လူခြောက်ကလေး(စ/ဆုံး)

--------------------------------

တပို့တွဲလ ဆောင်းရာသီတွင် မိုးတဖြောက်ဖြောက်ကျလျက်ရှိသဖြင့် ချမ်းအေးသောဥတုကို အအေးပိုလာအောင် ဖန်တီးနေသကဲ့သို့ရှိသည်။ အိမ်အပြင်၌ မိုးအမှောင်ကြီးကျလျက် တစ်လမ်းလုံးတိတ်ဆိတ်နေသလောက် အိမ်၏ဧည့်ခန်းတွင်ကား သားအမိ သားအဖသုံးယောက်တို့သည် မီးလင်းဖိုနံဘေးထိုင်ကာ စကားပြောဆိုနေကြလေသည်။ လသာမှန်မီးအိမ်၏အောက်တည့်တည့်တွင် သားအဖနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ကာ စစ်တုရင်ကစားလျက်ရှိ၏။ အမေမှာမူ နံဘေး၌ထိုင်လျက် လင်နှင့်သားတို့၏ ရှပ်အင်္ကျီမှ ပြုတ်ကျလျက်ရှိသောကြယ်သီးများကို အသစ်ချုပ်တပ်လျက်ရှိသည်။
ထိုလူသုံးယောက်တို့သည် တစ်ယောက်ကိုတစ်ယောက် နာမည်ဖြင့်မခေါ်ကြပဲ အဖေ အမေ သားဟူ၍ ခေါ်ဝေါ်လေ့ရှိကြသည်။ တစ်ဦးတည်းသောသားဖြစ်၍ အဖေသည် သားအား သူငယ်ချင်းတစ်ယောက်သဖွယ် ကစားဖက်လုပ်၍ စစ်တုရင်ကစားလေ့ရှိသည်။ တစ်ယောက်နှင့်တစ်ယောက် လက်ရည်တူသဖြင့် တခါတရံ အလောင်းအစားလုပ်၍ ကစားကြသေးသည်။ သို့ရာတွင် လောင်းကြေးမှာ ငွေမဟုတ်ပဲ ရှုံးသူက အမေ့အတွက် လခထဲမှ တဘက်တစ်ထည် ဝယ်ပေးတမ်း ၊ ဖိနပ်တစ်ရံ ဝယ်ပေးတမ်းစသည်ဖြင့် လောင်းတတ်ကြသည်။
ထိုဥာဉ့်၌မူ ရှုံးသူက ဆေးလိပ်သောက်ဆေးတစ်ဘူး ဝယ်ပေးရမည်ဖြစ်သောကြောင့် ချွတ်လားနှင့်ကစားကြရာ တစ်ယောက်တစ်ပွဲစီနိုင်ကြသဖြင့် တတိယပွဲအရောက်တွင် နေရာအရွေ့မမှားရအောင် အထူးကြိုးပမ်းကစားကြလေသည်။ အမေကမူ စစ်တုရင်ကို နားမလည်သော်လည်း လင်နှင့်သား၏ကစားပွဲဖြစ်သောကြောင့် အင်္ကျီကြယ်သီးတပ်နေရာမှ စိတ်ဝင်တစားစောင့်ကြည့်နေလေသည်။
တစ်ခါတွင် အဖေသည် အကွက်မှား၍ရွှေ့မိပြီးနောက် မိမိ၏အမှားကို သားမမြင်ပါစေနဲ့ဟု ဆုတောင်းရင်း အာရုံပြောင်းစေလိုသောအကြံဖြင့် " ရွာလိုက်တဲ့မိုးကွယ် ... ရာသီမဟုတ် ဘာမဟုတ်နဲ့ လွန်ပါရော " ဟု ပြောလိုက်၏။ သားသည်
အဖေ၏အကြံကို ရိပ်မိသဖြင့် ပြုံးစေ့စေ့မျက်နှာထားဖြင့် " ဟုတ်ပါရဲ့အဖေရယ် .... ရွာလိုက်တဲ့မိုးနှယ်နော် .... ကိုင်း ... ခွေဗျာ " ဟု ဘုရင်ကို မြင်းနှင့် ခွေလေ၏။
" ဒါထက် .. တောအုပ် ကိုသိန်းဖေတစ်ယောက် ဒီကနေ့ည လာမယ်ဆိုတာ မိုးဒီလောက်ရွာနေမှဖြင့် လာနိုင်မယ်မထင်ပါဘူး " ဟု ပြောလျက် တစ်ကွက်ရွှေ့လေ၏။ " ခွေဦးဗျာ " ဟု ဆို၍ သားသည် ဆင်နှင့်တဖန် ဘုရင်ကိုခွေပြန်လေ၏။
" အမေကိုက လွဲပါတယ် ... ဒီလောက်ခေါင်တဲ့အရပ်လာပြီး အိမ်ဝယ်လို့ ဘယ်ကဧည့်သည် လာနိုင်မှာလဲအမေရယ် " ဟု ညည်းတွားကာ ဘုရင်ကို တစ်ကွက်တိမ်းရှောင်ပေးရပြန်လေ၏။ " ကိစ္စမရှိပါဘူးအဖေရယ် .... နောက်တစ်ခါ ဆေးတံကြေးလောင်းတော့ နိုင်အောင်ထိုးသေးတာပေါ့ " ဟု ပြော၍ သားနှင့်အမေ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ကြလေရာ အဖေက သူတို့မျက်နှာထားကို ရိပ်မိသောကြောင့် သွားကိုဖြီး၍ ပြုံးလိုက်ရလေသည်။
ထိုခဏ၌ အိမ်ရှေ့တွင် မြင်းရထားတစ်စီးရပ်၍ ဝင်းထဲသို့ဝင်လာသောခြေသံကို ကြားရလေရာ အဖေက " ဟော ... ကိုသိန်းဖေ လာပြီဟေ့ " ဟု ဆိုကာ အရုပ်များကို သိမ်းမည်ပြုလေသည်။ သားက " အဖေ ကံကောင်းတယ်။ ဒီဘက်ရထားနဲ့ ခွေလိုက်ရင်
အဖေ့ရှင်ဘုရင် သွားပြီ " ဟု ပြောလေ၏။ တက်လာသောဧည့်သည်မှာ အသက်လေးဆယ်ကျော်ဝန်းကျင်ရှိ၍ ထောင်ထောင်မောင်းမောင်းနှင့်ဖြစ်သည်။ အမေသည် ကောဇောတစ်ချပ်ကို မီးလင်းဖိုအနီးတွင် ခင်းပေး၍ ကော်ဖီဖျော်ရန်ပြင်ဆင်လေသည်။
စားသောက်ကြပြီးနောက် တောအုပ်ဦးသိန်းဖေက အထက်မြန်မာပြည်၌ တောင်သူတောင်သားတို့ နေထိုင်စားသောက်ပုံ ၊ သစ်တောလုပ်ငန်းတွေအကြောင်း ပြောပြလေရာ မြို့ကြီးမှအပ မည်သည့်တောကိုမျှ မရောက်ဖူးကြသော သားအဖသုံးယောက်တို့မှာ စိတ်ပါဝင်စားစွာ နားထောင်လျက်ရှိကြ၏။
( အဖေ ) ကျုပ်တော့ ခင်ဗျားလို တောတက်ရတဲ့အလုပ်မျိုး လုပ်စမ်းချင်ပါဘိဗျာ
( ဦးသိန်းဖေ ) မလုပ်ချင်ပါနဲ့ဗျာ။ ကျုပ်တို့မှာ တာဝန်နဲ့မို့။ တောမှာနေရတာ အင်မတန်ဆင်းရဲတာကလား
( အဖေ ) ရှမ်းတွေ ကချင်တွေဘက် ကျုပ် သိပ်ရောက်ချင်တာပဲ
( ဦးသိန်းဖေ ) မရောက်ဖူးလို့ပါအစ်ကိုကြီးရယ်။ ရောက်ဖူးရင်ဖြင့် အနေအစား ဆင်းရဲလှချည့်ဆိုပြီး ထွက်ပြေးချင်နေပါ့မယ်
( အမေ ) ရှမ်းတွေက ပညာတတ်တယ်ဆို ကိုသိန်းဖေ
( ဦးသိန်းဖေ ) ဘာတုန်းအစ်မကြီးရဲ့ ... ပြုစားတာတို့ ဘာတို့ ပယောဂဘက်ကပြောတာလား။ ဆန်းတာတစ်ခုတော့ ပြောပြချင်တယ်။ ရှမ်းဘက်မှာ ရှမ်းဆရာကြီးတစ်ယောက်နဲ့ ကျွန်တော် တွေ့ခဲ့တယ်။ လူခြောက်ဆိုတာများ ကြားဖူးကြရဲ့မဟုတ်လား
( သား ) မွေးကတည်းက အခြောက်ကလေးမွေးတယ်ဆိုတာလား။ အဲ့ဒါ တကယ်လားဦးလေး
( ဦးသိန်းဖေ ) တကယ်ပမောင်ရာ။ တွေ့ဖူးချင်လား
( သား ) ဟုတ်ကဲ့
ဦးသိန်းဖေသည် စက္ကူနှင့် ပတ်ထားသောအထုပ်တစ်ခုကို အိတ်ထဲမှ ထုတ်ပြလေသည်။ သားသည် စက္ကူကိုဖြည်ကြည့်သောအခါ တစ်မိုက်ခန့်ရှည်၍ အင်္ဂါအစုံအလင်ပါသော လူခြောက်ကလေးကို တွေ့ရလေသည်။ အဖေအမေတို့လည်း ကြားဖူးရုံသာရှိ၍ မမြင်ဖူးသောကြောင့် တလှည့်စီ ကိုင်တွယ်ကြည့်ရှူကြလေသည်။
( ဦးသိန်းဖေ ) ဒီလူခြောက်ကလေးက သာမာန်မဟုတ်ဘူး အစ်ကိုကြီးရဲ့။ ဆေးစီရင်ထားတဲ့ လူခြောက်ခင်ဗျ
( အဖေ ) ဘယ်လိုများလဲ ကိုသိန်းဖေ
( ဦးသိန်းဖေ ) ကျွန်တော်လည်း ပြောမတတ်ဘူး။ ယောထဲက ရှမ်းဆရာကြီးတစ်ယောက်ဆီက ကျွန်တော် ရခဲ့တာ။ ဒီဟာလေးကိုပိုင်တဲ့ လူသုံးယောက်ဟာ တစ်ယောက်ကို ဆုသုံးဆုစီ တောင်းခွင့်ရှိတယ်။ တောင်းတိုင်းလည်း ပြည့်စုံတယ် အစ်ကိုကြီးရဲ့
သားအဖသုံးယောက် စိတ်ဝင်စားလာသည်။
( အဖေ ) အလို တယ်ဆန်းပါကလား။ ဘယ်လို သုံးယောက်လဲ။ ဘယ်လို သုံးဆုများလဲ
( ဦးသိန်းဖေ ) ဒီလိုလေဗျာ။ တစ်လက်ကနေ သုံးလက်အထိပဲ ပြောင်းနိုင်တယ်။ အဲဒီသုံးယောက်ဟာလည်း ဆုသုံးဆုပဲ တောင်းနိုင်တယ်။ ပထမလူက သုံးဆု တောင်းပြီးပြီ။ ဒီနောက်တော့မှ ကျွန်တော့်ဆီ ရောက်လာတယ်
( သား ) အရင်လူက ဘယ်လိုဆုတွေများ တောင်းခဲ့သလဲဟင်
( ဦးသိန်းဖေ ) ပထမနဲ့ ဒုတိယဆုကို သူ ဘာတောင်းခဲ့သလဲ ဦးလည်း မသိဘူး။ တတိယဆုကတော့ သူ့ကိုယ်သူ သေဖို့တောင့်တလေတော့ ဆုတောင်းပြည့်ပြီး ကျုပ်လက်ထဲ ဒါဟာ ရောက်လာတာပဲ
( သား ) ဦးကော ဆုသုံးဆုလုံး တောင်းပြီးပြီလား
( ဦးသိန်းဖေ ) တောင်းပြီးပြီ
( အဖေ ) နို့ .... ပြည့်စုံရဲ့လား
( ဦးသိန်းဖေ ) တိတိကျကျကို ပြည့်ခဲ့တယ် ...အစ်ကိုကြီး
( သား ) ဟုတ်ကဲ့လားဦးရယ်
( ဦးသိန်းဖေ ) အို ... ဟုတ်ပါတယ်ဆို
( အမေ ) ကိုသိန်းဖေက ဘယ်လိုဆုမျိုးတွေ တောင်းခဲ့သလဲ
( ဦးသိန်းဖေ ) ဒီဟာတော့ ကျွန်တော် မပြောပါရစေနဲ့ .. အစ်မကြီးရယ်။ ဆုတောင်းပြည့်တာတော့ အမှန်ပါပဲခင်ဗျာ
( အဖေ ) ခင်ဗျားပြောတဲ့အတိုင်းဆို ခင်ဗျား သုံးဆုတောင်းပြီးပြီဆိုတော့ ခင်ဗျားအတွက် အသုံးမကျတော့ဘူးပေါ့။ ဘာ့ကြောင့် သိမ်းထားသေးတာလဲ
( ဦးသိန်းဖေ ) မပြောတတ်ပါဘူးဗျာ။ မမေးပါနဲ့တော့
ထို့နောက် ဦးသိန်းဖေသည် မရွှင်သောမျက်နှာမျိုး ရုတ်တရက် ဖြစ်လာလျက် လူခြောက်ကလေးကို မီးဖိုထဲသို့ ပစ်ထည့်လိုက်လေသည်။ ထိုအခါ အဖေက " အို ... မလုပ်ပါနဲ့ " ဟု ဆို၍ မီးဖိုထဲမှ အမြန်ပြန်ကောက်ယူလိုက်သည်။
" မကောင်းဘူး အစ်ကိုကြီး ... မီးရှို့ပစ်လိုက် ... တကယ် မကောင်းဘူးခင်ဗျ "
" ခင်ဗျားမလိုချင် ကျုပ်ကို ပေးဗျာ "
" မလိုချင်ပါနဲ့ အစ်ကိုကြီးရာ ... မီးရှို့ပစ်လိုက်ပါ "
" မရှို့ပေါင်ဗျာ .... ဒါထက် .. နေပါဦး ... ဆုက ဘယ်လိုတောင်းရတာလဲ "
" လူခြောက်ကို ကိုင်ပြီး လိုချင်တဲ့ဆုကို ကျယ်ကျယ်ဆိုပြီး တောင်းရတယ်။ ဒါပေမဲ့ မကောင်းဘူးနော်။ မလုပ်ချင်ပါနဲ့ "
ထိုခဏ၌ အမေသည် ကော်ဖီပန်းကန်များကို ဆေးကြောသိမ်းဆည်းရန် ထိုင်ရာမှ ထရင်း " အလုပ်လုပ်လို့ တွင်အောင် အမေ့မှာ လက်လေးဖက် ပေါက်ပါစေသားလို့ ဆုတောင်းရင် မကောင်းဘူးလား " ဟုရယ်ရင်း ပြောလိုက်သဖြင့် အဖေသည် လူခြောက်ကို လက်ယာဘက်တွင် ဆုပ်ကိုင်လျက် တကယ်ဆုတောင်းတော့မည့်ဟန်ပြုရာ ဦးသိန်းဖေသည် ထိတ်လန့်သောအမူအရာနှင့် " မလုပ်လိုက်ပါနဲ့ အစ်ကိုကြီး .. ဆုတောင်းချင် ဒီ့ပြင်ဟာတစ်ခုခု တောင်းကြပါဗျာ ... ဒါတော့ မလုပ်ကြပါနဲ့ "
ဟု ကသောကမျော တားလေသည်။
အဖေသည် လူခြောက်ကို စားပွဲအံဆွဲထဲ ထည့်လိုက်ပြီးနောက် သားအဖသုံးယောက်တို့သည် တောအုပ်ဦးသိန်းဖေ၏ကျားပစ်ခြင်း ၊ စွန့်စားခန်းများအကြောင်း စိတ်ပါဝင်စားစွာ နားထောင်လျှက်ရှိကြရာ သန်းခေါင်ကျော်အချိန်ရောက်မှသာ ဦးသိန်းဖေ ပြန်သွားလေသည်။
" ဟိုဟာကလေးအတွက် ကိုသိန်းဖေကို ဘာပေးလိုက်သေးလဲအဖေ "
"ဆေးတံတစ်ချောင်း ပေးလိုက်တယ်ကွ။ သူက မယူချင်ဘူးလုပ်နေလို့အမှတ်တရဆိုပြီး အတင်းပေးလိုက်တယ် "
" အမေရေ ... ကိုင်း ... နေရာကျပြီ။ အဖေ ဘာဆုများတောင်းမလဲ။ မောင်းမတစ်ထောင်နဲ့ ဘုရင်ကြီးဖြစ်ရပါလို၏လို့ ဆုတောင်းလိုက်ပါလား။ ဒါမှ အမေက အဖေ့ကို မနိုင်တော့မှာ ... ဟီး ... ဟီး "
အမေက ခွေးကလေးဟု ဆိုကာ ကုလားထိုင်ပေါ်တွင်ခင်းသော ဖုံနှင့် ပေါက်လိုက်သဖြင့် သားမှာ တဟီးဟီးရယ်လျက် အမြန်ရှောင်လိုက်ရသည်။ အဖေသည် လူခြောက်ကို အံဆွဲမှထုတ်၍ " ပြောသာပြောရတာ ... ဘာဆုများ တောင်းရမလဲဆိုတာ
မတွေးတတ်သေးပေါင် .... အခုတလောဖြင့် အလိုဆန္ဒတွေအားလုံးဖြင့် ပြည့်စုံနေတာပဲကို " ဟု ပြောရာတွင် သားက " အဖေ ဒီအိမ်ကိုဝယ်တာ ငွေတစ်ထောင်ဆပ်ဖို့ ကျန်နေသေးတယ်မဟုတ်လား ... အကြွေးကလေးကျေသွားအောင် ငွေတစ်ထောင်ရပါစေသားလို့ ဆုတောင်းပါလား " ဟု နောက်ပြောင်ပြောလိုက်ပြီး တယောကိုကောက်ယူကာ လက်စမ်းနေလေသည်။
ိုအဖေသည် သားအကြံပေးသည့်အတိုင်း လူခြောက်ကလေးကို ညာလက်တွင် ဆုပ်ကိုင်ကာ " ငွေတစ်ထောင်ကျပ်ရပါစေသား " ဟု ရွတ်ဆိုလိုက်ရာ အိမ်သည် သိမ့်ခနဲလှုပ်သွားသဖြင့် " အမလေးဗျာ " ဟု အဖေ့နှုတ်မှ
ထွက်သွားလေသည်။ သားသည် တယောကို လွှတ်ချ၍ အမေနှင့်အတူ အဖေ့ထံပြေးလာပြီး " ဘာဖြစ်တာလဲ အဖေ " ဟု မေးကြရာ " လှုပ်တယ်ဟေ့ .. လှုပ်တယ် .. ငါက ဆုတောင်းလိုက်တော့ လူခြောက်ကလေးက ဆတ်ကနဲ လှုပ်သွားတယ် " ဟု ပြောလျက် ကြမ်းပေါ်လွတ်ကျသွားသော လူခြောက်ကို အံသြထိတ်လန့်လျက် ကြည့်နေလေသည်။
" စိတ်ထင်လို့ပါ အဖေရယ် "
" ဟဲ့ ... သား .. မဟုတ်ဘူး ... ခုနက တကယ်.... အိမ်ပါလှုပ်သွားတာ "
" သားလည်း သိပါတယ်။ အဖေက လန့်ပြီးလွှတ်ချလိုက်တာနဲ့ အိမ်လှုပ်သွားတယ်ထင်ပါရဲ့ ... ဟီး .... "
" ငါ လန့်ရုံနဲ့ လှုပ်သွားတဲ့အိမ်ဆိုရင်တော့ ဒီအိမ် ဝယ်မိတာ မှားပြီထင်တယ်အမေရေ "
သားသည် " ဘယ်မလဲကွ ... မင့်ငွေ တစ်ထောင် " ဟု ပြောလျက် လူခြောက်ကလေးအား ကောက်ယူလိုက်သည်။ အဖေသည် လူခြောက်ကို သား၏လက်မှ လှမ်းယူပြီး အံဆွဲထဲထည့်ကာ " မရတာ ... ရတာ ... ထားလိုက်တော့။ ငါဖြင့် လန့်လိုက်တာ .... မောင်မင်းကြီးသား ဒီမှာပဲ နေပါတော့ "
ထို့နောက် သားအဖသုံးယောက်သည် မီးလင်းဖိုအနီးထိုင်နေကြလျက် ကိုယ်စီတွေးကာ ငြိမ်နေကြ၏။ အိမ်အပြင်၌ လေရော မိုးပါ ပြင်းထန်လာရကား တချက်တချက် လေအပြင်းကသယ်လာသော မိုးစက်များက အိမ်နံရံပေါ်အရိုက် တဝုန်းဝုန်းတဝေါဝေါဖြင့် ဆူနေလေတော့သည်။ အတန်ကြာလျှင် အဖေနှင့်အမေသည် ငိုက်မြည်းလာ၍ အိပ်ယာဝင်မည်ပြုစဉ် သားက " မနက်လင်းလင်းချင်း ကုတင်တိုင်ကို ကြည့်နော် ... ငွေထုပ်ကလေး ချည်ထားလိမ့်မယ် ... ငွေထုပ်ကို ဖြုတ်မယ်လုပ်တော့မှ... ဥစ္စာစောင့်မကလေးက အဖေ့လက်လှမ်းဆွဲရင် လန့်ပြီး မအော်နဲ့နော်အဖေ " ဟု တခိခိ ရယ်ကာ ကျီစယ်လိုက်သည်။
လူကြီးများအိပ်ယာဝင်သွားသောအခါ သားသည် တယောကို ဖြည်းညင်းစွာထိုးရင်း မီးလင်းဖိုထဲမှ မီးကျီးခဲများကို စိုက်ငေးကာကြည့်နေရာ မီးလျှံထဲမှ ထူးဆန်းသောအရိပ်များ ထွက်လာသည်ဟု စိတ်ထဲ၌ ထင်မှတ်မှားလာသဖြင့် မီးအိမ်ငြိမ်းပြီးလျှင် တယောကိုချကာ အိပ်ယာဝင်လေသည်။
နောက်တစ်နေ့တွင် သားအဖသုံးယောက်တို့သည် မီးဖိုချောင်တွင် ဝိုင်းထိုင်ကာ ကော်ဖီသောက်ကြသည်။ ညထဲကကဲ့သို့ တုန်လှုပ်ခြင်းလည်း မရှိတော့။ လူခြောက်နှင့်ပတ်သက်၍ ယုံကြည်ခြင်းလည်း အလျင်းမရှိတော့သဖြင့် ညဉ့်အခါက မယုံတယုံနှင့်စမ်းသပ်၍ ဆုတောင်းခဲ့မိခြင်းအတွက်ပင်လျှင် ရှက်သလိုလိုရှိနေလေသည်။
" အဖေ ... ငွေထုပ်တွေ့သလားဟင် ....သတိတော့ ထားနော် ... တော်တော်ကြာ ခေါင်းပေါ်တည့်တည့် ကျရင် စက္ကူဆို တော်သေး ... ငွေသားဒင်္ဂါးတွေ ဖြစ်နေမှဖြင့် ခေါင်းပေါက်နေပါ့မယ် ... အဖေရဲ့ .. ငွေတစ်ထောင်ဆိုတော့
ခုနစ်ပိသာအချိန်ရှိတယ်ဗျနော် "ဟု စနောက်လေသည်။
" ကိုသိန်းဖေက ငါ့ကို ပြောသွားတယ်။ ဆုတောင်းပြည့်တဲ့အခါ မင်းပြောသလို ထင်ထင်ရှားရှားကြီးပြတာ မဟုတ်ဘူးတဲ့။ သဘာဝကျလွန်းလို့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်လို့တောင် ထင်ရသတဲ့ "
" ဘာပဲဖြစ်ဖြစ်လေ .... ဘယ်လိုနည်းနဲ့ပဲရရ ကျွန်တော်ပြန်မရောက်ခင် ကုန်အောင် သုံးမပစ်ကြပါနဲ့ ... နည်းနည်းပါးပါး ချန်ထားပေးပါဦး " ဟု ရယ်မောပြောဆိုကာ အလုပ်သို့ထွက်သွားလေသည်။
အဖေနှင့်အမေတို့သည် တစ်ဦးတည်းသောသားဖြစ်သူကို ကြင်နာသောမျက်နှာထားများဖြင့် မျှော်ငေးကြည့်လျက် ကျန်ရစ်နေလေသည်။ အဖေမှာ ပင်စင်စားစာရေးကြီးဖြစ်၍ အလုပ်သွားရန်မရှိပဲ အိမ်၌ပင် တောက်တိုမယ်ရ တကုပ်ကုပ်နဲ့ လုပ်ကိုင်လျက်ရှိသည်။ အမေသည် ငွေတစ်ထောင်ဆုတောင်းခြင်းနှင့်ဆက်ပြီး အဖေအား ကျီစယ်နေလေသည်။
" သားပြန်လာရင်တော့ ငွေတစ်ထောင် သုံးကုန်ပလားလို့ မေးဦးတော့မှာပဲ "
" လက်ထဲမှာ ဆတ်ခနဲ လှုပ်သွားတာတော့အမှန်ပဲ အမေရဲ့ "
" မဟုတ်နိုင်ပါဘူးအဖေရယ်... စိတ်ထင်လို့ နေမှာပါ ..."
" ဒီလောက်ပေါင်းခဲ့ပြီး သားတစ်ယောက် လူပျိုကြီးဖြစ်လာတာတောင် ဒီကောင့်အကြောင်း မသိသေးဘူးလား။ စိတ်ထဲ ထင်မိထင်ရာ ထင်တတ်တဲ့အကာင်မျိုးများ မှတ်သလား ... ဟေ ... ဟိုမှာ ဘယ်သူတုန်း "
သပ်ရပ်စွာဝတ်ဆင်ထားသော လူတစ်ယောက်သည် အိမ်ရှေ့တွင် ခေါက်တုန့်ခေါက်ပြန် လျှောက်နေလေသည်။ ချီတုန်ချတုန်အမူအရာနှင့် ဇဝေဇဝါဖြစ်နေရာ နောက်ဆုံး စိတ်ကို ဒုန်းဒုန်းချလိုက်ဟန် ဝင်လာလေတော့သည်။ အဖေနှင့်
အမေသည် ဧည့်သည်ကိုမြင်သည်နှင့် ကြိုကြလေသည်။ မိန်းမသားဖြစ်သူအမေသည် လူစိမ်းကို မြင်သည်နှင့် မဆိုင်လှသော်လည်း ငွေတစ်ထောင်ကိုသာ ပြေးမြင်လေသည်။ အဖေမူကား ငွေတစ်ထောင်ကို သတိပင် ရဟန်မတူ။ ဧည့်သည်သည်
အတန်ကြာထိုင်နေပြီးလျှင် စတင်ရန်ခက်ပါဘိဟူသော မျက်နှာမျိုးဖြင့် ဂနာမငြိမ်ဖြစ်နေ၏။
အဖေနှင့်အမေတို့က " ဘာကိစ္စများလဲ မောင်ရင် " ဟု အမေးရှိသော်လည်း " ဟိုဒင်း ... ဟိုဟာ .... ဒီလိုပါ ခင်ဗျာ " ဟု စကားမဆက်နိုင်ပဲ အခက်တွေ့နေရှာသည်။
( အဖေ ) ဟုတ်ကဲ့ .. ပြောနိုင်ပါပြီခင်ဗျာ
( ဧည့်သည် ) ကျွန်တော်က မက်ကရီကာသစ်စက်ရုံကပါခင်ဗျာ
( အဖေ ) ဒီတော့
( အမေ ) မက်ကရီကာဆို သားအလုပ်လုပ်နေတဲ့နေရာပဲ။ ဘာကိစ္စလဲမောင်ရင်။ သား ဘာမှာလိုက်သလဲ။ ဘာများ ဖြစ်လို့လဲ
( အဖေ ) ဖြည်းဖြည်း ... အမေ ... ဖြည်းဖြည်း ... မဟုတ်တာတွေ လျှောက်ပြီးမတွေးပါနဲ့
( အဖေ ) ဟုတ်ပါပြီမောင်ရယ် ... မက်ကရီကာစက်ရုံက ဆိုတော့ ဘာဖြစ်သလဲ "
( ဧည့်သည် ) ပြောရမှာဖြင့် စိတ်မကောင်းပါဘူးခင်ဗျာ
( အဖေ ) ဘာဖြစ်တာလဲမောင် ... လူကလေးများ ထိခိုက်မိသလား
( ဧည့်သည် ) ကျွန်တော်တို့စိတ်မကောင်းပါဘူး
( အမေ ) ပြောပါတော့ကွယ်။ ဘာများ ဖြစ်ကုန်ပလဲ "
( ဧည့်သည် ) ဒဏ်ရာက အတော်ပြင်းတယ်ခင်ဗျ။ နို့ပေမယ့် ဝေဒနာသိပ်ပြီး မခံစားရလို့ "
( အဖေ ) မသေရင်တော်ပါပြီ
( အဖေ ) မောင်ရယ် မသေဘူးလို့ကြားရရင်ပဲ တော်လောက်ပါပြီ။ ဘယ်နှယ့်လဲ ခိုက်တော့ခိုက်မိတယ်။ အသက်တော့ဖြင့် စိုးရိမ်ဖို့မလိုဘူးမို့လား "
( ဧည့်သည် ) ဝေဒနာမခံစားရဘူးဆိုတာက ဒီလိုပါ ... ဒေါ်ဒေါ်
( အဖေ ) သြော် .... တန်တော့ ကျုပ် သိပြီ ။ ပွဲချင်းပြီးသွားတာများလား "
( အမေ ) အမလေး ... လူလေးရဲ့ ... ဘယ်လိုဖြစ်ရတာလဲမောင်ရယ် "
( ဧည့်သည် ) သားရေပတ်ကြိုးနဲ့ညှပ်ပြီး ....
( အဖေ )အလိုလေးဗျ
( အမေ ) အလိုလေးတော့
အဖေနှင့်အမေတို့သည် စကားမပြောနိုင်ကြဘဲ အမယ်ကြီး၏ပုခုံးကို အဖိုးကြီးက ယုယစွာဖေးမလျက် ငြိမ်သက်နေကြလေရာ ဧည့်သည်သည် အဖေနှင့်အမေတို့၏ သောကမီးတောက်လောင်ခြင်းကို ရိုသေသောအားဖြင့် ငြိမ်သက်စွာ ထိုင်နေလေ၏။ အတန်ကြာလျှင် အဖေသည် ဧည့်သည်ဘက်သို့ လှည့်လျှက်
" သားသမီးလေးယောက်မွေးတာ သူတစ်ယောက်တည်း အဖတ်တင်လေတော့ ဖူးဖူးမှုတ်ထားကြတာ ... ဒီတစ်ခါတော့ဖြင့် ခက်တော့တာပဲမောင်ရယ် "
ဧည်သည်မှာ ဝမ်းနည်းသောမျက်နှာဖြင့် ဦးခေါင်းကိုညိတ်ကာ နားထောင်နေပြီးနောက် " ကျွန်တော်တို့သူဋ္ဌေးကလည်း အင်မတန်ဝမ်းနည်းကြောင်း ကျွန်တော့်ကိုလွှတ်ပြီး ပြောခိုင်းလိုက်ပါတယ် ဦးခင်ဗျာ "
အမေသည် ရှိုက်ကြီးတငင်ငိုယိုလျက်ရှိရာ အဖေမှာလည်း စကားမဆက်နိုင်ဘဲ မျက်နှာပျက်ယွင်းကာ ကြောင်ငေးနေလေသည်။
" အခုလိုဖြစ်ရတာဟာ သူပေါ့လျော့လို့ဆိုပေမယ်လို့ ကုမ္ပဏီမှာတာဝန်မရှိဘူးဆိုသော်လည်း သူဋ္ဌေးက ကရုဏာနဲ့ ကူညီလိုပါတယ်တဲ့ဦးရဲ့"
" သူဋ္ဌေးက ငွေတစ်ထောင် ပေးလိုက်ပါတယ်ခင်ဗျာ "
ထိုစကားကြားသည်နှင့် ရှိုက်နေသောအမေသည် ကုန်း၍ဟစ်အော်လိုက်လေရာ အဖေမှာ ပါးစပ်ကိုဟလျက် ကြောင်တောင်ငေးနေရာမှ ရှေ့သို့ထိုး၍ လဲကျသွားလေသည်။
* * * * *
အဖေနှင့်အမေတို့သည် သား၏စျာပနကိစ္စပြီးစီးသည့်နောက် သုသာန်မှ ပြန်လာကြလေသည်။ ရုတ်တရက် ရှောင်တခင်ဖြစ်ရလေသောကြောင့် သားသေဆုံးသွားသည်ကိုပင် မမှတ်ယူနိုင်သေးပဲ အဖေနှင့်အမေတို့သည် လူကလေးအလုပ်ဆင်းချိန်တွင် ကြိုမြဲအတိုင်း ကြိုမိကြလေသည်။ ထမင်းစားချိန်တန်သော်လည်း သားမလာသေးလျှင် မေ့လျော့ပြီး စောင့်နေမိပြန်သည်။ တစ်ခါတွင် အမေသည် ကော်ဖီနှစ်ခွက် ဖျော်ရမည့်အစား သတိမေ့၍ သုံးခွက်ဖျော်မိသဖြင့် သားကိုသတိရကာ ငိုကြွေးရပြန်လေသည်။
သားကလေးဆိုသော်လည်း သူငယ်ချင်းသဖွယ် ကျီစယ်ပေါင်းသင်းတတ်သော ချစ်ဖွယ်အမူအလေ့တွေနှင့် လူကလေးပေမို့ သားမရှိသောအခါ တစ်အိမ်လုံး ခြောက်ကပ်တိတ်ဆိတ်နေလေသည်။ တစ်ည၌ အဖေသည် အိပ်ယာမှလန့်နိုး၍ နံဘေးကိုစမ်းကြည့်သောအခါ အမေ့ကို မတွေ့ရပေ။ အခန်းပြင်မှ ငိုသံသဲ့သဲ့ကြားရသဖြင့် " လာပါ အမေရယ် ... အအေးမိကုန်တော့မယ် .. အမေရဲ့ " ဟု ဆွဲခေါ်လေလျှင် အမေသည် " လူကလေးတော့ အေးနေရှာမှာ အဖေရဲ့ " ဟု ဟစ်၍ ငိုကြွေးပြန်လေသည်။
အဖေသည် ချမ်းအေးသောရာသီဖြစ်၍ စောင်ခြုံထဲကွေးရင်း အိပ်ပျော်သွားလေသည်။ မှေးခနဲ အိပ်ပျော်စဉ် အမေသည် အခန်းထဲသို့ဝင်လာ၍ " အဖေ ... အဖေ " ဟု အလန့်တကြား လှုပ်နှိုးလေသည်။
" ဘာလဲဟင် ... ဘာလဲ အမေ "
" လူခြောက်ကလေး ဘယ်နားထားတုန်း "
" ဘာလုပ်ဖို့လဲ အမေရယ် "
" ကျုပ် လိုချင်လို့ပါ ... လူခြောက်ကို ဘယ်မှာထားသလဲ .. အမြန်ပြောပါ "
" အိမ်ရှေ့စားပွဲက အံဆွဲထဲမှာ "
အမေသည် အိမ်ရှေ့သို့ သုတ်သုတ်ပြန်သွားကာ လူခြောက်ကို ရှာလေသည်။ အဖေသည် နောက်ကလိုက်လာရင်း
" ဘာလုပ်ဖို့လဲ အမေရယ် "
" ဆုသုံးဆု တောင်းဖို့ဟာ .... တော် တစ်ခုပဲ တောင်းရသေးတယ်မဟုတ်လား "
" ဒီဆုတွေ မတော်နိုင်သေးဘူးလားဟင် "
" ဟင့်အင်း ... တစ်ခုတောင်းချင်သေးတယ်။ ရှာပေးစမ်းပါဦး "
အဖေသည် အံဆွဲထဲမှလူခြောက်ကို ယူလာခဲ့လေ၏။
" ကိုင်း .... ဘာဆုတောင်းမှာလဲ ... "
" သားကို မြင်ပါရစေလို့ ဆုတောင်းပေးပါအဖေ "
" ဟင် .... မလုပ်ပါနဲ့အမေရယ် ..... မတော်ပါဘူး ... "
" မရဘူး ....... တောင်းပေးရမယ် .... "
" သားသေတုန်းကလည်း မလှပဘူးအမေရဲ့ .......လူရုပ်တောင် ကောင်းကောင်း မပီဘူး .... မြေမြုပ်ပြီးတာလည်း ဆယ်ရက်ရှိသွားပြီ ... မကောင်းပါဘူးအမေရယ် .... မမြင်ချင်ပါနဲ့ "
" မလိုချင်ဘူး ... အဖေသာ ကြောက် ... ကျုပ် မကြောက်ဘူး .... "
" တောင်းလို့ ရချင်မှရမှာပါ အမေရယ် .... ပထမဆုဟာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်သွားတာပါ ... "
" မရကာမှ နေရော .... တောင်းပေးပါအဖေ "
" ခက်လိုက်ပါဘိ .. အမေရယ် ....."
" ရှိခိုးပါရဲ့ ....... ကျုပ် ခိုင်းတာ လုပ်ပေးပါ အဖေရယ် "
အတန်တန်ငြင်းဆန်၍ မရဘဲရှိရကား အဖေသည် လူခြောက်ကို လက်ယာလက်တွင် ဆုပ်ကိုင်လျက် " သားကို မြင်ရပါလို၏ " ဟု ဆုတောင်းပေးလေသည်။ လူခြောက်ကလေးသည် လက်ထဲမှလွတ်၍ ကြမ်းပေါ်သို့ကျသွားသဖြင့် အဖိုးအိုသည် ထိတ်လန့်သောမျက်နှာဖြင့် ငုံ့ကြည့်လေရာ အမေသည် အခန်းထဲမှထွက်၍ အိမ်ရှေ့ခန်း၌ထိုင်ကာ တစုံတယောက်အား စောင့်ဆိုင်းနေလေသည်။
အဖေသည် လူခြောက်ကိုကြည့်နေစဉ် ခုတင်အနီး ထွန်းထားသော ဖရောင်းတိုင်တိုကလေး၏မီးတောက်သည် လှုပ်ရှားလာလေရာ အဖေသည် မီးတောက်ကလေးကို စိတ်လှုပ်ရှားလျက် စိုက်ကြည့်နေသည်။ မီးညွန့်သည် နောက်ဆုံးအကြိမ်ထတောက်၍ မီးစွယ်ကလေးကျိုးကာ ငြိမ်းသွားလေသည်။ အဖေသည် ဆုတောင်းမပြည့်သဖြင့် ဝမ်းသာကာ အိပ်ရာသို့ဝင်၍ စောင်ခြုံကာကွေးနေလေ၏။ မကြာမီ အမေသည် ဝင်လာ၍ နံဘးတွင် လှဲအိပ်နေလေသည်။
သို့သော် နှစ်ယောက်စလုံး အိပ်မပျော်ကြပဲ နားစွင့်နေကြရာ လှေကားမှ ဒိတ်ခနဲ အသံကြားရ၍ ကြွက်တစ်ကောင်သည် အလန့်တကြား ပြေးသွားလေသည်။ အဖေသည် မှောင်မိုက်ထဲ မနေလိုသည်ဖြစ်၍ မီခြစ်ဘူးကို လှမ်းယူပြီးလျှင် တစ်ဆံကိုခြစ်လျက် ဖယောင်းတိုင်ယူရန် နောက်ဖေးဆောင်သို့သွားလေရာ လမ်းတွင် မီးခြစ်ဆံကုန်၍ မီးငြိမ်းပြန်လေသည်။ နောက်တဆံခြစ်မည်အပြု အိမ်ရှေ့တံခါးကို ဖြည်းညင်းစွာ ခေါက်သံကြားသဖြင့် အဖေ့လက်မှ မီးခြစ်ဘူးလွတ်ကျ၍ မီးခြစ်ဆံများ ကြမ်းပေါ်တွင် ပြန့်ကြဲသွားလေ၏။
အဖေသည် မီးခြစ်ဘူးကို မစမ်းနိုင်ပဲ အသက်အောင့်ကာ အိမ်ရှေ့သို့ နားစွင့်လျက်ရှိစဉ် ဒုတိယအကြိမ် တံခါးခေါက်သံကြားသည်နှင့် အိပ်ခန်းတွင်းပြန်ဝင်ပြီးလျှင် တံခါးကို ပိတ်ထားလိုက်လေသည်။ ထိုခဏတွင် တတိယအကြိမ်ခေါက်သံကို ကြားလိုက်ရ၏။
" ဘာသံလဲ အဖေ "
" ကြွက်ပါ အမေ ... အခုပဲ ကျုပ်အနားက ဖြတ်ပြေးသွားတာ ... "
သို့သော် အမေသည် မကျေနပ်ပဲ အိပ်ရာမှထကာ နားစိုက်ထောင်လေသည်။ ထိုအချိန်တွင် အိမ်ရှေ့မှ တံခါးခေါက်သံများ ကျယ်လောင်စွာ ထွက်လာလေသည်။
" သား ရောက်လာပြီ အဖေ ... သား ... လာပြီ .... "
အမေသည် ဝမ်းသာအားရနှင့် အခန်းတံခါးကိုဖွင့်ပြီး အိမ်ရှေ့သို့ ပြေးသွားမည်အပြု အဖေသည် အမေ့လက်ကို ဆွဲထားလေသည်။
" တော် ... ဘာလုပ်တာလဲ ... သားလာတယ်လေ .... လူကလေး ရောက်နေပြီအဖေရဲ့ .... သင်္ချိုင်းက အဝေးကြီးမို့ထပြီးလာရတာကို ကျုပ်က မေ့နေတာ .... ခမျာ ... အခုမှ ရောက်ရှာတာပေါ့ .... လွှတ်ပါ .... ဘာ့ကြောင့် ဆွဲထားရတာလဲ ... သားရေ ....အမေလာပြီ " ဟု ဆိုကာ အတင်းရုန်းလေသည်။
" မလုပ်ပါနဲ့ အမေရယ် .... သွား ... မဖွင့်လိုက်ပါနဲ့ ... "
" ဘာ ကြောက်လဲ ....။ တော်က ..... ကြောက်လို့လား .... ။ လူကလေးရေ .... အမေ လာပြီ "
အဖေက အတင်းဆွဲ၍ အမေသည် အတင်း ရုန်းလေ၏။ အိမ်ရှေ့မှ တံခါးခေါက်သံများလည်း မရပ်မနား ဆူညံလာသည်။ အမေသည် အဆွဲခံထားရသောလက်ကို လျော့ပေးလိုက်သည်နှင့် အဖေသည် ကြမ်းပြင်ပေါ် ဖင်ထိုင်ရက်ကျသွားပြီး ဆုပ်ဖမ်းထားသောလက်မှာ လွတ်သွားလေ၏။ အမေသည် အိပ်ခန်းထဲမှထွက်၍ အိမ်ရှေ့သို့ ပြေးသွားပြီးလျှင် တံခါးမင်းတုပ်များကို ဆွဲဖွင့်လေရာ အဖေသည်
" မလုပ်ပါနဲ့ ..... အမေ .... မလုပ်ပါနဲ့ " ဟု ဟစ်အော် တောင်းပန်လေသည်။
အမေသည် လှေကားမှ မင်းတုပ်ကို ချောက်ကနဲဖြုတ်လိုက်ပြီးနောက် တံခါးကို ဆွဲဖွင့်လိုက်ရာ တံခါးသည် မပွင့်ပဲ ရှိလေ၏။
" အို ..... အဖေက အထက်မင်းတုပ်ပါ ထိုးပိတ်ထားတာကိုး ..... ကျုပ်မမှီဘူး ..... လာပါ ...... ဖြုတ်ပေးစမ်းပါ ..... " ဟု အော်လေရာ " မဖွင့်ပါနဲ့ အမေ ....... မလုပ်ပါနဲ့ ....." ဟု တတွတ်တွတ် အော်ညည်း တောင်းပန်နေသည်။
အမေသည် အဖေ့ကို ခေါ်မရသည်နှင့် ကုလားထိုင်တစ်လုံးကိုယူ၍ တံခါးဆီသို့ ဆွဲရွေ့သွားလေသည်။ ထိုအတွင်း အဖေသည် ကြမ်းပေါ်ကျနေသော လူခြောက်ရုပ်ကို အမှောင်ထဲတွင် လက်ဖြင့် စမ်းသပ်ရှာဖွေလျက်ရှိရာ ရုတ်တရက် မတွေ့နိုင်ပဲရှိလေ၏။ အိမ်ရှေ့မှတံခါးခေါက်သံများမှာ တိုး၍တိုး၍ ဆူညံလာသည်။ အမေသည် ကုလားထိုင်ကို တံခါးအနီးတွင် မှီခင်း၍ အထက်မင်းတုပ်အား ဆွဲဖြုတ်စဉ် အဖေသည် ကြမ်းပေါ်မှလူခြောက်ကို လက်ဖြင့်စမ်းမိသည်နှင့် ညာလက်တွင်ဆုပ်ကာ တတိယဆုကို တောင်းလိုက်လေသည်။
ထိုခဏ၌ တံခါးခေါက်သံများ ရုတ်တရက်ရပ်စဲ၍ ပဲ့တင်သံများသာလျှင် ကျန်ရစ်တော့၏။ အမေသည် မင်းတုပ်ကိုဖြုတ်ပြီးသဖြင့် တံခါးကိုဆွဲဖွင့်လိုက်ရာ လေပြင်းများတိုးဝင်လာပြီး အမေ၏စိတ်ပျက်ညည်းညူသံကိုသာ အဖေရှိရာသို့ ဆောင်ကျဉ်းသွားလေ၏။ ထိုအခါ အဖေသည် ရဲရင့်လာလျက် အမေရှိရာသို့ထွက်လာခဲ့ပြီးလျှင် အိမ်ရှေ့သို့ မျှော်ကြည့်လိုက်လေသည်။
မည်သည့်အရိပ်ယောင်မျှ မတွေ့သောကြောင့် အဖေသည် ရဲသည်ထက် ရဲလာ၍ အိမ်ပေါ်မှဆင်းပြီးလျှင် ဝင်းတံခါးဆီမှ လမ်းပေါ်သို့ မျှော်ကြည့်ရာ မီးတိုင်များထွန်းညှိထားသော ပေတရာလမ်းမကြီးပေါ်၌ တရွေ့ရွေ့လျှောက်သွားသော အရာတစ်ခုကို မြင်လိုက်ရသလို မှတ်ထင်မိလေတော့သည်။
ရွှေဥဒေါင်း
W.W. Jacobs ရဲ့ The Mokey's Paw
သွေးသောက်၊ သြဂုတ်၊ ၁၉၄၈