ရွာလည်သောဖူးစာ(စ/ဆုံး)

———————-
ကိုညိုကြီးတစ်ယောက် ဒူးလေးကိုထမ်းပြီး တောထဲကို ဝင်လာသည်။

အသားဟင်းလေးများ မစားရတာ ကြာပြီဖြစ်သဖြင့် တောလည်နေခြင်းဖြစ်သော်လည်း တောကောင်တွေက ရှားပါးလာသည်။ ယခင်က တောဆိုသည်မှာ ခြေလှမ်းတစ်ရာလောက် လှမ်းလိုက်လျှင် ရောက်သည်။ ယခု တောဆိုသည်မှာ ၂ နာရီခန့်လျှောက်နိုင်မှ ရောက်သည့်နေရာဖြစ်သွားသည်။

တောကောင်ကြီးတွေက ရှားသလောက်ဖြစ်နေပြီ။ ယခင်ကဆိုလျှင် ချေသား၊ ဆတ်သား မပြတ်စားရသည့် အနေအထားမှာ တစ်လတစ်ကောင်လောက်ရရန်ပင် မလွယ်ကူသည့် အနေအထား။ တောဝက်တွေတောင် ပျောက်သလောက်ဖြစ်ကုန်သည်။ ထို့ကြောင့် ကိုညိုကြီးသည် သစ်ပင်တွေပေါ် မော့ကြည့်ရင်း မျောက် သို့မဟုတ် ငှက်တစ်ကောင်ကောင်ရရန် မျက်စိရှင်ရှင်ထားပြီး လိုက်ရှာနေရသည်။

“အွဲ့ … အွဲ့ … အွဲ့”

သူက အသံလေးကြားလိုက်ရသဖြင့် ဒူးထောက်ကာ ထိုင်ချလိုက်ပြီး ချုံပင်တွေဘက်ကို စူးစိုက်ကြည့်နေမိ သည်။

“အွဲ့ … အွဲ့”

အသံက ပထမအကြိမ်လောက်ပင် မကျယ်တော့။ သို့သော် သူကနားပါးသဖြင့် ကြားနေရသည်။

ချုံပင်တွေကို အသားဖြဲကြည့်ရင်းသူလိုက်ရှာနေသည်။

တစ်နေရာတွင် ပုဆိုးထုပ်လေးတစ်ခုကို သူတွေ့လိုက်ရသည်။ ထိုအထုပ်လေးက လှုပ်တုတ်လှုပ်တုတ်ဖြစ်နေ သဖြင့် သူက ဒူးလေးတံနှင့်ထိုးကြည့်လိုက်သည်။

“အွဲ့”

သေချာပြီဖြစ်သဖြင့် ကိုညိုကြီးက ထိုအထုပ်လေးကို ဆွဲမကာ ချုံပင်တွေကြားမှ အပြင်ကိုထုတ်လိုက်သည်။ အပြင် ရှင်းသည့်နေရာရောက်မှ ပုဆိုးထုပ်လေးကို ဖြေကြည့်လိုက်ရာ ကလေးလေးတစ်ယောက်ဖြစ်နေသည်။ တစ်ကိုယ်လုံးကလည်း နီရဲနေသည်။ တော်ပါသေးသည် ပုရွက်နီတွေမကိုက်သေး။ ကလေးက မျက်စိလည်း မဖွင့်နိုင် ပါးစပ်လေးကိုဟကာ လိုက်ဟပ်နေသည်။

ကိုညိုကြီးက သူ့ရေဘူးလေးကိုဖွင့်ပြီး ရေကို လက်နှင့်ဆွတ်ကာ ကလေးပါးစပ်ထဲကို အစက်လေးတစ်စက် ချပေးလိုက်သည်။ ကလေးက တပြွတ်ပြွတ်နှင့်စုပ်နေသဖြင့် နောက်ထပ်ရေတစ်စက်ပြီးတစ်စက်ချပေးနေမိ သည်။ သူက

“ကလေးအမေ … ကလေးအမေရေ” ဟုအော်ခေါ်သည်။ တုံ့ပြန်သံမကြားသဖြင့် နောက်ဆုံးတွင်

“အင်း မင်းကို ဘယ်သူကများ ပစ်သွားသလဲကွယ်။ ငါထားခဲ့ရင်လည်း မင်းသေလိမ့်မယ်” ဟု ညည်းကာ ထိုကလေးကို ရွာသို့ပြန်ယူခဲ့လေသည်။

ကိုညိုကြီးက ရွာလူကြီးအိမ်ကိုသွားပြီး ကလေးတစ်ယောက် တောထဲကရခဲ့ကြောင်း အကြောင်းသွားကြား သည်။

ရွာလူကြီး ကိုဘိုးဆိတ်အလုပ်များရပြီ။ ရွာထဲတွင် ကလေးမွေးသူကို လိုက်စုံစမ်းရသည်။ ရွာထဲတွင် ကလေးမွေးသူ မရှိသည်က သေချာသည်။ သူတို့ရွာနှင့် နီးသည့်ရွာလည်းမရှိ။ အနီးဆုံးရွာသည်ပင် ၇ မိုင် လောက်ဖြစ်နေရာ ကလေးကို ထိုရွာကများ လာပစ်သလားဟု သွားစုံစမ်းသော်လည်း ထိုရွာတွင် ကလေး မွေးသည့် မိန်းမတစ်ဦးမျှမရှိသဖြင့် အခက်တွေ့နေကြရပြန်သည်။

လတ်တလော ကျေးရွာသားဖွားဆရာမ မကြင်မွှေးက ထိုကလေးကိုယူကာ စောင့်ရှောက်ထားရသည်။ မကြင်မွှေးတွင်လည်း ၅ လသားလေးတစ်ဦးရှိနေသဖြင့် နို့တိုက်နိုင်သည့် အနေအထားဖြစ်သောကြောင့် ကလေး ကံကောင်းသည်ဟုဆိုနိုင်သည်။ သို့သော်သူတို့က ခေတ္တသာထိန်းပေးမည်ဖြစ်ပြီး အပြီးအပိုင်မမွေး စားနိုင်ဟုဆိုသည်။ သူတို့မှာလည်း ချမ်းချမ်းသာသာမဟုတ်ကြသောကြောင့်ဖြစ်သည်။

ရွာလူကြီး ကိုဘိုးဆိတ်ထံသို့ ကိုညိုကြီးရောက်လာသည်။

“သူကြီး ကျုပ်ညက တစ်ညလုံး အိပ်မရဘူးဗျ။ ကျုပ်နားထဲမှာ သားရေ … သားရေဆိုတဲ့ အသံတွေပဲ ကြားနေရတယ်”

“မင်းဘာသာ ဘာတွေစိတ်စွဲနေမှန်းမှ မသိတာ”

“ကျုပ်အထင် တောထဲကခေါ်လာတဲ့ကလေး အမေဟာ တစ်ခုခုဖြစ်နေလို့ သူ့သားဆီကို ရောက်မလာနိုင် တာလို့ ထင်နေတယ်။ ပြီးတော့ ကယ်တော်မူကြပါဆိုတဲ့ အသံတွေလည်း ကြားရတယ်”

“အဲဒီတော့ မင်းကဘာလုပ်ချင်တာလဲ ညိုကြီး”

“ကျုပ်တော့ တောထဲမှာတစ်ခေါက်ပြန်ရှာကြည့်ချင်တယ်။ ညက တကယ်ပြောတာ ကျုပ် သားရေလို့ခေါ်တဲ့ အသံတွေနဲ့ ကယ်တော်မူပါဆိုတဲ့အသံတွေချည်း ကြားနေတာ”

“အေးကွာ ဒါဆိုလည်း လူစုလိုက်မယ် တောနင်းကြတာပေါ့”

ရွာလူကြီးက အရေးပေါ်တုံးခေါက်ကာ လူစုလိုက်သည်။ ယောက်ျား ၁၅ ယောက်ကိုခေါ်ကာ တောနင်းကြသည်။ သူတို့ ကလေးတွေ့ရာနေရာမှ အရပ်လေးမျက်နှာကို လူခွဲရှာကြသည်။ နေမြင့်သည့်တိုင် လူရှိသော အရိပ် အယောင်ကိုမတွေ့သဖြင့် သူတို့ပြန်ရန် လူစုကြသည်။

“ဟေ့ တစ်ယောက်လိုနေတယ် … ညိုကြီးဘယ်ရောက်နေသလဲ”

“ညိုကြီးရေ … ညိုကြီး”

သူတို့ညိုကြီးကို ရှာကြပြန်သည်။

“ဝေး … ငါဒီမှာ ဝေး”

ကျောက်ချပ်ကြားထဲက အသံကြားကြသည်။ ချောင်းထဲဆင်းသည့် ချောက်ကမ်းပါးချပ်ကြားတွင် ညိုကြီးက အော်နေခြင်းဖြစ်သည်။ ထိုကျောက်ချပ်က လူ သုံးရပ်စာလောက်မြင့်သည်။

“ညိုကြီး မင်းအောက်ကို ဘာဆင်းလုပ်နေတာလဲ”

“ဒီမှာ မိန်းကလေးတစ်ယောက် သတိမေ့နေတယ် ဆွဲတင်ရအောင်”

သူတို့တောထဲက နွယ်ကြိုးတွေရှာပြီး ခက်ခဲစွာဖြင့် မိန်းကလေးကို ဆွဲတင်ကြရသည်။ သူ့ကို သတိရအောင် ပြုစုကြသည်။ သတိရလာသောအခါ

“ကျွန်မသားလေး … ကျွန်မသားလေး” ဟုအော်သည်။

နောက်မှအကြောင်းစုံစမ်းရာတွင် သူက ရေဆာသဖြင့် ရေဆင်းခပ်ရန် ဤနေရာသို့အလာတွင် ချော်ကျခြင်း ဖြစ်ကြောင်း၊ သားလေးကို ချုံကြားတွင် ဝှက်ထားခဲ့ကြောင်း သိလိုက်ရသည်။ သူ့သားလေး အသက်ရှင်နေသေး သည်ဆိုသဖြင့် ဝမ်းသာအားရဖြင့် ရွာကိုလိုက်ခဲ့သည်။

သားအမိနှစ်ယောက်ပြန်တွေ့ခန်းကား မျက်ရည်ဝဲလောက်သည်။

“ကိုင်းကလေးမပြောပါဦး ဘယ်ကလာလို့ ဘယ်သွားမှာလဲ”

“ကျွန်မယောက်ျား ရဲဘက်စခန်းမှာရောက်နေတယ်ဆိုလို့ လာတွေ့တာပါရှင်။ အဲဒီရောက်တော့ ဝမ်းရောဂါနဲ့ သေသွားပြီတဲ့ရှင်။ အဲဒါနဲ့ ပြန်စရာစရိတ်လည်း မရှိလို့ ကုန်းကြောင်းလျှောက်လာရင်း ဒီလိုဖြစ်တော့တာပါပဲ”

“အိုကွယ် ဒါဆိုဘယ်ကိုသွားမလဲ။ တို့လိုက်ပို့ပေးမယ်”

“ကျွန်မနေတာတောင်ငူမှာရှင့်။ ဒီကနေ ပျဉ်ပုံကြီးရွာကို ဘယ်လောက်ဝေးသေးသလဲ”

“အင်းတစ်မနက်လောက်တော့ လမ်းလျှောက်ရဦးမယ်”

“အဲဒီရောက်မှကားစီးရတော့မှာပဲ ဒါပေမဲ့ ကျွန်မမှာ ပိုက်ဆံလည်း မရှိတော့ပါဘူး”

“တို့ရွာက စုဆောင်းပေးလိုက်နိုင်ပါတယ်။ ကဲဒီညတော့ ရွာမှာပဲ အိပ်လိုက်တော့။ မနက်မှ ညိုကြီးက ဒီကလေးမကို လိုက်ပို့ပေးလိုက်။ ပိုက်ဆံကတော့ ငါပဲလိုက်ကောက်ပြီး ညကျရင်မင်းအိမ်ကိုလာပို့မယ်”

ညိုကြီးက ကလေးအမေနှင့် ကလေးကို သူ့အိမ်ခေါ်သွားသည်။

ထိုအချိန်ကစပြီး လူပျိုကြီးညိုကြီးလည်း မိန်းမရသည်။ မိန်းမသာမက ကလေးတစ်ယောက်ပါ အဆစ်ရလိုက် သေးသည်။

ကျွန်တော်က ကိုညိုကြီးနှင့်တွေ့ချိန်တွင်

“ကိုညိုကြီး”

“ဘာလဲဆရာ”

“ခင်ဗျားဗျာ တစ်ညတည်းနဲ့ ဘယ်လိုများမိန်းမတစ်ယောက်ရအောင် စည်းရုံးလိုက်သလဲ”

“ဆရာ့နှယ် ကျွန်တော်က သူ့အသက်ကိုသာမက သူ့ကလေးအသက်ကိုပါ ကယ်ထားတဲ့ ကျေးဇူးရှင်လေဗျာ။ သူက ကျွန်တော့်ကို ကျေးဇူးဆပ်ပါရစေမောင်ကြီးရယ်လို့ပြောလိုက်တော့ ကျုပ်စိတ်ထဲမှာ ဘယ်လိုဖြစ် သွားတယ် မသိဘူး။ တစ်သက်လုံး မိန်းမဆိုရင် ချစ်စကားမပြောရဲလို့ လူပျိုကြီးဘဝနဲ့ အသက် ၄၅ နှစ် ရောက် လာတာ။ ဒီတစ်ခါကတော့ အခွင့်ကြုံတာပဲ။ အခွင့်သာခိုက်မှာ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရရင် မဖြစ်ချေ ဘူးဆိုပြီး နင့်ကိုငါ တစ်သက်လုံးစောင့်ရှောက်ပါရစေလို့ ပြောချလိုက်တာ”

“သူက ချက်ချင်းလက်ခံသလား”

“မောင်ကြီးသဘောပါတဲ့ဗျာ”

ဤသို့ဖြင့် ကိုညိုကြီးလည်း မိန်းမရသည်။ ဖူးစာသည် အလွန်ထူးဆန်းစွာဖြင့် ရွာကိုရောက်လာသည်။

တင်ညွန့်

၁၁.၁၂.၂၀၂၅