‎‎နှစ်ဘဝ

 ‎‎နှစ်ဘဝ(စ/ဆုံး)

‎——–

‎အချို့သော အကြောင်းအရာတွေက ကျွန်တော် ကြိုသိနေသည် ဆိုလျှင် မည်သူမျှ ယုံမည်မထင်။

‎ယနေ့ ကျွန်တော် စာကြည့်တိုက်ထဲတွင် စာဖတ်နေသည်။ ကျွန်တော့် ဘေးတွင် ရေမွှေးနံ့ရလိုက်သည်။ ဘာရေမွှေးမှန်း မသိပါ။ မွှေးသောကြောင့်သာ ရေမွှေးနံ့ဖြစ်ကြောင်း ပြောလိုက်ခြင်းဖြစ်သည်။ မိတ်ကပ်နံ့၊ ပေါင်ဒါနံ့လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

‎“ဒီမှာ ဘော့ပင်လေး ကျသွားလို့ အဲဒါ”

‎ကျွန်တော်က ငုံ့ကြည့်လိုက်သည့်အခါတွင် အစင်းကားျ ဘော့ပင်လေးက ကျွန်တော့် ခြေထောက်အောက်မှာ ဖြစ်နေသည်။ ကျွန်တော်က ဘော့ပင်ကို ကောက်ယူလိုက်ပြီး သူ့ကို ပြန်ပေးလိုက်သည်။ သူ့လက်ကို ထိလိုက်မိ သည်။ ကျွန်တော် သိသည်။ သူညာနေသည်။ ဘော့ပင်ကို တမင်လွှတ်ချလိုက်ခြင်းဖြစ်သည်။

‎ကျွန်တော်က စာဆက်ရေးနေမိသည်။

‎“Dictionary လေး ခဏလောက် ငှားပါလားဟင်”

‎ကျွန်တော့် ရှေ့တွင် ချထားသည့် Thorndike အဘိဓာန်စာအုပ်လေးကို သူတွေ့သွားဟန်ရှိသည်။ ကျွန်တော်က စာအုပ်ကို သူ့အားပေးလိုက်သည်။
‎ကျွန်တော်စာရေးနေသည်ကပြီးပြီ။ သူက ကျွန်တော့်ကို စာအုပ်ပြန်မပေးသေးသဖြင့် စောင့်နေရသည်။

‎“မပြီးသေးရင် ယူထားလိုက်လေ။ နောက်နေ့ကြုံတော့မှပြန်ပေးပါ”

‎ကျွန်တော်က ထွက်လာသည်။ သူက နောက်က လိုက်လာသည်။

‎“ရော့ပါ … ကျေးဇူးပဲ”

‎ကျွန်တော်က သူ့လက်ကို တမင်သက်သက် ထိအောင်လုပ်ပြီး စာအုပ်ကို ယူလိုက်သည်။

‎“ခင်ဗျားပြန်ရင် ကားနဲ့ မပြန်ပါနဲ့လား။ လှည်းတန်းဘူတာကနေ ပြန်ရင်ကောင်းမယ်”

‎“ဘာဖြစ်လို့လဲ”

‎“ကျွန်တော်လည်း လှည်းတန်းဘူတာ သွားမှာမို့လို့”

‎“ကောင်းသားပဲ … ကျွန်မ ဒီနေ့ ရထားပဲ စီးတော့မယ်”

‎အမှန်တော့ သူ့ကို ကျွန်တော် ဘတ်စ်ကားတစ်စီးပေါ်တွင် တွေ့လိုက်ရသည်။ သူ့မျက်နှာက သွေးတွေပေနေ သည်။ ထို့ကြောင့် ရထားကို လမ်းလွှဲပေးကာ ကျွန်တော်လည်း လှည်းတန်းကို လိုက်လာသည်။

‎“ကျွန်မပြန်မယ့်နေရာကို ဘယ်လိုသိနေသလဲ”

‎“နေ့တိုင်း မြင်နေလို့ထင်တာပဲ”

‎“အင်းစိန်ကို ရထားရှိပါ့မလား မသိဘူး”

‎“မြန်မြန်လေးလျှောက်ရင်တော့ မီနိုင်ပါတယ်။ အဲဒီရထားကို မမီရင်တော့ နောက်တစ်စင်းကို ၄၅ မိနစ် လောက်စောင့်ရမယ်”

‎ကောင်မလေးက ဖြည်းဖြည်းပဲလျှောက်သည်။ ထို့ကြောင့် ရထားမမီ

‎“အစ်ကိုက ဘယ်သွားမှာလဲ”

‎“မြို့ထဲ”

‎“မြို့ထဲက ဘတ်စ်ကားနဲ့ ဘာဖြစ်လို့ မသွားတာလဲ”

‎“ဒီအချိန် ကားကျပ်တယ်လေ”

‎ကျွန်တော်တို့ လှည်းတန်းဘူတာထဲ လက်မှတ်ဝယ်ပြီး ဝင်လိုက်သည်။ အင်းစိန်ဘက်သွားသည့် ရထားကို နောက်ပိုင်းပဲ မြင်လိုက်ရသည်။

‎“ဟယ် … ဒုက္ခပဲ ၄၅ မိနစ်တောင် စောင့်ရတော့မယ်”

‎“ကျွန်တော်စီးမယ့် ရထားက တစ်နာရီလောက် စောင့်ရမှာ”

‎“ဒါဆိုရင် ဒီမှာ ထိုင်မလား”

‎“ထိုင်လေ”

‎ကောင်မလေးက

‎“အစ်ကို့ကို နေ့တိုင်း စာကြည့်တိုက်ထဲမှာ တွေ့တယ်နော်”

‎“ဟုတ်တယ်။ နောက်ဆုံးနှစ်အတွက် စာတမ်းလာရေးနေတာ”

‎“ဘာမေဂျာလဲဟင်”

‎“ဖီလော်ဆော်ဖီ”

‎“ညီမက မြန်မာစာ”

‎“စာဖတ်ဝါသနာပါလား”

‎“ပါတယ်”

‎“အင်းစိန် ဘယ်နားမှာနေသလဲ”

‎“ဖော့ကန်”

‎ထိုစဉ် အဘွားကြီးတစ်ယောက်က တောင်ဝှေးလေး ထောက်လာပြီး ပိုက်ဆံ လာတောင်းသည်။ သူက အိတ်ထဲက ငါးမူးထုတ်ပြီး ပေးလိုက်သည်။

‎“အဘွားကြီးက သနားစရာနော်”

‎“သနားစရာတော့ကောင်းပါတယ်။ ဒါပေမဲ့ သားသမီးတွေကို လုပ်ကျေွးနေရတာ”

‎“အစ်ကိုက သိတယ်။ ဗေဒင်များတတ်လား”

‎“နည်းနည်းပါးပါးပေါ့”

‎“ဒါဆိုရင် ညီမကို ကြည့်ပေးပါလား”

‎သူက ကျွန်တော့်ကို လက်လေးဖြန့်ပေးသည်။

‎“ကိုယ် လက္ခဏာမကြည့်တတ်ပါဘူး”

‎“ဒါဆိုရင် ဘယ်လို ဟောသလဲ”

‎“လက်သန်းလေး တစ်ချောင်းပဲပေး”

‎သူက လက်သန်းလေးတစ်ချောင်းကို ကျွန်တော့်ကိုပေးသည်။ ကျွန်တော်က သူ့လက်သန်းလေးနှင့် ကျွန်တော့် လက်ညှိုးကို ထိလိုက်ပြီး မျက်စိမှိတ်လိုက်သည်။ သူ့ကို ကားတစ်စီးပေါ်တွင် သွေးတွေ ပေနေသည့် မျက်နှာကိုသာတွေ့နေသည်။ ကျွန်တော်က ယောင်ပြီး လွှတ်လိုက်မိသည်။

‎“မကြာသေးမီကပဲ ချစ်သူနဲ့ ကွဲခဲ့တယ်။ ချစ်သူကောင်လေးက လက်ထပ်သွားတာ လပိုင်းပဲရှိသေးတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားတယ်။ မအောင်မြင်ခဲ့ဘူး။ နောက်တစ်ခုပြောမယ်။ ဒါပေမဲ့ ပြောမထွက် ဘူး”

‎“ပြောပါအစ်ကိုရယ် … အစ်ကိုပြောတာတွေ အားလုံးမှန်နေတာပဲ။ ညီမအကြောင်း ဘယ်လိုလုပ်ပြီး အဲဒီ လောက် သိနေတာလဲ … ပြောပါအစ်ကို … အစ်ကို သိထားတာ ဘာလဲ”

‎“မင်းမှာ ကိုယ်ဝန်ရှိနေတယ်”

‎ကောင်မလေးက တစ်ဖက်ကိုလှည့်ပြီး ငေးနေသည်။ မျက်ရည်တွေ သုတ်လိုက်ပြီး ငိုင်နေသည်။

‎“ကိုယ် မင်းကို ရထားနဲ့သွားဖို့ ခေါ်လာတာ အကြောင်းရှိတယ်။ ကားနဲ့ သွားရင် ဘေးတွေ့မယ် ဆိုတာ သိနေတယ်။ ဒါကြောင့် ရထားနဲ့သွားဖို့ ခေါ်လာတာ။ ကိုယ်လည်း မြို့ထဲသွားစရာ အကြောင်းမရှိပါဘူး”

‎ထိုစဉ် ရထားဝင်လာသည်။ အင်းစိန်ဘက်ကို သွားမည့် ရထားဖြစ်သည်။ သူက ရထားဆီသွားမည် အလုပ်တွင်

‎“ဟေ့ … နာမည်လေး ပြောခဲ့ဦးလေ”

‎“နာမည်တော့ ကြိုမသိနိုင်ဘူးလား”

‎“မင်း နာမည်က ပန်းနာမည် တစ်ခုခုဖြစ်မယ်”

‎“ခင်ဆွေတင့်ပါ”

‎သူက ရထားပေါ်တက်သွားသည်။

‎ကျွန်တော် မြို့ထဲမသွားတော့ပါ။ လှည်းတန်းကပြန်လာခဲ့သည်။ အပြန်တွင် ဦးချစ်ဆိုင်ထိုင်ပြီး လက်ဖက်ရည် တစ်ခွက် သောက်လိုက်သေးသည်။

‎နောက်တစ်နေ့ ကျွန်တော် စာကြည့်တိုက်တွင်လာထိုင်သည်။ စာရေး၊ စာဖတ်လုပ်သည်။ မနေ့ကရသည့် ရေမွှေးနံ့ကို ရလိုက်သည်။ ဘေးဘီကို ကြည့်လိုက်သော်လည်း မည်သူ့ကိုမှမတွေ့။ စာကြည့်ခန်းထဲတွင် ကျွန်တော် တစ်ယောက်တည်း ရှိနေသည်က သေချာသည်။

‎နောက်တစ်နေ့တွင် သတင်းစာထဲတွင် နာရေးကြော်ငြာတစ်ခုတွေ့လိုက်ရသည်

‎မခင်ဆွေတင့် (ခေါ်) ခတ္တာ

‎ကျွန်တော် မြို့ထဲက ရေခဲတိုက်ကို နာရေးနေ့တွင် ရောက်ခဲ့သည်။ မြန်မာစာဌာနမှ ကိုထွန်းအေးနှင့်တွေ့သည်။

‎“ကိုထွန်းအေး … ခင်ဗျားတို့ ဌာနကပဲ … ဘာဖြစ်လို့ ဆုံးသွားတာလဲ”

‎“ဟိုနေ့က ကားမှောက်လို့လေ”

‎“နေဦး အဲဒီနေ့က သူ ရထားနဲ့ ပြန်တာပဲ”

‎“ဟာ … ခင်ဗျား ဘယ်လိုသိသလဲ”

‎“သူ့ကို ဘူတာမှာတွေ့မိတယ်လေ”

‎“ဟုတ်တယ် … ရထားစီးသွားတာ။ အဲဒါ ရထားပျက်လို့ ကားထွက်ပြီးစီးတာ။ ကားက အာအိုင်တီနားကကွေ့မှာ စလစ်ဖြစ်ပြီးတော့ မှောက်တာ။ ကားတစ်စီးလုံး သူတစ်တည်းသေတယ်”

‎“သြော်”

‎ထိုနေ့က ဘာဖြစ်ဖြစ် ကားကို မစီးရန် ကျွန်တော် သူ့ကို မပြောလိုက်မိ။ ကျွန်တော်ပြောလျှင်ရော သူယုံပါ့မလား မသိ။

‎သို့သော်

‎ကျွန်တော် သူ့ကို ကြံတောအထိ လိုက်ပို့ပေးခဲ့မိသည်။ သူသေသွားသည်မှာ တစ်သက်မဟုတ်၊ နှစ်သက် ဖြစ်ကြောင်း ကျွန်တော်တစ်ယောက်တည်းသာ သိမည်ထင်သည်။

#‎တင်ညွန့်

‎၂.၉.၂၀၁၈