ပန်းရိုင်း(စ/ဆုံး)
————–
နေမင်းကြီးကခေါင်းထက်တည့်တည့်မှာ
ခြစ်ခြစ်တောက်ပူပြင်းနေလေသည်။ဖိုးစည်က
တော့နေပူရှိန်ကိုဂရုမပြုအားဘဲ အမှိုက်ပုံထဲကို
သာထိုးဖွနှိုက်နေမိသည်။တစ်ချက်တစ်ချက်
အရိပ်ကျိုးတိုးကျဲတဲကျနေသောသစ်ပင်
အောက်မှညီမလေးကိုလည်းလှမ်းကြည့်ရ
သေးသည်။ညီမလေးကတော့ကျိုးပဲ့နေသော
ဘိုးမရုပ်လေးကိုသာစိတ်ဝင်တစားကိုင်တွယ်
ဆော့ကစားနေလေသည်။ညီလေးငတိုးက
တော့ဖိုးစည်နားမှာကူညီရှာဖွေပေးနေလေ
သည်။ထမင်းကြမ်းခဲ လေးငါးလုတ်သာစား
လာရသော ဖိုးစည်၏ဝမ်းထဲ၌ တကြုပ်ကြုပ်
မြည်နေပေပြီ။ဒါဆိုညီလေးနဲ့ညီမလေးလည်း
ဆာနေလောက်ပြီဖြစ်ပေမည်။ဖိုးစည်ကောက်
ထားသောပစ္စည်းများကိုကောက်သိမ်းလိုက်
ရင်းညီလေးလက်ကိုဆွဲပြီးလမ်းမဘက်ကို
လှမ်းကြည့်လိုက်လေသည်။ဖိုးစည်ကြည့်နေ
စဉ်မှာပင်သံလုံးတစ်ယောက်အထုတ်ဆွဲပြီး
အမောတကောပြေးလာနေသည်ကိုတွေ့
လိုက်ရလေသည်။ဖိုးစည်သံလုံးကိုလှမ်းနှုတ်
ဆတ်လိုက်လေသည်။
“သံလုံး မင်းဘယ်လောက်ရခဲ့လဲကွ ဟာ
……………ဟင် ”
ဖိုးစည်မှာသံလုံးနဖူးပေါ်မှသွေးစအချို့ကို
မြင်လိုက်ရသောကြောင့်စကားဆတ်မပြောနိုင်
ဖြစ်သွားရလေသည်။
“ဟေ့ကောင် သံလုံး မင်းဘာဖြစ်လာတာ
လဲကွ နဖူးမှာလည်းသွေးတွေနဲ့ ”
“ခဲနဲ့ထုခံထိတာကွ ရေသန့်ဘူးနဲ့စီဒီခွေ
တွေ လွှတ်ပစ်ထားတာတွေ့လို့ ဝင်ကောက်
မိတာ ခဲနဲ့ထုခံလိုက်ရတယ်ကွာ ”
“အဒါကြောင့်မင်းကိုပြောတာပေါ့ ခြံတွေထဲ
မဝင်ပါနဲ့ဆို ”
“မသွားလို့မရဘူးကွ အမေကတစ်နေ့နှစ်
ထောင်မပေးနိုင်ရင်ငါ့ကိုရိုက်တယ် ”
သံလုံးစကားကြောင့်ဖိုးစည်ဘာမှမပြော
တော့ပဲညီမလေးကိုကောက်ချီလိုက်ပြီးလက်
တစ်ဖက်ကအထုတ်ကိုဆွဲလိုက်လေသည်။
ညီလေးငတိုးကလည်းအထုတ်သေးလေးကို
မနိုင်မနင်းဆွဲရင်းဖိုးစည်တို့အုပ်စုချီတက်ရာ
ကသံတိုသံစနဲ့ကော်စုတ်ပလုံးစုတ်တွေဝယ်
သောဦးကုလားကြီးဆိုင်ကိုပင်။
( ၂ )
ဦးကုလားကြီးဆိုင်မှပေးလိုက်သော
နှစ်ရာတန်အဟောင်းလေးသုံးရွက်ကိုကျစ်
ကျစ်ပါအောင်ဆုပ်ကိုင်ပြီးမုန့်ဆိုင်ထဲသို့
ဖိုးစည်တို့မောင်နှမတွေဝင်ခဲ့ကြလေသည်။
ဗိုက်ဆာနေသောညီမလေးကမုန့်ထုတ်
တွေကိုမြင်သောအခါဝမ်းသာအားရနဲ့ဟိုဆွဲ
ဒီဆွဲ ဆွဲလေသည်။ညီလေးငတိုးကတော့
ဟိုမုန့်ထုတ်ကိုင်လိုက်ပြန်ချလိုက်။ဒီမုန့်ထုတ်
ကိုင်လိုက်ပြန်ချလိုက်နဲ့အလုပ်ရှုပ်နေတော့
သည်။ဆိုင်ရှင်မိန်းမကြီးကဖိုးစည်တို့ကို
စိတ်မရှည်ဟန်နဲ့အော်လေသည်။
“နင်တို့ပိုက်ဆံရောပါကြရဲ့လား
ဝယ်မယ်ဆိုလည်းမြန်မြန်ဝယ် မဝယ်လည်း
သွားကြ ”
မိန်းမကြီးရဲ့ဆူဆူအောင့်အောင့်အသံ
ကြောင့်ညီမလေးကငိုလေပြီ။ဖိုးစည်လည်း
စိတ်တိုတိုနဲ့မုန့်ဖိုးပိုက်ဆံကိုဆောင့်ဆောင့်
အောင့်အောင့်လှမ်းပေးလိုက်လေသည်။
( ၃ )
” လာစမ်း လာစမ်း သေနာလေး
ကလေးတွေခေါ်ပြီး ဘယ်ကလေကဝလျှောက်
သွားနေတာလဲ မအေပြန်လာရင်ခိုင်းဖို့ဆို
တစ်ယောက်မှမရှိဘူး ကဲဟယ် ကဲဟယ်
ကမြင်းချင်ဦး သွားချင်ဦး ဘုံး ဘုံး ”
အိမ်ရောက်ရောက်ချင်းပဲဖိုးစည်မှာ
အမေ့ရဲ့အဆူအငေါက်ကိုခံလိုက်ရပြီး
ကျေုာပြင်ကိုတဘုံးဘုံးအထုခံလိုက်ရလေ
သည်။အဆူခံအထုခံလိုက်ရပေမယ့်ဖိုးစည်
အသားမနာတတ်တော့ပါဘူး။ဒါကနေ့စဉ်
ဖြစ်နေကျပဲလေ။
“ကြည့်ပါလား ဘယ်လောက်ထုထု အသား
နာရကောင်းမှန်းမသိဘူး အရေထူပုံကတော့
ပထွေးနဲ့တထေရာတည်း ရော့ ပိုက်ဆံ
ဆန်သွားဝယ်ပေး ”
ဖိုးစည်ထမင်းအိုးတည်နေရင်းမှကန်
စွန်းရွက်ကိုအမြန်ချွေရလေသည်။တော်ကြာ
အဖေဆိုက်ကားသိမ်းပြီးပြန်လာလို့ထမင်း
ဟင်းမကျက်သေးရင်အမေနဲ့ရန်ဖြစ်ကြဦး
မည်။အဒီအခါညီမလေးကငိုမည်။ညီလေးက
ငိုမည်။ဖိုးစည်ကိုအမေနဲ့အဖေကတစ်
ယောက်တစ်လှည့်ရိုက်ကြမည်။ဒီအဖြစ်တွေ
ကိုဖိုးစည်မလိုချင်တော့ဘူး။ဖိုးစည်အသားနာ
မှာထက်ညီမလေးငိုမှာကိုမကြည့်ရက်ပါ။
ဖြစ်နိုင်ရင်ဖိုးစည်တို့ပျော်ပျော်ပဲနေချင်သည်။
ပြီးတော့ဖိုးစည်သူများတွေလိုကျောင်းလည်း
တက်ချင်သည်။စာဖတ်တတ်ချင်သည်။အခု
တော့ဖိုးစည်မှာကျောင်းတစ်နှစ်သာနေလိုက်
ရသည်။စာမတတ်သေးခင်ညီလေးကိုထိန်းဖို့
ကျောင်းထွက်လိုက်ရသည်။ညီလေးပြီးတော့
လည်းညီမလေးရလာသောကြောင့်ဖိုးစည်
ကျောင်းမတတ်ရတော့။အခုဆိုဖိုးစည်အ
သက်ဆယ်နှစ်ရှိပြီ။ညီလေးကခြောက်နှစ်။
ညီလေးလည်းကျောင်းမတတ်ရသေးဘူး။
ဖိုးစည်မှာမနက်မိုးလင်းလာရင်အမေစျေး
ရောင်းဖို့စျေးဗန်းကိုဝိုင်းကူပြင်ပေးရသည်။
အဖေ့ဆိုက်ကားပေါ်တင်ပေးရသည်။
ပြီးရင်ညီလေးနဲ့ညီမလေးကိုမျက်နှာသစ်ပေး။
အမေပေးသောမုန့်ဖိုးနဲ့အကြော်ဝယ်ပြီး
ထမင်းကြမ်းစားကြသည်။ဒါတောင်ထမင်း
ကြမ်းကတစ်ခါတစ်လေမှကျန်တာမို့ဖိုးစည်
တို့မောင်နှမတွေအကြော်ချည်းပဲစားရတာက
များလေသည်။ထမင်းကြီးကတော့အမေပြန်
လာမှချက်စားရသည်။အမေကနစ်လုံးဂဏန်း
ထွက်ပြီးမှပြန်လာတာမို့ညီလေးနဲ့ညီမလေး
ကဗိုက်ဆာ၍အမြဲငိုကြသည်။ကြာတော့
ဖိုးစည်လည်းညီလေးနဲ့ညီမလေးကိုသနားပြီး
ရပ်ကွက်အနှံ့ချီပြီးလျှောက်ထိန်းရမှသံလုံးတို့
အုပ်စုနဲ့တွေ့ခဲ့ခြင်းပင်။သူများတွေလွှတ်ပစ်
ထားတာတွေလိုက်ကောက်ပြီးပြန်ရောင်း
သောထိုအလုပ်ကဆိုးတော့မဆိုးလှ။ဖိုးစည်
တို့ကောက်တာကသံလုံးတို့လောက်မရ
ပေမယ့်မုန့်ဖိုးတော့ရပါသည်။သံလုံးတို့က
အိမ်ကြိုအိမ်ကြားနေရာအနှံ့လျှောက်ကောက်
တာဆိုတော့ပိုရသည်။ဖ်ုးစည်တို့ကသူတို့လို
တော့လိုက်ကောက်လို့မဖြစ်။တစ်ချို့အိမ်တွေ
ကဖိုးစည်တို့ကိုခဲနဲ့ပေါက်တတ်ကြသည်။
ခွေးနဲ့ရှူးတိုတ်လွှတ်တတ်ကြသည်။အဒီအခါ
ကျသံလုံးတို့အုပ်စုကပြေးနိူင်သော်လည်း
ဖိုးစည်မှာကညီလေးနဲ့ညီမလေးပါနေတော့
မပြေးနိုင်ဘူးလေ။ဒါကြောင့်ဖိုးစည်မှာများ
သောအားဖြင့်အမှိုက်ပုံကိုသာအားကိုးနေရ
လေသည်။
ထမင်းစားပြီးတော့ညီလေးနဲ့
ညီမလေးကအိပ်ပျော်သွားသည်။ဖိုးစည်က
တော့အမေခိုင်းတာတွေလုပ်ပေးရဦးမည်။
အိပ်လို့မဖြစ်ပါ။အမေကတော့စာအုပ်တစ်အုပ်
ဘောပင်တစ်ချောင်းနဲ့အလုပ်များနေလေ
သည်။ဒီလိုအမေအလုပ်ရှုပ်နေချိန်ဆိုအဖေ
အိမ်ပြန်လာမြဲ။အဖေပြန်လာပြီဆိုသည်နှင့်
အိမ်ရှေ့မှာဆိုက်ကားကိုဝုန်းခနဲထိုးရပ်ပြီး
အဖေနှင့်အမေစကားများရန်ဖြစ်ကြတော့
သည်။အဒီအခါညီမလေးကကြောက်လန့်
တကြားထငိုမည်။နောက်ဆုံးကျအဖေနဲ့
အမေ့ဒေါသတွေကဖိုးစည်ကျောပေါ်သို့ကျ
ရောက်လာမြဲပင်။
( ၄ )
ထမင်းကြမ်းမစားခဲ့ရတဲ့ဒီနေ့မှ
မိုးတွေကသည်းသည်းမည်းမည်းရွာနေလေ
သည်။ဘာပစ္စည်းမှလည်းရှာလို့ကောက်လို့
မရ။ညီမလေးကလည်းဗိုက်ဆာ၍ငိုနေပြီ။
ိဖိုးစည်မှာညီမလေးကိုအငိုတိတ်အောင်ချော့
ရင်းမျက်နှာချင်းဆိုင်မှအထည်ဆိုင်ကိုကြည့်
ပြီးဝမ်းသာသွားမိလေသည်။အထည်ဆိုင်ရှေ့
မှာရေသန့်ဘူးခွံတွေရောစီဒီခွေတွေနဲ့အတူ
အခြားအမှိုက်တွေကိုပါစုပုံထားလေသည်။
ဖိုးစည်ဆိုင်ထဲကိုလှမ်းကြည့်လိုက်မိလေ
သည်။ဆိုင်ထဲမှာတော့စျေးဝယ်သူသုံးလေး
ယောက်ကြားမှာဟိုအထည်ယူပြလိုက်
ဒီအထည်ယူပြလိုက်နဲ့ဆိုင်ရှင်အန်တီကြီး
အလုပ်ရှုပ်နေလေသည်။ဖိုးစည်လည်းအန်တီ
ကြီးအလစ်ကိုချောင်းနေလိုက်လေသည်။
ဖိုးစည်ကြည့်နေစဉ်မှာပင်အန်တီးကြီးကအ
တွင်းထဲဝင်သွားတာမို့ဖိုးစည်းလညးအမှီုက်
တွေကိုအပြေးအလွှားသွားကောက်လိုက်လေ
သည်။ဖိုးစည်အမှိုက်တွေကိုသိမ်းကြုံးယူနေ
စဉ်မှာပဲစျေးဝယ်နေသောမမတစ်ယောက်က
အဝတ်တစ်ထည်ကိုခါးကြားထဲသို့လိပ်ထည့်
လိုက်သည်ကိုတွေ့လိုက်ရတာမို့ဖိုးစည်
ကြောင်၍ကြည့်နေမိလေသည်။ထိုစဉ်မှာပဲ
ဆိုင်ရှင်အန်တီကြီးအဝတ်စတစ်စကိုကိုင်
ပြီးပြန်ထွက်လာလေသည်။ထိုနောက်
အန်တီကြီးကလစ်ဟာနေသောချိတ်ကိုသတိ
ထားမိသွားပြီး
“ဟင် ဒီနားကအထည်ဘယ်ရောက်သွား
တာလဲ ”
မေးသံနဲ့အတူအန်တီကြီးကဟိုဟို
သည်သည်လိုက်ရှာလေတော့သည်။လျှင်မြန်လှသော
မမပါပင်။ဖိုးစည်နားကိုမသိမသာလျှောက်လာ
ပြီးခါးကြားမှအထည်ကိုဖိုးစည်ရှေ့တည့်တည့်
ကိုပစ်ချလိုက်ပြီး
“ဒီမှာအန်တီ ဒီကောင်လေးယူထားတာ ”
ထိုမမရဲ့စကားသံပင်မဆုံးသေး။
လူတစ်ချို့ရောက်လာပြီးဖိုးစည်ကိုကန်
ကျောက်ထုရိုက်ကျလေသည်။
“အလွတ်မပေးနဲ့ သူခိုးလေးတွေ အမှိုက်
ကောက်သလိုလိုနဲ့ ဒီလိုပဲလုပ်စားနေကြတာ”
” မှတ်လောက်အောင်ဆုံးမပစ် ”
” ရပ်ကွက်ရုံးပို့ပစ် ”
“ကျွန်တော်မယူဘူး ကျွန်တော်ယူတာ
မဟုတ်ဘူး ”
ဖိုးစည်အော်ဟစ်ပြောနေသော်လည်းသူတို့
ဖိုးစည်စကားကိုအလေးမထားကြပါ။ဖိုးစည်ဆီ
သို့ငိုကြီးချက်မပြေးလာသောညီလေးကိုပါ
ဝိုင်းရိုက်ကြလေသည်။
“သူခိုးလေးတွေ အလွတ်မပေးနဲ့ ”
“နာနာသာ ဆော်ပစ် ဒါမှနောက်မလုပ်ရဲမှာ ”
“မရိုက်နဲ့ မထိနဲ့ ငါ့ညီလေးကိုမလုပ်နဲ့
ငါတို့ခိုးတာမဟုတ်ဘူး ငါတို့မယူဘူး ”
********************
ရပ်ကွက်လူကြီးများရှေ့မှာ
ဖိုးစည်တို့မောင်နှမတွေထိုင်နေရလေသည်။
ဘေးနာမှာတော့အထည်ဆိုင်ကအန်တီကြီး
နဲ့လူတစ်ချို့၏တစ်ယောက်တစ်ပေါက်ဆူ
ငေါက်သံတွေကြားမှာညီမလေးရဲ့ငိုသံတွေပါ
ဆူနေလေသည်။ဖိုးစည်ကတော့ညီမလေးနဲ့
ညီလေးကိုသာပွေ့ဖတ်ထားပြီးမည်သူ့ကိုမျှ
မကြောက်တော့ပါလေ။
” ဟဲ့ သေနာလေး ဂြိုလ်ဆိုးလေး သူများ
ပစ္စည်းခိုးတယ်ဆို ငါဒီလောက်ရှာဖွေကျွေး
နေတာတောင်မဝနိုင်ဘူးလား ကဲဟာ
ကဲဟာ ခိုးဦး ခိုးဦး ဒုက္ခပေးချင်ဦး
နင့်ကိုထောင်ထဲထည့်ခိုင်းရမယ် ”
အမေရောက်လာပါပြီ။ဆဲဆိုကြိမ်း
မောင်းသံနဲ့အတူအမေ့ရဲ့လက်တွေက
ဖိုးစည်ကျောပြင်ပေါ်သို့အဆတ်မပြတ်ကျ
ရောက်လာလေသည်။
“ကျွန်တော်မခိုးဘူး ကျွန်တော်မယူဘူး”
ထိုစကားသံတွေကိုဖိုးစည်စိတ်ထဲကအကြိမ်
ကြိမ်အော်ဟစ်နေခဲ့ပြီးအံကိုသာတင်းတင်း
ကြိတ်ထားမိလေသည်။လက်တွေကတော့
ညီလေးနဲ့ညီမလေးကိုခပ်တင်းတင်းပွေ့ဖတ်
ထားလိုက်ပြီးအမေထုရိုက်နေတာကို
ဖိုးစည်မျက်ရည်တစ်စက်မကျပဲခံယူနေလိုက်
လေသည်။
“ကြည့်ပါဦးဟယ် ဒီလောက်အရိုက်ခံနေရတာ
တောင်တုတ်တုတ်မလှုပ်ဘူး အကြောတင်း
ပုံကတော့ အံ့မခန်းပါပဲ ”
စကားသံတွေ။ စကားသံတွေက
ဖိုးစည်နားထဲမှာဆူညံလို့နေလေသည်။
ဖိုးစည်ကတော့အံကိုသာခပ်တင်းတင်း
ကြိတ်ထားမိလေသည်။
#################
ဧကြည်ဖြူ