“ဝဋ်မှာအမြဲ”
************
“မိန်းမရေ့..မိန်းမ”
ဇနီးဖြစ်သူကိုတကြော်ကြော်ခေါ်ရင်းအိမ်ပေါ်သို့တက်
လာသောကိုနိုင်အောင်ပုံစံကယိုင်တိုင်တိုင်။လက်ထဲမှာလည်းအရက်ပုလင်းတစ်လုံးကိုကိုင်ထားသေးသည်။မနီမာအိမ်ထဲမှပြေးထွက်လာသည်။
“ဪ.အစ်ကို.ဒီနေ့နောက်ကျတယ်နော်.ည၈နာရီတောင်ထိုးနေပြီ”
“ဟုတ်တယ်ကွာ.နောက်ဆုံးအခေါက်ပို့ရတာနည်းနည်းနောက်ကျသွားတယ်.ဒါနဲ့မင်းတို့သားအမိတွေရောထမင်းစားပြီးကြပြီလား.”
“အစ်ကိုပြန်လာနိုး.ပြန်လာနိုးနဲ့နီမာတို့သားအမိတတွေစောင့်နေကြသေးတယ်.နောက်ဆုံးသားတွေဗိုက်ဆာလို့မစောင့်နိုင်တာနဲ့ကျွေးလိုက်ရတယ်.နီမာလည်းသားတွေကိုကျွေးရင်းနဲ့တခါတည်းစားလိုက်တယ်”
“ကဲ.ထားတော့အိမ်မှာအခုဘာဟင်းကျန်သေးလဲငါဒီနေ့အရက်သောက်ချင်လို့အမြည်းလုပ်ပေးအုံး.နေ့လည်ကကြက်သားကြော်ကျန်သေးတယ်.မဟုတ်လား.အဲဒါယူလာခဲ့”
အိမ်ထဲသို့ဝင်ကာမနီမာယူလာပေးသောကြက်သားကြော်ပန်းကန်ကိုကြည့်ကာကိုနိုင်အောင်မျက်ခုံးတွန့်သွားရသည်။
“ဟာ.ကြက်သားက ဒါပဲလားကွ.မနက်ကစျေးသွားပြီးမင်းဝယ်လာတာအများကြီးပါ.ငါတွေ့လိုက်ပါတယ်”
“ဟို.အမေ့အတွက်အားရှိအောင်ကြက်သားစွပ်ပြုတ်လေးလုပ်ပေးလိုက်တာပါအစ်ကို.အမေဖျားနေတာနှစ်ရက်ရှိပြီလေ”
“ဘာမှမစားချင်.မသောက်ချင်ဖြစ်နေတာနဲ့အားရှိအောင်ဆိုပြီးနီမာလုပ်ပေးလိုက်တာပါ”
“နီမာနဲ့သားတွေတောင်ကြက်ဥကြော်.ကန်စွန်းရွက်ချဉ်ရည်ဟင်းနဲ့ငပိရည်တို့စရာပဲစားကြတာပါ.ကြက်သားကအမေနဲ့အစ်ကို့အတွက်ပဲ”
မနီမာစကားတောင်ဆုံးအောင်မပြောလိုက်ရသေးကို
နိုင်အောင်ဒေါသချောင်းချောင်းထွက်လေပြီ။
“တော်စမ်းပါကွာ.ထစ်ကနဲရှိအမေ.အမေနဲ့ဒီမှာဒီအိမ်မှာငါကအိမ်ထောင်ဦးစီး.အိမ်ဦးနတ်ကွ.မင်းအမေကအရေးကြီးသလား.ငါကအရေးကြီးသလား”
“တနေကုန်အပြင်ထွက်ပြီးတအိမ်လုံးအတွက်အလုပ်လုပ်နေရတာပင်ပန်းတယ်ကွ”
“တခါတလေအမြည်းကောင်းကောင်းဖွယ်ဖွယ်ရာရာလေးနဲ့အရက်ကလေးများအားရပါးရဇိမ်ရှိရှိသောက်ရမလားအောက်မေ့ပါတယ်.ဒီကြက်သားလောက်နဲ့ဘာလုပ်ရမှာလဲ..ကဲကွာ..သွား..တောက်..ထွီး”
“ခွမ်း..ချလွမ်း”
ကိုနိုင်အောင်ကကြက်သားကြော်ပန်းကန်ကိုကိုင်ကာနံရံကိုပစ်ပေါက်လိုက်သည်။
ကြက်သားကြော်တွေနဲ့ပန်းကန်အကွဲစများကကြမ်းပြင်ပေါ်မှာဖရိုဖရဲ။မြင်မကောင်း၊ရှုမကောင်း။
“ငါကြည့်နေတာကြာပြီနော်.မပြောချင်လို့.တဆိတ်ရှိဟင်းကောင်းချက်ရင်မင်းအမေအတွက်ချည်းပဲ.အလုပ်မရှိအကိုင်မရှိပဲ.သူများအိမ်ပေါ်လည်နေသေး”
“အခန့်သားထိုင်ပြီးတထီးတနန်းနဲ့ခယပူဇော်ခံပြီးပွဲတော်
တည်လို့ရမလား.တကယ့်အပြင်မှာပင်ပင်ပန်းပန်းနဲ့ငွေရှာရတာက ငါကွ.ငါ..တောက်”
“ရှင်နော်.တိုးတိုး.ပြောစမ်းပါ.အမေကြားသွားရင်စိတ်မကောင်းဖြစ်နေအုံးမယ်.အမေကနေလို့လည်းကောင်းတာမဟုတ်ဘူး.ပြီးတော့ဘေးလူတွေကြားသွားရင်လည်းမကောင်းဘူး”
“ကြားကြားကွာ.ပြောတော့ဘာဖြစ်သလဲ..တဆိတ်ရှိမင်းအမေဘက်ကချည်းကာဆီးကာဆီးနဲ့မင်းလည်းကြပ်ကြပ်သတိထား..တောက်”
ကိုနိုင်အောင်ကတောက်တစ်ချက်ကိုခပ်ပြင်းပြင်းခေါက်
သည်။
ထို့နောက်အရက်ပုလင်းကိုလက်မှာကိုင်ပြီးဒေါသဖြစ်ဖြစ်ခြေသံပြင်းပြင်းဖြင့်အိမ်ပေါ်မှဆင်းသွားလေသည်။
*********************************************
အပြင်မှဆူဆူညံညံအသံတွေကြောင့်သမီးဖြစ်သူမနီမာစောစောကလာချပေးထားသောကြက်သားစွပ်ပြုတ်ပန်းကန်ကိုကိုင်ကာသောက်ရန်ဟန်ပြင်နေသောဒေါ်ထားမေလက်များရပ်တန့်သွားရသည်။လက်ကဇွန်းကိုကိုင်ထားရင်းဆတ်ဆတ်တုန်လာသည်။
အပြင်မှသမက်ဖြစ်သူရဲ့မကျေမနပ်ပြောဆိုနေသံများကိုမိမိအတိုင်းသားကြားနေရသည်။သူ့မျက်ဝန်းမှမျက်
ရည်များရစ်ဝိုင်းလာရသည်။
သူ့ပါးပြင်မှမျက်ရည်တစ်စက်ဖျာပေါ်သို့ပေါက်ကနဲကျသွားသည်ကိုပင်သူသတိမထားမိ။သူ့အတွေးများကဟိုးလွန်ခဲ့သောအတိတ်ကာလဖြစ်ရပ်တစ်ခုဆီသို့…
“ထားမေရေ့..ထားမေ”
“ဪ.ကိုထွန်းပြန်လာပြီလား.ကိုထွန်းဒီနေ့နောက်ကျတယ်နော်.ထားမေဖြင့်စိတ်ပူလိုက်ရတာ”
“အေးကွာ.အလုပ်ကမပြီးပြတ်သေးတာနဲ့လက်စသတ်နေရတာ.နည်းနည်းနောက်ကျသွားတယ်.ဒါနဲ့မင်းတို့သားအမိ.ထမင်းရောစားပြီးကြပြီလား..အဖေရော”
“အားလုံးစားပြီးကြပြီ.ကိုထွန်း..ကိုထွန်းနောက်ကျနေတာနဲ့သမီးလေးဗိုက်ဆာတယ်ဆိုလို့စောစောကပဲကျွေးလိုက်ရတာ.ထားမေလည်းသမီးနဲ့အတူစားလိုက်တယ်
အဖေလည်း.စားပြီးပြီ”
“အေးပါကွာ.ရပါတယ်.ကဲ.ကိုထွန်းရေချိုးလိုက်အုံးမယ်.ပြီးရင်.ထမင်းစားမယ်..ထမင်းပွဲအဆင်သင့်ပြင်ထားလိုက်..မိန်းမ”
“ဟုတ်ကဲ့.ကိုထွန်း”
**********************************************
ဦးထွန်းမောင်ကထမင်းစားပွဲပေါ်ရှိဇနီးဖြစ်သူဒေါ်ထားမေပြင်ဆင်ပေးထားသောဟင်းခွက်များကိုကြည့်ရင်းအံ့ဩနေသည်။
ကြက်သားကင်၊ကန်စွန်းရွက်ကြော်၊ချဉ်ပေါင်ရွက်ဟင်းချို၊ငပိရည်နဲ့တို့စရာ။
ဇနီးဖြစ်သူဒေါ်ထားမေကိုမျက်မှောင်တွန့်ကာလှမ်းကြည့်လိုက်ရင်း….
“ထားမေ.မနက်ကကိုယ်ဝယ်လာတဲ့ကြက်သားကအဖေ့ကိုချက်မကျွေးဘူးလား..ကြက်စွပ်ပြုတ်လုပ်ပြီးအဖေ့ကိုကျွေးပါလို့ကိုယ်မှာထားခဲ့တာလေ”
“အဖေမနေ့ကပဲဝမ်းတွေပျက်လို့ဆေးခန်းသွားထားရတာ.အဖေအားမရှိလို့အားရှိအောင်ဆိုပြီးကြက်သားကင်လေးနဲ့ကြက်သားစွပ်ပြုတ်လေးလုပ်ကျွေးဖို့.ကိုမှာထားခဲ့တာလေ.အဲဒါမင်းမကျွေးဘူးလား”
“ဟို.အဖေက.မစားချင်ဘူး.ညှီတယ်ဆိုလို့.ငါးနီတူးခြောက်ကြော်လေးနဲ့ပဲကျွေးလိုက်ရတာ”
တကယ်တော့ဒေါ်ထားမေလိမ်လိုက်ခြင်းပါ။မနက်ကဦးထွန်းမောင်ဝယ်လာခဲ့တဲ့ကြက်သားကိုယောက္ခမဖြစ်သူဦးထွန်းကြိုင်ကိုစွပ်ပြုတ်လုပ်ပြီးကျွေးဖို့အစီအစဉ်မရှိခဲ့ပါ။
“အဖေ.ကြက်သားစွပ်ပြုတ်လုပ်ပေးရမလား..အဖေဘယ်လိုပုံစံကြိုက်သလဲ.သမီးဘယ်လိုလုပ်ပေးရလဲ”လို့တစ်ခွန်းမှလည်းမမေး။အသိလည်းမပေးခဲ့ပါ။
ခင်ပွန်းဖြစ်သူကတော့မနက်စောစောစျေးသွားကြက်သားဝယ်ပြီးသူ့အဖေ့အတွက်စွပ်ပြုတ်လုပ်ပြီးကျွေးဖို့အတန်တန်မှာခဲ့ရှာပါသည်။
သို့သော်မိမိကတော့ထိုကြက်သားကိုတဝက်ကြော်၊တဝက်ကင်ပြီးခင်ပွန်းဖြစ်သူနဲ့မိမိတို့သားအမိအတွက်စားရန်သာစီစဉ်ခဲ့လေသည်။
မိမိတို့သားအမိကတော့ကြက်သားကြော်ဝင်းဝင်းအိအိကလေးနှင့်စောစောကပဲအားရပါးရစားလို့ပြီးခဲ့ပြီ။နေမကောင်းဖြစ်ပြီးအားပြတ်နေသည့်လူမမာသည်ယောက္ခမကြီးအတွက်မပါခဲ့ပါ။ထည့်ပြီးမစဉ်းစားပေးခဲ့ပါ။
“မင်းကလည်းကွာ..အဖေမစားချင်လည်းစားချင်အောင်
မရမကချော့မော့ကျွေးမှာပေါ့ကွ..ငါအတန်တန်မှာထားရဲ့သားနဲ့..”
“လူငယ်တွေကဘာနဲ့စားစား.စားလို့ရတယ်.အဆင်ပြေတယ်.လူကြီးတွေက.ပိုပြီးအရေးကြီးတာလေ”
“ပြီးတော့အဖေကအခုအချိန်ကျန်းမာရေးမကောင်းတဲ့သူ.ပိုပြီးဂရုစိုက်ပေးရမဲ့အချိန်.အဖေ့မှာအားကိုးစရာသသားသမီးဆိုလို့ပြေးကြည့်မှငါတစ်ယောက်ပဲရှိတာ.တ
ခြားအားကိုးစရာသားသမီးလည်းမရှိရှာဘူး.
“ငါကလည်းအိမ်မှာအချိန်ပြည့်မရှိနိုင်ဘူး.ဝမ်းရေးအတွက်အပြင်ထွက်ပြီးအလုပ်လုပ်နေရတယ်.ဒီတော့အိမ်မှာရှိတဲ့မင်းကိုပဲအားကိုးရမှာ”
“အဖေ့ကိုအိမ်မှာကိုယ်မရှိတုန်းဂရုစိုက်ပေးစမ်းပါထားမေရာ.မနေ့ကတည်းကအဖေဝမ်းလျောပြီးအားပြတ်နေတာ.အားရှိဖို့လိုတယ်လေ..”
“မဖြစ်သေးပါဘူး..အဖေ့ကိုငါကိုယ်တိုင်ကျွေးမှာပဲရမယ်.ဒီအတိုင်းဘာမှမစားမသောက်ပဲနေရင်တော့အဖေနလန်ထူနိုင်မှာမဟုတ်ဘူး.အဖေ့ကိုဂရုတစိုက်ကျွေးမှရမယ်”
“သမီရေ့..နီမာ”
“ရှင်.အဖေ”
“လာအုံး.အဖေ့ဆီကို”
“ဟုတ်ကဲ့.အဖေ”
အိပ်ခန်းထဲမှအသက်၁၀နှစ်အရွယ်သမီးဖြစ်သူနီမာကပြေးထွက်လာသည်။ဦးထွန်းမောင်ကအင်္ကျီအိပ်ထဲမှပိုက်ဆံတချို့ကိုထုတ်ယူလိုက်သည်။ထို့နောက်နီမာလက်ထဲသို့ထည့်ပေးလိုက်ရင်း
“ရော့.သမီး.ဟိုလမ်းထိပ်က မစောတို့ဆိုင်မှာကြက်ဥသုံးလုံးသွားဝယ်လာခဲ့”
“ဟုတ်ကဲ့..အဖေ”
နီမာကဖခင်လက်ထဲမှပိုက်ဆံလေးကိုယူကာအိမ်ပေါ်မှပြေးဆင်းသွားသည်။
“ထားမေ.သမီးပြန်လာရင်.ငါ့အတွက်ကြက်ဥမွှေကြော်
လေးကြော်ပေးပါ..ငါဒီကြက်သားကင်လေးအဖေ့ကိုသွားကျွေးလိုက်အုံးမယ်”
ကြက်သားကင်ပန်းကန်ကိုကိုင်ကာလှမ်းထွက်သွားသောခင်ပွန်းဖြစ်သူဦးထွန်းမောင်ရဲ့ကျောပြင်ကြီးကိုကြည့်ကာဒေါ်ထားမေကမကျေမနပ်မျက်စောင်းထိုးလိုက်ရင်းပါးစပ်ကလည်းပွစိပွစိရေရွတ်နေခဲ့ပါသေးသည်။
*********************************************
ဒေါ်ထားမေကအတိတ်ကဖြစ်ရပ်များ၊အတွေးစများကိုဖြတ်ကာပါးပြင်ပေါ်မှစီးကျနေသောမျက်ရည်စများကို
သုတ်ပစ်လိုက်သည်။ဪ.အခုတော့မိမိတဖန်ဝဋ်လည်လေပြီထင်။
ကိုယ်ကတချိန်ကချွေးမကောင်းတစ်ယောက်မဖြစ်ခဲသလိုကိုယ့်အလှည့်ကျတော့ရောသမက်ကောင်းတစ်ယောက်ရဖို့ဖြစ်နိုင်ပါ့မလား။”ဝဋ်မှာအမြဲ၊ငရဲမှာအတဲ့”စကားပုံလည်းရှိခဲ့တာပဲလေ။အခုမိမိဒီဝဋ်ကြွေးကိုပေးဆပ်ရဖို့အလှည့်၊ပေးဆပ်ရမဲ့အချိန်တန်လေပြီထင်။
တချိန်ကမိမိလုပ်ရပ်၊မိမိအမှားအတွက်သတိသံဝေဂနောင်တတရားများလည်းရမိပါရဲ့။ဒါပေမဲ့အချိန်နှောင်းခဲ့လေပြီ။
ဒေါ်ထားမေသက်ပြင်းကိုလေးတွဲစွာချလိုက်သည်။ပါးပြင်ပေါ်မှမျက်ရည်စများကိုအင်္ကျီလက်စဖြင့်ကုန်စင်အောင်ထပ်မံသုတ်ပစ်လိုက်ပြန်သည်။သမီးလေးကိုမမြင်စေလိုပါ။သမီးလေးမြင်ပြီးစိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲမဖြစ်စေချင်တော့ပါဘူးလေ။
ထို့နောက်ကြက်စွပ်ပြုတ်ပန်းကန်ကိုကိုင်ကာအခန်းအပြင်သို့ထွက်လိုက်သည်။ငိုနေသောသမီးဖြစ်သူနီမာရဲ့ရှေ့သို့သွာကာ…
“သမီးအမေ.ကြက်စွပ်ပြုတ်မသောက်ချင်တော့ဘူးကွယ်.သောက်လိုက်ရင်ကြက်သားအနံ့ကညှီစော်နံလို့ ရင်ထဲပျို့ပျို့တက်လာတာ.ဘယ်လိုမှအဆင်မပြေဘူးကွယ်”
“ရော့.မောင်နိုင်အောင်ပြန်လာရင်သူ့ကိုပဲကျွေးလိုက်ပါ.
အမေ့ကိုကြောင်အိမ်ထဲကငါးနီတူးခြောက်ကြော်လေးပဲယူပေးပါလား.အမေ့အဲဟာလေးနဲ့ပဲစားချင်လို့ပါ”
*****************************************
အားပေးသူတစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးတင်လျက်…….
ဆက်လက်ကြိုးစားပါအုံးမည်။