မာရသွန်(စ/ဆုံး)

 မာရသွန်(စ/ဆုံး)

—————

“လွတ်လပ်ရေးနေ့ မာရသွန်အပြေးပြိုင်ပွဲ”


ဆုကြေးက စိတ်ဝင်စားစရာဖြစ်သည်။


ပထမဆု ၁၀၀၀၀


ဒုတိယဆု ၅၀၀၀


တတိယဆု ၂၀၀၀


အပြေးပြိုင်ရမည်မှာ မကျည်းပင်ဆိပ်မှ ကြက်ရိုးကုန်းအထိ ဖြစ်သည်။ စုစုပေါင်း ၁၀ မိုင်ခန့်ရှိမည်ထင်ပါသည်။


ရွာသားတွေ အပြိုင်အဆိုင်လေ့ကျင့်ကြသည်။ ပထမဆုရသူမှာ နွား နှစ်ကောင်လောက် ဝယ်နိုင်သည့်ခေတ် ဖြစ်သည်။ တောသူတောင်သားတွေအတွက် ထိုငွေပမာဏမှာ မက်လောက်စရာဖြစ်သည်။ ညနေဆိုလျှင် မကျည်းပင်ဆိပ်သောင်ပြင်တွင် လေ့ကျင့်ကာ ပြေးနေကြသူတွေ ရှောင်မလွတ်ဖြစ်သည်။


မာရသွန်အပြေးပြိုင်ပွဲကို စုစုပေါင်းဝင်ပြေးမည်သူပေါင်း ၁၅ ဦး စာရင်းလာပေးသည်။ အပြေးသမားတွေထဲတွင် သူကြီးသား ညိုတုတ်လည်းပါသည်။


“အဘရေ … ဒီပြိုင်မှာ ကျုပ်နိုင်မှဖြစ်မယ်ဗျ”


ညိုတုတ်က သူ့ဖခင် သူကြီး ဦးသာလှကိုပြောလိုက်ခြင်း ဖြစ်သည်။


“ဟဲ့ ညိုတုတ် … ဒါတော့ ငါဘယ်လိုမှ လုပ်ပေးလို့မရဘူး။ အားလုံးက မင်းထက်သာမယ့်ကောင်တွေ။ မင်းသာ အပျင်းထူပြီး ဘာမှမလုပ်တာ။ ဟိုကောင်တွေက ညနေတိုင်း သောင်ပြင်မှာ လေ့ကျင့်နေလိုက်ကြတာမှ ချွေး တလုံးလုံးနဲ့ကွ”


“ဘာဖြစ်ဖြစ်ပါအဘရာ … ကျုပ်ငွေ တစ်သောင်းလိုတယ်ဗျ”


“ဟဲ့ နင်က ဘာဖြစ်လို့ ငွေတစ်သောင်းလိုချင်ရတာလဲ”


“အိုဗျာ … ငွေတစ်သောင်းရရင် မြလေးစိန်ကို ဆွဲကြိုးလေးတစ်ကုံးဝယ်ပေးမလို့ဗျ”


“နင့်မလဲ ဟိုက နင့်ကို အဖက်တောင်မလုပ်တာကို”


“အဲဒါလည်း အဘတို့ကြောင့် … အဘတို့က မြလေးစိန်ကို ကျုပ်ကြိုက်နေတာသိသားနဲ့။ တောင်းပေးပါ ဆိုတော့လည်း မတောင်းပေး”


“အဲဒီ မိန်းကလေးက မင်းမှ မကြိုက်တာ။ ဟိုကျောင်းဆရာနဲ့ ဘာလိုလို”


“အဲဒါကို မကျေနပ်တာ။ ကျုပ်လို သူကြီးသားထက် ဟိုမြို့ကြီးသား ကျောင်းဆရာနောက် မြလေးစိန် ပါသွားတာ အဘတို့ကကြည့်နေမှာလား”


“အေး … ကလေးမက နင့်ကို ယူမယ့်အစား သတ်သေမယ်တဲ့ဟ”


“ဘာဖြစ်ဖြစ်ပါ အဘရာ ကျုပ်အဲဒီအပြေးပြိုင်ပွဲမှာ ဝင်ပြိုင်ချင်တယ်။ ပထမရချင်တယ်”


သားဖြစ်သူက ဂျီကျ၊ ဇနီးဖြစ်သူကလည်း ဆူပူလွန်းသဖြင့် ဦးသာလှတစ်ယောက် ဘုန်းကြီးကျောင်းကို ရှောင်နေရသည်ကများသည်။


သို့သော် ဉာဏ်များသော သူကြီး ဦးသာလှမှာ သူ့သားကို ဘယ်ပုံဘယ်နည်းနိုင်အောင် လုပ်ပေးရမည်နည်း ဆိုသည်ကိုတော့ တွေးနေပါသည်။ မတွေး၍မဖြစ် သူ့ဇနီးဒေါ်စိန်လှကို သူမည်သို့မျှ လွန်ဆန်နိုင်အားမရှိ။


ပြေးမည့်သူတွေထဲတွင် ကျောင်းဆရာလည်းပါသည်။ သူက ဘောလုံးလည်းအကန်ကောင်းသူဖြစ်သည်။ ပထမရရန် သေချာသည်။ ရွာထဲမှာ ခွေးညိုကလည်း လျှော့တွက်၍မရ။ သူကလည်း မကျည်းပင်ဆိပ်နှင့် ကြက်ရိုးကုန်းကို နေ့တိုင်းအပြေးလေ့ကျင့်နေသည်။ နောက်တစ်ယောက်က ဘိုလှဖြစ်သည်။ ဘိုလှကလည်း နေ့ရောညပါ အပြေးကျင့်နေသူဖြစ်သည်။ တက်ခေတ်စိန်ကလည်း မခေသူတစ်ယောက်ဖြစ်သည်။ လူပိန်သလောက် အပြေးသန်လှသည်။ အားလုံး လူတော်တွေဖြစ်ပြီး သူ့သားတစ်ယောက်သာ လူညံ့ဖြစ်သည်။


“စိန်လှရယ် … ငါလည်း ဘယ်လိုမှ မတတ်နိုင်လောက်အောင်ပဲ။ နင့်သားက ၁၀ မိုင်မပြောနဲ့ တစ်မိုင်တောင် ပြေးနိုင်တာ မဟုတ်ဘူး”


“အိုတော် … သူလည်း လေ့ကျင့်နေပါတယ်တော့”


“ပြိုင်ပွဲမှာ ကျောင်းဆရာလေးက ဆုရဖို့သေချာသလောက်နော်”


“ဘာပဲဖြစ်ဖြစ် ကျုပ်စကားတောက်ကြည့်ပြီးပြီ။ ကျုပ်တို့သား ညိုတုတ်သာ ပထမရကြည့်။ မြလေးစိန်က စဉ်းစားမယ်တဲ့တော့။ စဉ်းစားမှာတောင် မဟုတ်ဘူး လက်ကိုထပ်မယ်တဲ့”


“ဟဲ့ မိန်းကလေးက အဲဒီလိုကို ပြောသလား”


ထိုစဉ်တွင် အပြင်က ပြန်လာသော ညိုတုတ်က ပြုံးပြုံးရွှင်ရွှင်နှင့်


“အဘရေ … အဘ”


“ဘာလဲကွ … ဘာဖြစ်လာတာလဲ”


“မြလေးစိန်ကပြောတယ် သိလား။ ပြေးပွဲမှာ ပထမသာရလို့ကတော့ ကျုပ်ကို လက်ထပ်မယ်တဲ့ဗျ”


“ဟေ … အဲသည်လိုကြီးကို ပြောတာလား”


“ကျုပ်ကို သေသေချာချာကို ပြောလိုက်တာ”


“ကိုင်း ဒါဆိုရင် မင်းဘက်က ကြိုးစားပေတော့”


“အဘရယ် ကျုပ်လည်း နိုင်ချင်တာပဲ။ ဒါပေမဲ့ မလွယ်ဘူးဗျ”


ငြိမ်ပြီး နားထောင်နေသော ဒေါ်စိန်လှက


“ကဲ ကျုပ်ပြောမယ် … နားထောင်။ ကျုပ်ပြောတဲ့အတိုင်းလုပ်”


“ဘယ်လိုလုပ်ရမလဲ”


“အပြေးပြိုင်ပွဲကိုဝင်မယ့်သူတွေအားလုံးကို မပြေးခင်ညမှာ ကျုပ်တို့အိမ်ကို ထမင်းဖိတ်ကျွေးလိုက်”


“ဟယ် နင့်ဟာက ဘာကြီးလဲ။ အားလုံးကို အရှုံးပေးခိုင်းလို့တော့ မလွယ်ဘူးနော်”


“ကျုပ်ပြောတဲ့အတိုင်းသာ လုပ်ပါရှင်။ ဘာဖြစ်ဖြစ် ကျုပ်တို့သား နိုင်ဖို့အရေးကြီးတယ်”


ဤသို့ဖြင့် လွတ်လပ်ရေးနေ့မတိုင်မီ ညတွင် သူကြီးအိမ်၌ အပြေးပြိုင်ပွဲဝင်မည့် အပြေးသမား ၁၄ ယောက်ကို သူကြီးနှင့် သူကြီးကတော်တို့က ထမင်းဖိတ်ကျွေးသည်။ ထိုထမင်းဝိုင်းကား သာမန်မဟုတ်။ သူကြီးအိမ်က ဝက်တစ်ကောင်ပေါ်သည်။ အရက်ကို မီးတောက်မှ တိုက်သည်။ ဝက်သားဟင်း၊ ပုန်းရည်ကြီး၊ သရက်ချဉ်သုပ် တွေနှင့် ချဉ်ပေါင်ဟင်းတို့ကို ပြိုင်ပွဲဝင်မည့် သူတွေအားရပါးရစားကြသည်။


သူကြီးကတော် ဒေါ်စိန်လှက ကိုယ်တိုင်ဧည့်ခံသည်။ ဟင်းတွေကို လိုက်ထည့်ပေးသည်။ အရက်တွေကို လိုက်ငှဲ့ ပေးသည်။ ဤသို့ဖြင့် စားသောက်ပြီး လူတွေအားလုံးပြန်သွားသော်


“ကိုသာလှ”


“ဘာတုန်းကွ”


“စိတ်သာချ … မနက်ဖြန်ပြေးပွဲမှာ ရှင့်သား နိုင်ပြီလို့သာ မှတ်လိုက်”


“ဘာဖြစ်လို့ မင်းက ပြောနိုင်တာလဲ”


“ကိုသာလှ … ရှင် ဝက်သားဟင်း မစားပါဘူးနော်”


“မင်းက မစားနဲ့ဆိုလို့ တို့တောင်မတို့ဘူး”


“ကျုပ်တို့သားကိုရော ကျွေးသေးလား”


“ထူးဆန်းတယ်ကွ … ဝက်သားကို အဲဒီလောက်ကြိုက်တဲ့ကောင်က တစ်စက်တောင်မတို့ဘူး”


“ဘယ်တို့မလဲ ကျုပ်က သားကို ပြောထားတာကိုး”


နောက်တစ်နေ့ နံနက်စောစောတွင် ရွာထိပ်ရှိ တာလွှတ်မည့် ကွင်းထဲတွင် လူတွေစုဝေးနေကြသည်။ အသံချဲ့စက်ကလည်း အသံကုန်သီချင်းတွေဖွင့်သည်။


“အပြေးပြိုင်ပွဲဝင်မယ့်သူတွေ … သူကြီးဆီမှာ နံပါတ်တွေလာထုတ်ပြီး သတင်းပို့ကြပါ”


အသံချဲ့စက်က တကြော်ကြော်အော်သည်။


သို့သော် အပြေးပြိုင်မည့်သူတွေ တစ်ယောက်မျှ မရောက်လာ။ အဘယ်မှာလျှင် ရောက်လာနိုင်ပါအံ့နည်း။ အပြေးပြိုင်ပွဲဝင်မည့်သူ ၁၄ ယောက်စလုံး တစ်ညလုံးဝမ်းတွေသွားသဖြင့် ဆေးရုံတင်ထားရသည်။


“ကိုင်း … ကိုင်း … အပြေးပြိုင်ပွဲမှာ တစ်ယောက်ပဲ ရှိတာကြောင့် ဒီတစ်ယောက်ကိုပဲ ဆုပေးရတော့မှာပဲ”


“ဘယ်ဖြစ်မလဲ … တစ်ယောက်တည်းလည်း ပြေးပြရမယ်။ ကြက်ရိုးကုန်းကို ရောက်မှ ဆုချမှာ။ ကြက်ရိုးကုန်းမှာ ဝန်ထောက်မင်းက စောင့်နေတာ”


“ဒါဆိုလည်း ပြိုင်ပွဲဝင်မယ့် ညိုတုတ်ကိုပဲ လှည်းနဲ့တင်ပြီး ဆုသွားယူကြတာပေါ့”


“မရဘူး … မရဘူး …မပြေးနိုင်ရင် ပြိုင်ပွဲကို ရက်ရွှေ့”


“ဟာ ရက်ရွှေ့လို့ ဘယ်ဖြစ်မလဲ။ ဒီမှာ ပြိုင်ဖို့ရောက်လာတဲ့သူကိုပဲ ထုံးစံအတိုင်း အခွင့်အရေး ပေးရမှာပေါ့”


“မလိုချင်ဘူး … တစ်ယောက်တည်းပြေးပြ။ မပြေးနိုင်ရင် ကန့်ကွက်မယ်”


ဤသို့ဖြင့် ညိုတုတ်တစ်ယောက် ပြေးပြရလေတော့သည်။


အားလုံးထဲတွင် မျက်စိမျက်နှာ အပျက်ဆုံးမှာ မြလေးစိန်ဖြစ်သည်။ သူကြီးသားကို မဖြစ်နိုင်ဘူးထင်ကာ ကတိတွေ ပေးမိသည်။ သူသာ အနိုင်ရသွားလျှင် သူ့ဘဝတော့သွားပြီ။


ဝက်သားဟင်းထဲ ကနခိုတွေထည့်ချက်ထားသည့် ဒေါ်စိန်လှကတော့ ပြုံးနေသည်။


“ကဲ သားရေ … ပြေးပေတော့ … ကြက်ရိုးကုန်းကို ညနေမှရောက်ရောက် … မရောက်ရောက်အောင်ပြေး ပေတော့”


ညိုတုတ်ကာ တစ်ယောက်တည်းပြေးပြီး ပထမဆုယူရန် အားခဲသည်။


အားကြိုးမာန်တက်ပြေးသည်။ သုံးမိုင်ခန့်အရောက်တွင် အမောဆို့ပြီး ထိုင်ချသည်။ နောက်က လိုက်လာသော လူတွေကလည်း အားမပေး၊ လက်ခုပ်မတီး။ တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ကြည့်သည်။ မသာလိုက်ပို့သလိုပင်။


နွားလှည်းနှင့် နောက်ကလိုက်လာသော သူကြီး လင်မယားကသာ အားပေးသည်။


“ပြေးလေ … ထပြေး … ရောက်တော့မှာ”


ညိုတုတ်ဆက်ပြေးသည်။ ဒယိမ်းဒယိုင်ဖြစ်လာသည်


“ရေ … ရေ … ရေ ပေးပါ”


သူကြီးက လှည်းပေါ်က ခုန်ဆင်းပြီး သူ့သားကို ရေဘူးသွားပေးသည်။


ရေဘူးကို အငမ်းမရမော့သောက်သည်။


နောက်ပြန်လဲကျသည်။


“ဟဲ့ … သားလေး … သားလေး” ဟု သူကြီးကတော်က လှည်းပေါ်မှဆင်းပြီး သွားပွေ့သည်။


“အမလေး သားလေးရေ … ဘယ်လိုဖြစ်သွားတာလဲ”


လူတွေဝိုင်းကြည့်သည်


“ဟဲ့ အသက်မှ ရှိသေးရဲ့လား ကြည့်ပါဦး”


နားလည်သူတွေက စမ်းသပ်ကြသည်။ ရင်ဘတ်ကို နားနှင့်ကပ်နားထောင်သည်။ နှာခေါင်းပေါက်ဝကို လက်ညှိုးတင်သည်။


“ညိုတုတ် သေပြီ … အသက်မရှိတော့ဘူး”


နောက်က လိုက်လာသော လူအုပ်ကြီး၏ “ဟေး” ဟုအော်လိုက်သံမှာ တောလုံးညံသည်။


မြလေးစိန်ကား ဣန္ဒြေပင်မဆောင်နိုင်။ ထဘီကို စွန်တောင်ဆွဲကာ ကခုန်ပြီး ရွာဘက်ကို ပြန်ပြေးရှာသည်။


သူ့လောက်ပျော်သူကား ဤနေ့တွင် ရှိအံ့မထင်။


တင်ညွန့်


၃၀.၁၂.၂၀၂၅