှာတောင် မောင်ဟာ နေရာကို တပ်မက်နေခဲ့တယ်ပေါ့။ မောင်၏ ဒေါသတကြီး ဆွဲချထိုင်ခိုင်းမှုကြောင့်လား၊ ကျွန်မ ကိုယ်ခန္ဓာကပဲ အင်အားတွေ ကုန်ခန်းသွားလို့လားမသိပါ။ ကျွန်မထိုင်ခုံပေါ်သို့ ထိုင်လျက်ကျသွားပါသည်။ ထိုအချိန်မှာပင် ကားစက်သံ ပြန်ထွက်ပေါ်ထွက်လာပြီး ဟေးကနဲပျော်ရွင်စွာ အော်ဟစ်သံများ ကြားရသည်။ ထို့နောက် သူတို့အားလုံး ကားပေါ်သို့ ကသောကမျှော ပြန်တက်လာကြသည်။ ဘောလုံးပွဲတွင် ဆဲရေးတိုင်းထွာသည့် လူအုပ်စုက ကားရှေ့တံခါးပေါက်မှ တက်လာကြသည်ဖြစ်၍ ရှေ့ပိုင်းမှာပင် ရပ်နေကြပါသည်။ ကျွန်မနှင့် မျက်နှာချင်းဆိုင်ဖြစ်နေသော ထိုအုပ်စုသည် စောစောကလိုပင် စနောက် ရယ်မောလျှက်ရှိသည်။ သူတို့ ဆင်းတွန်းချိန်တွင် ထိုင်ကျန်ရစ်ခဲ့သည့် လူစုရှိနေပါလားဟု ဒေါသဖြစ်မည့်ဟန်လည်း မရှိ၊ ဒေါသဖြစ်ခဲ့လျှင်လည်း ကားတွန်းတုန်းက ဆဲရေးတိုင်းထွာခဲ့ရောပေါ့။ ဒေါသတွေ ကုန်ခဲ့ရောပေါ့။ သည်လိုဆိုပြန်တော့လဲ ဆဲရေးသည့်နည်းက အကောင်းသားပါလား။ ကားသည်စက်သံမှန်လာပြီး နေရာမှ ထွက်ခွာလေသည်။ သူတို့က ကားဆင်းတွန်းပြီး ကျွန်မတို့က ဘာဖြစ်လို့ အေးအေးဆေးဆေး ထိုင်ကျန်ရစ်ရသလဲ။ လမ်းတစ်လျှောက်လုံး ကျွန်မမျက်နှာပူစွာ ခပ်ရှက်ရှက် ဖြစ်နေ၏။
တစ်ခုသေချာသည်ကတော့ ကားဆင်းတွန်းကြသူအားလုံးသည် မတ်တပ်ရပ်စီးကြသူများသာ ဖြစ်ကြသည်။ သူတို့အတွက် ကားပေါ်က ဆင်းရခြင်းဟူသည့်အဖြစ်သည် မထူးဆန်းပေ။ နဂိုကတည်းက နေရာမရခဲ့သောကြောင့် ဖြစ်သည်။ ဒါပေမယ့် သည်ကားကြီး ပျက်ယွင်းမှု့အတွ က် သူတို့သာ တာဝန်ရှိသည်မဟုတ်ဘဲ။ ထိုင်နေသူများတွင်လည်း တာဝန်ရှိသည်ဟူသောအသိ သူတို့ထဲမှာမရှိဘူးလား။ ရှိတော့ရှိမှာပါ။
သို့သော် သိပ်တွယ်ကပ်နေ၍အကြောင်းမထူးဘူးဟု မြင်သွားလို့လား။ သို့မဟုတ် ငါတို့ တတ်နိုင်သလောက်တော့ လုပ်ပေးပါ့မယ်လေဟူသော စေတနာကြောင့်ပဲလား၊ သို့မဟုတ် မတ်တပ်ရပ်စီးနေသည့် လူတန်းစားကသာ ကားတွန်းရန် ပို၍ သင့်တော်ပါသည်ဟု ကျိုးနွံစွာ အကျင့်ပါနေလို့ပဲလား။ ဘာပဲဖြစ်ဖြစ် ကျွန်မ နှာခေါင်းရှုံ့အပြစ်တင်ခဲ့သောအုပ်စုက ပေါ့ပါးသွက်လက်စွာ ဆင်း၍ ကားတွန်းခဲ့သည့်အဖြစ်အပျက်ကြောင့် ကျွန်မ ပို၍ပင် မလုံမလဲဖြစ်ရပါသည်။ ထိုအခါ ကျွန်မတို့ ထိုင်ကျန်သူများဘက်မှ ဆင်ခြေတစ်ခုခုကို ရှာတွေ့ရန် ကျွန်မ အပြင်းအထန် ကြိုးစားယူမိသည်။ ယောင်္ကျားကြီးကြီးတွေ ယောင်္ကျားငယ်ငယ်တွေ (ကျွန်မတ ို့မိန်းမတွေအပါအဝင်) ထိုင်နေသူအားလုံး ဘာကြောင့် ဆင်းမတွန်းကြသလဲ။ တာဝန်သိစိတ် မရှိလို့တော့ မဟုတ်နိုင်ပါဘူးနော်။ ချောင်ခိုချင်စိတ်ကြောင့်တော့လည်း မဟုတ်နိုင်ပါဘူးထင်ရဲ့။ ကိုယ်မလုပ်လျှင်လည်း လုပ်မည့်သူရှိနေကြောင်းကို သိနေလို့ပဲ ဖြစ်မည်။ ထိုသို့ တွေးယူလိုက်သောအခါ ကျွန်မနေရထိုင်ရတာ နည်းနည်းသက်သာ သွားသလိုရှိ၏။ တော်ပါသေးရဲ့။ ငါ့နှယ်စောစောတုန်းကသာ ဒီအတွေးမျိုး တွေးလိုက်ပါတော့လား။ သည်လိုသာဆိုလျှင် ကျွန်မ မောင်နှင့် ရန်ဖြစ်ခံပြီး ထိုင်ရာမှထရပ်မိမည် မဟုတ်ပေ။ ကျွန်မ မျက်စိအကြည့်က ရှေ့အုပ်စုထံ ရောက်သွားပြန်၏။ သည်တစ်ခါတော့ ရှပ်အင်္ကျီအနီရောင် ဝတ်ထားသည့် လူနှင့် ကျွန်မ အကြည့်ချင်းဆုံသွားသည်။ သူ ကျွန်မကို တော်တော်ကြာကြာအောင် ကြည့်နေလေသည်။ ဘယ်လိုအကြည့်ပါလိမ့်။ ဘောလုံးပွဲမှာ တွေ့ခဲ့သည့်မိန်းမဟု မှတ်မိသည့်အကြည့်လား။ မိန်းမတွေလည်း ဘောလုံးပွဲလာကြည့်တာကိုး ဟူသည့် အသိအမှတ်ပြုသည့် အကြည့်လား။ မဟုတ်ပါ။ သည့်ထက်ပိုပါသည်။ သရော်လှောင်ပြောင်သော အကြည့်လား။ ကားကို ဆင်းတွန်းလိုက်တာ ကျုပ်တို့ဗျ။ ကျုပ်တို့ကြောင့် ခင်ဗျားအိနြေ္ဒမပျက်တာဟု ဂုဏ်ဖော်လိုသည့်အကြည့်လား။ သို့မဟုတ် အချောင်ခိုသမားများဟု မကျေမနပ် စွပ်စွဲလိုသည့်အကြည့်လား။ ထိုခဏ၌ ကျွန်မသည် ယခင်ကလိုပင် မျက်နှာပူနွေးလာပြန်ကာ မလုံမလဲ ခံစားရပြန်သည်။ ကျွန်မ ကားပြတင်းဘက်သို့ မျက်နှာလွှဲပစ်လိုက်ရသည်။ အိုး… သူတို့တွေသာ ကားပေါ်မှာ ထိုင်စရာနေရာရခဲ့မယ်ဆိုရင် သူတို့လည်း ကားကို ဆင်းတွန်းမှာ မဟုတ်ပါဘူး။ ငါတို့လိုပဲ ထိုင်ကျန်နေခဲ့မှာပါပဲ။
စိတ်ကူးဖြင့် အနေအထားပြောင်းကာ မှန်းဆတွေးကြည့်ပြီးနောက် ပင့်သက်တစ်ချက် ရှိုက်မိသွားသည်။ ဤအဖြေသည် အမှန်ဖြစ်ချင် ဖြစ်မည် သို့မဟုတ် မှားချင်လည်းမှားနိုင်၏။
ဒါမျိုးက မှန်းဆကြည့်ရုံနှင့် အဖြေသိကောင်းသည့် ပုစ္ဆာမျိုးမဟုတ်ချေ။
▪️▪️▪️
ဂျူး
#ဆိုင်းအငြိမ့်သီချင်းနှင့်ဟာသများ