ဒုက္ခတွေကများ(စ/ဆုံး)
——————
ဦးဖူးညိုသည် သာသနာ့ဘောင်ကိုဝင်လိုက်သည်။ မဝင်၍လည်းမဖြစ်၊ သူ့မှာနေစရာမရှိတော့ပြီ။
ဆရာတော်ကမေးသည်
“ဟဲ့ ဖူးညို”
“ဘုရား”
“နင် သင်္ကန်းအပြီးဝတ်မှာသေချာလား”
“သေချာပါတယ်ဘုရား”
“သာသနာ့ဘောင်ဆိုတာ အပျော်လာလုပ်ရမယ့်နေရာမဟုတ်ဘူးနော်”
“တပည့်တော်အပျော်သဘောနဲ့ လာဝတ်တာမဟုတ်ပါဘုရား”
“နောက်ပြီးရှိသေးတယ် … နင်ကျောင်းထဲမှာ သင်္ကန်းဝတ်ကြီးနဲ့ မဟုတ်တာ လုပ်လို့မရဘူးနော်”
“တပည့်တော်မလုပ်ပါဘုရား”
“သေချာသလား”
“သေချာပါတယ်ဘုရား”
“အိမ်း ကောင်းပြီ … ဒါဆိုလည်း ညနေစောင်းရင်ဝတ်ပေးမယ်”
“တင်ပါ့ဘုရား”
ညနေစောင်းသော် ဦးဖူးညိုမှ ဦးပညာသီရိဖြစ်သည်။
ဦးဖူးညိုမှာ ဖြတ်စရာ သံယောဇဉ်လည်းမရှိ။ ဇနီးကလည်း သူ့ကိုပစ်သွားပြီး မြို့တွင် နောက်လင်နှင့်အတူနေ သည်။ သမီးကလည်း အိမ်ထောင်ကျပြီး သူ့ယောက်ျားနှင့် ရှမ်းပြည်ဘက်တွင်သွားနေသည်။ သားဖြစ် သူကလည်း အရက်သမား၊ အသည်းခြောက်ပြီးသေသည်မှာ ၂ နှစ်ကျော်သာရှိသေးသည်။ သူ့မှာ လယ်တွေ ရှိခဲ့သော်လည်းကုန်ပြီ။ ယခုနောက်ဆုံး အိမ်ခြံဝိုင်းသည်လည်း အကြွေးယူပြီးပေါင်ထားရာမှ၊ အကြွေးဆုံးကာ ထိုးအပ်လိုက်ရသည်။
ထိုအဖြစ်အပျက်အားလုံး၏ တရားခံမှာ ဦးဖူးညိုသည် ချဲထိုးသောကြောင့်ဖြစ်သည်။
“ဟဲ့ ဦးပညာ ပုတီးစိပ်နေတာ … စိတ်က ဘယ်ရောက်နေသလဲ”
“မရောက်ပါဘုရား”
“စိတ်ကို ဒီမှာပဲထား … နောက်ကြောင်းပြန်မသွားနဲ့”
“တင်ပါ့ဘုရား”
ပြောသာပြောရသည် မျက်စိမှိတ်လိုက်တိုင်း ဂဏန်းတွေပေါ်လာသည်။ ကြိုးစားပြီး တရားမှတ်၊ ပုတီးစိပ်သည်။ ဗိုက်ကဆာလာသည်။ ဒီအချိန်ဆို ကမ်းနားကအရက်ဆိုင်မှာ မီးတောက်လေးနှင့် ကြွက်ကြော်ကို သတိရမိ နေပြန်သည်။ ခေါင်းကိုခါရမ်းရင်း တရားမှတ်သည်။
“အနိစ္စ … ဒုက္ခ … အနတ္တ”
ပုတီးတစ်လုံးကို ချလိုက်သည်။ စိတ်ထဲတွင် ၁ ဂဏန်းပေါ်လာသည်။ ၁ နှင့် တွဲထိုးရမှာ ဘာဂဏန်းဖြစ်မည် နည်း။ စိတ်ထဲမရိုးမရွဖြစ်လာသည်။ မျက်စိကိုဖွင့်ပြီး အနီးက တုတ်တစ်ချောင်းကိုကောက်သည်။ မြေပြင်တွင် ဂဏန်းတွေချရေးကြည့်နေမိသည်။
“ဟဲ့ ဦးပညာ ဘာလုပ်နေတာလဲ”
မြေပြင်ပေါ်က ဂဏန်းတွေကို ခြေဖြင့်ဖျက်ရင်း ကျောင်းပေါ်ကို မော့ကြည့်လိုက်မိသည်။ ဆရာတော်ဘုရားက သူ့ကို စိမ်းစိမ်းကြည့်နေသည်။
“နင်တော့ ခက်တော့တာပဲ … လာခဲ့ ကျောင်းပေါ်ကို တရားလာမှတ်”
ကြောက်ကြောက်နှင့် ကျောင်းပေါ်ကိုတက်သွားသည်။ ဘုရားစင်ရှေ့တွင် ဘုရားကိုဝတ်ချပြီး တရားထိုင်ရန်ပြင် သည်။ ဆရာတော်က ဘုရားကို ဆီမီးတွေကပ်နေသည်။
“ဦးပညာ”
“ဘုရား”
“နင့်ဝဋ်ဒုက္ခကြီးလှတယ် … နင်စိတ်မငြိမ်ဘူး … ဒုက္ခ … ဒုက္ခ … ဒုက္ခ လို့အကြိမ်တစ်သောင်းရွတ်စမ်း။ တစ်ဒုက္ခတိုင်း ပုတီးတစ်လုံးချ … စိတ်ကို ဒုက္ခထဲမှာပဲထား ကြားလား”
“တင်ပါ့ဘုရား”
ဦးပညာက မျက်စိကိုမှိတ်သည်။ ဒုက္ခကိုမှတ်သည်။
“ဒုက္ခ”
ပုတီးတစ်လုံးချသည်။
သူသည် ဒုက္ခကိုမှတ်နေသည်။ ဒုက္ခတဲ့ မှန်လှသည်။ ထိုဒုက္ခတွေအားလုံးသည် ငါ့ကြောင့် ဖြစ်ရသည်။
“အို … ဒုက္ခ … ယခုကစပြီး သင့်ကို အနိုင်ယူတော့မည်။ ဒုက္ခ … ဒုက္ခ … ဒုက္ခ”
ဦးပညာတစ်ယောက် ဒုက္ခနှင့်မိုးလင်းသည်။ မိုးလင်းသော် သူ့စိတ်တွေကြည်လင်နေသည်။ သူက ကျောင်းပေါ်မှ ဆင်းလာပြီး ဘုရားဘက်ကိုလျှောက်လာသည်။ ဘုရားပေါ်တွင် ကပ္ပိယကြီး ဦးထောင်ပိုက တံမြက်စည်း လှည်းနေသည်။ ဦးထောင်ပိုကလည်း ပါးစပ်က ဘာတွေရွတ်နေသည်မသိ။
ဦးပညာစဉ်းစားသည်။
“ငါသည် ဥစ္စာ၊ ပစ္စည်း၊ ပိုက်ဆံတွေကြောင့် ဆင်းရဲဒုက္ခဖြစ်ခဲ့ရသည်။ ငါ့မှာ ထိုပိုင်ဆိုင်မှုတွေသာ မရှိလျှင် ဒုက္ခလည်း မရှိနိုင်ပါလား”
မနေ့က သိမ်ဆင်းတွင် သူ့သူငယ်ချင်း ဖိုးမှတ်က ပိုက်ဆံ ၁၀၀၀၀ လာကပ်လှူပူဇော်ထားသည်။ ထိုပိုက်ဆံ သူက ခါးတွင်လိမ်ထားသည်ကို မှတ်မိနေသည်။ သူက ကပ္ပိယကြီးအနီးကို သွားလိုက်သည်။
“ကပ္ပိယကြီး ဒုက္ခ … ဒုက္ခ … ဒုက္ခ လို့မှတ် ကြားလား”
သူကပြောပြောဆိုဆိုနှင့် လက်ထဲတွင် ခေါက်ကိုင်လာသော ပိုက်ဆံတစ်သောင်းတန်လေးကို အသာလေး လျောချကာပေးခဲ့သည်။ ကပ္ပိယကြီး မြင်လောက်သည်။
ဦးပညာလည်း ချာခနဲလှည့်ကာ ဘုရားပေါ်မှ ပြန်ဆင်းခဲ့သည်။
ယခုတော့ သူ့မှာ ဘာမျှမရှိတော့။ ဆရာတော်စွန့်ထားသော သင်္ကန်းတစ်စုံသာရှိတော့သည်။
“ဘာမှမရှိတာလည်း ကောင်းတာပဲ”
၈ နာရီထိုးသော် ဦးပညာသည် ကပ္ပိယကြီးနှင့်အတူ ရွာထဲကို ဆွမ်းခံကြွသည်။
အေးမိတို့အိမ်ရှေ့ရောက်သော် ကပ္ပိယကြီးက
“အရှင်ဘုရား ကြွနှင့် တပည့်တော်လိုက်ခဲ့မယ်” ဟုပြောကာ ချန်နေခဲ့သည်။
ဆွမ်းခံပြီး ကျောင်းကိုပြန်သည်။ နေ့ဆွမ်းစားသည်။ ဆရာတော်ဘုရားနှင့်အတူ တရားမှတ်သည်။
“အို ငြိမ်းချမ်းလိုက်တာ”
ညနေစောင်းပြီ။ ကျောင်းအောက်ကိုဆင်းကာ တံမြက်စည်းလှည်းရင်း တရားမှတ်သည်။ ဒုက္ခတစ်လုံးတည်းသာ သိသေးသဖြင့် ပါးစပ်က
“ဒုက္ခ … ဒုက္ခ … ဒုက္ခ” ဟု မှတ်သည်။
ကပ္ပိယကြီး ဦးထောင်ပိုက သုတ်သုတ်ပြာပြာနှင့် သူ့အနားရောက်လာသည်။ ထို့နောက် ကျောင်းပေါ်ကို မလုံမလဲကြည့်ကာ ဦးပညာအနား ကပ်လာသည်။
“ဦးပညာ”
“ဘာလဲ … ဘာဖြစ်လာသလဲ”
“ပွတာပဲဘုရား”
“ဘာပွတာလဲ”
“မနက်က အရှင်ဘုရား တပည့်တော်ကို ဂဏန်းပေးသွားတာလေ … အဲဒါ”
“အဲဒါဘာဖြစ်လဲ”
“တပည့်တော်ပိုက်ဆံမရှိလို့ ဘာထိုးရမှန်းမသိဖြစ်နေတာ … အရှင်ဘုရားက တပည့်တော်အနားလာပြီး ဒုက္ခ … ဒုက္ခလို့ပြောတယ်လေ”
“အဲဒါဘာဖြစ်လဲ”
“ဒုက္ခလိုပြောပြီး ပိုက်ဆံ တစ်သောင်းချသွားတယ်မဟုတ်လား … ချဲထိုးခိုင်းတာ မဟုတ်ဘူးလား”
“နင့်ကိုပေးတာ”
“အဲဒီတစ်သောင်းနဲ့ မနက်က အေးမိဆီမှာဝင်ပြီးတော့ ၇၂ ကို တစ်ပေါက်တည်း အောချလိုက်တာ”
“ငါက ငါ့ဘာသာတရားမှတ်နေတာဟ”
“၇၂ ကို တစ်သောင်းဖိုး ထိုးခိုင်းတာ မဟုတ်ဘူးလား”
ဦးပညာဘာမျှမပြော။
“ဘာဖြစ်ဖြစ်ဘုရား … တပည့်တော်လည်း တစ်ဝက်ဆိုင်တယ် တပည့်တော်ကို တစ်ဝက်တော့ပေးရမယ်”
“ဟဲ့ ပိုက်ဆံရခဲ့ပြီလား”
“ရခဲ့ပြီလေ”
“အေး … အေး … တစ်ဝက်ယူ … ကျန်တဲ့တစ်ဝက် ငါ့ကိုကပ်”
တင်ညွန့်
၂၁.၁၂.၂၀၂၅