လူထဲကလူ ဝတ္ထုတို(စ/ဆုံး)

 လူထဲကလူ ဝတ္ထုတို(စ/ဆုံး)


——————


အဝေးဆီက မင်္ဂလာသီချင်းသံအချို့

ပျံလွင့်လာတာကိုနားထောင်ရင်း

ကျွန်တော် လေပူကြီးတချက်ကို

မှုတ်ထုတ်လိုက်သည်။

မင်္ဂလာအခမ်းအနားတစ်ခုကလာ သည့်

သီချင်းသံကြောင့်ငြိမ်းစံ ဆိုသည့်

ကျွန်တော် ချစ်သူ မိန်းခလေးကို

သတိရနေမိသည်။

ယနေ့သူမ မင်္ဂလာဆောင်မှာပါ။

သတို့သားကတော့ကျွန်တော်မဟုတ်သည့်

အခြားသူ တစ်ယောက်ပေါ့။


ကျွန်တော်နှင့်ငြိမ်းစံ တက္ကသိုလ်ပထမနှစ်မှာ

စတွေ့ပြီးချစ်သူတွေဖြစ်ခဲ့ကြသည်။

ချစ်သူသက်တမ်းက ကျောင်းပြီးလို့ဘွဲ့ရသည့်

အချိန်ထိခြောက်နှစ်တိုင်တိုင် ဖြစ်ပြီး

သစ္စာရှိရှိချစ်လာကြသူတွေ။

ငြိမ်းစံ က အိန္ဒြေကြီးပြီး မိန်းမကောင်းပီသသူ။

စည်းရှိသည့်ကျွန်တော်ကလည်း

ကျွန်တော်ချစ်သူငြိမ်းစံကိုတန်ဖိုးထားပြီး

ချစ်ခဲ့သည်။

ကျွန်တော်ဘဝကို ငြိမ်းစံက ကောင်းကောင်းနားလည်ခဲ့သည်။

ငြိမ်းစံကို လက်ထပ်ဖို့အထိ

ရွယ်စူးထားသလို

ငြိမ်းစံကလည်းကျွန်တော်ကိုသာ

လက်ထပ်ချင်သူပါ။


ကျွန်တော်တို့နှစ်ယောက်ဘဝတစ်ခုတည်ဆောက်ဖို့

အလုပ်တွေလုပ်ခဲ့ကြရင်း

သူမကို မိသားဖသားပီပီ

တောင်းရမ်းလက်ထပ်ယူဖို့

ကျွန်တော်ကြိုးစားနေခဲ့ပါသည်။

တကယ်တမ်း….ငြိမ်းစံနှင့်ဘဝတစ်ခုဖြစ်လာရန်

ငြိမ်းစံမိဘတွေရှေ့မှောက်ကို

ကျွန်တော်ရောက်သွားသည့်အချိန်မှာ

သေးနူပ်သိမ့်ငယ်စွာ

ကျွန်တော်ခေါင်းငုံပြန်ခဲ့ရတသည်။


“”မောင်ပြည်စုံ…ပြောပုံအရ

မင်းက မိဘမဲ့ကျောင်းမှာကြီးပြင်းလာရတာပေါ့။

အခုထိ မိဘမဲ့ကျောင်းမှာပဲပြန်ပြီးအလုပ်လုပ်နေတာပေါ့။

ဒါကြောင့်ထင်ပါရဲ့ မောင်ရင်ရဲ့လစာက မောင်ရင်ရတဲ့ဘွဲ့နဲ့မတန်ပဲ သာမာန်လစာငွေလောက်ဖြစ်နေတာကိုး

ထားပါလေ…

လစာငွေက ပြသနာမဟုတ်ပါဘူး။

အန်တီတို့က အန်တီတို့မြို့မှာအသိုင်းနဲ့အဝိုင်းနဲ့

မျိုးရိုးကလည်းကောင်းကြတယ်။

အန်တီသမီး ငြိမ်းစံကို ဘယ်ကလာလို့ဘယ်သူကမွေးမှန်းမသိ။

မျိုးရိုးမသိတဲ့မိဘမဲ့တစ်ယောက်နဲ့သဘောတူပေးဖို့ဆိုတာက “”


နောက်ဆက်တွဲစကားကပါမလာသော်လည်း ကျွန်တော်နှင့်ငြိမ်းစံကိုသဘောမတူနိူင်ဘူး…

ဆိုတာကျွန်တော်နားလည်လိုက်သည်။


ကိုယ့်ဒူးကိုယ်ချွန်ပြီးပညာတက်ဖြစ်လာခဲ့သည့်ကျွန်တော်ကိုလေးစားကြောင်း၊

သို့ပေမဲ့ ငြိမ်းစံနှင့် ဘယ်လိုမှသဘောမတူနိူင် အကြောင်းတွေကိုကျွန်တော်နားထောင်ပြီး

ပြန်လာခဲ့ရသည်။


ကျွန်တော် ငြိမ်းစံကို မိဘတွေသဘောမတူပါပဲ

ခိုးယူပေါင်းသင်းတာမျိုးမလုပ်ချင်ဘူး။

မိဘမဲ့ဖြစ်လာသည့် ကံကြမ္မာ က

ကျွန်တော်တို့ဖြစ်ချင်လို့ဖြစ်လာခဲ့ရတာမှ

မဟုတ်တာလေ။

ကျွန်တော်နှင့်ငြိမ်းစံ နားလည်မူ့အပြည့်ဖြင့်

လမ်းခွဲလိုက်ကြသည်။

ယနေ့…ငြိမ်းစံ တစ်ယောက်မိဘတွေ

ကြည်ဖြူသူနှင့် ငြိမ်းစံ

မင်္ဂလာဆောင်လက်ထပ်သည့်နေ့ပါပဲ။

ငြိမ်းစံဘဝလေးပျော်ရျွှင်ပါစေလို့

မပျော်ရွှင်သည့်စိတ်ဖြင့်

ကျွန်တော်ဆုတောင်းနေမိပြန်သည်။


ညကလည်းကျွန်တော်ကောင်းကောင်း

အိပ်မပျော်ခဲ့ဘူး။

ဂေဟာက ကျောင်းသားကြီးကလေးတချို့

စာလာမေးပြီးပြန်သွားချိန်

ညဆယ့်တစ်နာရီကျော်နေခဲ့ပြီ။

အိပ်ရာဝင်တော့ကောင်းကောင်း

အိပ်မပျော်ခဲ့ဘူး။

တစ်ခါမှမမြင်ဘူးသည့်အမေနှင့်အဖေအကြောင်း

တွေးကြည့်မိသည်။

ကျွန်တော်ကိုဘာကြောင့်စွန့်ပစ်ခဲ့ကြတာလဲ။

ဘယ်လိုခက်ခဲသည့်အခြေအနေတွေကြောင့်ကျွန်တော်ကိုစွန့်ပစ်ခဲ့ကြတာလဲ။

တာဝန်ယူမှု့မရှိသည့်ဖခင်ကြောင့် မိခင်က ကျွန်တော် ကိုစွန့်ပစ်ခဲ့တာလား။

သည်မေးခွန်းတွေက

ကျွန်တော်သိတတ်စအရွယ်ထဲက

အဖြေမရှိပဲ ကျွန်တော်ဘာသာ တွေးနေမိသည့်မေးခွန်းတွေလေ။


ကျွန်တော် မိဘတွေကိုကျွန်တော်မုန်းပါသည်။

အကယ်၍များပြန်လည်ဆုံတွေ့ခွင့်ရမယ်ဆိုလျှင်ကျွန်တော်မဆုံတွေ့ချင်ပါ။

ရခဲလှသည့်လူဘဝကိုပေးခဲ့တယ်ဆိုပေမယ့်

လူမှု့ပတ်ဝန်းကျင်မှာ လူအချို့၏အထင်သေးခြင်းများမှာ ကျွန်တော်တို့လိို မိဘမဲ့တွေ ဘယ်လိုစိတ်နှလုံးဖြင့် ရှင်သန်ခဲ့ရတယ်ဆိုတာ

ကျွန်တော်တို့ ချင်း သာ နားလည်နိူင်ပါသည်။


ဂေဟာမှာမွေးကင်းစကနေ ပညာစုံလို့

ဘဝတစ်ခုကိုရပ်တည်နိူင်သည့်အထိ

မိဘမဲ့ကလေးတွေကိုပြုစုပျိုးထောင်ပေးကြသည်။

တချို့..ပန်းလေးတွေက တကယ့်ကို

ရနံရော အဆင်းပါ ပြီးပြည်စုံတင့်တယ်ပြီး

လောကကြီးမှာဖူးပွင့်နိူင်ခဲ့ကြပြီ။

ကျွန်တော်လည်း ထိုလိုပန်းတွေထဲက

ပန်းတစ်ပွင့် ဖြစ်ခဲ့ပါသည်။

သို့ပေမဲ့ ငြိမ်းစံတို့အသိုင်းအဝိုင်းကိုတော့

ကျွန်တော်ဝင်ဆန့်နိူင်ဖို့

အရည်အချင်းမမီခဲ့ဘူးလေ။


.


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°


အခန်း(နှစ်)

.


နယ်မြို့လေးဖြစ်တာကြောင့်

မနက်ငါးနာရီကျော်ကျော်မှာ

မင်္ဂလာဆောင်တစ်ခု၏သီချင်းသံက

ဝန်းကျင်တစ်ခုလုံးကို

ပဲ့တင်ထပ်နေလေသည်။

ဂေဟာ၏ခြံဝန်းရှေ့ကိုတံမြက်စည်းလှည်းရန်ကျွန်တော်ထွက်လာခဲ့သည်။

အအေးဓာတ်ကပိုလွန်းနေပြီး

အလင်းကသိပ်မကွဲသေးပေ။

ခြံဝမရောက်တရောက်မှာ

ကလေးငိုသံတစ်ခုကြောင့်

ကျွန်တော်ခြေလှမ်းတွေရပ်သွားသည်။


.

အင်း……ဂေဟာရှေ့ကို တစ်ယောက်ယောက်က

ကလေးလာစွန့်ပြန်ပြီလို့ တွေးနေလိုက်မိသည်။


သည်လောက်အေးစက်နေတဲ့ရာသီကြီးမှာ

အစွန့်ပစ်ခံရသည့်ကလေးတချို့

အအေးဒဏ်ကြောင့်အသက်သေဆုံးမှု့များလည်း

ရှိခဲ့ဘူးသည်။

နွေးနွေးထွေးထွေး မဟုတ်ပါပဲ

အနှီးစုတ်တစ်ထည်ဖြင့်

လာပစ်လေပြီလား…တွေးမိလိုက်သည်။


ကလေးငိုသံဟာပြန်လည်တိတ်ဆိတ်သွားပြန်သည်။

ခြေသံလုံလုံဖြင့် အတွင်းခြံစည်းရိုးကြားကနေချောင်းကြည့်လိုက်မိသည်။

ဘေးဘီဝဲယာကိုစိုးရွံစွာကြည့်ပြီးကလေးကို

နိူ့တိုက်နေသည့်မိန်းမငယ်တစ်ဦးကို

တွေ့လိုက်ရတယ်။

အသွင်သဏ္ဍာန်ဟာလွန်စွာနွမ်းလျနေပြီး

အသက်အရွယ်အားဖြင့်နှစ်ဆယ်ကျော်သာသာလောက်ရှိမည့်ပုံပါ။


သူမဘာဆက်လုပ်မည်ကိုသိလို၍

တိတ်တဆိတ်ကြည့်နေမိသည်။

ကလေးငယ်လေးဟာ မွေးကင်းစလေးသာဖြစ်ပြီး

ပုဆိုးစုတ်လေးထဲမှာ ထွေးထားတယ်။

ကလေးနိူ့ရည်ဝလောက်ချိန်မှာတော့ ကလေးကို

ဂေဟာအုတ်တံတိုင်းနားမှာပြန်ချထားပြန်တယ်။

ကျွန်တော် သိလိုက်ပြီ။

သည်အခြေအနေက…ကလေးကို

လာစွန့်ပစ်နေတာပဲ။

ကျွန်တော် မိခင် လည်း လွန်ခဲ့သောနှစ်ပေါင်းအစိတ်လောက်က ကျွန်တော် ကိုသည်လိုပဲ

လာရောက်စွန့်ပစ်ခဲ့တာပါလား..လို့

တွေးမိသွားသည်။


သူမဘာဆက်လုပ်မလဲ ဆိုတာ…

ဆက်ကြည့်နေမိသည်။

သူမမျက်ဝန်းမှာမျက်ရည်တွေစီးကျနေသည်။

အလွန်တရာဝမ်းနည်းလွန်းစွာ

ငိုရှိုက်နေရင်းကလေးငယ်လေး ကို

ငုံနမ်းလိုက်ပြီး


“”အမေကို ခွင့်လွှတ်ပါ…သားလေးရယ်

အမေရဲ့ စုတ်ပြတ်နူံချာပြီးလူအထင်သေးစာရာအရိပ်အောက်မှာထက် ဒီဂေဟာက သားလေးကိုလူတလုံးသူတလုံးဖြစ်အောင်ပြုစုစောင့်ရှောက်ပေးနိူင်မှာမို့

အမေထားခဲ့ရတာပါ။

အမေသားလေး…နေရစ်ခဲ့ပါနော်””


ကလေးကိုထားရစ်ပြီးအလင်းမကွဲခင်

သူမ ထွက်ခွာသွားဖို့ဟန်ပြင်နေလေပြီ။

ကျွန်တော် လှမ်းအော်ခေါ်ပြီး


“” ခင်ဗျားဘာလုပ်တာလဲ “”…….. လို့ ..

မေးဖို့အချိန်မီပေမဲ့ မမေးတော့ပဲနေလိုက်သည်။

သူမ ကျွန်တော် မြင်ကွင်းထဲကနေ

ပျောက်ကွယ်၍သွားလေပြီ။

ဂေဟာ၏ခြံတံခါးကိုဆွဲဖွင့်လိုက်ပြီး

ကလေးကိုကောက်ချီလိုက်တယ်။

တစ်နေရာရာကနေ…ကျွန်တော် ကို

သူမလှမ်းကြည့်နေမှာပါ။

အသားဖြူဖြူမျက်နှာဝိုင်းဝိုင်း ကလေးလေး ကို

ကျွန်တော် စိုက်ကြည့်နေမိသည်။

သည်ကလေး က ….ဂေဟာကို သည်နေ့

ရောက်ရှိလာသော မိဘမဲ့ကလေးတစ်ယောက်ပေါ့။


ကျွန်တော် ရင်ထဲမှာ နင့်နင့်သီးသီး

ခံစားချက်တစ်ခုဝင်လာသည်။

ကျွန်တော့ မွေးမေမေ ကို သတိရမိသည်။

အမေ ကျွန်တော် ကို သည်လိုမျိုး

ထားပစ်ခဲ့တာလား။

ကျွန်တော် ကိုအမေရင်ခွင်အောက်မှာ

ထားလို့မရလောက်အောင်ခက်ခဲခဲ့တာလား။

ကျွန်တော် အမေလူလောကကြီးမှာ

ရှိနေခဲ့သေးလျှင်

အမေအဆင်ပြေပါစေလို့

ဆုတောင်းချင်မိသည်။

ဟိုးယခင်က အမေ့ကိုမုန်းတီးမိသည့်

စိတ်တွေပျောက်ကွယ်သွားသည်။


ကလေးလေးကိုဂေဟာထဲဆီ

ခေါ်သွားဖို့ရန် ခြံဝန်းထဲဝင်လာလိုက်သည်။

ကလေးရေ ….

မင်းကိုကျန်းမာစွာရှင်သန်စေပြီး

ကြီးပြင်းခွင့်ပေးပါမည်။

လောကကြီးမှာ လူကို လူလိုမြင်ပြီး

မခွဲခြားတတ်သူတွေလည်းရှိသလို၊

မိဘမဲ့…ဆိုကတည်းက

ခွဲခြားဆက်ဆံကြသူတွေလည်းရှိသည်လေ။

မင်း…ကြီးပြင်းလာခဲ့လျှင်

ကိုယ့်ကိုလိုလားသူတွေကြားမှာ

ရှင်သန်တတ်ပါစေ။


“”မင်္ဂလာ ဂဟေဆက်ပါလို့……..””


အဝေးဆီမှ မင်္ဂလာသီချင်းသံဟာထပ်ပြီး

ပျံလွင့်လို့ လာပါသည်။

ကျွန်တော် ၏ ချစ်ရပါသောငြိမ်းစံ တစ်ယောက်

မင်္ဂလာရှိစွာ လက်ထပ်နိူင်သလိုဘဝတလျှောက်လုံးပျော်ရွှင်နိူင်ပါစေဆုတောင်းနေမိသည်။

ကျွန်တော် ကတော့ ကျွန်တော် ဖြစ်တည်မှု့ကို

လက်ခံသည့်လူအသိုင်းအဝန်းမှာ

ဆက်လက်ရှင်သန်ရင်း

လူ ဖြစ်ခွင့်ရပေမဲ့ အစွန့်ပစ်ခံရသည့်

လူသားတွေကြားမှာ လူပီသစွာ

ဆက်လက်နေထိုင်ရပါဦးပါဦးမည်။


#ယွန်းနှင်းဆီခိုင်


#မေတ္တာတရားနဲ့ဘဝနွမ်းလေးတွေကို

#ရှင်သန်ခွင့်ပြုနိူင်ကြပါစေ