ပဲ့တင်ခတ်သံ(စ/ဆုံး)
————-
“နာတော့မယ်နော်ရှင် ညတိုင်းအရက်သောက်လာပြီးမူးတိုင်းရမ်းမနေနဲ့”
“ဘယ်သူ့ဂရုစိုက်ရမှာလဲကွ ကိုယ့်ပိုက်ဆံနဲ့ကိုယ်သောက်တာ ပြောတဲ့သူ…ပဲကွာ”
“ရှင်နော်ရှင်..ကဲဟယ်”
“တောက်..လုပ်မိတော့မယ်မ..မ”
“အား..လုပ်ကြပါအုန်းကျွန်မယောက်ကျားကျွန်မကိုသတ်နေပါပြီတော့..အား”
“ဝုန်း..ဒုန်း..ခွမ်း”
“အား”
“ဖြန်း ဖြန်း”
“ဟီး..မေမေ”
“ဟင့်ဟင့်…ဟီး..”
“ဟဲ့နင်တို့ကလည်းတော်ကြပါတော့ ပတ်ဝန်းကျင်ကိုမရှက်ဘူးလားဟင် နေ့တဓူဝ ညတိုင်းအော်ဟစ်နေကြတာ မနက်ဆို နင်တို့မဟုတ်တဲ့အတိုင်း”
နွယ်တကယ်စိတ်ညစ်ရပါတယ်။
မိဘတွေနဲ့အတူမနေကြလို့သာ အတူသာနေကြရင် ညီမလင်မယားခုလိုတွေညတိုင်းသောင်းကျန်းနေကြပုံမျိုးနဲ့ မိဘတွေအသက်တိုကြမယ့်ကိန်းပါ။
နွယ်မိဘတွေမွေးထားတာမောင်နှမသုံးယောက်။
မိန်းကလေးနှစ်ယောက် ယောက်ကျားလေးတစ်ယောက်။
အကြီးဆုံးကျွန်မနွယ်။
နွယ်ဆယ်တန်းအောင်ပြီးတာနဲ့တက္ကသိုလ်မတက်ရသေးခင်ယောက်ကျားယူလိုက်တော့ ပထမကိုယ့်ဘာသာကိုယ်အိမ်ငှားနဲ့နေပါသေးတယ်။
အဆင်မပြေ ကုန်ကျစရိတ် စရိတ်စကများလွန်းလာတော့ မိဘအိမ်ကိုမျက်နှာငယ်နဲ့တက်နေရတော့တာပါပဲ။
ကျွန်မအောက်ညီမဖြစ်သူလည်းဘာထူးသလဲလေ ဆယ်တန်းအောင်တာနဲ့တပြိုင်နဲ့လင်နောက်လိုက်ပြေးပြီး ယောက်ခမတွေနဲ့အဆင်မပြေတော့ ကျွန်မလိုပဲ မိဘအိမ်မှာ ကပ်ရပ်နေကြတာ။
နွယ့်မိဘနှစ်ဦးစလုံးက တက္ကသိုလ်ပါမောက္ခချုပ်နဲ့တွဲဖက်ပါမောက္ခတွေပါ။
ဘာကြာလို့လည်း ညီမယူတဲ့ယောက်ကျား အရက်တွေသောက်ပြီး ဗီဇတွေပြ အဆဲ့အပြုတွေရှိလာလို့ မိဘတွေက “ငါတို့ဝယ်ထားတဲ့အိမ်မှာ နင်တို့ညီမတွေ အပေါ်ထပ်အောက်ထပ် ကြိုက်တဲ့နေရာ သွားသာနေကြတော့ အိမ်လခဆိုပြီးလဲ ပေးမနေနဲ့ အိမ်လခမပေးရ သမီးတို့သက်သာပြီးစားလောက်မှာပဲ”
မိဘတွေအစီအမံနဲ့ ညီမတို့လင်မယားနဲ့တူလေးကအပေါ်ထပ်။
နွယ်တို့လင်မယားနဲ့ကလေးနှစ်ယောက်ကအောက်ထပ် မှာကိုယ်စီကိုယ်စီ။
ညီမယောက်ကျားက ကားသမားမို့အသောက်အစားမကင်းသလို မထင်ရင်မထင်သလို လက်ပါတတ်သူမို့ ရေရှည်ကိုကြည့်ပြီး နွယ့်မိဘတွေက “သမီးမပေါင်းချင်တော့ရင် ခုကထဲကကွာထား အမေတို့ကတော့ အငယ်ဆုံးသမီးလေးမို့ ချစ်လွန်းလို့အလိုလိုက်ဖူးဖူးမှုတ်ထားတာ ဟိုအကောင်အစော်ကားခံရဖို့မဟုတ်ဘူး”
ပြောမယ့်သာပြောရတာ ညီမဖြစ်သူ အဝေကယောက်ကျား ကွယ်ရာမှာသာ ပါးစပ်က သူ့ယောက်ကျားမကောင်းကြောင်း နားငြီးလောက်အောင်ပြောတတ်တာ ရှေ့ဆို “အကို အကို “နဲ့ သေအောင်ချစ်ပြတတ်တဲ့သူ။
မိဘပြောတဲ့စကား ယောက်ကျားဆီပို့ ယောက်ကျားပြောတဲ့စကားမိဘဆီပို့နဲ့လုပ်တတ်သူမို့ နွယ်ကတော့ သိပြီးကထဲက ညီမအရင်းပေမယ့် စကားကို လိုရင်းတိုရှင်းလောက်သာပြောတော့တာ မလိုအပ်ပဲအပိုမပြောတော့။
အခန်း(အခန်း၂)
ဘေးချင်းကပ်ရပ်အိမ်ကကောင်မလေးချစ်စု နွယ့်ညီမ အဝေနဲ့ရွယ်တူက
” မနွယ်”
“ဟင်ချစ်စု”
“မနေ့ညကဟိုလင်မယားသောင်းကျန်းနေတာ ည အိပ်လို့ရလား”
” ချစ်စုရယ် မေးမှမေးတတ်ပလေ ဘယ်လိုအိပ်လို့ရမှာလည်း တော်သေး အိမ်ကယောက်ကျားခရီးသွားနေလို့ နို့မို့ဆို သူပါအိပ်ရေးပျက်ပြီး မနက်အလုပ်မသွားနိုင်ဖြစ်မှဟုတ်ပေ့ဖြစ်နေမှာ”
” အဝေတို့ညတိုင်းရန်ဖြစ်စကားများနေကြတာကို ပတ်ဝန်းကျင်ကလူတွေက မနွယ်တို့ပဲထင်နေကြတာ”
“ဟင်ဘယ်လိုဘယ်လို”
“ဟုတ်တယ်မနွယ် မနွယ်ကဆံပင်တို ဘောင်းဘီတို လူကဝဝ ဒေါင်းတိမောင်းတိ ကလေးတွေမူကြိုပို့လိုက် ကျောင်းပို့လိုက် ဆိုင်ကယ်တဝီဝီနဲ့ထွက်ထွက်နေတော့ မဝေပုံစံကြည့်ပြီး အော်ဟစ်ပြောဆိုရန်ဖြစ်နေတာ မဝေဖြစ်နေတယ်ထင်တာ”
“ပေါက်ပေါက်ရှာရှာချစ်စုရယ် ငါ့ဖြင့်သူတို့အစားရှက်လွန်းလို့ အီးပေါက်တာတောင် ကျယ်ကျယ်မပေါက်ရဲတဲ့ဘဝ”
” ဟီးဟီး ကျွန်မတို့ကသိတယ်မနွယ် မသိတာကတစ်ရပ်ကွက်လုံး ကျွန်မကတော့ မေးလာရင်မနွယ်မဟုတ်ဘူးလို့ပြောပါတယ်”
“အေးပါဟယ် ငါ့ညီမအဝေက ဆံပင်အရှည်လေးနဲ့ဝတ်လိုက်ရင် ရိုးရိုးယဥ်ယဥ် လူကပိန်ပိန်လေး လမ်းလျောက်တော့ဆင်မယဥ်သာ သူ့ဘယ်ထင်ကြမလည်း ငါလည်းကံဆိုးတာပါ အလကားနေရင်း အောက်တန်းစားမဖြစ်နေပြီ တစ်အိမ်ထဲအပေါ်ထပ်အောက်ထပ်နေနေကြတာ တစိမ်းဖက်ကြတော့ စရိုက်မတူကွဲထွက်သွားကြတာ ငါပြောင်းမှဖြစ်တော့မှထင်ပါရဲ့ ချစ်စုရယ် အဲဒါကြောင့်မို့လားမသိ ငါ စျေးဆိုင်သွားဝယ်ရင် လူတွေအကြည့်တွေနဲ့လေသံတွေက အဆင့်မရှိသူကိုဆက်ဆံသလိုလို ဘယ်လိုတွေပါလိမ့်ထင်နေတာ ခုမှတရားခံသိတော့တယ်”
“စိတ်ထဲမထားပါနဲ့ မနွယ်ရယ် ပတ်ဝန်းကျင်ဆိုတာချီးမွှမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ပါ ကျွန်မက မနွယ်သိအောင်သာပြောပြတာ”
“အေးပါ ကျေးဇူးတင်ပါတယ်ချစ်စုရယ်”
ချစ်စုကိုကျေးဇူးတင်လိုက်ပေမယ့် စိတ်ထဲမယ်တော့ အတော်နေမကောင်းမိ။
အခန်း(အခန်း၃)
“ဟဲ့ကောင် မင်းမေ…တဲ့မှ”
“ဟဲ့ ဘာဖြစ်တာလည်း ကလေးကိုအဲဒီလောက်ထိဆဲရသလား ဘာတွေဖြစ်လို့လည်း ထွန်းကျော်”
” ဘာမှမဟုတ်ဘူး”
“သားလေးမေမေ့ကိုပြောပါအုန်း ဘာဖြစ်လို့အဝေ့ယောက်ကျားက သားကိုဆဲတာလဲ မိုက်မိုက်ရိုင်းရိုင်းတော်”
“ညီလေးကျော်ကျော်နဲ့သား လက်သီးထိုးတမ်းဆော့တာ ဆော့ရင်းလက်လွန်ပြီးကျော်ကျော်ကိုထိုးမိသွားတာကို ကျော်ကျော်က အသကုန်အော်ငိုတာ သားကသူ့ကိုအနိုင်ကျင့်ပါတယ်ဆိုပြီး အဲဒါသူ့အဖေက သားကိုမမေးမစမ်းဆဲပြီး လိုက်ရိုက်တာ မေမေမြင်လို့”
“သြော ငါ့သားသူ့ကိုကြောက်လို့ပြေးလာတာလား မေမေသွားကိုပြောမယ်”
“မကြောက်ဘူးမေမေ သားအမှားမဟုတ်ဘူး သားအမှားမဟုတ်ပဲ လုပ်ရင်သားမခံချင်ဘူး အဲဒါကြောင့်ထွက်ပြေးတာ သားငယ်သေးလို့ သားကြီးရင် ဒီလူငမူးနာပြီသာမှတ်”
“အမလေး တော်ပြီတော်ပြီသားလေးဆက်မပြောတော့နဲ့ မေမေတစ်ယောက်လုံးရှိတယ် အသိမရှိတဲ့လူတစ်ယောက်ကြောင့် ငါ့သားလေးကြားထဲက ငရဲမဖြစ်စေနဲ့ နောက်ကိုဘယ်တော့မှ ညီလေးကျော်ကျော်နဲ့မဆော့တော့နဲ့ကြားလားသား”
ဆယ်နှစ်ကျော်သားလေးရဲ့ ဦးနှောက်ထဲ အတွေးတွေထဲ အသိတွေထဲမှာ မကောင်းတဲ့စရိုက်တွေ အသံတွေ အတွေးအခေါ်တွေ မရောက်စေချင်တော့ နွယ့်ခေါင်းထဲမှာလည်း အချက်ပေးသံတွေက ဆူညံစွာ ဟီးထနေပါရောလား။
“ထွန်းကျော် ထွန်းကျော်”
“ဘာလဲမနွယ်”
“မင်းငါ့သားကို ဆဲတယ် လိုက်ရိုက်တယ် ဘာဖြစ်လို့လဲ ငါတစ်ယောက်လုံးရှိနေတာ ငါ့သားမှားရင် ငါ့ကိုလာတိုင်လို့ရတယ် လင်ပါစရာမလိုဘူး ဆဲစရာမလိုဘူးလေ”
“ကျွန်တော် မဆဲလဲမဆဲဘူး ရိုက်လည်းမရိုက်ပါဘူး မနွယ်”
“မင်းဗြောင်မလိမ်နဲ့ ဖြစ်တဲ့ပြသနာရော မင်းသေချာသိလား ပြောစမ်းပါအုန်း”
“မနွယ် လာစားနေပြန်ပြီ ကျွန်တော်တကယ်မသိပါဘူးဆို”
ပြောနေတဲ့ အဝေယောက်ကျားပါးစပ်ကအရက်နံ့ကတစ်ထောင်းထောင်း။
မူးယစ်ရီဝေနေပြီး အသိစိတ်ပျောက်လုဆဲဆဲသူနဲ့ တုမပြောချင်တော့တာနဲ့
“အေး မသိရင်လဲနေတော့ နောက်ကို လူကြီးဖြစ်ပြီး လူကြီးလိုတွေး ကလေးတွေကို အနိုင်ကျင့်သလိုမဖြစ်စေနဲ့ ငါ့သားမှားရင် ငါပဲဖြေရှင်းမယ် မင်းလက်ပါစရာမလိုဘူးမိုက်ရိုင်းစရာမလိုဘူး”
” မမရယ် ကြားထဲက အဝေတောင်းပန်ပါတယ်”
“ညည်းကဘာသိလို့ဝင်တောင်းပန်နေတာလဲ ကျော်ကျော်လေးကိုသာ သေချာမေးကြည့် ငါဆက်မပြောချင်တော့ဘူး”
အခန်း(အခန်း၄)
“အမရေ အမ”
“ဟင်ဘယ်သူလဲ”
“ကျွန်မတို့ကျောင်းသားမိဘတွေပါ”
“လာပြီလာပြီ”
ရင်ထဲမှာဒိန်းကနဲ့။
နွယ့်သားများတစ်ခုခုဖြစ်လေသလား။
“ပြောပါရှင် ဘာဖြစ်လို့ပါလိမ့် နွယ့်သား ဆက်ပိုင်ဘာဖြစ်လို့လည်းဟင်”
“ဆက်ပိုင်မဟုတ်ဘူး ကျော်ကျော်အကြောင်းတိုင်ချင်လို့ပါ အတန်းပိုင်ဆရာမလည်း ကျော်ကျော်စာအုပ်ထဲမှာ မိဘတွေကိုအကြောင်းကြားစာရေးထားပါတယ်”
နွယ် ရင်ထဲကအလုံးကြီးကျသွားပြီးမှ…
“ဟုတ် ခု ဘာများဖြစ်လို့ ကျောင်းမဆင်းခင် အိမ်ထိရောက်လာရတာပါလဲ လာပါရှင်
အေးအေးဆေးဆေးထိုင်ပြောကြပါ”
“ကျော်ကျော် က ကျွန်မသားလေး မင်းခန့်ကို ဆဲဲဆဲပြီးပါးရိုက်လိုက်တာပါးမှာအရှိုးရာတောင်ထင်တယ် ကျွန်မတို့မိဘတွေတောင် ကိုယ့်သားကိုယ် ပါးမရိုက်ဘူးဘူးအမ အင်မတန်ရိုင်းတဲ့ကလေး အရွယ်နဲ့မလိုက်”
“သြော်ရှင် စိတ်မကောင်းလိုက်တာ သူ့မိဘတွေနှစ်ယောက်လုံးအိမ်မှာမရှိပါဘူး ကျွန်မက သူ့အဒေါ်ပါ ပြန်လာရင်ပြောလိုက်ပါ့မယ် ကြားထဲကကျွန်မပဲတောင်းပန်ပါတယ်ရှင် ကျွန်မဘာလုပ်ပေးရမလဲပြောပါ”
“ရတယ် ဘာမှလုပ်ပေးစရာမလိုပါဘူး သိရအောင်လာပြောလိုက်တာ အရွယ်နဲ့မလိုက် နှုတ်ကြမ်း လက်ကြမ်း စရိုက်ကြမ်း မိဘတွေမဆုံးမဘူးလားမသိ”
မိမဆုံးမ ဖ မဆုံးမဖြစ်သွားပြီ ငါ့တူလေးကျော်ကျော်။
နွယ်စိတ်မကောင်းဘူး။
တကယ်ပါ။
တဘက် ကလေးမိဘတွေပြန်သွားပြီးတဲ့အထိ နွယ့်မှာ အတွေးစဥ်အမျှင်တန်းတှေသာမက နွယ့်မိဘတွေကို ပြောရမယ့်စကားတွေ နွယ်လုပ်ရမယ့်အစီအစဥ်တွေက တစ်ခုပြီးတစ်ခု။
နွယ့်အာရုံထဲပေါ်လာရတဲ့ စကားလေးတစ်ခွန်းက ဘယ်လောက်ပဲဘုန်းကံရှိတဲ့မိန်းမဖြစ်ဖြစ် မိဘမျိုးရိုးအသိုင်းအဝိုင်းကောင်းကနေမွေးဖွားလာတဲ့ မိန်းကလေးပဲဖြစ်ဖြစ် ဝဋ်ကြွေးမကုန်သေးရင် ဘုန်းကံမရှိတဲ့ယောက်ကျားညံ့ ယောက်ကျားယုတ် နိမ့်ကျတဲ့ယောက်ကျားလက်ထဲကျရောက်ပြီး ဝဋ်ကြွေးကျေအောင် ဆပ်ရတယ်ဆိုတာပါပဲ။
တူလေးကျော်ကျော်ဟာ…
ဖခင်ရဲ့စရိုက်ဆိုးဉာဏ်ဆိုးကြောင့် မိကောင်းဖခင်သားသမီးဖြစ်ခွင့်မရှိတော့ဘူးလား။
အမိမဆုံးမ အဖမဆုံးမ သားသမီး ဖြစ်နေရရှာပြီလား။
သူသည်လဲ ဝဋ်ကြွေးတစ်ခုရဲ့ သားကောင်များလေလား။
အဝေကရော……..။
အခန်း(အခန်း၅)
“မေမေ နွယ်တို့ပြောင်းကြတော့မယ် မနေအပ်တဲ့အရပ် မနေသင့်တဲ့နေရာမှာနေရင် နွယ်တို့မိသားစု ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်ဆိုတဲ့စကားပုံလို အပုတ်နံ့စက်ကွင်းဘယ်လိုမှလွတ်နိုင်မှာမဟုတ်တော့ဘူး သမီးသားလေးတွေရဲ့ရှေ့ရေးလဲရှိသေးတယ် ယုတ်ရင်းကြမ်းတမ်းတဲ့အပြုအမူ အပြောအဆိုတွေ ငယ်ငယ်ကထဲမြင်တွေ့နေရဖန်များရင် ရိုးသွားပြီးကောင်းတယ်ထင် စွဲသလိုဖြစ်သွားပြီးလိုက်လုပ် ကြီးမှပြင်ဖို့မလွယ်တော့ဘူး ဖေတို့မေတို့က သမီးထက် ပညာတတ် အသိရှိ ဥာဏ်ရှိ ကျိုးကြောင်းဆင်ခြင်ဥာဏ်ရှိတဲ့သူတွေဆိုတော့ နားလည်ပြီးသားဖြစ်မှာပါ သမီးဆရာပြော လုပ်ပြောတာမဟုတ်ဘူးနော် အဝေကတော့ထားလိုက်တော့ ငရဲပန်းကို ရွှေပန်းထင်ပြီးရွက်ထားတာ အဝေ့သားကျော်ကျော်လေးကိုတော့ ဖေတို့မေတို့ပဲခေါ်ယူစောင့်ရှောက်လိုက်ကြပါတော့ နောက်ကလေးလဲထပ်မမွေးဖို့ သတိထပ်ပေးရမယ် နွယ်ကြုံခဲ့ရတာတွေ ခံခဲ့ရတာတွေက နွယ့်တစ်သက်စာ ကြီးမားတဲ့သင်ခန်းစာအသစ်စက်စက်တွေပါပဲ ထပ်မကြုံချင်တော့သလို ပြန်လည်းမတွေးပါရစေနဲ့တော့ ဖေဖေတို့မေမေတို့ နွယ့်အမျိုးသားလိုင်းခန်းမှာပဲနေပြီး စီစီစစ်စစ်သုံးမယ် သားလေးနှစ်ယောက်ကို အစွမ်းကုန်လှပပွင့်လန်းလာအောင်ပြုစုပျိုးထောင်ရမယ် ပတ်ဝန်းကျင်ကောင်းဖြစ်ဖို့ နွယ်တာဝန်ယူရမယ် ရွံနွံထဲကနေပွင့်ပေမယ့် လှပသန့်စင်တဲ့ကြာပန်းလေးဖြစ်လာပွင့်လာသေးတာပဲ တူလေးကျော်ကျော်အချိန်မှီပါသေးတယ်မေမေနဲ့ဖေဖေ သမီးသွားတော့မယ်နော်”
ပြုံးပြီးခေါင်းညိတ်လိုက်ရင်း ကြည့်နေကြတဲ့ဖေဖေနဲ့မေမေ။
ဖေဖေနဲ့မေမေကို ရင်နဲ့မဆန့်အောင်လွယ်ထားရတဲ့ စကားတွေအားလုံးပြောအပြီး လေးလံနောက်ကျိနေတဲ့နွယ့်စိတ်တို့ ပေါ့ပါးကြည်လင်လန်းဆန်းစွာဖြင့်။
စံဌာနီထွန်း