အချစ်လက်လွှဲ(စ/ဆုံး)
————–
“ညီမ…ဟိုကုတင်ပေါ်အိပ်နေတာ ညီမယောက်ျားမို့လား။
အစ်မတို့က နေရာဖယ်ပေးဖို့ပြောတာကို မကြားချင်ယောင်ဆောင်နေတာ´´
“မူးနေတာထင်တယ်´´
ကလေးကို နို့ချိုတိုက်ပြီး ရီရီ ..မှေးခနဲဖြစ်သွားတုန်းရှိသေးတယ်။ ပခုံးစွန်းပေါ်ကျလာတဲ့ လက်ရယ်၊ညီမ ညီမလို့ ခေါ်တဲ့အသံရယ်ကြောင့် ရီရီ မျက်လုံးဖွင့်ကြည့်လိုက်တယ်။အနှီးဖြူဖြူလေးပတ်ထားတဲ့ နီတာရဲ ကလေးလေးကိုပွေ့ချီ လာတဲ့ ကောင်မလေးနဲ့ အစ်မကြီးတစ်ယောက်က ရီရီအိပ်နေတဲ့ ကုတင်နားရပ်ပြီးလာပြောလို့ သူတို့ညွှန်ပြတဲ့ဆီ ရီရီလှမ်းကြည့်လိုက်တယ်။
လူနာကုတင်မှာတက်ပြီး အိပ်နေတဲ့ ကိုဇော်ကြောင့် ရီရီအမြန်ထလိုက်ရတယ်။ ဘေးမှာအိပ်ပျော်နေတဲ့ နီတာရဲလေးကို ရီရီကောက်ပွေ့ချီလိုက်ပြီး ကိုဇော်ရှိတဲ့ကုတင်ဆီ ခြေလှမ်းခဲ့တယ်။
ရီရီခေါ်တဲ့နောက် မနည်းခြေလှမ်းမှန်ယောင်ဆောင်လိုက်လာတဲ့ ကိုဇော်ကိုကြည့်ပြီး ရီရီသက်ပြင်းချလိုက်မိတယ်။ ရီရီမွေးခန်းကထွက်လာတော့ အနှီးထုပ်ထားတဲ့ ကလေးကို ချီဖို့ ဆရာမကလူရှာတဲ့အခါ မွေးလူနာစောင့်ဆိုပြီးလိုက်လာတဲ့ ကိုဇော်ကို မတွေ့လို့ ဘေးက အန်တီကြီးတစ်ယောက်က ကူချီပေးခဲ့ရသေးတာ။ မွေးခန်းကထွက်ပြီး ရီရီနေရမဲ့ စုပေါင်းအခန်း ရှေ့က စင်္ကြန်လမ်း ထိုင်ခုံပေါ်မှာ ဘီယာအနံ့ထွက်ပြီး ငုပ်တုပ်ထိုင်အိပ်နေတဲ့ ကိုဇော်ကို တွေ့ပြီး ကတည်းက လင်ယောက်ျားတစ်ယောက်ကို အားကိုးတဲ့စိတ်တွေ ဟိုး …အောက်ဆုံးကိုထိုးကျသွားခဲ့ပြီ။
ဘာ့ကြောင့်များ ဒီလိုယောက်ျားတစ်ယောက်ကို ဟိုတုန်းက ရီရီဘဝပုံအပ်ဖို့ ဆုံးဖြတ်ခဲ့မိပါလိမ့်။အဲဒီတုန်းက သူ့အမေပြောခဲ့တဲ့ မိုက်လိုက်တာ ဆိုတဲ့စကားကို ရီရီအတွက် ရီရီပြန်ယူသုံးချင်ခဲ့မိတယ်။
“မိုက်လိုက်တာ …ငဇော်ရယ်။
နင် ဦးဏှောက်မရှိဘူးလား…ဟင်။နင် ဒီလိုလုပ်ဖို့ ဘယ်အကောင်တွေက မြှောက်ပေးကြတာတုန်း။ ´´
ကိုဇော်လက်မောင်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ ရီရီဆီ ကိုဇော့်အမေရဲ့အကြည့်တွေရောက်လာတယ်။
ကိုဇော်က သူ့အမေခြေရင်းမှာ ဒူးထောက်ထိုင်ချလိုက်တာမို့ ရီရီပါရောယောင်ထိုင်လိုက်ရတယ်။
“ကျုပ် ….ရီ့ကိုမခွဲနိုင်ဘူး အမေ။အခု ဆိုက်လည်းသိမ်းတော့မှာ။ နောက်တစ်နေရာ ကျုပ်တို့ပြောင်းကြရင် ကျုပ်နဲ့ရီရီဝေးသွားမှာ။ဒါကြောင့် ကျုပ် ရီကို တစ်ခါတည်း ခိုးပြေးလာတာ´´
ကိုဇော့်အမေနှုတ်ဆိတ်သွားတယ်။ အနီးရှိခြေတစ်ဖက်မှာအက်ကြောင်းရာရှိနေတဲ့ခွေးခြေကော်ခုံပေါ်ထိုင်ချလိုက်တော့ ကိုဇော်က သူ့အမေဒူးတစ်ဖက်ကို သူ့လက်နဲ့ လှမ်းကိုင်တယ်။ မျက်ရည်ရွှဲနေတဲ့မျက်လုံးတွေနဲ့ ရီရီကို
စိုက်ကြည့်လိုက်တဲ့ သူ့အမေရဲ့နှုတ်ခမ်းတွေက တင်းတင်းစေ့လို့။
အဲ့ဒီနေ့ကစပြီး ရီရီမှာ မိသားစုအသစ်ရလာခဲ့တာပဲ။အလယ်မှာ သုံးထပ်သားတစ်ချပ်ကန့်ထားတဲ့ အိမ်ခန်းကျဥ်းကျဥ်းလေးထဲမှာ ရီရီနဲ့ကိုဇော်တို့ရဲ့ နှစ်ယောက်တစ်အိပ်မက်လေး စခဲ့တယ်။
ကိုဇော့်အိမ်ရောက်ပြီးနှစ်ပတ်လောက်အကြာမှာ ရီရီအမေနဲ့ အစ်မတို့ ကိုဇော်အိမ်ရောက်လာတယ်။ ရေချိုးကန်မှာအဝတ်တွေလျှော်နေတုန်း အမေတို့ရောက်လာခဲ့တာ။ ဖင်ထိုင်ခုံတစ်လုံးမှာပယ်ပယ်နယ်နယ်ထိုင်ပြီး အဝတ်တွေကိုဘရပ်တိုက်နေတုန်း ရီရီအရှေ့မှာ ရပ်လိုက်တဲ့ ခြေအစုံကြောင့် လုပ်လက်စတွေတန့်သွားတယ်။
ရီရီလက်ထဲကလျှော်လက်စအဝတ်တွေကို ငေးစိုက်ကြည့်လာတဲ့ အမေ့ကိုရီရီမော့ကြည့်လိုက်တယ်။ရီရီရဲ့ လက်သည်းရှည်ရှည်တွေညှပ်ထားတာ အမေတွေ့မှာပါ။
“ရီ…သမီးလက်ကလေးတွေက သိပ်နုတာပဲ။ အလုပ်ကြမ်းလုပ်ရမဲ့ ဇာတာ မပါလောက်ဘူး။စာကြိုးစား။ ဟိုးအိမ်ရှေ့က မသက်လို ဆရာမလေးဖြစ်စေချင်တယ်´´
ရီရီရဲ့လက်ကလေးတွေကို အမေဆုပ်ကိုင်းရင်းပြောခဲ့တဲ့အမေ ။ဆယ်တန်းအောင်စာရင်းတောင် မထွက်သေးဘူး ကိုဇော်နောက် လိုက်သွားတဲ့ သမီးဖြစ်သူကိုကြည့်ပြီးစိုလဲ့သွားတဲ့မျက်လုံးထောင့်စွန်းလေးကို လက်ခုံလေးနဲ့ တို့ထိလိုက်တဲ့အမေ့ကြောင့် ရီရီလည်းမျက်ရည်ဝဲသွားတယ်။
အဲဒီနေ့ကရီရီကို ပြန်အပ်ဖို့၊ လက်ထပ်ပွဲမကျင်းပနိုင်တောင် မင်္ဂလာ ဆွမ်းကျွေးလုပ်ပေးဖို့ အမေ့ဘက်က ကိုဇော်ကို တောင်းဆိုခဲ့တယ်။ ကိုဇော်က အင်းမလုပ်အဲမလုပ်ဘဲ ငိုင်နေလို့ ကိုဇော်အမေက…
“သူတို့ လက်မှတ်ထိုးပြီသွားပြီ။
လိုသေးလို့လား။ ပြီးတော့ ပိုက်ဆံအများကြီးမတတ်နိုင်ဘူး´´ လို့ ခပ်ပြတ်ပြတ်ပြောခဲ့သေးတာ။ အမေက ပိုက်ဆံအိတ်ထဲက တစ်ထောင်တန်တစ်အုပ်ထုတ်ပေးပြီး မင်္ဂလာစရိတ်သုံးပါလို့ ပြောလိုက်တော့ ကိုဇော်အမေမျက်လုံးတွေ အရောင်လက်သွားလိုက်တာ။
အမေတို့ပြန်သွားတော့ ကိုဇော်အမေနှုတ်ဖျားက သမီးဆိုတဲ့ ခေါ်သံကို ရီရီစကြားခဲ့ရတယ်။ ထမင်းပွဲမှာ ရီရီပန်းကန်ပြားထဲ ဟင်းတစ်တုံးခပ်ထည့်ပေးတာ ရီရီကြုံခဲ့ရတယ်။
ကန်တော့တစ်ပွဲ၊ဘုန်းကြီးသုံးပါးပင့်၊ အိမ်နီးနားချင်းလေးငါးအိမ်ဖိတ်ပြီး မင်္ဂလာဆွမ်းကျွေးဆိုတဲ့ ခေါင်းစဥ်နဲ့ ရီရီနဲ့ကိုဇော်ကိုအကြင်လင်မယားအဖြစ် အသိအမှတ်ပြုပွဲလေးက အမေတို့အိမ်မှာပဲပြီးမြောက်သွားတယ်။
ကိုဇော်အိမ်ကိုရီရီပြန်လိုက်သွားတော့ ရီရီအပျိုတုန်းက အဝတ်အစားတွေနဲ့ နှစ်ယောက်အိပ်ခြုံစောင်တစ်ထည်ကို လက်ဆွဲအိတ်ထဲ အမေထည့်ပေးလိုက်တယ်။ လက်ဆွဲအိတ်ရဲ့ အတွင်းဇစ်အိတ်ထဲမှာ တစ်ထောင်တန်အခေါက်ပါးပါးလေး ထည့်ပေးတာကိုတော့ အိမ်ရောက်မှပဲ ရီရီသိခဲ့တာ။
ဆန်ဖိုး၊ဆီဖိုးနဲ့ အိမ်လခပေးဖို့ဆိုပြီး ရီရီလက်ထဲက အဲ့ဒီတစ်ထောင်တန်အခေါက်လေးကို ကိုဇော်က သူ့အမေဆီ လွှဲပြောင်းပေးခဲ့တယ်။
နဖူးမှာချည်ဖြူလိမ်ကွေးကွေးလေးတင်ထားတဲ့ သမီးနီတာရဲလေးရဲ့အိပ်မောကျနေတဲ့မျက်နှာဝိုင်းဝိုင်းလေးကို ရီရီငေးကြည့်မိတယ်။ ကလေးကျို့ထိုးနေလို့ အနှီးရဲ့ ချည်စလေးကိုယူပြီး ဝါးကာ နဖူးအလယ်ထားပေးရတယ်ဆိုလို့ ဆေးရုံကတွေ့ခဲ့တဲ့ အန်တီကြီးအပြောအတိုင်း ရီရီလိုက်လုပ်ပေးထားတာ။ ရီရီမျက်လုံးတွေက မှေးမှိတ်လို့မရသေးဘူး။ညကအေးတယ်။ အမေပေးလိုက်တဲ့ ခြုံစောင်လေးက ခါးမှာပုံနေတာမို့ရင်ဘတ်ထိရောက်အောင်ဆွဲတင်ပြီး ရီရီ ခြုံလိုက်တယ်။
“ခင်ဗျား အရက်တွေသောက်လာတာလား ကိုဇော်။
နံ လိုက်တာ´´
နှာခေါင်းကို လက်ကာပြီး ခြေလှမ်းက အနောက်ကိုတစ်လှမ်းလောက်ဆုတ်မိသွားတဲ့ ရီရီဆီ ကိုဇော့်အမေမျက်စောင်းက ရောက်လာတယ်။
“ပိုတာအေ၊ ယောက်ျားလေး အရက်သောက်တာ ဆန်းလား။ငဇော် မင်းတော့ မိန်းမရတာမဟုတ်ဘူး။သခင်ရတာ။အော်လားငေါက်လားနဲ့´´
“အေးလေကွာ၊ မင်းကလည်း၊ နည်းနည်းပါ။အမေတောင် ဘာမှမပြောတာ။ ဒီနေ့ လုပ်အားခရှင်းခဲ့ပြီ …ရီရဲ့။ ရီ ဘာစားချင်လဲ၊ဘာဝယ်ပေးရမလဲ….ပြော´´
ကိုဇော်က ရီရီပခုံးကို လှမ်းဖက်ကာ အပေါ်အင်္ကျီရင်ဘတ်အိတ်ကပ်ထဲက ပိုက်ဆံအခေါက်လေး ရီရီဆီပေးတယ်။ကိုဇော်နောက် ရီရီလိုက်လာပြီးကတည်းက ကိုဇော်က သူ့ရဲ့လုပ်အားခကို ရီရီလက်ထဲသို့ ပထမဆုံးပေးအပ်ခြင်းပါ။
“ဒါ… ဘာအချိုးလဲ ငဇော်။ မိန်းမရောက်လာတာနဲ့ အမေဆိုတာ မင်းအတွက် အရေးမပါတော့ဘူးလား။လူဆိုတာ မလုပ်ဖူးတာတွေလုပ်လာရင် သေတတ်တယ်ဟဲ့။ ညည်းက အိမ်အတွက် ဘာစီမံခန့်ခွဲတတ်လို့လဲ။ပေး…ဒီကို´´
ရီရီလက်ထဲရောက်လာတဲ့ပိုက်ဆံအခေါက်လေးကို ကိုဇော့်အမေက ဆတ်ခနဲဆွဲယူသွားတယ်။
ညက ပိုနက်လာတယ်။ ဆွဲဆွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံကြောင့် ရီရီစိတ်ထဲ မလုံမလဲခံစားလိုက်ရတယ်။ခေါင်းအုံးပေါ် ခေါင်းချပြီးအိပ်ဖို့ကြိုးစားလိုက်ပေမဲ့ အိပ်လို့မရသေးပါလား။ ဝါကျင်ကျင်မီးတစ်ပွင့်ထွန်းထားတဲ့ အခန်းကျဥ်းလေးထဲမှာ အိပ်မောကျသူတစ်ယောက်က ကိုဇော်ဖြစ်ပြီး အိပ်မပျော်နိုင်တဲ့သူက ရီရီ….။
ဂွမ်း…ဆိုတဲ့ စတီးဇလုံတစ်လုံးပစ်ပေါက်လိုက်သံကြောင့် အဝတ်လှမ်းနေရာကနေ ရီရီအကြည့်တွေက ကိုဇော်တို့ သားအမိဆီ ရောက်သွားတယ်။ ခေါင်းတဗျဥ်းဗျဥ်းကုတ်ပြီး စိတ်ရှုပ်သလို ထိုင်ခုံမှာခြေပစ်လက်ပစ်ထိုင်လိုက်တဲ့ ကိုဇော်ကိုရော ကိုဇော်နဲ့မလှမ်းမကမ်းထိုင်ခုံမှာ ဒူးတစ်ဖက်ထောင်ထိုင်လိုက်တဲ့ ကိုဇော့်အမေရဲ့ မကြည်ပေါက်နဲ့မျက်နှာကိုရော…
“ကဲ အခု ဘယ်လောက်ပေးရမှာတုန်း။ မနေ့ကလည်း
ဈေးဘက်သွားတုန်း မိညို… အရက်ဖိုးအကြွေးလှမ်းတောင်းလို့ပေးခဲ့ရသေးတယ်။ ငဇော် မင်းရှာတာထက် မင်းဖြုန်းတာ ကပိုနေပြီ…သိလား။´´
“အမေတို့ကတော့ ရတုန်းကြ မပြောဘူး။ ကျုပ် လိုက်တဲ့မွေးဂဏန်းက ဒီတစ်ပတ်မထွက်လို့ပါ။မဟုတ်ရင် ကျုပ်ကလည်း လေကုန်ခံ မတောင်းဘူး။´´
“အမလေး …အပြောကတော့ရွှေမန်းပဲ။ မင်းပေါက်တာနဲ့ မင်းကုန်တာ မျှလား။ အရေးထဲ မိန်းမက ထယူသေး။ စားပေါက်တစ်ပေါက်တိုးလာတာပဲ အဖတ်တင်တယ်။
အခုခေတ် လူတစ်ယောက်စားစရိတ်နည်းတယ်ထင်နေလား။ရှေ့လျှောက် စားပေါက်တွေတိုးလာဖို့ပဲ ရှိတယ် ငဇော်ရေ့´´
တမင် အသံမြှင့်ပြောလိုက်တဲ့ ကိုဇော့်အမေကြောင့် ရီရီကျောခိုင်းပြီး ရေလျှော်ထားတဲ့အင်္ကျီတွေကို တဖျတ်ဖျတ်ခါလှမ်းနေလိုက်တော့တယ်။ အချစ်တစ်ခုတည်းနဲ့ ဘဝကြီးက မပြည့်စုံဘူးဆိုတာ ရီရီသိနေခဲ့ပါပြီ။ ရီရီ့ဗိုက်ထဲမှာ သန္ဓေသားက တစ်လရှိနေပြီတဲ့။
တစ်နေ့ ခြံရှေ့မှာရီရီထိုင်နေတုန်း ရီရီတို့နဲ့မတိမ်းမယိမ်း အရွယ် ကောင်မလေး သုံးယောက်ရောက်လာတယ်။အဆောင်နေကျောင်းသူတွေမို့ အဝတ်လျှော်အပ်ချင်လို့ဒီနားမှာရှိလားဆိုတဲ့ အမေးစကားလေးကြောင့် ရီရီအလုပ်တစ်ခုလုပ်ဖြစ်ခဲ့တယ်။ အဝတ်လျှော်၊မီးပူတိုက်နဲ့ ရတဲ့ပိုက်ဆံလေးတွေကို မွေးစရိတ်အတွက် တချို့တစ်ဝက်စုဖြစ်တယ်။တစ်ချို့တစ်ဝက်ကို အသုံးစရိတ်လေးကာမိအောင် ကိုဇော်အမေကိုပေးလိုက်တယ်။
ခေါင်းအုံးစွပ်ထဲထည့်ထားတဲ့ ပိုက်ဆံတွေမတွေ့တော့ ရီရီစိတ်တွေ ကဏှာမငြိမ်ချင်တော့ဘူး။မနက်ဖြန်မနက် ဆေးခန်းပြရမဲ့ရက်။ အခန်းကျဥ်းမှာ သိမ်းစရာနေရာကများများစားစားမှ မရှိတာ။သံသေတ္တာထဲရယ်၊ဖျာအောက်ရယ်။ အကြိမ်ကြိမ်ထပ်ရှာလည်း လူမောတာပဲရှိတယ် ။မတွေ့။
“ငါ..နှစ်လုံးထိုးလိုက်တယ်။ အခုတော့ ပါသွားပြီ။နောက်တစ်ပတ်ကျ မင်းငွေထက်အဆများစွာ ငါပြန်ပေးမယ် ရီရီ´´
“အဲဒီငွေက ဆေးခန်းပြဖို့ ကျွန်တော်စုထားတာ ကိုဇော်ရဲ့။ ခင်ဗျားနဲ့ ကျွန်တော်တို့ ရင်သွေးလေးအတွက်။ခင်ဗျားသိသားနဲ့။လုပ်ရက်လိုက်တာ´´
ရီရီငိုမိတယ်။ဒီအိမ်ကိုရောက်ကတည်းက ဘာကိစ္စ၊ဘယ်လိုစိတ်ညစ်စရာပဲကြုံကြုံ ရီရီမျက်ရည်မကျခဲ့ဘူး။
ကိုယ်ရွေးခဲ့တဲ့လမ်းဆိုပြီး ရီရီစိတ်ကိုဖြေခဲ့တယ်။အခုတော့ ရီရီမျက်လုံးက မျက်ရည်တွေကျခဲ့လာပြီ။
“ကျက်သရေ မရှိကွာ။ ဒီမှာရီရီ …မင်း ၊ငါနဲ့ယူပြီးကတည်းက ငါ့လုပ်စာစားလာခဲ့တာ။ ငါ ဘာပြောခဲ့လဲ။
အခု အဝတ်ကလေးလျှော်ပြီး ငွေလေးရှာနိုင်မှ…မင်းက ခံပြောချင်လာတယ်။ နှစ်လုံးရှုံးရတဲ့အထဲ၊သောက်ကောင်မ..အာရုံလာမစားစမ်းနဲ့´´
ရီရီကိုတွန်းပစ်ပြီး ကုတင်ပေါ်သွားလှဲအိပ်လိုက်တဲ့ကိုဇော်ကို ကြည့်ပြီး ရီရီ အသံတိတ် ငိုမိရုံပါပဲ။
မျက်ဝန်းထောင့်က စီးကျလာတဲ့ ပူနွေးနွေးမျက်ရည်စတွေက ခေါင်းအုံးဆီ စီးကျသွားတယ်။ ခွေးအူသံမကြားရတော့ပေမဲ့ ရီရီရင်ထဲ တလှပ်လှပ်နဲ့။မျက်လုံးကို အတင်းမှိတ်ပစ်လည်း အိပ်လို့ မပျော်နိုင်ပါဘူး။နေ့ကိုလိုဝါဆို၊ညကိုလို ပြာသိုတဲ့။ ပြာသိုလရဲ့ ညတာက ဒီနေ့မှ ပိုရှည်နေသလိုပါပဲ။ မနက်လင်းခဲလိုက်တာ။ အဲ့ ခနဲ ကလေးလေးဆီက အသံထွက်လာလို့ ရီရီ စုပ်သပ်ချော့လိုက်တယ်။
ဆေးရုံတက်ရင်အဆင်သင့်ဖြစ်ဖို့ ကလေးအနှီးနဲ့ ရီရီအတွက်အဝတ်စားအချို့သာထုပ်ပိုးပြင်ဆင်ထားလို့သာ တော်တော့တယ်။သားလေးမွေးမဲ့နေ့က ရီရီဆေးရုံသွားခဲ့ရတဲ့အခြေအနေက ဆိုင်ကယ်တက်စီငှားပြီးသွားခဲ့ရတာ။ကိုဇော်ကလည်း နောက်တစ်စီးနဲ့ ငှားပြီးလိုက်ခဲ့တယ်။လမ်းမှာရေမွှာပေါက်သွားလို့ ရီရီမွေးခန်းဝင်ရတဲ့အချိန်ရောက်ခါနီးတောင် ကိုဇော်ရောက်မလာသေးဘူး။
ရီရီနဲ့အတူ မွေးခန်းဝင်မဲ့ တစ်ယောက်ဆို ယောက်ျားဖြစ်သူက ဆုတောင်းအားပေးနေတာကြည့်မိပြီး ရီရီလေ မျက်ရည်တောင်ဝဲမိပါရဲ့။ မွေးရက်ထက်စောလို့ အမေတို့ကိုတော့ ရီရီအကြောင်းမကြားနိုင်ခဲ့ဘူး။
ရီရီဘေးမှာ ကိုဇော်ရှိနေပါတယ်။ဒါပေမဲ့တစ်ယောက်တည်း ဆိုတဲ့ အတွေးက ဘာကြောင့်ခုချိန်ထိ ရီရီစိတ်ထဲ စွဲသွားခဲ့ပါလိမ့်။အာခေါင်တွေခြောက်လာသလိုရှိလို့ ရေသောက်ချင်တာနဲ့ အိပ်နေရာမှ ရီရီထလိုက်တယ်။ကိုဇော်က မျက်လုံးဖွင့်ကြည့်ပြီး တစ်ဘက်ကိုလှည့်စောင်းသွားတယ်။
“သေချာတယ်နော်၊ အဲဒါဆို ငါ သူဌေးတို့ကို လူရှာရပြီလို့ပြောလိုက်တော့မယ်။ ´´
“သေချာပါတယ်…မမစိန်ဥရယ်။ ရီရီလည်း နောက်ငါးလလောက်ဆို မွေးတော့မှာ။ စရိတ်ငြိမ်းတစ်ယောက် ငါးသောင်းအဆင်ပြေတယ်။ သုံးလလောက် လုပ်ရင်ကို မွေးစရိတ်လုံလောက်ပြီ။ ရီရီက အပြင်ဆေးရုံမှာမွေးမှာမှ မဟုတ်တာ။ဗဟို အမျိုးသမီးဆေးရုံမှာပဲ မွေးမှာဆိုတော့လေ´´
အိမ်နီးနားချင်း မမစိန်ဥက စပ်ပေးလို့ ရီရီနဲ့ကိုဇော် ထမင်းချက်အနေနဲ့ မြို့သာဘက် စက်ရုံဆောက်နေတဲ့ နေရာကိုရောက်လာခဲ့တယ်။ သုံးလကျော်အချိန်ရှိပေမဲ့ အခုစက်ရုံဆောက်တဲ့နေရာနဲ့ မလှမ်းမကမ်းမှာ သင်္ချိုင်းဟောင်းဖျက်ပြီးအကွက်ဖော်ထားတဲ့နေရာလို့ပြောသံကြားကတည်းက ရီရီ ညဘက် သိပ်မထွက်ရဲတော့ဘူး။
“ကိုဇော်…ကိုဇော် ထပါအုံး
ကိုဇော်ရဲ့။ ကိုဇော်…´´
ရီရီငုပ်တုပ်ထထိုင်ပြီး ဘေးမှာ အိပ်မောကျနေတဲ့ကိုဇော့်လက်မောင်းအိုးကို လှုပ်ကိုင်နှိုးလိုက်တယ်။ ဘာလဲကွာဆိုတဲ့ ညူစူစူအသံနဲ့ မှေးစင်းစင်း၊ရီဝေဝေအကြည့်တွေက ရီရီဆီတော့ ရောက်လာပါရဲ့။ဒါပေမဲ့ ပြန်လည်မှေးမှိတ်သွားကာ ပက်လက်အနေထားကနေ ရီရီကိုကျောခိုင်းပြီး တစ်ဖက်သို့ လှည့်စောင်းအိပ်သွားပြန်တယ်။ တရစ်ရစ်နာလာတဲ့ဗိုက်ကြောင့် ရီရီ သက်ပြင်းကို ခပ်လေးလေးချကာ ကုတင်မှာ တင်ပလွဲထိုင်တဲ့အနေအထားကိုပြင်ထိုင်လိုက်တယ်။
“ကိုဇော်၊ရီရီ အိမ်သာသွားချင်လို့ ၊လိုက်ပို့ပေးပါအုံး´´
ကိုဇော်ကျောပြင်ကို အသာအယာပုတ်ပြီး ရီရီပြောလိုက်တယ်။
“အိမ်သာသွားချင်တာများကွာ…လူကိုလာနှိုးနေသေးတယ်။ အရင်ကလည်း မင်းဘာသာသွားနေကြ အထူးအဆန်းလုပ်လို့´´
“ဟိုမှာတုန်းက သွားရဲတယ်။ဒီမှာကျ …´´
ရီရီစကားမဆုံးသေးခင် သစ်တုံးကြီးလိုငြိမ်ကျသွားတဲ့ ကိုဇော်ကို ပြောလည်းဘာမှထူးမှာမဟုတ်တော့လို့ ခေါင်းရင်းမှာထားထားတဲ့ လက်နှိပ်ဓာတ်မီးလေးယူပြီးပဲ ရီရီတစ်ယောက်တည်းထွက်လာခဲ့တယ်။
တံခါးဂျက်ဖြုတ်လိုက်တဲ့အသံကိုက တိတ်ဆိတ်တဲ့ညမှာ ကျယ်နေသလိုပဲ။ တံခါးရွက်တစ်ဖက်ကိုအသာဖွင့်လိုက်တော့ အေးစက်တဲ့လေတွေက အလုအယက်ကြိုဆိုကြတယ်။ ပခုံးကျော်ဆံပင်တွေလှုပ်ခါသွားတဲ့အထိကို လေတိုးနေတာ။
ကောင်းကင်မှာ တခြမ်းပဲ့လက ခပ်ရေးရေးရယ်။ရီရီတို့နေတဲ့ အလုပ်သမားတန်းလျားက ပေ၁၀၀ပတ်လည်ဝိုင်းကြီးရဲ့အရှေ့အစွန်းတစ်ဖက်မှာရှိပြီးတော့ သန့်စင်ခန်းက အနောက်အစွန်းတစ်ဖက်မှာရှိပါတယ်။ မြေကပ်ပေါက်နေတဲ့ မြက်ခင်းပြင်ကို ဖိနင်းရင်း လက်တစ်ဖက်က ဓာတ်မီးထိုးပြီး ကျန်လက်တစ်ဖက်ကို ဖလန်ထည်အကွက်ကျဲအပေါ်ထပ်အင်္ကျီအောက်အိပ်ကပ်ထဲထိုးထည့်ထားလိုက်တယ်။
ဓာတ်မီးဆီက ထွက်ကျလာတဲ့ ပိန်ရှည်ရှည်အလင်းတန်းကလက်၏ရွေ့လျားမှုအတိုင်း ထက်အောက်ဘေးတိုက်ကဏှာမငြိမ်ဖြစ်လို့ ။ အလင်းတန်းရောက်သွားတဲ့ဘက် အကြည့်ကလည်းလိုက်ရောက်ရင်းနဲ့ အိမ်သာဘေးမှာပေါက်နေတဲ့ မန်ကျည်းပင်ကြီးက မဲမဲအုပ်အုပ်မို့ ကြက်သီးမွေးညှင်းလေးတွေတောင်ထတယ်။
မြင်မြင်သမျှ ပတ်ဝန်းကျင်မှာ သစ်ပင်တွေရယ် ဆောက်လက်စ အဆောက်အဦးမြင့်မြင့်ကြီးတွေက လရောင်မှိန်မှိန်မှာ ထိုးထိုးထောင်ထောင်နဲ့။
အောင့်အည်းသည်းခံထားလို့မရတဲ့ကိစ္စမို့ မြန်မြန်ကိစ္စရှင်းပြီးတာနဲ့ မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ ရီရီအခန်းဆီပြန်လာခဲ့တယ်။တံခါးကိုပြန်ပိတ်ပြီး လှည့်အထွက်မှာ
ခြေခေါက်သွားသလိုဖြစ်သွားပြီး ဟန်ချက်ပျက်ကာ လဲသွားမလိုဖြစ်သွားတယ်။အမြန် ကုတင်အုန်းဘောင်ကို လှမ်းကိုင်လိုက်ပြီး ခန္ဓာကိုယ်ကိုပြန်မတ်လိုက်ရတယ်။
တဆက်တည်းမှာပဲ ရီရီလက်တစ်ဖက်က အပေါ်ထပ်အင်္ကျီပွပွအောက်က ဝမ်းဗိုက်ပိုင်းကို စမ်းမိသွားပြီးမှစိတ်သက်သာသွားသလို ရီရီသက်ပြင်းချလိုက်မိတယ်။
မသိစိတ်မှာ မမြင်ရတဲ့အရာတွေတွေးကြောက်တတ်ပေမဲ့လည်း ကိုယ်ယူတဲ့ယောက်ျားက ကိုယ့်ရှေ့မှာ မားမားမတ်မတ် ရှိမနေခဲ့တော့လည်း
ညဘက် အပေါ့အပါးဆို တစ်ယောက်တည်း ရီရီထထသွားခဲ့ရတာပါပဲ။အခုရော….အချိန်သာပြောင်းသွားတယ်။ကိုဇော်ကတော့ ဘယ်တော့မှ ပြောင်းလဲလာမယ့်သူ မဟုတ်တော့ပါဘူး။
လေးလပြည့်တော့ မမစိန်ဥကိုအလုပ်ထွက်တော့မယ်လို့ ကြိုပြောထားတဲ့အတိုင်း ရီရီမွေးရက်နီးပြီ အကြောင်းပြချက်နဲ့မို့ မမစိန်ဥ တို့ သူဌေးက ခွင့်ပြုခဲ့တယ်။ကိုဇော်က ဘီယာလေးတစ်နေ့တစ်ဘူးလောက်သောက်တာကလွဲရင်အဲဒီမှာ နှစ်လုံးဒိုင်ခံတဲ့သူတွေမရှိတော့ ရတဲ့လစာက ရီရီလက်ထဲဆုပ်မိတယ်။
“လှေလှော်ကောင်းရင်တက်ကျိုးပြီ။ ရီရီရယ်…ညည်းတစ်ယောက်တည်းပြန်ခဲ့ပေါ့။ ငဇော်တော့ ထားခဲ့တာမဟုတ်ဘူး။ မိန်းမမွေးတာ ယောက်ျားမရှိလည်းရတာပဲ။ငါ့တုန်းကဆို သူ့အဖေက တစ်ရွာမှာအလုပ်သွားလုပ်လို့ ရွာက ဝမ်းဆွဲဆီ ငါ့ဖာသာခြေကျင်သွားရတာ။ ကဲ….ရောက်ပြီဆိုတော့ ငွေပေးကြအုံး။ အကြွေးဆပ်စရာရှိဆပ်ရအုံးမယ်။အိမ်အတွက် လိုတာ ဝယ်ရအုံးမယ်´´
ရီရီအတွက်လစာတော့ မွေးစရိတ်ဖို့ နှုတ်ယူထားလိုက်တယ်။ဒါပဲလားဆိုတဲ့ ကိုဇော့်အမေအမေးကို ရီရီမွေးဖို့ နှုတ်ထားတယ်ဆိုတော့ မကျေနပ်တဲ့ မျက်လုံးတွေကို ရီရီတွေ့လိုက်ရသေးတယ်။
ရေအိုးထဲကရေကိုတစ်ခွက်ခပ်သောက်လိုက်တယ်။ အပြင်ဘက်မှာအေးနေပေမဲ့ ရီရီရင်ထဲ ပူနေတယ်။ ဆေးရုံက မနက်ကပဲဆင်းလာတာ။ အိမ်နီးနားချင်း ဖြစ်တဲ့ ရီရီအဝတ်လျှော်နေကြ မတိုးဝင်းတို့အိမ်က ကြက်ဥဆယ်လုံးနဲ့ မွေးလူနာ လာမေးသွားရင်း…..
“မီးမထွက်ခင် ရေတွေအကြာကြီးမထိနဲ့အုံး။ နောက်ပိုင်း ထုံနာကျင်နာတွေဖြစ်တတ်တယ်။´´လို့ပြောတော့ ရီရီခေါင်းပဲညိတ်ပြလိုက်တယ်။အိမ်နောက်ကတန်းမှာ ကလေးအနှီးတွေ လျှော်ပြီး ရီရီလှမ်းခဲ့ပေါ့။
ဆေးရုံကဆင်းပြီး အိမ်အဝင်ဝရှိသေး …..
“အေးနော်၊ ကလေး အကြောင်းပြပြီး အချောင်နေဖို့တော့ စိတ်မကူးနဲ့ဟေ့။ ငါလည်း သားမွေးထားတဲ့သူ။ အကုန်သိတယ်။ ´´
ဒီစကားသံတွေ မတိုးဝင်းတို့မှ မကြားခဲ့ပဲ။အတွေးတွေနဲ့ပဲ ရီရီ အခန်းထဲပြန်ရောက်ခဲ့တယ်။ ကုတင်ရဲ့အစွန်းတစ်ဘက်စီမှာ ကလေးလေးနဲ့ ကိုဇော်အိပ်နေပါတယ်။နံရံထက်ကနာရီက တစ်နာရီကျော်ပြီ။ရီရီ့မျက်လုံးတွေက စပ်နေတယ်။ အိပ်လို့မရတာကခက်တယ်။ မနက်ဖြန်တော့ လမ်းထိပ်က ဒေါ်မြသန်းတို့ ဆိုင်သွားပြီး အမေတို့ဆီ ဖုန်းသွားဆက်ရအုံးမယ်။due date ထက်စောမွေးသွားတယ်လို့။
“အမေ….။ဘာလို့ အဲဒါတွေလျှော်နေတာလဲ။အေးကအေးနဲ့ အမေရယ်။ကလေးလည်းအိပ်သွားပြီ။ကျမပဲ…ဆက်လျှော်လိုက်တော့မယ်´´
ဖြူလွလွအနှီးတွေကို ရေညှစ်နေတဲ့အချိန် ချွေးမလေးငြိမ်းအေးချမ်း အသံကြောင့် ရီရီအတွေးတို့လွင့်ပြယ်သွားတယ်။ချွေးမလေးက ရီရီလက်ထဲက အနှီးတွေကို လှမ်းယူဖို့ပြင်လိုက်တာမို့ ရီရီလက်ကိုဘေးဖယ်ရုတ်မိလိုက်တယ်။
“ရပါတယ် သမီးရယ်။ ကိုယ်ကဖြင့် မီးမထွက်သေးဘူး။
အမေ လုပ်နိုင်ပါတယ်။သွား…သွား။ဗမာကြက်လေးစွပ်ပြုတ်လုပ်ထားတယ်။ အဲဒါလေး နွေးတုန်းသောက်လိုက်အုံး´´
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ယောက်ျားတစ်ယောက်ကို ရီရီချစ်ခဲ့တယ်။အခုလည်း ယောက်ျားတစ်ယောက်ကို ရီရီချစ်ရတုန်းပဲ။ ဒါပေမဲ့ ချစ်ခြင်းသတ်မှတ်ချက် ကိန်းဂဏန်းတွေမတူသလို ချစ်ခြင်းကိုယ်စားပြု colour တွေလည်းမတူပါဘူး။
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်လိုမှုနဲ့ ချစ်ခဲ့တယ်။အခု ယောက်ျားတစ်ယောက်ကို ပေးဆပ်ခြင်းနဲ့ ရီရီချစ်နေရပြီ။သူလား…ရီရီရဲ့သားပေါ့။ အခုရီရီ…ကိုဇော့်အမေရဲ့နေရာကို ရောက်နေပြီလေ။ရီရီမုန်းခဲ့တဲ့ ယောက္ခမနေရာကို ရီရီရောက်နေပြီ။
တစ်ဦးတည်းသော ယောက်ျားကို ချစ်တဲ့သူတွေမို့ မိန်းမနှစ်ယောက်ဖြစ်တဲ့ ယောက္ခမနဲ့ ချွေးမတော်တော်များများ သိပ်မတည့်ကြပါဘူး။ ယောက္ခမကလည်း သားဖြစ်သူရဲ့ဂရုစိုက်မှုအတွက်၊ချွေးမဖြစ်သူကလည်း လင်ဖြစ်သူရဲ့ ဂရုစိုက်မှုအတွက် အချစ်တွေလုရင်း ပြိုင်ဘက်ဖြစ်လာကြတာများတယ်။
သားက အမေအပေါ်ထားတဲ့ချစ်ခြင်းနဲ့ သားက ဇနီးအပေါ်ထားတဲ့ချစ်ခြင်း မတူတဲ့အတွက် ….ရီရီတို့အနေနဲ့ မနာလိုလို့မရဘူးလေ။ သားက ဇနီးဖြစ်သူရဲ့ လက်ကိုဆုပ်ကိုင်လိုက်ချိန်မှာ သားလက်ကိုဆွဲခဲ့တဲ့ အမေရဲ့လက်က ပြေလျော့ပေးရမှာပါပဲ။ဒါဟာ …ချွေးမလေးဆီကို သားအချစ်ဝေစုခွဲပေးတာမဟုတ်ဘဲ ချွေးမလေးရဲ့ အချစ်ကို ယောက္ခမကတိုးချဲ့သိမ်းပိုက်လိုက်တာပါ…။
ဒါဟာ ရီရီခံယူထားဖြစ်တဲ့ သဘောထားပါပဲ။ချွေးမလေး ငြိမ်းအေးချမ်းကို တချိန်က ရီရီအဖြစ်… ရီရီ ဘယ်တော့မှ ပုံစံသွင်းမှာ မဟုတ်ပါဘူး။
ခင်ဦး