ဦးကြီးမြင့်၏မွေးနေ့ပွဲ*(စ/ဆုံး)

 *ဦးကြီးမြင့်၏မွေးနေ့ပွဲ*(စ/ဆုံး)


—————————-


မနက်ဖြန်မနက်မှာ စတုဒီသာကျွေးဖို့ အားလုံးပြင်ဆင်နေကြသည်။ “ဘူးသီးလှီးသူကလှီး ငါးပိကြော်နဲ့ အချဉ်အတွက်လဲ ကြက်သွန်သင်သူကသင်”လို့ ချက်ပြုတ်မဲ့ ဟင်းအမယ်တွေအတွက် အိမ်နီးနားချင်းတွေကပါ ဝိုင်းဝန်းကူညီပြင်ဆင်နေကြသည်။မနက်စျေးပြန်ကတည်းက ခုတ်ထစ်ပြီး တည်ထားတဲ့ ကြက်သားအိုးကတော့ ဂျင်း၊ကြက်သွန်ဖြူနံ့တသင်းသင်းမွှေးလို့ ဟင်းရည်အိုးလုံးပြီးလေပြီ။

မနက်ဖြန်မနက်သည် ဦးကြီးမြင့်၏ (၆၅)နှစ်ပြည့် မွေးနေ့ဖြစ်သည်။ သားချွေးမ၊ သမီးသားမက် မြေးများခြံရံလျက် ဦးကြီးမြင့်၏ဘဝက စိုပြေလှသည်။သားသမီးများငယ်စဉ်ကတော့ ဦးကြီးမြင့် အတော်လေးရုန်းကန်ခဲ့ရသည်ဟု ဆိုရမည်။မီးရထားဘူတာရုံရှေ့လဲ မုန့်ဟင်းခါး၊ကြဇံဟင်းခါး ရောင်းခဲ့ဖူးသည်။ နွေအခါဆိုရင် မုန့်လက်ဆောင်း၊ရွှေရင်အေးသည်ဖြစ်ရပြန်သည်။ရာသီအလိုက် စားစရာမျိုးစုံလုပ်ရောင်းခဲ့ဖူးသလို ရာသီပေါ်သစ်သီးသစ်နှံများလဲ စျေးသစ် ၊ ပျံကျစျေးတွေပါ လှည့်ရောင်းခဲ့ဖူးလေသည်။ဦးကြီးမြင့်၏ ဇနီးသည်က ရှင်မွေးလွန်းနာမည် မှည့်ခေါ်ရမလောက် ကလေးဆက်ခဲ့သည်။ ကလေးတယောက် တနှစ်မပြည့်ခင် နောက်ကိုယ်ဝန် ဆောင်ရပြန်လေသည်။ နောက်ဆုံးရှစ်ယောက်မြောက် သမီးထွေးလေး မွေးပြီးတော့မှ သွေးသားကုန်ခမ်းကာ သားသမီးအမွေးရပ်တော့သည်။

ကလေးတွေကများ စားစရိတ်ကြီးသလို ကျောင်းထားရတာလဲ မသက်သာလှခဲ့။ “အဖေ စာအုပ်ကုန်ပြန်ပြီ ခဲတံမရှိတော့လို့”ဆိုသော သားသမီးငယ်တွေကတမျိုး ကျောင်းအပ်ခ၊ကျူရှင်စရိတ်အတွက် သားသမီးကြီးတွေက တဖုံ ၊ ဦးကြီးမြင့် ရှာဖွေရတာ မလောက်ငခဲ့ပါ။

ဒါတောင် ဇနီးသည်ကလဲ အနားမနေ အရပ်ထဲ လှည့်ရောင်းတဲ့ ခေါင်းရွက်ဖြတ်ထိုးစျေးသည်လေး လုပ်ခဲ့သည်။ အကြီးဆုံး သားနဲ့ သမီးကတော့ အားကိုးရရှာသည်။ ကျောင်းနားချိန် မိဘ ဝိုင်းကူ စျေးရောင်းပေးကြလေသည်။

ကလေးတွေငယ်စဉ်က နဖူးကချွေး ခြေမကြအောင် ပင်ပမ်းဆင်းရဲစွာ လုပ်ကိုင်ခဲ့ရသလောက် အသက်အရွယ်လေးရလာသော ဦးကြီးမြင့် ဘဝ

အိုကံကောင်းသည်ဟု ပြောရပေမည်။ သားသမီးတွေ ကိုယ်စီအိမ်ထောင်ရက်သားကျသည်တိုင် ဦးကြီးမြင့်တို့ အိမ်နားမှာပဲ ကိုယ်ပိုင်အိမ်ဝန်းကိုယ်စီနဲ့နေကြသည်။ညနေခင်းအချိန်တွေဆို သားသမီးမြေးတွေစုံလင်လို့ ဦးကြီးမြင့်အိမ်ရှေ့က ဗန်ဒါပင်လေးအောက် ဝိုင်းဖွဲ့က စကားတပြောပြောရှိကြသည်။ဦးကြီးမြင့်ဇနီးက” ကြာတော့လဲ ဒီလောက်မြေးတွေများတာ မျက်စိတွေနောက် နားတွေတောင် ရှုတ်မိတယ်”ဟု ညည်းတတ်လေသည်။

ဦးကြီးမြင့်ကတော့ မြေးတွေတရုန်းရုန်းနေရတာ ပျော်လေသည်။သားသမီးတွေကလဲ “အဖေ ဘာစားချင်လဲ အဖေ ဘာလိုအပ်လဲ” ဟု ဂရုတစိုက် ရိှကြတော့

ဦးကြီးမြင့် တယောက် သူ့ဘဝကို သူကျေနပ်မိလေသည်။

တနေ့တော့ ရေချိုးရင်း အမှတ်မထင် လည်ချောင်းဘေး အပူလုံးစမ်းမိလေသည်။သမီးထွေးကို ခေါ်က ပြသရင်း”သမီးရေ အဖေတော့ အပူတွေကြွနေပြီနေမှာ၊အဖေ့ ဗမာဆေးလေးဝယ်ပေးအုံးအေ””ဝမ်းမမှန်လို့လားမသိပါဘူးအေ”ဆိုတော့ သမီးထွေးကလဲ သူ့အဖေ သောက်နေကြဆေးတွေအပြင် မန်းဆေးတွေပါဝယ်ပေးလေသည်။ နီးစပ်ရာ မန်းဆေးတွေလိမ်း၊ဆေးတွေသောက်လုပ်ပါသော်လည်း လည်ချောင်းအပူလုံးက သေးမသွားပါဘဲ တဖြည်းဖြည်းကြီးလာသည်။အစားသောက်လဲမပျက် တခြားကျန်းမာရေးလဲ ကောင်းပါသော်လည်း တခါတခါ အနာက ကိုက်လာသည်။”ဒီအတိုင်းတော့ မဖြစ်တော့ဘူး” “အဖေ့အနာ ကြာနေပြီ ဆေးပြမှဖြစ်တော့မယ်”ဟု သားသမီးတွေတိုင်ပင်ပြီး မန္တလေးဆေးပြသွားကြလေသည်။လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေပြီးတော့ ဦးကြီးမြင့် လည်ချောင်းက အကြိတ်သည် ကင်ဆာကြိတ်ဆိုပါသည်၊ ဦးကြီးမြင့်ဘဝမှာ အကြောက်ဆုံးဆိုပါတဲ့ ကင်ဆာရောဂါဖြစ်နေလေတော့သည်။

ဆေးပြမသွားခင်က ဦးကြီးမြင့်သည်”ကင်ဆာဖြစ်မှာပဲ ကြောက်တာပါဟာ တခြားမကြောက်ပါဘူး”ဟု သားသမီးတွေရှေ့ပြောမိလေသည်။ဆွေမျိုးထဲမှာ အဆုတ်ကင်ဆာနဲ့ တိမ်းပါးသွားသူရှိနှင့်ခဲ့ပြီး ငွေကုန်

လူဆုံးဖြစ်ခဲ့ဖူးသည်။ဦးကြီးမြင့်၏အတွေးထဲတင် ကင်ဆာရောဂါသည် ဆေးကုနိုင်လဲ သေရမဲ့ရောဂါပဲဟု အထင်ရောက်နေတော့သည်။ဦးကြီးမြင့်သာမက ဆွေမျိုးတွေကပါ အင်္ဂလိပ်ဆေးနဲ့ ကုရင် အသေမြန်တယ် ဗမာဆေးနဲ့မှ အချိန်ဆွဲလို့ ရမှာဟု အသိမှားနေကြတော့သည်။

သားသမီးတွေ အားလုံးတိုင်ပင်ကာ “အဖေ့ရောဂါက လည်ချောင်းကင်ဆာအဆင့်- ၃ တဲ့””ဒီတော့ အဖေ့ကို ကင်ဆာလို့ မပြောနဲ့ အဖေသိရင် စိတ်ကြောင့်ပဲ ပိုဆိုးလိမ့်မယ်” “ကောင်းပေ့ဆိုတဲ့ ဗမာဆရာတွေရှာ ဗမာဆေးနဲ့သာကုကြစို့”ဟု ဆုံးဖြတ်ကြလေသည်။

ဦးကြီးမြင့်သည် သူ့ရောဂါကို ကင်ဆာလို့မသိပါ။ဘယ်သူလာလာ”တော်သေးတယ် ကင်ဆာကြိတ်မဟုတ်ဘူး”ဟု ပြောရှာသည်။သားသမီးများကလဲ အဖေသည် ဘယ်လောက်သာနေရှာရမည် မသိဟု တွေးကာ

အဖေ စိတ်တိုင်းကျ၊အဖေသဘော၊ စားချင်တာ၊ ဖြစ်ချင်တာ ဖြည့်ဆည်းပေးကြလေသည်။မနက်ခင်းတိုင်း

ရပ်သံဃာမှန်သမျှ ဆွမ်းပုံမှန်လောင်းစေသည်။လှူဒါန်းပေးကမ်း တရားနဲ့ နီးစေသည်။ပဌာန်းပွဲ ဆွမ်းကျွေးချင်သည်ဆိုတော့လဲ ကျွေးပေးကြသည်။ဦးကြီးမြင့်ကိုယ်တိုင် သံဃာဝေယျာဝစ္စပါ ကုသိုလ်ယူလေသည်။သားသမီးတွေကတော့ အဖေ့အတွက် စိတ်ချမ်းသာအောင် လုပ်ပေးရသမျှ ဝမ်းသာဝမ်းနည်းဖြစ်ကြရသည်။

လာမဲ့ဥပုသ်နေ့ဆို အဖေ့အသက်(၆၅)နှစ် ပြည့်ပြီ အဖေ ဒီတောင်ကို ကျော်နိုင်အောင် မွေးနေ့စတုဒီသာကျွေးကြမည် ဟု သားသမီးတွေ တိုင်ပင်ကာ စီစဉ်ကြပြန်သည်။

ဦးကြီးမြင့်မွေးနေ့မှာ စတုဒီသာမကျွေးခင် ဦးကြီးမြင့် ကိုယ်တိုင် ဘုန်းကြီး ဆွမ်းကပ်သည်။ တရားနာသည် ပုံမှန်အတိုင်း သွားလာ စကားပြောနိုင်သည်။ဘုန်းကြီးတွေလဲ ပြန်ကြွသွားပြီ။အိမ်ရှေ့မှာလဲ စတုဒီသာကျွေးဖို့အတွက် စားပွဲ၊ကုလားထိုင်တွေ ခင်းကျင်းပြီးလေပြီ။ကြက်သပြွန်းဟင်းတွေလဲ အရည်ကျလှပြီ။ ငပိကြော်၊

အချည်စုံတွေလဲ ဇလုံကြီးတွေနဲ့ အပြည့် ထည့်ကျင်းထားပြီးပြီ။

“ဘယ်နာရီ ရှိပြီလဲ သမီးကြီး””မဆင့်နဲ့ မောင်နိုင် တို့ မရောက်ကြသေးဘူးလား”ဦးကြီးမြင့် သူ့ညီနဲ့ညီမကို မေးလေသည်။”အဖေကလဲ လာမှာပေါ့ ခု မရောက်လောက်သေးဘူး””နေ့ခင်း၁:၀၀လောက်မှ ကားဆိုက်လောက်မယ် အဖေရဲ့””အဖေ မောရင်စကားမပြောနဲ့လေ””အေးဟာ သူတို့နဲ့တွေ့ချင်တာ” ဦးကြီးမြင့်သည် သားသမီးတွေအတွက် စိတ်ချလက်ချရှိသည်၊မတွေ့

မမြင်ရတာကြာပြီဖြစ်သော တနယ်ဆီအဝေးက ညီနှင့်ညီမကိုသာ အောက်မေ့တသရှိလေသည်။ခု မရောက်လောက်သေးဟု သိရတော့ စိတ်လျော့လိုက်ဟန်ရှိသည်။ခဏအကြာ အသက်ကို မောပမ်းစွာရှူရင်း သမီးကြီးလက်ပေါ်တွင် အသက်ပျောက်လေတော့သည်။

အိမ်ရှေ့ စတုဒီသာမဏ္ဏုပ်က ကျွေးခါနီး တိုးလိုးတန်းလန်း ၊ ပျော်ရွင်စွာ ကျွေးမွေးရမဲ့ ကုသိုလ်ပွဲလေးသည် ဦးကြီးမြင့်၏ အသုဘပွဲအဖြစ်သို့ ပြောင်းလဲသွားလေသည်။ စတုဒီသာကျွေးမဲ့ ထမင်းနဲ့ဟင်းများကိုလဲ ရပ်ကွက်ထဲ အားချင်းေဝငှပေးလိုက်ရတော့သည်။

တကယ်တော့ လူတို့ရဲ့ သေခြင်းနဲ့ ရှင်ခြင်းတရားသည် ကျောချင်းကပ်လျက်ရှိလေသည်။ လူတို့သည် မွေးနေ့ပွဲများကိုသာ တနှစ်ပြီးတနှစ် ပျော်ရွှင်စွာ ကျင်းပတတ်ကြပြီး သေနေ့ကို မေ့နေတတ်ကြလေသည်။ဦးကြီးမြင့်ကား သူ၏မွေးနေ့ပွဲတွင် သူ၏သေနေ့ကိုပါ ယှဉ်တွဲပြီး ကျင်းပလိုက်ရခြင်းဖြစ်ပါတော့သည်။ဘာပဲဖြစ်ဖြစ်ပေါ့လေ ဦးကြီးမြင့်တယောက် ကုသိုလ်တရားတို့နဲ့ အကျွမ်းတဝင်နေရင်း ကွယ်လွန်အနိစ္စရောက်ရတဲ့အတွက်တော့ ဘဝကူးကောင်းမည်ဟုသာ ယုံကြည်နေမိပါတော့သည်။

နှင်းစနေ(ရွှေဘို)

14.9.2022 (PM:4;51)