လူမိုက်နှင့်ငွေ(စ/ဆုံး)

 လူမိုက်နှင့်ငွေ(စ/ဆုံး)

—————–
“စာမတတ်ရင်ခွေးဖြစ်မယ်”

ဒေါ်သူဇာက သူ့သားဖိုးတောက်ကို ဆုံးမနေသည့်စကားဖြစ်သည်။ ဖိုးတောက်နာမည်အပြည့်အစုံက တောက်ထွန်းဖြစ်သည်။ သားလေးကို ထွန်းထွန်းတောက်တောက်ဖြစ်စေချင်သဖြင့် မိဘတွေက ထိုအမည်ကို ပေးခဲ့ခြင်း ဖြစ်သော်လည်း ဖိုးတောက်ဟုသာ ချစ်စနိုးခေါ်ရင်း ထိုအမည်တွင်သည်။

ဒေါ်သူဇာနှင့် ဦးခိုင်ထွန်းတို့တွင် သားနှစ်ယောက်ရှိသည်။ သားကြီးအမည်မှာ ချမ်းသာဖြစ်သည်။ သားကြီး မောင်ချမ်းသာက လိမ္မာသည်၊ စာလည်းတော်သည်။ ၁၀ တန်းကို နှစ်ချင်းပေါက်အောင်ကာ တက္ကသိုလ်အထိ ဆက်တက်နိုင်ခဲ့သည်။ နောက်ဆုံး မိဘလက်ငုတ်လက်ရင်း လယ်အလုပ်ကို ဝါသနာမပါဟုဆိုကာ ကျောင်းဆရာဝင်လုပ်ရင်း အိမ်ထောင်ကျသည်။

မောင်ချမ်းသာမှာ ရိုးသားတည်ကြည်သူဖြစ်ပြီး အိမ်ထောင်နှင့်ဖြစ်သဖြင့် အိမ်ခွဲကာနေရသည်။ ကျောင်းဆရာ ဆိုသည့်အတိုင်း ဆင်းရဲရှာသည်။

ဤနေရာတွင် ဒေါ်သူဇာပြောလေ့ရှိသည့် “စာမတတ်ရင်ခွေးဖြစ်မယ်” ဆိုသောစကားကို ပြန်ကောက်ရပေ လိမ့်မည်။

သားကြီးမောင်ချမ်းသာ စာတတ်သည်၊ ဘွဲ့ရသည်၊ ကျောင်းဆရာဖြစ်သည်၊ ဆင်းရဲသည်။

ညီငယ်ဖြစ်သူ ဖိုးတောက်အကြောင်းကို ဤနေရာတွင် ပြောရပေတော့မည်။

ဖိုးတောက်ကား ၇ တန်းမအောင်။ ကျောင်းမကြာခဏပြေးသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မကောင်းမှု အစုံ လုပ်သည်။ သူပေါင်းနေသူတွေကလည်း အရက်၊ ဖဲ၊ ကြက်၊ လောင်းကစားမကင်းသူတွေဖြစ်သည်။ ကျောင်းမတက်ဘဲ ကြက်ဝိုင်းအတော်များများကိုလိုက်ကာ ကြက်အကြောင်းနားလည်နေပြီ။ နောက်ဆုံး ကျောင်းမနေချင်ဟုဆိုကာ ထွက်ပြေးသည်။ မိဘတွေကလိုက်ရှာပြီး မနေချင်လည်း မနေပါနဲ့တော့ဆိုကာ လက်လျော့ထားလိုက်ရသည်။

ဖိုးတောက်ဘာလုပ်သနည်း။ မိုက်သွေးကလည်းရှိ၊ လင်စလက်နကလည်းကောင်းသောကြောင့် မကြာမီ အရပ် လူမိုက်ခေါင်းဆောင်ဖြစ်လာသည်။ နောက်တော့ ဖိုးတောက်မိန်းမရသည်။ သားငယ်ကိုချစ်လွန်းသောကြောင့် မိဘတွေက အိမ်မှာပဲထားသည်။ မယားဖြစ်သူကို ဖိုးတောက်က ဖဲရိုက်၊ ကြက်တိုက်ပြီး ရှာကျွေးသည်။ မယားကလည်း လည်သည်။ ချဲဒိုင်ကိုင်ပြီး ချဲရောင်းသည်။ မယားဖြစ်သူ ချဲရောင်းပြီး သူကလည်း မဟုတ်တာ အကုန်လုပ်နေသဖြင့် ဖိုးတောက်တစ်ယောက် အာဏာပိုင်တွေနှင့်တည့်အောင်ပေါင်းရတော့သည်။ အားလုံးက ကိုဖိုးတောက် … ကိုဖိုးတောက်ဟူ၍ ပါးစပ်ဖျားကမချရလောက်အောင် စမ်းထသည်။

ဖိုးတောက်မည်မျှ စမ်းထသနည်းဆိုသော် ၄ နှစ်တာကာလအတွင်း သူ့လမ်းထဲတွင် နန်းတော်တမျှကြီးသော တိုက်ကြီးကို ခမ်းနားစွာဆောက်နိုင်ခဲ့သည်။ အားလုံးထက် ဘောလုံး၊ ချဲစသည့် လောင်းကစားတွေကို ပိုမို လုပ်ပိုင်ခွင့်ရထားသူဖြစ်သောကြောင့်လည်း နေ့ချင်းညချင်း ကားတွေ၊ တိုက်တွေနှင့် ဖြစ်လာသည်။

တစ်နေ့ သူ့မိခင်ဖြစ်သူက

“ဖိုးတောက်ရယ် … ငါ့သားမှာ လိုလေသေးမရှိ ချမ်းသာလာတာတော့ ဟုတ်ပါတယ်။ နင့်အစ်ကိုကြီးကိုလည်း နည်းနည်းပါးပါး ကြည့်ပါဦး။ သူ့မှာ အနေအစား ဆင်းရဲလှတယ်”

“အမေရာ အမေ့သားကြီးက မာနကြီးနေတာ။ ဆန်မရှိ သောက်စားကြီးဆိုတာလိုပဲ။ ကျွန်တော် ဟိုတစ်နေ့ ကတောင် ဆန်တစ်အိတ်သွားပေးသေးတာ။ သူကဘာပြောသလဲသိလား”

“ဘာပြောသလဲ”

“မင်းဆန်အိတ်ပြန်ယူသွားတဲ့။ အပူစာတွေ ငါမစားဘူးတဲ့ အမေရ။ ပိုက်ဆံလည်း ပေးလို့မရဘူး။ ဒီအတိုင်း အငတ်ခံနေတာ”

“အေးကွယ် မင်းကပြေလည်နေတော့ သူ့ကိုလည်း ကြည့်ဖို့ပြောတာပါ”

“ကြည့်တာပဲအမေရာ … အမေ့သားကမှ လက်မခံတာ။ အမေပဲ သားကိုပြောတယ်နော်”

“ဘာပြောလို့လဲ”

“စာမတတ်ရင်ခွေးဖြစ်မယ်ဆို … ခုအစ်ကိုကြီး စာတတ်တော့လည်း ဘာထူးသလဲ။ ငတ်နေတာပဲ”

ဖိုးတောက်တစ်ယောက် မကောင်းမှုနှင့် အဆင်ပြေ၊ လုပ်ငန်းကိုင်ငန်းတွေကလည်း ခေတ်ပျက်တွင် လုပ်ကိုင်၍ ကောင်းနေသည်။ ချမ်းသာပြီးရင်း ချမ်းသာကာ ရပ်ကွက်ထဲတွင် အကြွေးဖြင့် လိုက်သိမ်းထားသော အိမ်ဝိုင်းများ၊ ခြံဝိုင်းများလည်း ငါးခြံလောက်ဖြစ်လာသည်။ သူ့မိန်းမကလည်း စီးစီးပိုးပိုးဖြင့် ငွေရှာကောင်း သလို သားသမီးတွေကလည်း မောက်မာကြသည်။

နှစ်စဉ်နှစ်တိုင်း ရဟန်းခံရှင်ပြုတွေကို ဖိုးတောက်တစ်ယောက် ခမ်းနားစွာလုပ်သည်။ ရုပ်ရှင်မင်းသား မင်းသမီးတွေကို မဏ္ဍပ်သို့ခေါ်ကာ ဖျော်ဖြေစေသည်။ ထမင်းရည်ချောင်းစီး မောင်းတီးပြီးလှူသည်။ ခုနစ်ရက် ခုနစ်လီ စတုဒိသာကျွေးသည်။အခမ်းနားဆုံး အကြီးကျယ်ဆုံးအလှူတွေကိုလုပ်သည်။ အရပ်ထဲက မရှိ ဆင်းရဲသားတွေအတွက်ဆိုကာ ဆန်တွေ၊ ဆီတွေဝေသည်။

မကောင်းတာကို တစ်ဖက်ကလုပ်နေသော်လည်း အလှူ့ရှင်ကြီး အလှူ့အစ်မကြီးဆိုသည့် မြှောက်ပင့်ပြော ဆိုသော စကားတွေကြားတွင် ခေါင်းပေါင်းစတစ်ထောင်ထောင်နှင့် ဖိုးတောက်တို့ခေတ်ကောင်းခဲ့သည့် ကာလကို ပြန်တွက်ကြည့်လျှင် လေးနှစ်ကျော်၊ ငါးနှစ်နီးလာပြီဖြစ်သည်။

မကြာမီထူးဆန်းလှစွာဖြင့် ဖိုးတောက်၏ ကြီးကျယ်ခမ်းနားသော တိုက်ရှေ့တွင် ဆိုင်းဘုတ်တစ်ခုချိတ်ထား သည်ကို တွေ့လိုက်ရသည်။

“အိမ်ရောင်းမည်”

အောက်တွင် ဖုန်းနံပါတ်များကို စုံစမ်းရန်ဆိုပြီးထည့်ထားသည့် ဗီနိုင်းစကြီးကို အိမ်ရှေ့တွင် ချိတ်ထားသည်ကို တွေ့လိုက်ရသည်။ သို့လော သို့လောဖြစ်ကုန်ကြသည်။ ဤမျှချမ်းသာသူမှာ တစ်နှစ်ပင်မပြည့်သေးသော ဆောက်ထားသည့် တိုက်ကြီးနှင့် ခြံဝင်းကြီးကို ရောင်းမည်ဟု အဘယ်ကြောင့် စာချိတ်ထားရသနည်း။

အိမ်ကြီးထဲတွင် ကားတွေလည်း မတွေ့တော့။ ယခင်ကလို တပည့်တပန်းတွေနှင့်လည်း စည်စည်ကားကား မရှိတော့။

လူ့ဘဝကြီးသည် အလွန်ဆန်းကျယ်လှပါသည်။

နေ့ချင်းညချင်း သူဌေးဖြစ်ကုန်သည်။

ယခု နေ့ချင်းညချင်း ရှိသမျှစည်းစိမ် အားလုံးပြုတ်သည်။

သူပိုင်ဆိုင်ခဲ့သမျှသော တိုက်တွေ၊ ခြံတွေ၊ ကားတွေအားလုံး တစ်ညတည်း ဖဲရှုံးသဖြင့် ထိုးအပ်လိုက်ရသည်။

မနက်မိုးလင်းသော် သိမ်းနိုင်သမျှလေးတွေ သိမ်းဆည်းကာ တိတ်တိတ်လေးထွက်သွားရသည်။

မည်မျှတရားကျစရာကောင်းလှပါသနည်း။

ယခုအိမ်ရောင်းမည်ဟုဆိုင်းဘုတ်တတ်ထားသူကလည်း သူ့ဆီကဖဲနိုင်သူဖြစ်သည်။

တစ်ညတည်း ငွေမျော ငွေနဲ့လိုက်ရင်း ရှိတာတွေအကုန်ပြောင်တော့သည်။

နောက်ဆုံးတွင် အိမ်ငှားနေစရာ ပိုက်ဆံပင်မရှိလောက်အောင်ဖြစ်သွားခဲ့ရသည်။

ဒေါ်သူဇာက သူ့သားကြီး မောင်ချမ်းသာဆီသွားသည်။

“သားကြီးရေ မင်းညီလေးအကြောင်း ကြားပြီးပြီလား”

“တစ်ရပ်ကွက်လုံး သိနေတာပဲအမေရယ် ကြားပြီးပြီပေါ့”

“ခုတော့ သူ့ခမျာ စားစရာတောင် မရှိတဲ့ဘဝရောက်သွားပြီကွယ်”

“အမေ”

“ဘာလဲသားကြီး”

“စာမတတ်ရင်ခွေးဖြစ်မယ်ဆိုတာ အမေလက်ခံပြီလားအမေ”

“ဘာဖြစ်လို့လဲသားကြီးရယ်”

“ပိုက်ဆံဘယ်လောက်ရှိရှိ … ပညာမဲ့လေတော့ ကောင်းမကောင်း၊ သင့်မသင့် ဆင်ခြင်နိုင်တဲ့ ဉာဏ် မရှိတော့ဘူးလေအမေ။ ဒါကြောင့် ဘယ်လောက်ပဲ အဲဒီကောင်ချမ်းသာတယ်ဆိုစေ သားတော့ အထင် မကြီးတာ။ ဒါကြောင့်လည်း သူ့ဆီကဘာမှ လက်မခံတာအမေ။ အပူစာတွေပါအမေရယ်။ တစ်နေ့ ဒီလိုဘဝဖြစ် မယ်ဆိုတာ သိပြီးသားပါ။ ခုတော့ အမေလက်ခံလိုက်ပါနော်။ ပညာမတတ်ရင် ခွေးဖြစ်မယ်ဆိုတာ”

“အေးပါကွယ်”

တင်ညွန့်

၁၉.၁၂.၂၀၂၅